“မုတ်သုံ”
ဆိုတဲ့စကားလုံးဟာ ကျမတို့အတွက်တော့ အမြဲနားဝင်ချိုလှပါတယ်။ ကျမတို့
မြန်မာလူမျိုးတွေဟာ မိုးရာသီဆို အတိတ်ဆီကို လွမ်းဆွေးတမ်းတတာထက်
ချစ်ကြည်နူးဖွယ်ရာ အဖြစ် မှတ်ယူကြပါတယ်။
ကလေးဘ၀တုန်းက
ကျမမွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်ဝရံတာကနေပြီး မည်းမှောင်နေတဲ့
ကောင်းကင်ကြီးကို ကြည့်ရင်း ထူထပ်တဲ့ မိုးတိမ်တွေဆီကနေ တ၀ုန်းဝုန်းနဲ့
ရွာချလိုက်တဲ့ မိုးသံတွေကို နားထောင်ခဲ့ပါတယ်။ အဲဒီလို ကြည်လင်တောက်ပတဲ့
မိုးစက်တွေကျလာပြီ ဆိုရင်ဖြင့် သီချင်းအင်မတန် ကြိုက်နှစ်သက်တဲ့
အစ်ကိုဝမ်းကွဲ တစ်ယောက်ဟာ ခေတ်ပေါ်သီချင်း တစ်ပုဒ်ထဲက “အို….ရွှေမိုးရယ်
ညိုပြီပေါ့ကွယ်…” ဆိုတဲ့ အပိုဒ်လေးကို ညည်းပါတော့တယ်။ သူညည်းတဲ့
စကားလုံးတွေဟာ ကဗျာ စကားလုံးလား၊ အပျော်သဘောနဲ့ ညည်းတာလားဆိုတာကိုတော့
ကျမလည်း မဆုံးဖြတ်တတ်ခဲ့ပါဘူး။ မိုးတိမ်ညိုနောက်ကွယ်ကနေ အလင်းရောင်ရဲ့
ရိုက်ခတ်မှုကြောင့် ကျလာတဲ့ မိုးစက်တွေဟာ တစ်ခါတလေမှာ ရွှေရောင်တလက်လက်နဲ့
တွေ့မြင်ရတဲ့အတွက် ဒီစကားလုံးနဲ့ ဖော်ကျူးတာဟာ လိုက်ဖက်သင့်တော်တယ်လို့
ကျမအနေနဲ့ လက်ခံပါတယ်။
ဒီလိုမိုးရွာပြီဆိုရင် အတိအကျ
ပြောလို့မရတဲ့ အတိတ်က အကြောင်းအရာတွေကို လွမ်းသလိုလို၊ ဆွေးသလိုလို
ခံစားကြတဲ့ လူကြီးတွေရဲ့ ခံစားချက်မျိုး ကျမသိပ်ခံစားချင်ပါတယ်။ ဒါပေမဲ့
ခြောက်နှစ်အရွယ်ပဲ ရှိသေးတယ်ဆိုတော့ အတိတ်ကာလဆိုတာ ကလည်း ဘာမှ မည်မည်ရရ
မရှိသေးပါဘူး။ မှိုင်းမှုန်နေတဲ့ မုတ်သုံမိုးနေ့ကို မဖော်ပြနိုင်တဲ့
အလွမ်းအဆွေးနဲ့ကြည့်ရင်း ကြီးပြင်းလာခဲ့ပါတယ်။
ကျမ ပထမဆုံး
သင်ယူခဲ့ရတဲ့ ကဗျာတွေထဲက မြန်မာကလေးတိုင်း သိတဲ့ ကဗျာဆရာကြီး မင်းသုဝဏ်
ရေးသားထားတဲ့ မိုးရာသီ အကြောင်း ကဗျာတစ်ပုဒ်ရှိပါတယ်။
“၀ါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်…” ဆိုတာပဲဖြစ်ပါတယ်။
ကျမဟာ ကျမရဲ့မိခင်ကို သပြေသီးဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို
မြင်ဖူးချင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သပြေသီးဆိုတာက
