Monday, 28 May 2012

သြစီက လူအိုရုံတွေ

နိုင်ငံခြားတိုင်းပြည်တွေရောက်ခိုက် ဒေသန္တရ အခြေအနေကို ဗဟုသုတအဖြစ် လေ့လာမိပါတယ်။ အထူးသဖြင့်သြစီမှာပေါ့။ ကိုယ်နဲ့သိတဲ့ အသိုင်းအ၀ိုင်းက လူတွေကို လေ့လာမိသလောက် အခြေခံဝန်ထမ်းအများစုဟာ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ကြသူတွေများပါတယ်။ မြန်မာဆရာဝန်တွေလဲရှိပါတယ်။ အရေအတွက်ကတော့နည်းပါတယ်။ သြစီမှာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး အလုပ်ကိုပြောပါဆိုရင် Nursing Home ခေါ်တဲ့ လူအိုရုံမှာ လုပ်တဲ့အလုပ်ကို ညွှန်းဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တချို့သောရွှေမြန်မာများက Nursing Home ခေါ်တဲ့ လူအိုရုံတွေမှာ အလုပ်လုပ်ကြပါတယ်။





(သြစတေးလျရှိ  Nursing Home ခေါ်တဲ့ လူအိုရုံတစ်ခုပုံ)


သူတို့ရဲ့ ပြောပြချက်အရ Nursing Home ခေါ်တဲ့ လူအိုရုံမှာ လုပ်ကြရတဲ့လူရှိသလို အဘိုးအဖွားများနေထိုင်တဲ့နေရာတွေကို သွားရောက်ပြီး ပြုစုရတဲ့သူလဲ ရှိပါတယ်။ သူတို့ရဲ့ အလုပ်တွေကတော့ ဆေးတိုက်ချိန်ဆေးတိုက်ရတယ်။ ရေချိုးချိန်မှာ ရေချိုးပေးရတယ်။ အဘိုးအဖွားများနဲ့အတူ ဈေးဝယ်ထွက်ပေးရတယ်။ ဆေးခန်းလိုက်ပို့ရတယ်။ အဘိုးအဖွားများခိုင်းတဲ့ဟာကို လုပ်ပေးရတာပါ။ တချို့ဆိုရင် အဘိုးအဖွားများကို ပုံပြင်တွေကိုလဲ ဖတ်ပြရတယ်ပြောပါတယ်။ တကယ်တော့ Nursing Home ခေါ်တဲ့ လူအိုရုံတွေမှာ အဘိုးအဖွားများရဲ့ ဘ၀ဟာ တော်တော်အထီးကျန်ဆန်လှပါတယ်။ Nursing Home ခေါ်တဲ့ လူအိုရုံရောက်လာတဲ့ အဘိုးအဖွားတွေရဲ့ဘ၀ဟာ ခက်ရိုင်းရိုင်းပြောရရင် သေတဲ့သူတွေနဲ့ ဘာမှမခြားတော့ပါဘူး။

တနည်းအားဖြင့် စဉ်းစားကြည့်ရင်  သြစီမှာ လူအိုရုံတွေ အများကြီးရှိပြီး လူအိုရုံအပို့ခံရတဲ့ အဘိုးအဖွားတွေရှိနေတာဟာ မိဘတွေကို ပြုစုဖေးမပေးတဲ့ သူတွေ မရှိလို့ပဲဖြစ်ပါတယ်။ အနီးစပ်ဆုံးဥပမာနဲ့ပြောရရင် မြန်မာပြည်မှာ လူမှု့ရေးအဖွဲ့တွေပေါများလာခြင်းဟာ ဆင်းရဲတဲ့သူတွေများလို့ပဲဖြစ်ပတယ်။ လူအိုရုံတွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သားသမီးတွေ မဟုတ်ပါဘူး။ မြေးတွေ၊ မြစ်တွေ မဟုတ်ပါဘူး။ ထမင်း အချိန်နဲ့ကျွေး၊ ဆေး အချိန်နဲ့တိုက်၊ သွေးတိုင်းဖို့လိုရင် တိုင်းပေး ဆိုတာလောက်နဲ့ လူအိုတွေအတွက် ကောင်းတယ်လို့ ပြောလို့မရပါဘူး။

သြစတေးလျမှာ ကိုယ့်မိဘကို ကိုယ်ပြန်ပြီး စောင့်ရှောက်သူအဖြစ် အလုပ်လုပ်လို့ရပါတယ်။ အဲဒီသူကို အစိုးရက လစာပေးပါတယ်။ ဆရာဝန်တစ်ယောက်ကတော့ ပြောပါတယ်။ အဲဒီလို  ကိုယ့်မိဘကို ကိုယ်ပြန်ပြီး စောင့်ရှောက်သူအဖြစ် အလုပ်လုပ်နေတဲ့ဟူတစ်ယောက်ဟာ သူ့မိဘကို ဆေးခန်းကို လိုက်ပို့ပါတယ်။ မိဘဖြစ်သူက သူ့ရဲ့ ပိုက်ဆံအိတ်ကို ကိုင်ခိုင်းတဲ့အခါ သူလုပ်ရမယ့် အလုပ်ထဲမှာ ပိုက်ဆံအိတ်ကိုင်ရမယ့် အလုပ်မပါဘူးလို့ ပြောဆိုပြီး ငြင်းဆန်ပါတယ်။ ဒီတော့ အဖွားကြီးခမြာ တုန်တုန်ရီရီနဲ့ သူ့အိပ်ကို သူကိုင်ရပါတယ်။ မိဘကို တွဲခြင်းပြုခြင်းမရှိပါဘူး။  မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ သားသမီးတွေအပေါ်မှာ ထားတဲ့  မိဘတွေရဲ့ ကျေးဇူးတရားတွေကို မေ့နေဟန်တူပါတယ်။

သြစီမှာ လူအိုရုံတွေ အများကြီးရှိသလို လူအိုရုံအပို့ခံရတဲ့ အဘိုးအဖွားတွေဟာလဲ ဒုနဲ့ဒေးပါ။ တိုင်းပြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်တာတော့ ပြောစရာမလိုပါဘူး။ စိတ်ပိုင်းဆိုင်ရာတွေမှာတော့ ရွှေမြန်မာတွေရဲ့ စိတ်ဓာတ်တွေနဲ့ကတော့ တစ်ခြားစီပါပဲ။ ဒါကလဲ အရှေ့တိုင်းသား တစ်ယောက်က အနောက်တိုင်းသားတွေ အပေါ်မှာ မြင်တဲ့အမြင်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အတုယူသင့်တာကိုယူဖို့နဲ့ မယူသင့်တာကို မယူဖို့ပဲဖြစ်ပါတယ်။

ဘာပဲပြောပြော မိဘတွေကတော့ သားသမီးတွေအပေါ်မှာ ဘယ်တော့မှ အချစ်ပြယ်ရိုး ထုံးစံမရှိပါဘူး။


မောင်နေခြည် (လှည်းကူး)



No comments: