Thursday, 17 May 2012

ထူးထွေဆန်းပြား လက်ဆောင်များ

ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြီးမှာ အမေရိကန် ဂိုးသမားကြီး ကေစီကဲလား ဘောလုံးသမား ဘ၀ကနေ အပြီးတိုင် အနား ယူခဲ့ပါတယ်။ အဲဒီတုန်းက သူနောက်ဆုံး ကစားပေးနေတဲ့ ဆီယက်တဲလ် ဆောင်းဒါးစ် အသင်းက ကဲလားကို ထူးဆန်းတဲ့ လက်ဆောင်တစ်ခု အမှတ်တရ ပေးအပ်ခဲ့တယ်။ အသင်းအတွက် အလုပ်အကျွေး ပြုခဲ့သူ ဂိုးသမားကြီး အတွက် ဆောင်းဒါးစ်က ကျေးဇူးတင်တဲ့ အနေနဲ့ ပေးခဲ့တဲ့ လက်ဆောင်က ပန်းရောင် တောကြမ်းစီး လေးဘီးတပ် ဆိုင်ကယ်ကြီး ဖြစ်ပါတယ်။ တော်တော်တော့ လိုက်မီဖို့ခက်တဲ့ စိတ်ကူးနဲ့ ခုလက်ဆောင်ကို ပေးခဲ့ပုံပါပဲ။ အဲဒီလိုမျိုး ဘောလုံး လောကမှာ ထူးထူးဆန်းဆန်း ပေးအပ်တဲ့ လက်ဆောင်တွေအကြောင်း Four Four Two မဂ္ဂဇင်းက ခုလို ဖောက်သည် ချခဲ့ပါတယ်။

ကံကောင်းစေမယ့် မှင်စာရုပ်ကလေး
(၁၉၉၇)ခုနှစ်က FAဖလား ပြိုင်ပွဲမှာ ချယ်လ်ဆီး အသင်း ဗိုလ်စွဲခဲ့ပါတယ်။ ချယ်လ်ဆီးကို အဲဒီတုန်းက ရုဒ်ဂူးလစ်က ကစားသမား/ မန်နေဂျာအဖြစ် ဦးဆောင်နေတာပါ။ ပြီးတော့ နယ်သာလန်သား ဂူးလစ်ဟာ ချယ်လ်ဆီးရဲ့ ဥက္ကဋ္ဌဖြစ်သူ ကင်ဘိတ်စ်နဲ့ မပြေမလည် ဖြစ်နေတယ်လို့ သတင်းတွေလည်း ထွက်နေခဲ့ပါတယ်။ ဘိတ်စ်ဟာ အသင်းအတွက် ဂူးလစ်က အောင်မြင်မှု တစ်ခု ရယူနိုင်ခဲ့တဲ့ အခါမှာတော့ သူ့ရဲ့ မန်နေဂျာကို လက်ဆောင်တစ်ခု ပေးသင့်တယ်လို့ ယူဆခဲ့ပါတယ်။ အဲဒီတော့ ဂူးလစ်အတွက် ဈေးပေါပေါ မှင်စာရုပ်ကလေး တစ်ခုကို ၀ယ်ပေးခဲ့တယ်။ ဂူးလစ်က "ကျွန်တော့်ကို နောက်တာ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် မငြင်းခဲ့ပါဘူး။ ဥက္ကဋ္ဌကြီးက ကျွန်တော့်ကို နမ်းချင်ပေမယ့် ရှက်နေတာ ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း ကံကောင်းစေတဲ့ အဆောင် မှင်စာရုပ်လေး ၀ယ်ပေးလိုက်ပုံပဲ"လို့ ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်။

ထူးထွေဆန်းပြား လက်ဆောင်များ

ကျေးဇူး သိတတ်တဲ့ အေဗရာမိုဗစ်ခ်ျ
ကိုယ့်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အကူအညီ ပေးသူကို ကျေးဇူး တုံ့ပြန်တာဟာ ကောင်းမြတ်တဲ့ အပြုအမူပါ။ ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျဟာ ကျေးဇူး သိတတ်သူ တစ်ဦး ဖြစ်ပါတယ်။ ရုရှားဘီလျံနာကြီးဟာ သူလိုချင်တဲ့ ချယ်လ်ဆီးကို ၀ယ်ယူနိုင်အောင် ကူညီ စီမံပေးသူ ယူဂျင်း ရှက်ဗစ်ဒ်လာကို ပေါင်စတာလင် (၇၅)သန်းတန် ရွက်လှေကြီးတစ်စင်း လက်ဆောင်အဖြစ် ၀ယ်ပေးခဲ့ပါတယ်။ ဒါလောက်နဲ့တင် မလုံလောက်သေးပါဘူး။ ယူဂျင်းက သူဟာ တောင်ဆိတ်တွေရဲ့ အမွေးနဲ့ လုပ်ထားတဲ့ ခေါင်းအုံးလေးတွေကို သဘောကျတဲ့ အကြောင်း အေဗရာမိုဗစ်ခ်ျကို အမှတ်မထင် ပြောခဲ့ဖူးပါတယ်။ ဒါကို မှတ်ထားတဲ့ သူဌေးကြီးက ယူဂျင်းရဲ့ (၁၆)ရာစု လက်ရာ ပြင်သစ် စံအိမ်ကြီးမှာ ထားရှိဖို့ တောင်ဆိတ်မွေး ထည့်ထားတဲ့ ခေါင်းအုံးလေးတွေကို တကူးတက လက်ဆောင် ပေးပို့ လိုက်ပါတယ်။

လိမ္မော်သီး တစ်ခြင်းရဲ့ တန်ဖိုး
ပီနီဇဟာဗီ ဆိုတာ ဘောလုံး လောကမှာ အထူးချွန်ဆုံး အကျိုးဆောင် အေးဂျင့်တစ်ဦးအဖြစ် လူသိများလှပါတယ်။ တကယ်တော့ ဒီအစ္စရေးသားရဲ့ အောင်မြင်တဲ့ ဘ၀ဟာ ထူးဆန်းတဲ့ လက်ဆောင်လေး တစ်ခုကနေ အစပြုခဲ့တယ်ဆိုရင် မမှားပါဘူး။ (၁၉၇၀)ပြည့်လွန် နှစ်ပိုင်းတွေမှာ ဇဟာဗီဆိုတာ တောနယ်လေးတွေမှာ ကျင်လည်နေရတဲ့ ဂျာနယ်လစ် ပေါက်စလေးပါ။ သူဟာ အဲဒီခေတ်က နာမည်ကြီးနေတဲ့ လီဗာပူးလ် အသင်းနဲ့ ရင်းနှီးခွင့် ရချင်တဲ့ အတွက် လီဗာပူးလ် လေ့ကျင့်ရေး ကွင်းကို လှပတဲ့ လိမ္မော်သီး ခြင်းလေးတစ်ခု လက်ဆောင် ပို့ပေးခဲ့တယ်။ လိမ္မော်သီးတွေ အားလုံးက အစ္စရေးမျိုးရင်းတွေ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ဆောင်က အလုပ်ဖြစ်သွားတယ်။ လီဗာပူးလ်က သူ့ရဲ့ လက်ဆောင်ကို လက်ခံ ခဲ့သလို ဇဟာဗီကိုလည်း အေးဂျင့်တစ်ယောက် အနေနဲ့ ဆက်ဆံလာခဲ့ပါတယ်။ (၁၉၇၉)မှာတော့ အစ္စရေး နောက်ခံလူ အေဗီကိုဟန် လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ဇဟာဗီက အဓိက ဆက်သွယ်ပေးခဲ့ပါတယ်။ အဲဒီက စပြီး ဇဟာဗီတစ်ယောက် ကြီးကျယ်တဲ့ အပြောင်းအရွှေ့ ကိစ္စတွေမှာ ပါဝင်ကြိုးကိုင်ခဲ့တာ ဒီနေ့အထိပဲ ဆိုပါတော့။

အရှုံးပေးတဲ့ အနေနဲ့ ပန်းပေးပါတယ်
ရှက်တာဒိုးနက်ခ် အသင်းရဲ့ နည်းပြဖြစ်သူ မာစီယာ လူဆက်စကူဟာ အရှုံးပေးဖို့ ပန်းပေးခဲ့သူ တစ်ယောက်ပါ။ သူဟာ ယူကရိန်း ဘောလုံးပြိုင်ပွဲတွေမှာ အမျိုးသမီး စည်းကြပ်ဒိုင်တွေ သုံးစွဲခဲ့တာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ "အမျိုးသမီးတွေ ဆိုတာက သံယောဇဉ်ကို ဦးစားပေးလွန်းတယ်။ တစ်နေ့နေ့မှာ သူတို့ဆုံးဖြတ်လိုက်တာတွေက တစ်သင်းသင်းကို နစ်နာသွားစေလိမ့်မယ်"လို့ လူဆက်စကူက ကန့်ကွက်စကား ပြောခဲ့တယ်။ အဲဒီနောက်မှာတော့ သူ့ကို လိင်ခွဲခြားသူအဖြစ် ရှုတ်ချမှုတွေ ပြင်းထန်လာခဲ့တယ်။ ဒါကြောင့် လူဆက်စကူဟာ သူရည်ရွယ် ဝေဖန်ခဲ့တဲ့ စည်းကြပ်ဒိုင် အမျိုးသမီး နာတာလီယာ ရာချင်စကာယာကို ပန်းစည်းတစ်ခု လက်ဆောင်ပေးပို့ပြီး တောင်းပန်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ပုံက (၁၅)နှစ်သား ချာတိတ်လေး တစ်ယောက် ပထမဆုံး Dateမှာ ရှက်ကိုးရှက်ကန်း ဖြစ်ခဲ့သလိုပဲလို့ ယူကရိန်း သတင်းစာတွေက အရွှမ်း ဖောက်ခဲ့ကြပါသတဲ့။

ကျွေးမွေးချင်၊ ဧည့်ခံ ချင်လွန်းလို့ပါ
အီတလီသား နည်းပြကြီး ဂျီအိုဗန်နီ ထရာပက်တိုနီဟာ ဘောလုံးကို ရူးသွပ်တဲ့ အိုင်ယာလန်သားတွေအတွက် စိတ်ကျေနပ် ဂုဏ်ယူစရာ အောင်မြင်မှု တစ်ခုကို ရယူပေးခဲ့သူပါ။ (၂၀၁၂)ခုနှစ်၊ ဥရောပဖလားအတွက် အိုင်ယာလန်အသင်း ခြေစစ်ပွဲ အောင်မြင်ဖို့ ထရာပက်တိုနီက ဦးဆောင်ခဲ့ပါတယ်။ တစ်နေ့တော့ သူဟာ ဒဗ္ဗလင်မြို့က စားသောက်ဆိုင် တစ်ခုကို ရောက်လာပြီးမှ ပိုက်ဆံအိတ် မေ့ကျန်ခဲ့မှန်း သတိပြုမိတယ်။ အားတုံ့အားနာ ဖြစ်သွားတဲ့ ထရာပက်တိုနီက ဆိုင်ထဲက ပြန်ထွက်မယ် လုပ်တော့ စားဖိုမှူးက သူ့ကို လက်ဆောင်အဖြစ် ဒကာခံပါရစေလို့ တောင်းဆိုခဲ့ပါတယ်။ "ထရာပက်တိုနီကို ကျွန်တော် မသိဘဲ နေမလား။ သူ့ကို သိပ်ကျေးဇူးတင်နေတာလေ"လို့ ဘောလုံးပရိသတ် တစ်ဦးဖြစ်တဲ့ စားဖိုမှူး မန်နျူရယ်လ် ပက်စ်ချီနာက ဆိုပါတယ်။ Mama Mia စားသောက်ဆိုင်က စားဖိုမှူးဟာ လက်ဆောင်မွန် တစ်ခုအနေနဲ့ ထရာပက်တိုနီစိတ်ကြိုက် အီတလီ အစားအသောက်တွေ ဖြစ်တဲ့ ပီဇာ၊ ခေါက်ဆွဲနဲ့ ဘရူရှက်ရှတာတို့ကို ဖွယ်ဖွယ်ရာရာ တည်ခင်း ဧည့်ခံခဲ့ပါတယ်။

ဖိနပ် မယူပါနဲ့ကွာ၊ အဲဒီအစား ...
ဘာမင်ဂမ် စီးတီးအသင်းရဲ့ လူငယ် သင်တန်းသားလေး ဂျိမ်းစ်မာ့ခ်ပိုက် တစ်ယောက် စိတ်လှုပ်ရှားနေပါတယ်။ သူ့ရဲ့ တောင်းဆိုမှုကို သူလေးစားတဲ့ ဘောလုံး သူရဲကောင်းက ငြင်းလိုက်မှာကိုလည်း ပိုက်ခမျာ ကြိတ်စိုးရိမ် နေရတယ်။ နောက်ဆုံးတော့ သူက အားတင်းပြီး ပြင်သစ်လက်ရွေးစင် တိုက်စစ် ကစားသမား အိုလီဗာ ကာပိုဆီကို သွားပါတယ်။ ပြီးတော့ ကာပိုရဲ့ ဖိနပ်ဟောင်းလေး တစ်ရန်လောက်ကို သူ့အတွက် အမှတ်တရ လက်ဆောင်ပေးပါလို့ တောင်းဆိုခဲ့တယ်။ ကာပိုဟာ မြင်မြင်ချင်းပဲ ပိုက်ကို ခင်မင်သွားခဲ့ပါတယ်။ သူက ပြောတယ်။ "ငါ့ဖိနပ် လိုချင်လို့လား။ ဟင့်အင်း။ မပေးဘူးကွာ။ အဲဒီအစား ငါ့ကားကိုယူ"တဲ့။ မမျှော်လင့်ဘဲနဲ့ ပေါင်စတာလင် (၃၀၀၀၀)တန် မာစီဒီးစ်ကား အကောင်းစားကြီးတစ်စင်း လက်ဆောင်ရလိုက်တော့ လူငယ်လေးခမျာ မယုံနိုင်လောက်အောင် မင်သက် နေခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာပိုဟာ ပိုက်အတွက် အာမခံကြေး (၁)နှစ်စာကိုလည်း လက်ဆောင်အဖြစ် ပေးသွင်းခဲ့သေးတယ်။ "ဒါဟာ ကာပိုရဲ့ ချစ်စရာကောင်းတဲ့ အကျင့်လေးတွေထဲက တစ်ခုပေါ့"လို့ အဲဒီတုန်းက ဘာမင်ဂမ် မန်နေဂျာ အဲလက်စ် မက္ကလစ်ရှ်က အမှတ်တရ ပြောပြခဲ့ပါတယ်။

ပျောက်ကွယ်နေတဲ့ လူပုလေး
ဂန်တာနက်ဇာဟာ ဂျာမနီ အသင်းအတွက် ခြေစွမ်းပြ ကစားခဲ့တဲ့ ဂန္ထ၀င် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဖန်တီးမှု စွမ်းရည် မြင့်မားတဲ့ ကွင်းလယ်လူကို (၁၉၇၃)ခုနှစ်မှာ ဂျာမန်ကလပ် ဘိုရပ်ရှား မိုချင်ဂလတ်ဘတ်ခ်ျ ထံကနေ ရီးယဲလ်မက်ဒရစ်က ၀ယ်ယူလိုက်ပါတယ်။ နက်ဇာဟာ သူ့ရဲ့ ငယ်မွေးခြံပေါက် အသင်းအတွက် ဘွန်းဒစ်လီဂါ ဆုဖလား (၂)ကြိမ်နဲ့ ဂျာမန်ဖလား (၁)ကြိမ် ရယူပေးပြီးမှ စပိန်ထိပ်သီးဆီ ပြောင်းခဲ့တာပါ။ နက်ဇာ ရီးယဲလ်မှာ ကစားနေတဲ့အချိန် ဂျာမန်ကလပ်ဟာ စနိုးဝှိုက် ပုံပြင်ထဲက လူပုလေးတွေပုံ ပါဝင်တဲ့ အလှဆင် သေတ္တာလေးတစ်လုံး လက်ဆောင် ပေးပို့ခဲ့ပါတယ်။ အံ့ဩစရာက ပုံပြင်ထဲကလို လူပုလေး (၇)ယောက် မဟုတ်ဘဲ (၆)ယောက်ပဲ ဖြစ်နေတာပါ။ ဒီသဘောတရားရဲ့ လျှို့ဝှက်ချက်ကတော့ ခုချိန်ထိ ပဟေဠိ ဆန်နေတုန်းပါပဲ။

ရွှေiPodလေး လက်ဆောင်ပေး
နှစ်ရှည်လများ အမှုတော် ထမ်းခဲ့တဲ့ ၀န်ထမ်းကောင်းတွေကို သူတို့ လုပ်ငန်းခွင်က အနားယူတဲ့အခါ ရွှေသားနဲ့ ဖန်တီးထားတဲ့ လက်ဆောင်မွန်လေးတွေ ပေးအပ်ကြတဲ့ အလေ့အထကို ကြားဖူးမှာပါ။ ဒေးဗစ်ဘက်ဟမ်းလည်း ဒီလို လက်ဆောင်လေး တစ်ခု ရခဲ့ဖူးပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းဟာ သူချစ်မြတ်နိုးတဲ့ လက်ရွေးစင် အသင်းအတွက် ပွဲ(၁၀၀)ပြည့် ကစားပြီးချိန်မှာတော့ ရွှေသားနဲ့ ပြုလုပ်ထားတဲ့ iPodလေးတစ်ခု လက်ဆောင် ရခဲ့တာပါ။ သူ့ရဲ့ ရွှေရောင် နေ့ရက် အားလုံးကို အင်္ဂလန်အတွက် ပေးဆပ်ခဲ့တဲ့ ဘက်ဟမ်းတစ်ယောက် ခုချိန်မှာတော့ သူ့ရဲ့ ရွှေiPodလေးနဲ့ Angry Birdsဂိမ်းကို ဆော့ကစားရင်း အပျင်းဖြေနေမယ် ထင်ပါတယ်။

ရက်ရောလိုက်ပုံများ
ရုရှားရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ချေချင်းညာမှာပါ။ တာရက်ခ်အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူဟာ လက်ဆောင်ပေးရာမှာ ရက်ရောလွန်းသူအဖြစ် နာမည်ကြီးခဲ့တယ်။ ဥက္ကဋ္ဌကြီး ရမ်ဇန်ကာဒီရော့ဗ်ဟာ အသင်းအနိုင်ရတဲ့ ပွဲစဉ်တွေ အပြီးမှာ အ၀တ်လဲခန်းထဲ ၀င်လာတတ်တယ်။ အသင်းမှာ ကစားဖူးတဲ့ ဘယ်လ်ဂျီယံ ကစားသမား ဂျိုနသန် လီဂီယာက ကာဒီရော့ဗ်ဟာ လက်ထောက် တစ်ယောက်နဲ့အတူ ၀င်လာပြီး လက်ပတ်နာရီတွေ၊ ကားသော့တွေကို ဂုဏ်ပြုလက်ဆောင်အဖြစ် လိုက်ဝေတတ်တယ်လို့ ဖောက်သည်ချပါတယ်။ တစ်ခါတစ်ခါ ကာဒီရော့ဗ် လက်ဆောင်ပေးဖို့ သုံးစွဲတဲ့ တန်ဖိုးဟာ ယူရို (၇၅၀၀၀)လောက်ထိ ရှိတတ်ပါသတဲ့။ အဇာဘိုင်ဂျန်မှာတော့ အခြေအနေက နည်းနည်း ကွာပါတယ်။ ဘယ်လ်ဂျီယံလို ထိပ်တန်းပြိုင်ဘက် အသင်းကို အနိုင်ရတဲ့ အတွက် လက်ရွေးစင် အသင်းကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှာပါလို့ အဇာဘိုင်ဂျန် ဘောလုံး အဖွဲ့ချုပ် အကြီးအကဲက ကြေညာတယ်။ ကစားသမားတွေဟာ အဇာဘိုင်ဂျန်သုံး ငွေကြေး (၅၀၀၀၀)မာနတ် ချီးမြှင့် ခံရပါတယ်။ သဘောကတော့ ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်ဆောင်ဆိုတာ တစ်ယောက်ကို ပေါင်စတာလင် (၄၀)လောက်စီ ခွဲယူရတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ တကယ့်ကို ကြီးကျယ်တဲ့ ချီးမြှောက်မှုလို့ စိတ်ပေါက်ပေါက်နဲ့ ရေရွတ် သင့်ပါရဲ့။

အရက်ပဲ ယူမှာပေါ့
ဒီတစ်ခါလည်း ချယ်လ်ဆီး ဥက္ကဋ္ဌဟောင်း ကင်ဘိတ်စ်နဲ့ ပတ်သက်တဲ့ ကိစ္စလေးကိုပဲ ပြောပြချင်ပါတယ်။ (၁၉၈၇)ခုနှစ်က လီဗာပူးလ် တိုက်စစ်ကြယ်ပွင့်ကြီး အီယန်ရက်ရှ်ဟာ လီဗာပူးလ်အတွက် သူ့ရဲ့ နောက်ဆုံးပွဲစဉ်ကို စတမ်းဖို့် ဘရစ်ဂ်ျမှာ ကစားခဲ့ပါတယ်။ ဒီပွဲပြီးရင် ရက်ရှ်က အင်္ဂလန်မြေကို စွန့်ခွာပြီး အီတလီ ထိပ်သီး ဂျူဗင်းတပ်စ်မှာ သွားကစားတော့မှာ ဖြစ်ပါတယ်။ ဒီတော့လည်း အိမ်ရှင် ချယ်လ်ဆီးရဲ့ ဥက္ကဋ္ဌကြီးက ရက်ရှ်ကို အမှတ်တရ လက်ဆောင် အဖြစ် ဖရက်စ်ကာတီ အရက် တစ်လုံးနဲ့ ချယ်လ်ဆီးအရပ်က ရိုးရာလက်ဆောင် နံနံပင် ပန်းစည်းတွေကို ပေးအပ်ခဲ့ပါတယ်။ နောက်ထပ် နှစ်နည်းနည်းကြာတော့ Four Four Twoက အဲဒီ လက်ဆောင်တွေကို ဘာလုပ် လိုက်သလဲလို့ ဝေလ လက်ရွေးစင် ဂိုးသွင်းစက်ကို အင်တာဗျူး တစ်ခုမှာ မေးမြန်းခဲ့ပါတယ်။ "ပန်းစည်းကို ကျွန်တော် လွှင့်ပစ်လိုက်တယ်"လို့ ရက်ရှ်က ခပ်တည်တည်နဲ့ ဖြေပါတယ်။ Four Four Twoက အရက်ပုလင်းအကြောင်း ဆက်မေးတော့ "သောက်ပစ် လိုက်တာပေါ့ဗျ"လို့ နှုတ်ခမ်းမွေးနဲ့ ဝေလသားကြီးက မျက်နှာထား တည်တည်ကြီးနဲ့ ပြောသွား ပါလေရော။

မှတ်ချက်။   ။ SM Journal Vol.1 No.29 မှ ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
from  http://www.soccermyanmar.com/index.php?option=com_content&view=article&id=15184:2012-05-11-10-14-04&catid=124:other-articles&Itemid=160

No comments: