အံ့ဘုန်းမြတ်
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာတွေက လယ်သမားတွေ ဦးပိုင်ကုမ္ပဏီလီမိတက်က ထုတ်ချေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်မဆပ်နိုင်တာကြောင့် ရာနဲ့ချီပြီး ဖမ်းဆီးခံနေရကြရပါတယ်။
ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီက တဧကကို ကျပ်ငွေ ငါးသောင်းနှုန်းနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်က စိုက်ပျိုးစရိတ်ချေးငွေ ချပေးခဲ့တာပါ။ ဒါပေမယ့်လည်း ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လယ်တွေပျက်စီးမှုတွေဖြစ်ပွားခဲ့ပြီး လယ်သမားတွေ စပါးလည်း မသွင်းနိုင်၊ ချေးငွေ မဆပ်နိုင်ဖြစ်ခဲ့ကြတာပါ။
ဒီအခြေအနေမှာ ဦးပိုင်ကုမ္ပဏီလီမိတက်က တာဝန်ရှိသူတွေက လယ်သမားတွေကို ဒေးဒရဲမြို့က တန် ၁၀၀ ဆန်စက်ကိုခေါ်ယူ ဖမ်းဆီးပြီး ချေးငွေကို အတင်းအကျပ် ပြန်လည်တောင်းယူနေတာလည်း ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ လယ်သမားတဦးက အခုလိုပြောပြပါတယ်။
“ကျနော်က ဒေးဒရဲမြို့နယ် ကုလားကုန်းတန်း ကျေးရွာကပါ။ ဦးပိုင်လီမိတက်က ငွေချေးထားပါတယ်။ အဲဒီငွေကို ပြန်မဆပ်နိုင်တဲ့အတွက် ကျနော်တို့ကို တန်တရာ ဆန်စက်ကို ဗိုလ်ကြီးမြင့်သန်းအောင်က ခေါ်လို့ သွားပါတယ်။ သွားတဲ့အခါကျတော့ ဟိုကျတော့ ဘာမှအစစ်အဆေး အမေးအမြန်း မလုပ်ဘဲနဲ့ ပိုက်ဆံပြန်မဆပ်နိုင်ရင် ဂိုဒေါင်ထဲတန်းဝင်ဆိုပြီး ဆန်တွေ၊ ဖွဲတွေ လှောင်တဲ့ ဂိုဒေါင်ထဲမှာ လှောင်ထားပါတယ်။ လှောင်ထားတော့ ပိုက်ဆံပေးတဲ့လူတွေတော့ ထွက်လာတာပေါ့။ မပေးနိုင်တဲ့လူတွေ တော်တော်များများ ကျန်နေသေးတယ်။ အားလုံးလူပေါင်းကတော့ ယောကျာ်းမိန်းမ ၁၀၀ ကျော်လောက်ရှိတယ်။ ကျနော်ကတော့ သားနဲ့ချိန်းပြီး အခုလောလောဆယ် ငွေရှာဖို့ ဆိုပြီး ကျနော်ထွက်လာခဲ့တာပါ။”
အခြားဖမ်းဆီးခံ လယ်သမားတဦးကတော့ စိုက်ပျိုးစရိတ်ချေးငွေတွေကို လာမယ့် စပါးပေါ်မယ့် ရာသီမှာ ပြန်ဆပ်လိုတယ်လို့ တောင်းဆိုထားပြီး လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကိုလည်း သူက အခုလို ရှင်းပြထားပါတယ်။
“ကျနော်တို့က မိုးတွင်းရာသီမှာ လယ်ကြဲတယ်၊ ကြဲတော့ ကျနော်တို့က တခါလည်းမရ၊ နှစ်ခါလည်း မရဆိုတော့ မရှိ ရှိတာတွေပေါ့ဗျာ၊ မရှိ ရှိတာတွေဆိုတာ ကျနော်တို့ လယ်ထွန်စက်တွေ ဘာတွေရောင်းရတယ်မဖြစ်မနေ၊ ကျနော်တို့မှာရှိတဲ့ ကျွဲ၊ နွားတွေရောင်းရတယ်။ ရောင်းပြီးမဖြစ်မနေ ပေးဆပ်ရတယ်။ ကျနော်တို့ စိုက်ပျိုးစရိတ်အတွက်ထားတဲ့ ငွေကြေးပါ မထားရဲဘူးပေါ့ဗျာ၊ အဲတော့ ကျနော်တို့ ဒီထဲက လွတ်မြောက်ရေးရယ်။ ကျနော်တို့ ရှေ့ဆက်ဘာလုပ်ရမလည်း ဆိုတဲ့အခြေအနေမျိုးတွေ ပေးဖို့အတွက်ကို ခုချိန်ထိရောက်တယ်၊ ဘာတွေဆက်လုပ်ဖို့စဉ်းစားလဲ ဆက်လုပ်ဖို့ဆိုတာက ကျနော်တို့ လယ်သမားတွေက ဘာနားလည်မှာလည်းဗျာ။ ကျနော်တို့ကတော့ လာမယ့် ပေါ်ဦးချိန်မှာ ပေးဖို့ရယ်၊ မပေးနိုင်တဲ့ အခြေအနေမျိုးရယ်ပေါ့။ ဒါပဲကျနော်တို့သိထားတာပေါ့ဗျာ။”
ဒီလို ချေးငွေမဆပ်နိုင်တဲ့ လယ်သမားတွေကို ဖမ်းဆီးချုပ်နှောင်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့လည်း ဥပဒေရဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်သူ လယ်သမားကွန်ရက်နဲ့ ဥပဒေအထောက်အကူပြုအဖွဲ့တွေက ကူညီဆောင်ရွက်ပေးဖို့ရှိနေတယ်လို့ အဖွဲ့ချုပ်ရဲ့ လူမှုအထောက်အကူပြုအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“အဲ့ဒါကို ကျနော်တို့ ဥပဒေ အကျိုးဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ပေးတွေ့လိုက်တယ်။ ဦးဉာဏ်ဝင်းက ဒါကမတရားချုပ်နှောင်တာတဲ့ မတရားချုပ်နှောင်တာလို့ သတ်မှတ်တယ်။ အဲ့တော့ သူတို့ကလည်း သက်ဆိုင်ရာကို ပြောမယ်တဲ့။ သူတို့တိုင်ကြားတဲ့အတိုင်း လက်ခံထားလိုက်မယ်လို့ သူပြောတယ်။”
DVB မှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment