အမိမြန်မာပြည်ကို ပြန်ခွင့်ရခဲ့တဲ့ ခရီးစဉ်ဟာ ကျနော့်အတွက်
တန်ဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ မပြန်ခင်ကတည်းက
စိတ်ကူးထားတဲ့အတိုင်း တက္ကသိုလ်တုန်းက ဆရာတွေနဲ့ မိတ်ဆွေတွေကို
တွေ့ဖို့စဉ်းစားထားခဲ့ပါတယ်။
ရန်ကုန်မှာ ၂ ရက် နေခွင့်ရခဲ့တာ ကျနော့်အတွက် အဆက်အသွယ်တွေ ပြန်ရှာဖို့
ဆက်စပ်မှုတွေ ရရှိခဲ့ပါတယ်။ ကျနော့်မိသားစုတွေကတော့
ဆက်သွယ်ရေးဧရိယာပြင်ပမှာ နေထိုင်တဲ့သူတွေ ဖြစ်တော့
အဆက်အသွယ်မလုပ်နိုင်ခဲ့ပါဘူး။
ခက်ခက်ခဲခဲရှာဖွေခဲ့ရတဲ့ ဖုန်းနံပါတ်တွေနဲ့ ဆက်သွယ်လိုက်တော့ “ဆရာ
ကျနော်လှရွှေပါ၊ ရန်ကုန်ကို ရောက်နေပါတယ်” လို့ပြောလိုက်တော့
အံ့သြတကြီးမေးလာတာက “မင်းဘယ်လိုလုပ် ရန်ကုန်ကို ပြန်ရောက်နေလဲ၊
ဘာလာလုပ်တာလဲ” စတဲ့မေးခွန်းတွေနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။
ကျနော်လည်း အတတ်နိုင်ဆုံးရှင်းပြမှ ဘ၀င်ကျပြီး စကားဆက်ခွင့်ရပါတော့တယ်။
ဆရာတွေက မေးရင်လည်း မေးလောက်ပါတယ်။ တက္ကသိုလ်ကျောင်းသား ဘ၀တုန်းက ခပ်အေးအေး
မိတ်ဆွေအပေါင်း အသင်းတွေ သိပ်မရှိတဲ့ ကျနော်၊ တော်လှန်ရေးနယ်မြေကို
ရောက်သွားတော့ ဆရာတွေနဲ့ သူငယ်ချင်းတွေကတအံ့တသြ ဖြစ်ခဲ့ရတယ်။
ကျနော်တို့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းနေစဉ်ကာလ ရခိုင်စာပေနှင့်
ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ ရန်ကုန်) ဆိုတာရှိပါတယ်။ အဲဒီထဲမှာပါတဲ့
ရခိုင်တက္ကသိုလ်ကျောင်းသား တော်တော်များများဟာ အမျိုးသားရေးစကားကို
ရဲရဲတောက်ပြောတဲ့သူတွေ၊ အမျိုးသားရေးအတွက်ဆိုရင် အသက်ကိုပဓန မထားဘဲ
စွန့်လွှတ်သွားမယ် လို့ကြွေးကြော်တဲ့ သူတွေများပါတယ်။ ကျောင်းပြီးသွားတော့
တော်တော်များများ မိတ်ဆွေတွေက အစိုးရအရာရှိတွေ ဖြစ်လာသလို၊
စီးပွားရေးသမားတွေ ဖြစ်လာကြပါတယ်။
စီးပွားရေးသမားတွေ အစိုးရအရာရှိတွေ ဖြစ်လာတော့ တော်တော်များများက
ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ အုပ်ချုပ်ရေးစနစ်ကို ဝေဘန်ဖို့ကြောက်လာတယ်။
မိသားစုဘ၀ရပ်တည်ရေး ပျက်သွားမှာကို ကြောက်လာတယ်။ ရဲစိတ်ရဲမာန်တွေ
ပျောက်ပြီး မိတ်ဆွေတွေတော်တော်များများ လူကြောက်တွေ ဖြစ်သွားကြတယ်။
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအပြီး စစ်တွေမြို့မှာ
နှစ်ရက်နေထိုင်ခွင့်ရရှိခဲ့ပါတယ်။ ကျနော် ရန်ကုန်ကို ရောက်ကတည်းက
ဖုန်းအဆက်အသွယ်လုပ်ထားတဲ့ ဆရာတွေ၊ စစ်တွေတက္ကသိုလ်မှာ တာဝန်ကျနေတဲ့
ကျောင်းနေဖက် သူငယ်ချင်းတွေ ဘယ်သူမှရောက်မလာဘဲ စစ်တွေမြို့ပေါ်က
ပညာရှင်တော်တော် များများသာ လာတွေ့ပြီး အနာဂါတ် တိုင်းပြည်တည်ဆောက်ရေးနဲ့
လက်ရှိရခိုင်လူမျိုးတွေရဲ့ တကယ့်အဖြစ်မှန်ကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီပညာရှင်တွေထဲမှာ အကြောက်တရားကင်းပြီး ကျနော်အလေးစားဆုံးဆရာကတော့
ဆရာကြီး ဦးဘသိန်း ဖြစ်ပါတယ်။ ဆရာကြီးရဲ့ လက်တွေ့ကျကျသုံးသပ်နိုင်မှု၊
အကဲဖြတ်နိုင်မှု၊ လူမျိုးခြားတွေ ရခိုင်ပြည်အနှံ့ တနေ့တခြား တိုးပွားလာပြီး
ရခိုင်တို့ရဲ့ ရေ၊မြေကို စိုးမိုးထားပုံကို တတိယအရွယ်ကိုရောက်နေတဲ့
ဆရာကြီးရဲ့ စိုးရိမ်မှုကို အထင်သားတွေ့မြင်ခဲ့ရပါတယ်။ ပညာတတ်တာ
တခုတည်းမဟုတ်ဘဲ အမျိုး၊ ဘာသာ၊ သာသနာအတွက် ကိုယ်ဖိရင်ဖိ လုပ်ဆောင်ရင်း
မျက်လုံးအလင်းကွယ်သွားပေမယ့် မိမိလူမျိုးရဲ့ အနာဂတ်အတွက် စိုးရိမ်နေတဲ့
ဆရာကြီးတဦးရဲ့ စေတနာကို အထင်သား တွေ့မြင်ခဲ့ရပါတယ်။
ပြောရအုံးမယ်။ ကျနော်တို့ တည်းခိုနေတဲ့ စစ်တွေဟိုတယ်ဆိုတာ ဂစ္စပနဒီ
မြစ်ကမ်းနံဘေးမှာ တည်ဆောက်ထားတာပါ။ ကျနော်တို့မရောက်ခင် ကတည်းက
အာဏာရှင်နိုင်ငံတို့ရဲ့ ထုံးစဉ်အတိုင်း၊ စစ်ထောက်လှမ်းရေးတွေ၊
အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက နေရာယူထားပြီးသားပါ။
အာဏာပိုင်တွေမှာ လူတန်းစားခွဲခြားမှုက ကြောက်ခမန်းလိလိ ရှိနေတာကိုလည်း
တွေ့ခဲ့ရပါတယ်။ စရဖနှင့် စသုံးလုံးတွေက ဟိုတယ်ရဲ့ အခန်းတွေမှာ
နေရာယူထားပြီး ဇိမ်နဲ့နေလို့ရပေမယ့် ရဲတပ်သား၊ အရာရှိတွေကတော့
မြက်ခင်းပြင်က ထိုင်ခုံတွေပေါ်မှာ အိပ်စက်ရတာကိုလည်းတွေ့ခဲ့ရပါတယ်။
ညနေ ၈ နာရီကျော်လောက်မှာ ကျနော်တို့ ထမင်းစားနေတုန်း
စသုံးလုံးအရာရှိတဦး ကျနော့်ဆီလာပြီး အသိတွေ ရောက်နေကြောင်း
သတင်းလာပို့ပါတယ်။ ကျနော်လည်း ကမန်းကတမ်း လိုက်သွားပါတယ်။ ကျနော်ဘယ်လိုမှ
မထင်ထားတဲ့
ကျနော့်ဆရာရင်း ပါမောက္ခတဦးကို တွေ့ရပါတော့တယ်။
ဆရာ့လက်ကို လက်ဆွဲနှုတ်ဆက်လိုက်တော့ အေးစက်နေတာကို တွေ့ရလို့
ဆရာကြောက်နေလား လို့မေးလိုက်မိတယ်။ ကျနော်တို့တွေ့တာက ဟိုတယ်ရဲ့
လော်ဘီအခန်းမှာဆိုတော့ ထောက်လှမ်းရေးရော၊ စ သုံးလုံးရော၊
ရဲထောက်လှမ်းရေးရော အစုံရှိတဲ့ နေရာပါ။
“ကြောက်တာပေါ့ကွာ၊ ငါ့ကို မှတ်ပုံတင်တွေ ပြဖို့ပြောနေတယ်၊ ဘာလုပ်လဲ၊
ဘယ်မှာနေလဲ စုံနေတာပဲ” လို့ ပြောချလိုက်ပါတော့တယ်။ “မင်းရောက်လာလို့မှ
ငါလာမတွေ့ဘူးဆိုရင် တာဝန်မကျေဖြစ်မှာကို လိပ်ပြာမသန့် ဖြစ်နေလို့ လာတွေ့တာ၊
လာတော့လည်း ထင်တဲ့ အတိုင်းပဲ” တဲ့။
အစစ်အဆေးတွေလည်း ဟိုတယ်ဂိတ်ဝကနေ၊ ဟိုတယ်အထိ ရှိတော့ ဆရာ
တော်တော်ကြောက်သွားပုံရတယ်။ အရပ်သားအုပ်ချုပ်ရေးကို ပြောင်းသွားပြီ
ဆိုပေမယ့် နယ်တွေမှာတော့ စရဖ၊ စသုံးလုံးတွေကတော့ မင်းမူနေဆဲ ဖြစ်နေတာကို
တွေ့ခဲ့ရပါတယ်။
တက္ကသိုလ်ဆရာတဦးက တပည့်တဦးကို လာတွေ့တာ အခန့်မသင့်ရင်
အလုပ်ပြုတ်နိုင်သလို၊ ထောင်နန်းတောင် စံရကိန်းရှိသတဲ့။
အဲဒီလောက်အကြောက်တရားတွေ လွှမ်းမိုးနေတဲ့ လူ့အဖွဲ့အစည်းမှာ လွတ်လပ်တဲ့
သင်ကြားမှုဆိုတာကော ရှိနိုင်ပါ့မလားလို့ ပြန်တွေးမိတယ်။
ကျနော့်ဆရာက အသက်နှစ်ဆယ်ကျော် ကတည်းက နိုင်ငံခြားတက္ကသိုလ်မှာ မဟာဘွဲ့ကို
တနှစ်တည်းနဲ့ဆွတ်ခူးလာတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆရာနိုင်ငံခြားကနေ
အမိမြန်မာပြည်ကို ပြန်လာတဲ့အချိန်မှာ တက်ကြွလန်းဆန်းနေတဲ့ ဆရာရဲ့
ရုပ်သွင်ကို ကျနော် ခုထိ မှတ်မိနေသေးတယ်။ အခုချိန်မှာတော့ ဆရာ့ရဲ့
ရုပ်သွင်မှာ ရင့်ကျင့်မှု၊ တည်ငြိမ်မှုတွေ တွေ့ရမယ့်အစား
အကြောက်တရားတခုတည်းကို သိတဲ့ ပါမောက္ခ ဖြစ်နေတာကို တွေ့ရတော့ ကျနော်
ရင်ထုမနာ ဖြစ်ခဲ့ရပါတယ်။
တက္ကသိုလ်ဆိုတာ နောက်အနာဂတ်မှာ ခေါင်းဆောင် ဖြစ်လာမယ့် လူငယ်တွေကို
လွတ်လပ်စွာ တွေးတောဆင်ခြင်မှု၊ အကြောင်းအရာတွေကို စနစ်တကျလေ့လာ
သုံးသပ်နိုင်တဲ့ သင်ကြားမှုဆိုင်ရာ လွတ်လပ်တဲ့ နယ်မြေဖြစ်နေရမဲ့အစား
ထောက်လှမ်းရေးတို့ ကျက်စားရာနယ်မြေ ဖြစ်လာတော့လဲ ပါမောက္ခတွေမှာ
အကြောက်တရားကသာ လွမ်းမိုးနေတာ သိပ်မဆန်းဘူးလို့ ထင်မိပါတယ်။
ပြောရအုံးမယ်။ ကျနော့်အကိုနဲ့ မရီးတို့ကလည်း စစ်တွေတက္ကသိုလ်က ကထိကတွေပါ။
နှစ်ပေါင်းတဆယ်ကျော် မတွေ့ရတဲ့ အကိုနဲ့မရီးကို သိပ်တွေ့ချင်ခဲ့ပါတယ်။ တညနေ
အကိုက စစ်တွေဟိုတယ်ကို ဆိုင်ကယ်နဲ့ လာရောက်ခေါ်ပါတယ်။ ကျနော်တို့တွေ
ဟိုတယ်ရဲ့အပြင်ကိုသွားမယ်ဆိုရင် စသုံးလုံး၊ ရဲတွေပါမှ အပြင်ထွက်လို့ရပါတယ်။
သူတို့ကိုယ်တိုင် လိုက်ပို့ပေးပါတယ်။
ဒါပေမယ့် ကျနော့်အကိုကို လုံခြုံရေး အဖွဲ့အစည်းက
အရာရှိတော်တော်များကသိတဲ့အတွက် လုံခြုံရေးတွေမပါဘဲ စစ်တွေမြို့လယ်က
အကိုတို့မိသားစုရဲ့ အိမ်ကိုသွားလည်ခွင့် ရခဲ့ပါတယ်။ တူမတွေ၊
တူတွေကိုတွေ့ရတော့ ၀မ်းသာမဆုံး ဖြစ်ရပါတယ်။ ဒါပေမယ့် ပြန်ခါနီး မရီးရဲ့
စကားတခွန်းက ကျနော့်နှလုံးသားကို နာကျင်စေခဲ့ပါတယ်။
“နောက်တခေါက် အိမ်ကို လာလည်မနေနဲ့၊ ငါတို့က ၀န်ထမ်းတွေ အလုပ်ပြုတ်ရင် ကလေးတွေ ဘ၀ပျက်သွားမယ်” ။
ကျနော်
ဘာစကားမှ ပြန်မပြောနိုင်တော့ဘဲ စစ်တွေဟိုတယ်ကို ပြန်ခဲ့ရပါတယ်။ ညီငယ်က
အကို့မိသားစုဝင်တွေဆီကို လွတ်လွတ်လပ်လပ် လာလည်လို့ မရတဲ့
လူ့အဖွဲ့အစည်းအကြောင်း တွေးရင်း စိတ်မကောင်း ဖြစ်ခဲ့ရတယ်။
ကျနော်တို့ အပြန်ခရီးမှာ ရန်ကုန်မှာ နှစ်ညနေထိုင်ခွင့် ရှိခဲ့ပြန်တယ်။
အရင်က ဗိုလ်ချုပ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေး အခြေစိုက်တဲ့
ရှစ်မိုင်လမ်းဆုံက ရန်ကုန်စီးတီး ဟိုတယ်မှာတည်းခိုဖို့ စီစဉ်ထားခဲ့ပါတယ်။
ကျနော်တို့နဲ့အတူ ရောက်နေတာက စစ်ဖက်ဆိုင်ရာ ထောင်လှမ်းရေးအရာရှိတွေဘဲ
ဖြစ်ပါတယ်။
ကျနော့်ကို မိတ်ဆက်ပြီး လိုအပ်တာရှိရင် လုပ်ပေးရမယ့်တာဝန်
သူ့မှာရှိကြောင်း ပြောဆိုလာပါတယ်။ ရန်ကုန်မှာ ၂ ရက်ကတော့ ကျနော်တို့အတွက်
အကုန်မြန်တယ်လို့ ပြောရပါမယ်။ ရခိုင့်နိုင်ငံရေး ခေါင်းဆောင်တွေ၊
တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ရတာနဲ့ အချိန်က
ကုန်လွန်စေခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်ကို ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီမှာ ပြန်မှာ
ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင်
ဦးအောင်သောင်းကို ဧပြီလ ၈ ရက်နေ့ညစာ စားပွဲမှာ ပြောထားပြီး ဖြစ်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့ မနက်အစောကြီးထ ရေမိုးချိုးပြီး နံနက် ၆ ကျော်လောက်မှာ
မနက်စာစားပြီး ကျနော်တို့အဖွဲ့ ဟိုတယ်လော်ဘီခန်းကို အထုတ်အပိုးတွေနဲ့
ဆင်းလာပြီး ကျနော်တို့အဖွဲ့ အဆင်သင့်ဖြစ်နေကြောင်း ထောက်လှမ်းရေးကို
သတင်းပို့လိုက်တော့ ကယောင်ချောက်ချားဖြစ်ပြီး လက်ကိုင်ဖုန်းနဲ့
အလုပ်ရှုပ်နေပါတော့တယ်။
သူပြောနေတဲ့ စကားတွေထဲမှာ ဓူဝံကြယ်ရော၊ ခုနှစ်စဉ်ကြယ်ရော
စုံနေတာကိုကြားနေရတယ်။ ကျနော့်ကိုလည်း ခဏစောင့်ပေးဖို့
ခယတောင်းပန်ပါတော့တယ်။ ကားပေါ်ရောက်မှ သိရတာက ဒီလို။
ကျနော်တို့နဲ့ အတူလိုက်ပါလာတဲ့ ဗိုလ်မှူးထက်နစ်ဆင်ရဲ့ တပည့်တဦးက
ကျနော်တို့ကို လိုက်ပို့ဖို့ စီစဉ်ထားတဲ့ ကားကိုယူပြီး ညနေကတည်းက
ပျောက်သွားတာ မနက် ၇ နာရီကျော်ထိ ပြန်မရောက်သေးဘူး။ ထောက်လှမ်းရေး
အဖွဲ့ဝင်တွေ တော်တော်များများ ဟိုတယ်ကိုရောက်လာပြီး ကားတွေတ၀ီဝီမောင်းပြီး
ရှာပုံတော် ဖွင့်ရပါတော့တယ်။ ကျနော်တို့စီးလာတဲ့ ကားတွေမှာ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အလံ ကပ်ထားတော့ သိသာပါတယ်။
မြို့တော်ရန်ကုန်မှာ ထောက်လှမ်းရေးတွေ ကားပျောက်ရှာပုံတော်
ဖွင့်ရပါတော့တယ်။ ထက်နစ်ဆင်ရဲ့ တပည့်ကျော်က ဘယ်ကိုသွားမှန်းမသိ
အိပ်ချင်မူးတူးနဲ့ ၈ နာရီမထိုးခင် ၁၅ မိနစ်အလိုလောက်မှာ ပေါက်ချလာမှ
ထောက်လှမ်ရေး ကိုယ်တော်ချော သက်ပြင်းချနိုင်တော့တယ်။
“၈ နာရီမှာ ခင်ဗျား ပြန်မရောက်ရင်တော့ ကျနော်အလုပ်ပြုတ်ပြီဗျာ၊
တော်သေးတာပေါ့။ ကျနော်က အထက်အရာရှိကို သတင်းပို့နေရတာဗျ၊ ၇ နာရီ
ထွက်မယ့်အဖွဲ့တွေ ၈ နာရီထိ မထွက်သေးတော့ အထက်အရာရှိက ကျနော့်ကို
လှမ်းမေးနေတယ်” လို့ဆိုပြီး ထက်နက်ဆင်ရဲ့ တပည့်ကျော်ကို ပြောတာကို
ကြားလိုက်ရတယ်။
တော်တော်သနားစရာ ကောင်းတဲ့၊ အင်မတန်မှ ကြောက်တတ်တဲ့
ပြည်သူ့ဝန်ထမ်းတွေပါလားလို့ တွေးမိတယ်။ ဒီလိုမျိုး ၀န်ထမ်းက ပြည်သူတွေ၊
နိုင်ငံရေးလှုပ်ရှားသူတွေကို နိုင်ထက်စီးနင်းပြုမူတာ ဟုတ်မှ ဟုတ်ပါလေစလို့
တွေးမိတယ်။
အပြန်ခရီးမှာတော့ ထောက်လှမ်းရေးတွေကို သိပ်ကြောက်ရှာတဲ့ သမိုင်းပါမောက္ခ၊
ကထိကဘ၀ကို စွန့်လွတ်ဖို့ကြောက်တဲ့ ကျနော့်မရီး၊ သတ်မှတ်ချိန်မှာ
ကားမထွက်ဖြစ်ရင် အလုပ်ပြုတ်မှာကို ကြောက်တဲ့ စစ်ထောက်လှမ်းရေးအရာရှိ
စတဲ့စတဲ့ လူ့အဖွဲ့အစည်းအတွက် တာဝန်ယူနေသူတွေ အားလုံးမှာ အကြောက်တရားများသာ
လွှမ်းမိုးနေပါလားလို့ စဉ်းစားတွေးတောရင်း သောင်ရင်းမြစ် တဖက်ကမ်းဆီကို
ပြန်ခဲ့ရပါတော့တယ်။
လှရွှေ
http://www.maukkha.org/index.php/book-store/essay-maukkha/2100-maukkha-hla-shwe-fear-in-myanmar
No comments:
Post a Comment