Saturday, 13 August 2011

ထာဝရအမွေအနှစ် မွန်မြတ်သည့် စေတနာ (သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ကိုယ်တိုင်ရေးသားထားသည့် ဆောင်းပါးဖြစ်)

နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လက်မှုကဏ္ဍမှ စက်မှုကဏ္ဍသို့ အရှိန်အဟုန်ဖြင့် အသွင်ကူးပြောင်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ အသွင်ကူးပြောင်း ဆောင်ရွက်ရန် အတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံ အကျဆုံးနှင့် အဓိက အကျဆုံး လိုအပ်ချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရ အနေဖြင့် လျှပ်စစ်ကဏ္ဍကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာစေရေး ရည်ရွယ်လျက် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍကို ဖော်ဆောင်နိုင်မည့် လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေး စီမံကိန်းများကို စနစ်တကျ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ယနေ့ မြန်မာနိုင်ငံ၏ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်မည် ဆိုလျှင် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံသစ်များနှင့် နိုင်ငံပိုင်စက်ရုံကြီးများ တိုးတက် ဖြစ်ထွန်းလာပြီး စက်မှုကဏ္ဍများ တိုးတက်မှု အရှိန်အဟုန် မြင့်မားလျက် ရှိသည်။

လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၌လည်း ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာသည့် အပြင် ခေတ်မီ လယ်ယာသုံး စက်ကိရိယာများကိုလည်း တိုးချဲ့ သုံးစွဲလာခဲ့သည့် အပြင် ခေတ်မီ လယ်ယာသုံး စက်ကိရိယာများကိုလည်း တိုးချဲ့ သုံးစွဲလာခဲ့သည်။ ထို့ပြင် မြို့ပြဒေသများ တိုးချဲ့ ပေါ်ပေါက်လာပြီး လူနေမှု အဆင့်အတန်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏသည်လည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။ နိုင်ငံအသီးသီး၌ ရေအားလျှပ်စစ်စွမ်းအင်၊ လေအားလျှပ်စစ်စွမ်းအင်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်၊ နျူကလီးယားစွမ်းအင် စသည်တို့မှ အဆင့်မြင့် နည်းပညာရပ်များဖြင့် လျှပ်စစ်ဓာတ်အားကို တွင်ကျယ်စွာ ထုတ်လုပ် သုံးစွဲနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သော လေအားနှင့် ရေအား လျှပ်စစ်စွမ်းအင်များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးနှင့် သန့်ရှင်းသော စွမ်းအင်များ ဖြစ်သည်။

နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် အကြမ်းဖျင်းအားဖြင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း တွက်ချက်မှုများ အရ သိရှိရသည်။ သို့ဖြစ်၍ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရာတွင် နိုင်ငံတော်၏ ပေါကြွယ်ဝသည့် ရေအရင်းအမြစ်များကို အခြေခံ အသုံးချကာ ရေအားလျှပ်စစ် စီမံကိန်းများကို အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ လျှပ်စစ်စွမ်းအား ကဏ္ဍသည် လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေး အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ရေအားလျှပ်စစ် စီမံကိန်းတစ်ခု အကောင်အထည်ဖော် တည်ဆောက်ရာတွင် ဖြစ်နိုင်ခြေရှိသည့် နေရာများ၌ စူးစမ်းလေ့လာခြင်း၊ ဒီဇိုင်းပုံစံထုတ်ခြင်းများ စတင် ဆောင်ရွက်ရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စီမံကိန်း အကောင်အထည်ဖော်မည့် မြစ်၊ ချောင်းတစ်လျှောက်ရှိ တစ်နှစ်ပတ်လုံး ရွာသွန်းသော မိုးရေချိန်ပမာဏ၊ ဘူမိဗေ၊ အနေအထားများ၊ စီမံကိန်းလုပ်နိုင်မည့် နေရာ အရေအတွက်၊ မြစ်၊ ချောင်း၏ အထက်ပိုင်းနှင့်အောက်ပိုင်းတွင် စီမံကိန်းကြောင့် ဖြစ်ပေါ် ပြောင်းလဲလာနိုင်သော သဘာဝပတ်ဝန်းကျင် အခြေအနေ တို့ကို အချိန်ယူ၍ အသေးစိတ် လေ့လာ မှတ်တမ်းတင် ဆောင်ရွက်ရပြီး အနည်းဆုံး အချိန်အားဖြင့် ၁၈ လခန့် ကြာမြင့်သည်။

ယင်းပဏာမ စူးစမ်းလေ့လာမှုအပေါ် မူတည်၍ ရရှိလာသည့် စီမံကိန်း အကောင်အထည် ဖော်နိုင်သော နေရာများမှ အကောင်းဆုံး၊ အသင့်လျော်ဆုံး နေရာတစ်ခုကို စိစစ် ရွေးချယ်ကာ အသေးစိတ် စူးစမ်း လေ့လာမှုကို ထပ်မံ ပြုလုပ်ရပြီး တည်ဆောက်မည့် အသေးစိတ်ပုံစံ ဒီဇိုင်းတစ်ခု ရရှိသည် အထိ ဆောင်ရွက်ရသည်။ ထို့အတွက် အချိန်ကာလအားဖြင့် ၁၂ လခန့် ကြာမြင့်နိုင်သည်။ရေအားလျှပ်စစ် စီမံကိန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်၊ ဖြစ်နိုင်ခြေ ရှိ၊ မရှိ စူးစမ်း၊ လေ့လာ၊ အတည်ပြု၊ ဒီဇိုင်းပုံစံ ထုတ်လုပ်နိုင်သည် အထိ စုစုပေါင်း အချိန်ကာလအားဖြင့် လပေါင်း ၃၀ ခန့် ကြာမြင့်နိုင်သည်။ သို့ဖြစ်၍ ရေအားလျှပ်စစ် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် တည်ဆောက်သည့်အဆင့် မရောက်မီတွင်ပင် အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ အချိန်ရယူ၍ အသေးစိတ် စူးစမ်းလေ့လာ
ဆောင်ရွက်ရသည်ကို တွေ့ရှိရမည် ဖြစ်သည်။ ထို့ပြင် ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်ရန် ဖြစ်နိုင်စွမ်းရှိသည့် နေရာတစ်ခုတွင် စီမံကိန်း တည်ဆောက်ပါက စီမံကိန်း၏ ပမာဏ အကြီးအသေး အပေါ် မူတည်၍ နှစ်ကာလ သုံးနှစ်မှ ၁၀ နှစ်ခန့် အထိ အချိန်ယူ တည်ဆောက်ရသကဲ့သို့ လူအင်အား၊ ငွေအင်အား၊ နည်းပညာရပ်ပိုင်းဆိုင်ရာ ကုန်ကျမှု စရိတ်များမှာလည်း များပြားလှသည်။

၁၉၈၈ ခုနှစ်ကာလက မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ခုနစ်ရုံ စုစုပေါင်း ကိုးရုံ ရှိပြီး စုစုပေါင်း စက်တပ်ဆင်အားမှာ ၅၂၉ မဂ္ဂါဝပ်သာ ရှိခဲ့သည်။ ယနေ့ကာလတွင် နိုင်ငံတော်၌ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁၇ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ၁၄ ရုံ စုစုပေါင်း ၃၂ ရုံ ရှိပြီး စုစုပေါင်း စက်တပ်ဆင်အားမှာ ၃၃၆၀ မဂ္ဂါဝပ် ရှိလာပြီ ဖြစ်သည်။ သို့ဖြစ်၍ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလမှ ယနေ့အထိ ဓာတ်အားပေး စက်ရုံ ၂၃ ရုံနှင့် စက်တပ်ဆင်အင်အား ၂၈၃၁ မဂ္ဂါဝပ် တိုးတက် တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်သည်။ နိုင်ငံတော် အစိုးရသည် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင်ရန် အတွက် ၂၀၀၁-၂၀၀၂ ခုနှစ်မှ စတင်ပြီး နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာ အဖြစ် နှစ်ရှည်စီမံကိန်းကို ရေးဆွဲ ဆောင်ရွက်ခဲ့သည်။ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ရေအားလျှပ်စစ် စီမံကိန်း ၆၃ ခုနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း သုံးခု စုစုပေါင်း ၆၆ ခုရှိပြီး စုစုပေါင်း စက်တပ်ဆင်အားမှာ ၄၅၃၀၃ ဒသမ ၅ မဂ္ဂါဝပ် ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် သဘာဝ ရေအား အရင်းအမြစ်များ အမြောက်အမြား ရှိသည့် အားလျော်စွာ ရေအားလျှပ်စစ် စီမံကိန်းများကိုလည်း နိုင်ငံတော်၏ အဓိက မြစ်ကြီးလေးစင်း တည်ရှိရာ မြစ်ဝှမ်းဒေသများ၌ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည်။ ယင်းတို့အနက် မြန်မာနိုင်ငံ၏ အဓိက မြစ်တစ်စင်း ဖြစ်သော ဧရာဝတီမြစ် စတင် မြစ်ဖျားခံရာ ကချင်ပြည်နယ် အတွင်း၌ အကောင်အထည် ဖော်လျက်ရှိသည့် ဧရာဝတီမြစ်ဝှမ်း ရေအားလျပ်စစ် စီမံကိန်းများလည်း အပါအ၀င် ဖြစ်သည်။

နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတို အတွင်း ပြည့်မီစွာ ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေး အတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ပေးလျက် ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တစ်နှစ်ထက်တစ်နှစ် ပိုမို ရရှိနေပြီ ဖြစ်သော်လည်း အချို့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဧရာဝတီမြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူလူထု အထင်မှား အမြင်မှား ဖြစ်စေရေး မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်လျက် ရှိကြသည်။

ဧရာဝတီမြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများတွင် မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ ဟူသည့် ရေအားလျှပ်စစ် စီမံကိန်း စုစုပေါင်း ရှစ်ခု ပါဝင်ပြီး စုစုပေါင်း
စက်တပ်ဆင်အားမှာ ၁၈၄၉၉ မဂ္ဂါဝပ် ဖြစ်သည်။ စီမံကိန်းအားလုံးကို ၁၅ နှစ်အတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်သည်။ စီမံကိန်းများ တည်ဆောက်မှုကြောင့် ဒေသခံ ပြည်သူများ အနေဖြင့် ကျောက်၊ သဲ ထုတ်လုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လမ်းများဖောက်လုပ်ခြင်း အပါအ၀င် စီမံကိန်း၏ မြို့ပြ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိနေကြပြီ ဖြစ်သည်။ ယခု စတင် အကောင်အထည်ဖော် ဆောင်ရွက်သော ကာလမှာပင် မြန်မာ အလုပ်သမား ၂၆၀၀ ကျော် အလုပ်အကိုင် အခွင့်အလမ်း ရရှိနေကြောင်း တွေ့ရှိရသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကချင်ပြည်နယ်အတွင်း မြစ်ဆုံမှ မေခမြစ် လမ်းကြောင်းအတိုင်း မေခမြစ်၏ အရှေ့ဘက်ကမ်းတွင် ရာသီမရွေး အသုံးပြုနိုင်သော လမ်းမကြီးတစ်လမ်း (မြစ်ဆုံမှယီနန်အထိ ၂၆၁ မိုင်ခန့်) မြစ်ဆုံမှ မလိခ မြစ်ကြောင်းအတိုင်း မလိခမြစ်၏ အနောက်ဘက်ကမ်းတွင် ရာသီမရွေး အသုံးပြုနိုင်သော လမ်းမကြီးတစ်လမ်း (မြစ်ဆုံမှလိုင်ဇာအထိ မိုင် ၁၇၀ ခန့်) ဟူ၍ စီမံကိန်းနေရာတိုင်းတွင် မြစ်ဆုံ၏တောင်ဘက်၌ တံတားကြီးတစ်စင်း စုစုပေါင်း တံတား ခုနစ်စင်း တည်ဆောက်မှာ ဖြစ်ပြီး တံတားများ၏ ခံနိုင်ဝန်မှာ တန် ၈၀ ဖြစ်သည်။ ယခုအချိန်၌ မြစ်ဆုံ၏ တောင်ဘက်တွင် ဧရာဝတီ မြစ်ကူးတံတားတစ်ခု တည်ဆောက်နေပြီး ယခုနှစ် အတွင်း ပြီးစီးမည် ဖြစ်သည်။ ဖြစ်ပေါ်လာမည့် လမ်းတံတားများကို အသုံးပြု၍ ကချင်ပြည်နယ် အတွင်း လူမှုရေး၊ စီးပွားရေးအရ ကူးလူးဆက်ဆံ သွားလာမှုများ တိုးတက်ကောင်းမွန်လာမည် ဖြစ်သည့်အပြင် ဒေသတွင်း လူမှုဆက်ဆံရေးနှင့် ချစ်ကြည်စည်းလုံးရေး ကိစ္စများလည်း များစွာ ဖွံ့ဖြိုးလာမည် ဖြစ်သည်။

ထိုမျှမက စီမံကိန်း ပြီးစီးပါကလည်း လျှပ်စစ်ဓာတ်အားပေး စက်ရုံများ မောင်းနှင်ပြီး ဓာတ်အား ထုတ်လုပ်ချိန်တွင် ဒေသခံ လူငယ်များ၊ ပညာတတ်များ အနေဖြင့် ဓာတ်အားပေး စက်ရုံများတွင် ၀င်ရောက် လုပ်ကိုင်နိုင်သည့်
အလုပ်အကိုင် အခွင့်အလမ်းများ မလွဲမသွေ ရရှိလာမည် ဖြစ်သည်။ ယင်းစီမံကိန်းများကြောင့် တိုးတက်ရရှိလာမည့် လျှပ်စစ်ဓာတ်အားများကို အသုံးပြု၍ စက်မှုလုပ်ငန်းများ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများလည်း အနာဂတ်၌ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်မှာ အသေအချာပင် ဖြစ်သည်။

ထို့ပြင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြန်လည် နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားရေး တာဝန်တစ်ရပ် သဖွယ် အထူးအလေးထား ဆောင်ရွက်လျက် ရှိသည်။
မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်၏ အောက်ဘက် ဒေသများ ထိခိုက်မှု မရှိစေရေးအတွက် စီမံကိန်းဆိုင်ရာ ပဏာမ စူးစမ်းလေ့လာမှု (Pre-Feasibility Study) အဆင့် ကတည်းက အသေးစိတ် စီမံဆောင်ရွက်ထား
ရှိခဲ့ပြီးဖြစ်သည်။ မြစ်ဆုံ စီမံကိန်းနေရာ၏ နှစ်စဉ် မိုးရွာသွန်းမှုသည် ပျမ်းမျှ မိုးရေချိန် ၉၁ လက်မ ဖြစ်သည်။ မြစ်အတွင်းသို့ နှစ်စဉ် ပျမ်းမျှစီးဝင်ရေမှာ ဧကပေ ၁၂၈၅ ဒသမ ၂ သိန်း ဖြစ်သည်။ တည်ဆောက်မည့် တမံ
အမျိုးအစားသည် ကွန်ကရစ် မျက်နှာပြင် ကျောက်ဖြည့်တမံ (Concrete Face Rockfill Dam) အမျိုးအစား ဖြစ်ပြီး တမံ အလျားပေ ၄၃၀၀ နှင့် တမံ အမြင့် ၄၅၈ ပေရှိသည်။ ရေသိုလှောင်နိုင်မည့် ကန်ရေပြည့် ရေလှောင်ပမာဏမှာ ဧကပေ ၉၇ ဒသမ ၈၈ သိန်း ဖြစ်သည်။ သို့ဖြစ်၍ တမံအတွင်း သိုလှောင်မည့် ရေပမာဏမှာ စီးဝင်ရေ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိသည့် အတွက် စီးဝင်ရေ ပမာဏ၏ ၉၂ ဒသမ ၄ ရာခိုင်နှုန်းမှာ ဧရာဝတီမြစ်ထဲသို့ နဂိုမူလအတိုင်း စီးဆင်းမြဲ စီးဆင်းနေမည် ဖြစ်သည်။ ထို့အပြင် မြစ်ဆုံ စီမံကိန်း တမံ၌ သိုလှောင်ထားမည့် ရေသည်လည်း လျှပ်စစ် ဓာတ်အားပေးစက် မောင်းနှင်လည်ပတ်သည့် အခါ စက်ရုံ ရေထုတ်မြောင်းမှ တစ်ဆင့် ဧရာဝတီမြစ်ထဲသို့ပင် ပြန်လည် စီးဆင်း သွားမည်သာဖြစ်သည်။

သို့ဖြစ်၍ ဧရာဝတီမြစ်ကို အမှီပြု၍ ဆောင်ရွက်လျက် ရှိကြသည့် စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ အပေါ်၌ ထိခိုက်မှု လုံးဝ မရှိနိုင်ပေ။ ဧရာဝတီမြစ်၏ လ အလိုက် ရေစီးဆင်းမှု အခြေအနေကို လေ့လာကြည့်ပါက ခြောက်သွေ့ရာသီ (Dry Season)ဖြစ်သည့် နိုဝင်ဘာလမှ ဧပြီလအထိကာလတွင် ယခင် ပုံမှန်မြစ်ရေထု စီးနှုန်းမှာ 1830 m3/s ဖြစ်သော်လည်း ရေကာတာ တည်ဆောက် ပြီးစီးချိန်တွင် ဖြစ်ပေါ်လာမည့် မြစ်ရေထုစီးနှုန်းမှာ 2120 m3\s အထိ တိုးတက်လာမည် ဖြစ်သည်ကို တွေ့ရှိရသည်။ ရေကာတာမှ ရေထိန်းသိမ်းမှုကြောင့် မိုးရာသီကာလတွင် ပုံမှန် မြစ်ရေထု စီးနှုန်းထက် ၃ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းစီးဆင်းမည် ဖြစ်သော်လည်း နွေရာသီကာလ (နိုဝင်ဘာလမှ ဧပြီလအထိ)တွင် ရေလှောင်တမံမှ ရေထုတ်လွှတ်မှုကြောင့် နွေရာသီ ပုံမှန် မြစ်ရေ စီးဆင်းမှုထက် ၁၆ ရာခိုင်နှုန်း ပိုများလာမည် ဖြစ်ပေသည်။ ထို့ကြောင့် တမံ၏ အောက်ဘက်ပိုင်း ဧရာဝတီ မြစ်ကြောင်းတစ်လျောက်တွင် မြစ်ရေ ၁ ဒသမ ၅ ပေခန့် ပိုမို မြင့်တက်လာနိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။

သာမန်အားဖြင့် မြစ်ရေနည်းသော နွေရာသီကာလမျိုးတွင် မြစ်ဝကျွန်းပေါ် ဒေသ၌ ပင်လယ်ရေငန် ၀င်ရောက်မှု များပြားတတ်ပြီး မြစ်အ၀ပိုင်း၌ ဆားငန်ရေ ၀င်ရောက်ကာ စိုက်ပျိုးမြေများ ထိခိုက်မှု ရှိတတ်သော်လည်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် နွေရာသီကာလတွင်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် မောင်းနှင်နေမည် ဖြစ်ရာ တမံမှရေများသည် စက်ရုံ ရေထုတ်မြောင်းမှတစ်ဆင့် ဧရာဝတီ မြစ်ထဲသို့ ပုံမှန် ပြန်လည် စီးဝင်လျက် ရှိနေမည် ဖြစ်သည်။ စက်ရုံ လည်ပတ်မှုကြောင့် ဧရာဝတီမြစ်ရေသည် နွေကာလ၌ပင် ယခင် ပုံမှန်နွေကာလထက် ၁ ဒသမ ၅ ပေခန့် မြင့်တက်နေမည် ဖြစ်ရာ ဆားငန်ရေ ၀င်ရောက်မှုကို ပိုမို ကာကွယ်ပေးနိုင်မည် ဖြစ်သည့် အပြင် ရေကြောင်းသွားလာမှု အပိုင်း၌လည်း ပိုမို ကောင်းမွန်စေမည် ဖြစ်သည်။

ရေတားတမံများနှင့် ရေအားလျှပ်စစ် စီမံကိန်းများကြောင့် အဆိုပါ မြစ်၊ချောင်းများ တည်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဒေသခံ ပြည်သူများ အနေဖြင့် အောက်ဖော်ပြပါ အကျိုး ကျေးဇူးများကို မုချမလွဲဧကန် ရရှိနိုင်ကြမည် ဖြစ်သည်-
(က) မြစ်၊ ချောင်းများကို ယဉ်ပါးမှု ရှိလာအောင် ပြုပြင်ပြောင်း လဲနိုင်ခြင်း၊
(ခ) အများပြည်သူတို့အတွက် အကျိုးရှိသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနိုင်ခြင်း၊
(ဂ) စိုက်ပျိုးသီးနှံများ အတွက် ရေကို လိုအပ်သော အချိန် ကာလတွင် လိုသလောက် ထုတ်လွှတ်ပေးနိုင်ခြင်း၊
(ဃ) မြစ်ခြေ (မြစ်အောက်ပိုင်း)တွင် မြစ်ကြောင်းအတွင်း၌ သဲသောင်ပေါ်ထွန်းမှုကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ခြင်း၊
(င) မြစ်ရေကြီးမှုမှ ကာကွယ်ပေးနိုင်ခြင်း၊
(စ) ပင်လယ်ဆားငန်ရေ ၀င်ရောက်မှုမှ ကာကွယ်ပေးနိုင်ခြင်း။

ဧရာဝတီမြစ်ဆုံနှင့် မေခ၊ မလိခ မြစ်ဝှမ်းတစ်လျှောက် ရေအားလျပ်စစ် စီမံကိန်းများနှင့် စပ်လျဉ်းပြီး ပထမအကြိမ် ကျင်းပပြုလုပ်သည့် လွှတ်တော် ပုံမှန် အစည်းအဝေးများတွင် ကချင်ပြည် နယ် မချမ်းဘော မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအင်ဖုန်ဆန်း(ခ) ဦးအင်ထုဖုန်ဆန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ တို့က မေးမြန်းခဲ့ကြရာ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးက ပြည့်ပြည့်စုံစုံ ပြန်လည်
ဖြေကြားခဲ့ပြီး ဖြစ်သည်။

ဧရာဝတီမြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU)ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Power Investment Coporation(CPI)တို့ ချုပ်ဆိုခဲ့ကြသည်။ MoU အရ စီမံကိန်းဆိုင်ရာ ရေအား အရင်းအမြစ်များ အတွက် သိပံ္ပနည်းကျ အဖွဲ့အစည်း တစ်ခု၏ အထောက်အပံ့ ရရှိ ဆောင်ရွက်သွားရမည် ဖြစ်သည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် Changjiang Survey, Planning, Design and Research Co.,Ltd.(CDC) သည် ဧရာဝတီမြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံချက် အစီရင်ခံစာ (Planning Report) ကို အပြီးသတ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ ခုနှစ် မတ်လတွင် CDC သည် မြစ်ကြီးနား အထက်ပိုင်း ဧရာဝတီမြစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Term of Reference(TOR) of Environmental Impact Assessment (EIA) Report ကို အပြီးသတ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇွန်လတွင် အတည်ပြုခဲ့သည်။ ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ CDC က ဧရာဝတီမြစ်ရှိ မြစ်ဆုံဓာတ်အားပေးစက်ရုံ အထက်ပိုင်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း သုတေသန အစီရင်ခံစာ (Feasibility Research Report) ကို အပြီးသတ် ဆောင်ရွက်ခဲ့သည်။

ဧရာဝတီမြစ် အထက်ပိုင်း ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှု အစီရင်ခံစာ (Environmental Impact Report of Hydropower Development in Upper Reaches of Ayeyawady River Report) ဆိုင်ရာအသေးစိတ် စူးစမ်းလေ့လာမှုကို CDC? Ministry of Water Resources &Chinese Academy of Science, Institute of Hydroecology (IHE)၊ South China Botanical Garden Chinese Academy of Sciences (SCBG)၊ South China Institude of Endangered Animal (SCIEA)၊ Biodiversity and Nature Conservation Association (BANCA) ) တို့မှ စုစုပေါင်း အဖွဲ့ဝင် ၂၆၀ ပါဝင်သော စူးစမ်းလေ့လာရေးအဖွဲ့ဖြင့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလမှ ၂၀၀၉ ခုနှစ် ဇူလိုင်လ အထိ ဆောင်ရွက်ခဲ့ကြသည်။ စူးစမ်းလေ့လာရေး အဖွဲ့တွင် တရုတ် နှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင် ၁၀၀ ကျော် ပါဝင်ခဲ့ကြသည်။ အဆိုပါ အဖွဲ့က ပြုစုတင်ပြခဲ့သည့် စာမျက်နှာ ၅၆၉ မျက်နှာပါ အစီရင်ခံစာတွင် အောက်ဖော်ပြပါ ကဏ္ဍပေါင်း (၁၂)ခု ပါဝင်သည်-
(က) နိဒါန်း၊
(ခ) စီမံကိန်းအား ခြုံငုံလေ့လာ သုံးသပ်ခြင်း၊
(ဂ) စူးစမ်းလေ့လာခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအား ခွဲခြမ်းစိတ်ဖြာခြင်း၊
(ဃ) ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ဖော်ထုတ်ခြင်း၊
(င) ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုကို ခန့်မှန်းခြင်းနှင့် ဆုံးဖြတ်ခြင်း၊
(စ) လူမှုရေးဆိုင်ရာ ထိခိုက်မှုကို ခန့်မှန်းခြင်းနှင့် ဆုံးဖြတ်ခြင်း၊
(ဆ) စံသတ်မှတ်ထားသော ရေအားလျှပ်စစ် စက်ရုံ၏ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း၊
(ဇ) ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု လျော့ပါးအောင် ဆောင်ရွက်ခြင်း၊
(ဈ) ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု အပေါ်တွင် စီးပွားရေးအရ ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း၊
(ည) လူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်ချက်၊
(ဋ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အစီအစဉ်၊
(ဌ) ဆုံးဖြတ်ချက်များနှင့် အကြံပေးချက်များ၊ ဧရာဝတီမြစ် အထက်ပိုင်း ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှု အစီရင်ခံစာတွင် ဧရာဝတီမြစ်ဝှမ်း စီမံကိန်းများကြောင့် ရရှိနိုင်မည့် အကျိုး ကျေးဇူးများကို အောက်ပါ အတိုင်း ဖော်ပြထားသည်-
(က) မြစ်ကြီးနား အထက်ပိုင်း ဧရာဝတီမြစ်ဝှမ်း စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စက်တပ်ဆင်အင်အား ၁၈၄၀၀ မဂ္ဂါဝပ်ခန့်နှင့် နှစ်စဉ် ပျမ်းမျှ ထုတ်လုပ်နိုင်မည့်ဓာတ်အား ကီလိုဝပ်နာရီ ၉၉၁၁၀ သန်းခန့် ထုတ်လုပ် နိုင်မည် ဖြစ်သည့် အပြင် မြစ်ရေလျှံမှု ကာကွယ်ခြင်း လုပ်ငန်းများ၊ ရေကြောင်းသွားလာမှု လုပ်ငန်းများနှင့် အခြား စီးပွားရေး လုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
(ခ) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေး နည်းပညာနှင့် စက်မှုလုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
(ဂ) Flood Control အနေဖြင့် စီမံကိန်းများမှ ရေလှောင် ပမာဏ 0.85 billion m3 ခန့် သိုလှောင်နိုင်မည် ဖြစ်၍ မြစ်ကြီးနားမြို့ မြစ်ရေလျှံခြင်းသည် ငါးနှစ်တစ်ကြိမ် ဖြစ်နိုင်ခြေမှ နှစ် ၂၀ လျှင် တစ်ကြိမ်သာ ဖြစ်နိုင်ခြေသို့
တိုးတက်ပြောင်းလဲ လာမည်ဖြစ်သည်။
(ဃ) ရေ၀ပ်ဧရိယာများ အတွင်း ရေကြောင်းသွားလာမှု တိုးတက်လာမည် ဖြစ်သည်။
(င) ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများသည် အခြား ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများနှင့် နှိုင်းယှဉ်ပါက ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် အခြား လေထုညစ်ညမ်းမှုများ လျော့နည်းမည် ဖြစ်ပါသည်။
(စ) ပြန်လည် နေရာချထားခြင်း လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင် အပေါ် ထိခိုက်မှု လျော့ကျစေပြီး ဒေသ၏ လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင်တို့ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။

ရေအားလျှပ်စစ် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကောင်း၊အဆိုး၊ အားသာချက်၊ အားနည်းချက်များ ဒွန်တွဲလျက် ရှိနေသည်ဖြစ်ရာ ကောင်းကျိုးဖြစ်ထွန်းမှု ပိုမို များပြားသည့် အခါ၊ အားသာချက်များ ပိုမို ရရှိနိုင်သည့် အခါတွင် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သကဲ့သို့ ဆိုးကျိုးများ၊ အားနည်းချက်များကိုလည်း လျော့ပါးနိုင်သမျှ နည်းပါးစေရေး စီမံ ဆောင်ရွက်ရသည်။
(က) ရေအား အဆောက်အအုံများ တည်ဆောက်မှုအား လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်တို့နှင့် ဟန်ချက်ညီစေရေး လေ့လာဆောင်ရွက်ရန်၊
(ခ) ရေအရင်းအမြစ်အား ထိရောက်စွာ အသုံးချ၍ ပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချနိုင်ရန်၊
(ဂ) မူလတည်ရှိသည့် Water Quality ကို ထိခိုက်မှု မရှိစေရန်၊
(ဃ) ငါးမျိုးစိတ်များနှင့် အခြား ရေသတ္တ၀ါများ၏ တည်ရှိမှုကို ထိန်းသိမ်းရန်၊
(င) ရေအား အဆောက်အအုံများ တည်ဆောက်မှုကြောင့် ရွှေ့ပြောင်းရမည့် ဒေသခံများနှင့် စပ်လျဉ်း၍ လေ့လာ ဆောင်ရွက်ပြီး ပြန်လည် နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊
(စ) ဘာသာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ အပေါ် ထိခိုက်မှု မရှိစေရန်၊
(ဆ) သစ်တော၊ လယ်ယာမြေနှင့် သယံဇာတ ဆုံးရှုံးမှု တို့ကို လျော့ချနိုင်ရန်၊
(ဇ) စီမံကိန်း ဆောင်ရွက်မည့် ၀န်ထမ်းများ၊ လုပ်သားများ၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ အထောက်အကူပြုနိုင်ရန်၊မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြောင့် စီမံကိန်း ဧရိယာနှင့် မလွတ်ကင်းသော တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး။ အောင်ဂျာယန်၊ ဒေါင်ပန်ရွာ ငါးရွာမှ စုစုပေါင်း အိမ်ထောင်စု ၄၁၀၊ လူဦးရေ ၂၁၄၆ ဦး၏ ပြန်လည်နေရချထားမှု အစီအမံအား နိုင်ငံတော် အစိုးရ၏ အနီးကပ်လမ်းညွှန်မှု၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဒေသခံ အာဏာပိုင် အဖွဲ့အစည်း အသီးသီး၏ ဟန်ချက်ညီ ကြီးကြပ် ကွပ်ကဲမှုများဖြင့် ဆောင်ရွက်ခဲ့သည်။ တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ ရွာသုံးရွာအား အောင်မြင်သာ စံပြ ကျေးရွာသစ် အဖြစ် လည်းကောင်း၊ ခပ္ပါး။အောင်ဂျာယန်၊ ဒေါင်ပန် ရွာနှစ်ရွာကို မလိယန် ကျေးရွာသစ် အဖြစ် လည်းကောင်း၊ ယင်းတို့၏ နဂိုရှိရင်းစွဲ အဆင့်အတန်းထက် ပိုမိုကောင်းမွန် မြင့်မားစွာ တည်ဆောက် အကောင်အထည်ဖော် နေရာချထားပေးခဲ့ပြီး ဖြစ်သည်။ သက်ဆိုင်ရာ စံပြ ကျေးရွာသစ်များ၏ ရွာလမ်းမများမှာ ကွန်ကရစ် လမ်းမများ ဖြစ်ပြီး အိမ်ထောင်စု တစ်စုစီ၏ ခြံကွက်များကိုမူ ယင်းတို့ မူလနေထိုင်ခဲ့သော မြေအကျယ်အ၀န်းပေါ် မူတည်၍ ပေ(၈၀ x ၆၀)၊ ပေ(၈၀ x ၈၀)၊ ပေ(၁၀၀ x ၁၀၀)၊ ပေ (၁၀၀ x ၁၂၀) ခြံကွက်များ အဖြစ် မြေပြုပြင်ပေးလျက် ခြံစည်းရိုးများပါ တည်ဆောက်ပေးခဲ့သည်။

စံပြ ကျေးရွာသစ်များတွင် စုစုပေါင်း လူနေ သစ်သားနှစ်ထပ်အိမ် ၄၁၀၊ အထက်တန်းကျောင်း တစ်ကျောင်းနှင့် တိုးချဲ့နှစ်ထပ်ဆောင် တစ်ဆောင်၊ မူလတန်းကျောင်း သုံးကျောင်း၊ ရဲစခန်းတစ်ခု၊ စာတိုက်တစ်ခု၊ မီးသတ်အဆောက်အအုံ တွဲလျက် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တစ်ရုံး၊ (၁၆)ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာရေး အဆောက်အအုံ လေးလုံး တို့ကို ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်သည်။ လူနေ သစ်သား နှစ်ထပ်အိမ်များမှာ ကချင် တိုင်းရင်းသားရိုးရာပုံစံ အိမ်များ ဖြစ်ပြီး အခြား အဆောက်အအုံများမှာ အခိုင်အမာ ကွန်ကရစ် အဆောက်အအုံများ ဖြစ်ကြသည်။ အိမ်အားလုံးအတွက် ရေစနစ်၊ လျှပ်စစ်မီးစနစ်များ ပါဝင်ပြီး မူလ၎င်းတို့ နေထိုင်ခဲ့သော အဆင့်ထက် များစွာ သာလွန်အောင် စီမံ ဆောင်ရွက်ပေးထားသည်ကို တွေ့ရသည်။ ကျေးရွာများသည် စံပြကျေးရွာအဆင့် ဖြစ်ကြပြီး အသစ် တည်ဆောက်ထားသော မြစ်ကြီးနားနှင့် မြစ်ဆုံသွား လမ်းမကြီး၏ ဘေးတွင် ကပ်လျက် တည်ရှိသဖြင့် မြို့ငယ်တစ်မြို့ကဲ့သို့ အဆင့်မြင့်စွာ ဖြစ်ပေါ် တည်ရှိနေပေရာ ပြောင်းရွှေ့ပြည်သူများ အနေဖြင့် ကျေနပ်နှစ်ခြိုက် ၀မ်းသာလျက် ရှိကြကြောင်း ကြားသိရသည်။

ထို့ပြင် မူလ ဒေသခံများ၏ လယ်ယာများနှင့် နှစ်ရှည် သီးနှံပင် အမျိုးမျိုး အတွက်ကိုလည်း ဒေသအာဏာပိုင်များက ညှိနှိုင်းစီမံ သတ်မှတ်ပေးထားသည့် ဈေးနှုန်းများ အတိုင်း ပေးလျော်ပြီး ဖြစ်သည့် အပြင် လယ်ယာများကိုလည်း အသစ် ပြန်လည် ဖော်ထုတ်ပေးခဲ့ပြီး ဖြစ်သည်။ ထို့အတူ မြစ်ဆုံ စီမံကိန်း၏ အထက်ဘက် ရေ၀ပ်ဧရိယာ အတွင်းရှိ ကျေးရွာများနှင့် ဒေသခံ ပြည်သူများ အတွက်လည်း ဒေသအာဏာပိုင်များက ညှိနှိုင်း စီစဉ်ပေးသော မြေနေရာများတွင် ဖော်ပြပါ အစီအမံများ အတိုင်း ကျေးရွာ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး အခြေအနေများကို မူလ အခြေအနေထက် ပိုမို ကောင်းမွန်မြင့်မားသော လူမှုပတ်ဝန်းကျင် ဖြစ်အောင် စနစ်တကျ ဆောင်ရွက်ပေးရန် စီမံထားရှိပြီး ဖြစ်သည်။

ကချင်ပြည်နယ် အတွင်း၌ အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည့် ဧရာဝတီမြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ အပါအ၀င် နိုင်ငံတော်၏ နေရာအနှံ့အပြား၌ အကောင်အထည်
ဖော်လျက်ရှိသော လျှပ်စစ် စီမံကိန်းများသည် နယ်မြေဒေသ အသီးသီး၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမို ဖန်တီးပေးနိုင်မှုတို့ အတွက် အလွန်အရေးပါ၊ အဓိကကျသော စီမံကိန်းများ ဖြစ်သဖြင့်
တိုင်းရင်းသား ပြည်သူအားလုံး အတွက် နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးနေသော ရေရှည် တည်တံ့ခိုင်မြဲမည့် မွန်မြတ်သော အမျိုးသား အမွေအနှစ်များပင် ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် နိုင်ငံတော်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းကို ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ကြိုးပမ်း တည်ဆောက်နေသကဲ့သို့ ဓာတ်အားသုံးစွဲသူ တိုင်းရင်းသား ပြည်သူများထံသို့ အရောက် ဖြန့်ဖြူးပေးပို့သော ဓာတ်အားလိုင်း စနစ်နှင့် ဓာတ်အားခွဲရုံများကိုလည်း တစ်ပြိုင်တည်း တိုးချဲ့ တည်ဆောက်ပေးလျက် ရှိရာ နိုင်ငံတော် အစိုးရသည် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ် အတွက် ရေရှည် အကျိုးစီးပွားကို မျှော်မှန်းပြီး ပြည်ထောင်စု တစ်ဝန်းရှိ သဘာဝ သယံဇာတများနှင့် ရေခံ၊ မြေခံ အခြေခံကောင်းများကို ထိရောက်စွာ အသုံးချ၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး သားစဉ် မြေးဆက် လက်ဆင့်ကမ်း သုံးစွဲသွားနိုင်ရေး အတွက် ဘက်စုံကဏ္ဍစုံမှ တီထွင်ကြံဆကာ ပုံဖော် တည်ဆောက်ပေးနေခြင်း ဖြစ်သည်။ ဤကဲ့သို့ တည်ဆောက် အကောင်အထည်ဖော်ရာတွင် နယ်မြေဒေသ အသီးသီးရှိ တိုင်းရင်းသား ပြည်သူများ အကြား ဆူကြုံနိမ့်မြင့် ကွာဟမှု မရှိစေရေး၊ ဒေသအသီးသီး မြန်မြန်ဆန်ဆန် မျှမျှတတ ဖွံ့ဖြိုး စည်ပင်လာစေရေး ရည်မှန်းပြီး မွန်မြတ်သည့် စေတနာမှန်ဖြင့် ထာဝရ အမွေ လက်ဆင့်ကမ်း ပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်နေခြင်းသာ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

No comments: