Friday, 26 August 2011

အာဆီယံ ယူ-၁၉ ပြိုင်ပွဲအား လာရောက် ကြည့်ရှုရန် ဒေါ်အောင်ဆန်း စုကြည်အား ဦးဇော်ဇော် ဖိတ်ကြားခဲ့

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲအား လာရောက် ကြည့်ရှုပါရန် ဒေါ်အောင်ဆန်း စုကြည်အား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဖိတ်ကြားမှု ပြုလုပ်ခဲ့ကြောင်း Weekly Eleven News ဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။



ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်း ဗဟိုဌာန၌ ပြုလုပ် ကျင်းပခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ ပထမပိုင်း အစီအစဉ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်ကာ Max Myamar ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇော်ဇော်က ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

"ဒီပွဲမှာ တက်ရောက် လာကြတဲ့ သူတွေရဲ့ မျက်နှာမှာ ၀မ်းမြောက်မှု၊ စည်းလုံးမှု၊ ပွင့်လင်းမှုတွေကို ခံစားရတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ကြတဲ့အတွက် တိုင်းပြည် စီးပွားရေး အနာဂတ်အတွက် အားရမိပါတယ်။ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို သွားနှုတ်ဆက်တဲ့ အခါ ဘောလုံးကို သူစိတ်ဝင်စား တယ်လို့ ပြောပါတယ်။ အာဆီယံ ယူ-၁၉ ဘောလုံးပွဲ တစ်ပွဲလောက် ကြည့်ရှု အားပေးဖို့ ဖိတ်ခဲ့ပါတယ်" ဟု ဦးဇော်ဇော်က Eleven Media Group သို့ ပြောကြားခဲ့သည်။

အာဆီယံ ယူ-၁၉ ဘောလုံး ပြိုင်ပွဲသည် စက်တင်ဘာလ ၈ရက်နေ့မှ ၂၁ရက်နေ့ အထိ ရန်ကုန် သုဝဏ္ဏ အားကစားကွင်း၌ ပြုလုပ် ကျင်းပမည် ဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်း အနေဖြင့် ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ပွဲဦးထွက်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စု (ဘီ)၌ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ်၊ ဘရူနိုင်း အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျှက် ရှိကာ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ အင်ဒိုနီးရှား အသင်းများနှင့် အစဉ်လိုက် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။


from Soccer Myanmar



No comments: