Monday, 15 August 2011

ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ (၈၆)နှစ်ပြည့် မွေးနေ့အလှူတော် နှင့် အတ္ထုပ္ပတ္တိ အကျဉ်းချုပ်


(ဆရာတော်ကြီးကို စာရေးသူနှင့်အတူ ဖူးတွေ့ရပုံ)

ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ (၈၆)နှစ်ပြည့် မွေးနေ့အလှူတော် အခမ်းအနားကို သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ယနိုးရာရပ်၊ မြန်မာဘုန်တော်ကြီးကျောင်း၌ ယနေ့ (၁၄-၀၈-၂၀၁၁) မှာ ကျင်းပပြုလုပ်ပါတယ်။
နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းဆက်လှူဒါန်းပြီး ဧည့်ပရိသတ်တို့အား စားသောက်ဖွယ်ရာများနှင့် ကျွေးမွေးဧည့်ခံပါတယ်။

မွန်းလွဲပိုင်းမှာတော့ ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ (၈၆)နှစ်ပြည့် မွေးနေ့အလှူတော် အခမ်းအနားကို စတင်ကျဉ်းပပြုလုပ်ပါတယ်။ အစီအစဉ် ပထမပိုင်းမှာ ဆရာတော် ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ အကြောင်းကို ကျောင်းတိုက်၏ ဥပဋ္ဌာကအဖွဲ့မှ စလိုက်ရှိုးဖြင့် ပြသပါတယ်။

အစီအစဉ် ဒုတိယပိုင်းမှာတော့ ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) အား ဒကာ၊ ဒကာမများမှ ရှိခိုးကန်တော့ကြပါတယ်။ ယင်းနောက် ဆရာတော် ဦးပညိန္ဒ မှ စန္ဒောပမာသုတ္တန်ဒေသနာတော်ကို ဟောကြားပြီး ကုသိုလ်ကောင်းမှု့ကို ရေစက်သွန်းချ အမျှပေးခဲ့ပါတယ်။

ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကိုလည်း ကုသိုလ်ပွားများစေရန် ဖေါ်ပြလိုက်ပါတယ်။ ( ဤအတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို ဆရာတော်ကြီး၏ တပည့်ဖြစ်သူ ဦးဂျွန်နီမှ ကုသိုလ်ယူ ဝေမျှပါတယ်။)

ဆရာတော်ကြီး ဒေါက်တာ ဦးဇာဂရာဘိဝံသ ( သြစတေးလျ) ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်


ဖွားမြင်တော်မူခြင်း


ဆရာတော်လောင်းလျာကို မြန်မာနိုင်ငံ၊ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့အပိုင်၊ အိုးသည်ကုန်းမြို့နယ်၊ ကျီးဖြူရွာနေ ခမည်းတော် ဦးတက်တိုး+ မယ်တော် ဒေါ်စိန်ခင်တို့မှ ကောဇာသက္ကရာဇ် ၁၂၈၇၊ ၀ါခေါင်လပြည့်ကျော် (၈) ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်ခဲ့ပြီး တဦးတည်းသော သားရတနာဖြစ်ပါသည်။

သာသနာ့ဘောင်သို့ဝင်ရောက်ခြင်း


ဆရာတော်လောင်းလျာသည် သက်တော် (၁၄)နှစ်တွင် မယ်တော်ကြီး၏ ပစ္စယာနုဂ္ဂဟဖြင့် ကျီးဖြူကျောင်း ဆရာတော် ဦးဥတ္တမကို ဥပဇ္ဈာယ်ပြုလျှက် ရှင်သာမဏေ အဖြစ်သို့လည်းကောင်း၊ သက်တော် (၂၀) အရွယ်တွင် မယ်တော်ကြီး၏ ပစ္စယာနုဂ္ဂဟဖြင့်ပင် ကျီးဖြူကျောင်း အဝေရာဆရာတော် ဦးတိက္ခကို ဥပဇ္ဈာယ်ပြုလျှက် ရဟန်းအဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ပါသည်။

စာပေသင်ယူခြင်း

ဆရာတော်သည် ကျီးဖြူကျောင်း ဆရာတော် ဦးဥတ္တမ၊ ဥက္ကံမြို့၊ ဘုရားကြီးတိုက်ဆရာတော် ဦးဝိဇယ၊ တာမွေ နန္ဒ၀န်ကျောင်း ဆရာတော် ဦးဓမ္မပိယ နှင့် မန္တလေးမြို့၊ ဒက္ခိဏာရာမတိုက်ဆရာတော် ဦးကြယ်တို့ထံတွင် လောကီလောကုတ္တရာစာပေများကို သင်ယူခဲ့ပါသည်။

ရရှိခဲ့သော ဘွဲ့များ

သကျသီဟ ဓမ္မာစရိယဘွဲ့၊ စေတိယင်္ဂဏ ဓမ္မာစရိယဘွဲ့၊ သာသနဓဇ သိရီပ၀ရ ဓမ္မာစရိယဘွဲ့၊ သိရောမဏိဘွဲ့၊ အဂ္ဂမဟာအကျော်ဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ အမ်အေဘွဲ့(၁၉၆၄)နှင့် ပီအိပ်ခ်ျဒီ ခေါ် စာပေပါရဂူဒေါက်တာဘွဲ့တို့ကို ရရှိခဲ့ပါသည်။

ပခုက္ကူ၌ ဆက်လက်ပညာသင်ခြင်း

ဘွဲ့တော်များကို ရရှိခဲ့သော်လည်း ဆရာတော်သည် ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်၌ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို (၃) နှစ်နီးပါး ဆက်လက်၍ ပညာသင်ကြားခဲ့ပါသေးသည်။

နိုင်ငံခြားတွင်ပညာသင်ကြားခြင်း


၁၉၅၅ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ကြွရောက်တော်မူပြီး ၅နှစ်ကြာမျှ စာပေသင်ကြားခဲ့ပါသည်။
၁၉၆၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ကြွရောက်တော်မူပြီး နာလန္ဒာတက္ကသိုလ်တွင် စာပေသင်ကြားခဲ့သည်။
၁၉၆၄ ခုနှစ်တွင် ယင်းတက္ကသိုလ်မှ အမ်အေဘွဲ့ကိုလည်းကောင်း၊"Nature of Perception According to Abhidhamma" ကျမ်းစာဖြင့် ၁၉၇၁ခုနှစ်တွင် ပီအိပ်ခ်ျဒီဘွဲ့ကိုလည်းကောင်းရရှိခဲ့ပါသည်။
၁၉၆၆ ခုနှစ်တွင် ယင်းတက္ကသိုလ်တွင် ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ဆရာတော်သည် အသက်ပြည့်သော်လည်း အနားယူတော်မမူဘဲ တက္ကသိုလ်မှ ဆက်လက်ပြီးတာဝန်ထမ်းဆောင်ပေးပါရန် လျှောက်ထားမှု့ကြောင့် နောက်ထပ်(၅)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့သို့ကြရောက်တော်မူခြင်း


၁၉၈၅ခုနှစ် ဇူလိုင်လတွင် ဆရာတော်သည် စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ပြီးနောက် ဆစ်ဒနီမြို့မှ ဒေါ်အီးဒိသ်ချန်း (ဆရာတော်၏ ထံတွင် အဘိဓမ္မာကို သင်ယူဖူးသူ) ၏ ပင့်ဖိတ်ချက်ဖြင့် ဆစ်ဒနီမြို့သို့ အလည်ကြွရောက်လာခဲ့ပါသည်။
၁၉၈၇ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် ဆရာတော်သည် သြစတေးလျနိုင်ငံမြန်မာဗုဒ္ဓဘာသာအဖွဲ့၏ ပင့်လျှောက်ချက်အရ
ဆစ်ဒနီသို့ ကြွရောက် သီတင်းသုံးတော်မူပါသည်။

ဆရာတော်သည် ဆစ်ဒနီမြို့၊ North Parramatta တွင် ၂ နှစ်ခန့်၊Merrylands တွင် ၁၀နှစ်ခန့် သီတင်းသုံးတော်မူခဲ့ပြီး No.65, Orchardleigh Street, Yennora, NSW, 2161 တွင် ယခုတိုင် သီတင်းသုံးလျက်ရှိပါသည်။

ဆရာတော်သည် ဆစ်ဒနီတက္ကသိုလ်၊ နယူးဆောက်ဝေး တက္ကသိုလ် များတွင် ဗုဒ္ဓစာပေများကို သင်ကြားပြသပေးခဲ့ပါသည်။

ယခုအခါ ဆရာတော်ကြီးသည် သက်တော်အားဖြင့် ၈၆ နှစ်၊ ၀ါတော် ၆၆ ၀ါ ရှိပြီး ကျန်းမာစွာဖြင့် ဆစ်ဒနီမြန်မာကျောင်းတွင် သီတင်းသုံးလျက်ရှိပါသည်။



No comments: