လက်ကနာရီကို ငုံ့ကြည့်တော့ မနက် ၆းဝဝ၊ ခြေထောက်တွေ ရွှေတိဂုံဘုရား
အရှေ့ဘက်မုဒ်လှေခါးတွေဆီ ပြေးတက်လိုက်တယ်။ ““ဟာ များလိုက်တဲ့လူတွေ”” ခါကြီး
ရက်ကြီးဆို အိမ်တွင်းပုန်းတက်တဲ့ ကျွန်မတွက်တော့ စိတ်ညစ်စရာပဲ။ ဒါပေမဲ့
အလုပ်လုပ်ရမယ်လေ။ ဒီနေ့တာဝန်က ဓာတ်ပုံရိုက်ရမယ် ဆိုတော့ ကျွန်မနားထဲ
““ဓာတ်ပုံတစ်ပုံကို ငါးကွက် ခြောက်ကွက်လောက် ရိုက်ထား”” ဆိုတဲ့ ဆရာ့စကား
ကြားနေတယ်။ ဒါနဲ့ ကျွန်မလည်း တတ်သလောက်မှတ်သလောက် ပညာကို အသုံးချပြီး
အရပ်မြင့်မြင့် စမတ်ကျတဲ့ သတင်း ထောက်တွေကြား ဓာတ်ပုံရိုက်ရပါတော့တယ်။
သံဃာတော်တွေ၊ အရာရှိတွေ၊ ပြည်သူလူထုတွေ ညောင်ရေသွန်းပုံ၊
ဘာသာရေးအသင်းအဖွဲ့တွေက ရေ၊ နံ့သာ၊ သပြေခက်များဖြင့် စေတနာထားပြီး
အပြိုင်အဆိုင်ကုသိုလ်ယူနေပုံ၊ စတုဒိသာလှူဒါန်းနေပုံတွေ အစုံပါပဲ။ ဒါနဲ့
ကျွန်မ တစ်ခုသတိထားမိလိုက်တာက ကိုရီးယားမလေးတွေ ရှုံးအောင်လှနေတဲ့
ကျွန်မတို့ရဲ့ မြန်မာမလေး တွေကိုပေါ့။ ကိုရီးယားမလေးတွေ ဝတ်သလို
အသားဖြူသလား၊ မဲသလားမြင်ရတဲ့ အသားကပ်ဘောင်းဘီလေးတွေ၊
ခြေသလုံးအပိုင်းဘက်သိမ်သွားတဲ့ ဂျင်းဘောင်းဘီ ကျပ်ကျပ်လေးတွေနဲ့
ဘုရားရင်ပြင်တော်မှာ လမ်းလျှောက်သူကလျှောက်၊ တချို့ကြတော့လည်း
အုပ်စုလေးဖွဲ့ပြီး စကားပြောသူ ပြောလို့ပေါ့။ အဲ ခေတ်လူငယ်တွေ
ပြောသလိုပြောရရင်တော့““အဲဒီမှာ စတွေ့တာပဲ”” ဟိုဘက်က ဘုရားလည်းဖူးရင်း၊
လိပ်ဥလည်းတူးရင်း ဆိုတဲ့ကောင်လေးတွေနဲ့တွေ့တာ စကြနောက်ကြနဲ့ပေါ့လေ။
ကောင်လေးတစ် ယာက်ပြောသံက ဓာတ်ပုံရိုက်နေတဲ့ ကျွန်မနားထဲဝင်လာတယ် ““အဲဒီစော်
သောက်ရမ်း မိုက်တယ်”” တဲ့။ ဟုတ်ပါရဲ့ လှလိုက်တာ ကျွန်မပြောတဲ့
ကိုရီးယားမလေးလို ဝတ်ထားတာ ခန္ဓာကိုယ် ကောက်ကြောင်းတွေ ရှင်းနေတာပဲ။
အရှေ့တိုင်းသူတွေရဲ့ ခန္ဓကိုယ်အချိုးအစားက ခါးသေး၊ ရင်ချီဆိုတော့ ဒီလိုမျိုး
အဝတ်အစားလေးတွေဝတ်ရင် ခန္ဓာကိုယ်ကောက်ကြောင်းက ရင်သပ်ရှုမောစရာပဲလေ။ လှတပတ
လေးတွေဝတ်ထားတာမြင်တော့ ကျွန်မလည်း အားကျရပါတော့တယ်။ ခေတ်ရှေ့ပြေးလေးတွေကို
ကျွန်မ မျက်စိတဆုံးလိုက်ကြည့်မိတာ ရွှေတိဂုံ၊ မဟာဝိဇယ၊ ဆူးလေနဲ့
ဗိုလ်တထောင်ဘုရားတို့ကို စုံပါလေရော။
ဒီလိုနဲ့ ရွှေတိဂုံဘုရား
အဆင်ခေတ်နဲ့အညီ ဝတ်စားတတ်တဲ့ သူငယ်ချင်းကိုတွေ့တော့ အံ့သြမိရင်း
နှုတ်ဆက်လိုက်တယ်။ ““ထဘီတွေဘာတွေဝတ်လို့”” ကျွန်မ မရည်ရွယ်ဘဲပြောလိုက်မိတယ်။
သူငယ်ချင်းက ကျွန်မကို ဒီနေ့က ဘုရားလောင်း သိဒ္ဓတ္ထမင်းသားကို
ဖွားမြင်ခြင်း၊ ဗျာဒိတ်ခံယူတော်မူခြင်း၊ သဗ္ဗညုတရွှေဉာဏ်တော်ကို
ရရှိတော်မူခြင်း၊ ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခြင်းတွေနဲ့
ကိုက်ညီတဲ့ နေ့ထူးနေ့မြတ်(ဗုဒ္ဓနေ့) ဗုဒ္ဓဘာသာဝင်တိုင်းရဲ့
နေ့ထူးနေ့မြတ်တစ်နေ့ပဲ။ ဗုဒ္ဓဘာသာတွေရဲ့ အထွဋ်အမြတ်ဖြစ်တဲ့
ဘုရားကိုဖူးဖို့လာရင်လည်း ဘုရားပရဝဏ်နဲ့ သင့်တော်တဲ့ အဝတ်အစားမျိုး၊
ဒီဇိုင်းမျိုးပဲ ဝတ်ဆင်သင့်တယ်တဲ့။ သူထွက်သွားတော့ ကျွန်မအတွေး
တွေအများကြီးဝင်လာတယ်။
ဟုတ်တာပေါ့။ ဒီနေ့လို ခါကြီးရက်ကြီးမှာ
မြန်မာဝတ်စုံလေးနဲ့ဆို ပိုလှနေမှာပဲ။ မြန်မာဆန်ဆန် မဝတ်နိုင်ရင်တောင်
သရုပ်ပျက် အမြင်မလျော်တဲ့ အဝတ်အစားမျိုးတော့ မဝတ်စေချင်ပါဘူး။ ခေတ်နဲ့အညီ
လိုက်နိုင်တာကို ဂုဏ်ယူပေမယ့် ခေတ်ရှေ့ပြေးမှာကိုတော့ မလိုလားပါဘူး။
တကယ်လို့များ ခေတ်နဲ့အညီ ဝတ်စားတတ်တယ် ဆိုရင် ဘယ်အရပ်ဒေသက
ဘယ်ဝတ်စုံလေးနဲ့တော့ အဆင်ပြေတယ်ဆိုတာ ရွေးချယ်တတ်မှာပါ။ လူတိုင်းမှာ
ကိုယ်ပိုင် အခွင့်အရေးဆိုတာရှိပါတယ်။ ကိုယ်ရဲ့ကိုယ်ပိုင် အခွင့်အရေးကို
မှန်ကန်စွာအသုံးချစေချင်တာ စေတနာအမှန်ပါ။
ထက်ထက်စုအောင်
from http://www.myanmarij.com/?p=1755
No comments:
Post a Comment