ရန်ကုန်လိုနေရာမျိုးမှာ အင်မတန်ရှားပါးတော့ နမူနာလေးတစ်လုံးလောက်
တောင်ကြည့်ဖို့ မလွယ်ပါဘူး။ ကျမဆယ်ကျော်သက်အရွယ်မှာ ကျမရဲ့မိခင်နဲ့ အတူ
အိန္ဒိယကို လိုက်သွားတော့မှပဲ ကလေးဘ၀တုန်းက ကျမ အင်မတန် မြင်တွေ့ချင်လှတဲ့
ကဗျာထဲမှ သပြေသီးမှည့်ကို ကျမရဲ့မိခင်က ပေးနိုင်ပါတော့တယ်။ တစ်နေ့မှာ ကျမ
ရဲ့မိခင်ဟာ အထုပ်ဖောင်းဖောင်း တစ်ထုပ်ကို ကျမကိုပေးရင်း သူ့ရဲ့
နှုတ်ခမ်းထောင့်နားက ပါးချိုင့်ကလေးပေါ်အောင် အားပါးတရပြုံးရင်း “ရော့ သမီး၊
သမီးကလေးဘ၀ကတည်းက မေမေ သမီးကို မပေးနိုင်ခဲ့တဲ့ သပြေသီးမှည့်ပဲ”
လို့ပြောပါတယ်။
ဒေလီမှာတော့ သပြေသီးကို ဇမ္ဗုလို့ခေါ်ပါတယ်။
ကျမတို့နေတဲ့ လမ်းထောင့်မှာရှိတဲ့ သပြေပင်တွေ သီးတဲ့ အချိန်ရောက်ပြီဆိုရင်
တောင်းတွေ အများကြီးနဲ့ ကောက်လို့ရပါတယ်။ ခရမ်းရောင်ရင့်ရင့်နဲ့
ခပ်ရှည်ရှည်မျောမျောရှိပြီး ပြောင်နေတဲ့ ဇမ္ဗုသီးတွေဟာ စားလိုက်ရင်ချိုပြီး
နူးညံ့ကာ နှုတ်ခမ်းတွေ၊ လျှာတွေမှာ နီညိုရောင်စွဲပြီး ကျန်ခဲ့ပါတယ်။
အဲဒီတုန်းက ကျမကဗျာတွေ ရွတ်ဆိုရင်း စိတ်ကူးနဲ့ မှန်းခဲ့တာကတော့
ခြေချောင်းလေး တွေကြားထဲမှာ ရွှံ့တွေနဲ့ မိုးရွာထဲ လမ်းလျှောက်နေတာ၊
မိုးအေးအေးထဲ အသားညိုညို၊ ပိန်ပိန်နဲ့ ကလေးမလေး ပျော်ရွှင်နေတာ၊
ကြည်လင်သန့်စင်တဲ့ မိုးရေထဲမှာ လွတ်လပ်မှုရဲ့ အရသာကို ခံစားနေတာ
စတာတွေပါပဲ။ ကျမဘ၀မှာ မိုးရေထဲ ရေချိုးရတာလောက် အင်မတန်ပျော်ရတာ မရှိပါဘူး။
ဒါပေမဲ့လည်း ဒီလို ကလေးဘ၀ဟာ ကုန်လွန်ခဲ့ပြီဆိုတာ ကျမသိခဲ့ပါတယ်။
ကလေးလေးတွေက ဆူးချုံတွေကြားတိုးရမှာကိုလည်း မကြောက်၊ မျှော့တွယ်မှာကိုလည်း
မကြောက်ဘဲ သူတို့အတွက် အဖိုးတန်လှပြီး အင်မတန် အရသာရှိလှတဲ့
သပြေသီးကောက်ဖို့သွားကြတဲ့ ဆရာမင်းသုဝဏ်ရဲ့ ပျော်ရွှင်ဖွယ်ရာ သီကုံးထားတဲ့
ကဗျာနဲ့ မတူဘဲ နောက်ထပ်သပြေသီးနဲ့ မိုးအကြောင်းဖွဲ့ဆိုထားတဲ့
ကဗျာတစ်ပုဒ်လည်း ရှိပါသေးတယ်။ တစိမ့်စိမ့်ရွာကျနေတဲ့ မိုးနဲ့ပတ်သက်ပြီး
လွမ်းဆွေးဖွယ်ရေးဖွဲ့ထားတဲ့ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာဟာ ဗုဒ္ဓ၀င် ဇာတ်တော်ဖြစ်တဲ့ ပဋာစာရီဇာတ်ထဲက ဖြစ်ပါတယ်။
ချမ်းသာတဲ့ လယ်သမားမိဘနှစ်ပါးရဲ့ သမီးဖြစ်သူ ပဋာစာရီဟာ အိမ်မှာ
အလုပ်လုပ်နေတဲ့ သူရင်းငှားနဲ့ ခိုးရာလိုက်ပြေးသွား ခဲ့ပါတယ်။
သားနှစ်ယောက်မွေးဖွားပြီးတဲ့နောက် ပဋာစာရီဟာ မိဘနှစ်ပါးကို လွမ်းဆွေး
သတိရတဲ့အတွက် သူ့ယောက်ျားဖြစ်သူကို အိမ်ပြန်ပို့ဖို့ ပြောပါတယ်။
အိမ်အပြန်ခရီးမှာတော့ သူမဟာ ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေနဲ့
တွေ့ကြုံခဲ့ရပြီး ယောက်ျားရော သားနှစ်ယောက်ပါ ဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမဲ့လည်း သူမဟာ အားတင်းပြီး မိဘတွေရှိရာ ပြန်ခဲ့ပေမယ့်လည်း အဖေရော
အမေရော အစ်ကိုဖြစ်သူပါ မီးလောင်သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ ကံဆိုးလှတဲ့
မိန်းမငယ်ဟာ ရူးသွပ်သွားကာ ဆောက်တည်ရာမရ တော့ဘဲ ခြေဦးတည့်ရာ
လျှောက်သွားနေရာက နောက်ဆုံး ဗုဒ္ဓမြတ်စွာဘုရားနဲ့ တွေ့ပြီး ဗုဒ္ဓက စိတ်ကို
ငြိမ်းချမ်းမှုရအောင် ဟောကြားဆုံးမမှပဲ စိတ်တည်ငြိမ်ကာ
ငြိမ်ချမ်းမှုရသွားတော့တယ်။ ပဋာစာရီ ကိုသောကမီး လောင်မြိုက်နေသူအဖြစ်
မြင်ကြပါတယ်။ ဒါပေမဲ့ လည်းသူမရဲ့ ဇာတ်လမ်းဟာ အင်မတန်
ပျော်ရွှင်ကြည်နူးဖွယ်ရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ်
အောင်နိုင်လိုက်လို့ပါပဲ။
လင်ယောက်ျားရော သားပါ ဆုံးရှုံးသွားလို့
ပူဆွေးသောကဖုံးလွှမ်းကာ ဆောက်တည်ရာမရဘဲ မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့
သူမရဲ့ပုံကို မိုးနဲ့ မုန်တိုင်း နောက်ခံထားပြီး ရေးဆွဲထားတဲ့
ပန်းချီကားတွေ အများကြီးရှိပါတယ်။
ဒီရုပ်ပုံကားတွေဟာ စိုစွတ်တဲ့
ရာသီဥတုကို ပုံဖော်ပြနေရုံ မကဘဲ နောက်ဆုံးမှာ ပျော်ရွှင်ကြည်နူးဖွယ်ရာ ရလာဒ်
ထွက်ပေါ်လာပါတယ်။ လူတွေရဲ့ စိတ်ဓာတ်ဟာ အမြဲလျော့ကျနေတာ မဟုတ်ဘူး ဆိုတာကိုပါ
ဖော်ပြနေတယ်လို့ အားလုံးက သိနေကြပါတယ်။
မြန်မာပြည်က၀င်တဲ့
မုတ်သုံအခါ ပွက်ပွက်ဆူမတက်ပူပြင်းလှတဲ့ ဧပြီလရဲ့ အပူဒဏ်ကနေ လွတ်မြောက်ဖို့
အေးမြတဲ့ မိုးကိုပါ သယ်ဆောင်လာပါတယ်။ အခုလို အချိန်အခါမှာပဲ ကျမတို့
တိုင်းပြည်မှာ နှစ်ပေါင်း ၃၀အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ဒီမိုကရေစီ
နည်းလမ်းကျတဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။
မြန်မာပြည်သူလူထုဟာ ဆယ်စုနှစ်သုံးခုလောက် နေခဲ့ရတဲ့ အာဏာရှင်စနစ်
ဆိုးအောက်က လွတ်မြောက်ပြီး သူတို့ရဲ့ ဆန္ဒတွေကို လေးစားအသိအမှတ်ပြုခံရမယ့်
စနစ်ကို ရောက်တော့မယ်ဆိုတဲ့ အသိနဲ့ တာဝန်သိသိ စည်းကမ်းရှိရှိနဲ့
မဲရုံတွေကို သွားပြီးမဲပေးခဲ့ကြပါတယ်။
ဒီမိုကရေစီအခြေခံများနဲ့ အညီ
တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ့် စနစ်တစ်ခုပေါ်ပေါက်ရန်
ဆက်လက်ကြိုးပမ်းနိုင်ရေး အတွက် ရာသီဥတုအသစ်က အားသစ်အင်သစ်
လောင်းပေးနေပါတယ်။
အောင်ဆန်းစုကြည်
Ref: Eternal Light Magazine, Volume 2 No.4, 2012 June
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Thursday, 5 September 2013
ဒီစကား ( အောင်ဆန်းစုကြည်)
ဒီအပတ်မှာ လွှတ်တော်ရဲ့ သတ္တမမြောက် ပုံမှန်အစည်းအဝေးပြီးစီးပြီမို့၊ ငယ်ငယ်က ကျောင်းရက်ရှည် ပိတ်ချိန်တွေကို
သွားသတိရမိပါတယ်။ အတန်းငယ်လေးတွေမှာတုန်းက ကျောင်းရက်ရှည်ပိတ်ရင်
လွတ်ကျွတ်သွားပြီလို့ ခံစားရပါတယ်။ အိမ်စာတွေဘာမှ လုပ်ရန်မလိုပါ။
ပြန်စဉ်းစားလိုက်တဲ့အခါမှာ တက္ကသိုလ် ရောက်တဲ့အထိ
ကျောင်းရက်ရှည်ပိတ်ချိန်အတွက် အိမ်စာရယ်လို့ မရှိခဲ့ပါဘူး။ အထက်တန်းကျောင်း
အဆင့်ရောက်တဲ့အခါမှာ ကျောင်းကြီး ပြန်မဖွင့်မီ တစ်ပတ်လောက်အလိုမှာ
ကိုယ့်အသိနှင့်ကိုယ် အပြင်အဆင်သဘော စာကြည့်တာတော့ လုပ်လာပါတယ်။
မေမေနဲ့ အိန္ဒိယမှာလိုက်နေစဉ် ကျွန်မကျောင်းပညာပြီး ဆုံးပြီး တက္ကသိုလ် စတက်ခဲ့ရပါတယ်။ ကျောင်းနဲ့ တက္ကသိုလ်အကြား အဓိက ကွာခြားချက်ကြီးက တော့ ပိုမိုလွတ်လွတ်လပ်လပ် ရှိခြင်းပဲဖြစ်ပါတယ်။ အတန်း တစ်တန်းထဲမှာ တစ်ချိန်လုံး ထိုင်မနေရသလို နံနက် အတန်းများ စတဲ့အချိန်က နောက်ဆုံး အတန်းပြီးတဲ့အချိန်အတွင်းမှာလည်း လစ်လပ်နေတဲ့ အချိန်တွေ ရှိပါတယ်။ ဒီလို လစ်လပ်ချိန်တွေမှာ သူငယ်ချင်း တွေနဲ့ စားသောက်ဆိုင်မှာ ထိုင်တာ၊ ကြိုက်ရာ အဆင်ပြေတဲ့နေရာ တစ်နေရာမှာ စုပြီးစကားပြောကြတာ၊ ၀ါသနာအရ ၀င်ပါထားတဲ့ အသင်းအလုပ်တွေ လုပ်ကြတာတွေ ဟာ ကျွန်မတို့ကို ကျောင်းသူလေး များဘ၀မှ တက္ကသိုလ် ကျောင်းသူကြီးများ ဘ၀သို့ ကူးခဲ့ပြီဆိုတာကို သဘောပေါက်စေပါတယ်။ ပိုမို လွတ်လပ်လာတာနဲ့အမျှ တာဝန်ပို လာတာကိုလည်း သတိပြု မိပါတယ်။
ကျောင်းပိတ်ရက် များအတွင်း ကျောင်းစာတွေ ဖတ်ရ၊ လေ့လာရတာတွေ ရှိလာပါတော့တယ်။
ဒီလိုပါပဲ ဘ၀တစ်လျှောက် ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိလာတာ နဲ့အမျှ၊ ကိုယ်တိုင် ထမ်းဆောင်ရမဲ့ တာဝန်တွေက များလာပါတော့တယ်။ ယခုဆိုရင် လွှတ်တော် ‘ကျောင်းပိတ်ရက်ကြီး’ စတဲ့အခါမှာ ငယ်ငယ်ကလိုလွတ်ပြီ၊ ကျွတ်ပြီလို့ရွတ်ဆိုပြီး အိမ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်ပြေးနိုင်တဲ့ အခြေအနေ မရှိတော့ပါ။ ဒီအလုပ်တစ်ခုပြီးတော့ နောက်အလုပ်ဆက်ရုံ ပေါ့။ လွှတ်တော်တာဝန် တွေ ခေတ္တရပ်နားထားချိန်မှာ လွှတ်တော်ပြင်ပ အလုပ်တွေပေါ် အာရုံပိုစိုက်ခွင့် ရတဲ့သဘောပါပဲ။ အလုပ်အားချိန် ရတာ မဟုတ်ပါဘူး။
ဒီတော့ အလုပ်နားချိန်၊ အလုပ်အားချိန်ဆိုတာ ဘာပါလိမ့် လို့ ကျွန်မနဲ့ ဒေါက်တာတင်မာအောင် အဓိပ္ပါယ်ဖော်ကြည့်ကြပါတယ်။ ကျွန်မကတော့ သာမာန်နေ့စဉ် လုပ်နေရတဲ့ အလုပ်တာဝန်တွေမှာ အနားယူတာ၊ တစ်နည်းပြောရရင် လုံးဝ နေ့စဉ်လုပ်နေရတဲ့ အလုပ်တွေကို မလုပ်ရတာသာမက၊ ဒီကိစ္စတွေ အကြောင်း ထည့်စဉ်းစားဖို့ကို မလိုတဲ့ အခြေအနေတစ်ခုလို့ အဓိပ္ပါယ်ဖော်ပါတယ်။ အပန်းဖြေစခန်း သွားဖို့လည်း မလိုပါဘူး။ ဘယ်ကိုမှ သွားဖို့မလိုပါဘူး။ ကိုယ့်အိမ်ထဲမှာသာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မလိုအိမ်မှာ အလုပ်လုပ် ရတဲ့ သူအတွက်ကတော့ ဒါလက်တွေ့မကျပါဘူး။ အိမ်မှာ ရှိနေသရွေ့ အလုပ်ကလည်း ရှိနေမှာကိုး။
ဒေါက်တာတင်မာအောင်ရဲ့ နားချိန်၊ နားရက် သတ်မှတ်ပုံက ပိုကောင်းတယ် လို့ ကျွန်မထင်မိပါတယ်။ ကိုယ့်အချိန်ကို ကိုယ်လုံးဝ ပိုင်တဲ့ အခြေအနေပါတဲ့။ ဟုတ်ပါတယ်။ ကျွန်မတို့ နှစ်ဦး စလုံးကိုယ့်အချိန် ကိုယ်ပိုင်တယ်ရယ်လို့ မရှိသလောက်ပါပဲ။ ညအိပ်ရာဝင်ရင်တောင်မှ အားဖြည့်ဖို့ အိပ်ရတာဆိုတော့ ဒီအချိန် ကိုလုံးဝ ကိုယ်ကြိုက်သလို လုပ်ဖို့ ကိုယ်ပိုင်လို့ပြောရခက်ပါတယ်။ ကိုယ်ပိုင်တဲ့အချိန်ဆိုရင် ကိုယ်လုပ်ချင်တာ လုပ်နိုင်မယ်။ ဘာမှ မလုပ်ချင်ရင်မလုပ်ဘူး။ ဒီလို ကိုယ်ပိုင်အချိန်ဆိုတာနည်းလွန်းလို့ စနေ၊ တနင်္ဂနွေ လာတွေ့ပါရစေလို့ ချိန်းတဲ့ သူတွေကို ဒေါက်တာ တင်မာအောင် သိပ်စိတ်တို တတ်ပါတယ်။ အချို့အလုပ်တွေက မရှောင်သာလို့ စနေ၊ တနင်္ဂနွေမှာ လုပ်ရပါတယ်။ ဒီထဲမှာ ဧည့်သည်တွေ ပါတွေ့ရမယ် ဆိုရင် နှစ်ရက်စလုံး အလုပ်ရက် ဖြစ်သွားတာပေါ့။ ကိုယ်ပိုင် အချိန်ဘယ်ရှိတော့မလဲ။
ဘယ်လိုနေရာမှာ တကယ့်အလုပ်နားပိုင်ခွင့် ရမလဲလို့ ဒေါက်တာတင်မာအောင် နဲ့ ဆွေးနွေးတဲ့အခါမှာ ကွန်ပြူတာမရှိ၊ တယ်လီဖုန်း မရှိတဲ့နေရာလို့ ဖြေပါတယ်။ နောက်စဉ်းစားပြီး ကျွန်းတစ်ခုမှဖြစ်မယ်။ လူမသိ၊ သူမသိကျွန်းကလေး။ ကျွန်မ စဉ်းစားကြည့်တယ်။ ဟုတ်ပါတယ်လေ။ ဒီလို ကျွန်းလေးပေါ်မှာ အိမ်ကလေးတစ်လုံးရှိမယ်။ အိမ်ထဲမှာ စာရေးသောက်ရေးလွယ်ကူစေမဲ့ ပစ္စည်းတွေရှိမယ်။ အိပ်ကောင်းမဲ့ အိပ်ရာလေးတွေနဲ့ ထိုင်ကောင်းမဲ့ ကုလားထိုင်လေးတွေ ရှိမယ် ဆိုရင်တော်ပါပြီ။ ဖတ်ချင်တဲ့စာအုပ် အချို့ ပါလာမယ်။ နားထောင်ချင်တဲ့ စီဒီခွေပါလာမယ်။ ရေဒီယိုတော့ လုံးဝမယူပါ။ နားအေးပါးအေး၊ လမ်းလျှောက်လိုက်၊ စာဖတ်လိုက်၊ တရားထိုင်လိုက်၊ ပင်လယ်ပြင် ဟိုးဘက်က မိုးကုပ်စက်ဝိုင်းကို ငေးနေလိုက်နဲ့ ဘယ့်လောက်သာယာလိုက်မလဲ။ တစ်နေ့တော့လည်း ဖြစ်ရင်ဖြစ်လာမှာပေါ့။
ဒီတစ်ပတ်တော့ ဒီမျှသာ။ ။
အောင်ဆန်းစုကြည်
Ref: ဒီစကား ( Volume 2 No.34)

Sunday, 1 September 2013
အင်းတိုင်ဂိတ်မှာ တရားမ၀င် ကျွန်းသစ်သယ်ဆောင်လာသူများအားဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၁
၃၀.၈.၂၀၁၃ ရက်နေ့ ၀၄၁၅ အချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့် အဖွဲ့သည် လှည်းကူးမြို့နယ်၊ အင်းတိုင်ရွာရှိ သစ်တောနှင့်သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်း
တွင် တာဝန်ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေး၊အမှတ်(၁)လမ်းမကြီး
အတိုင်း ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဇေယျာမင်း၊(ဘ)ဦးဝင်းစိုး၊
(၇)ရပ်ကွက်၊ပခုက္ကူမြို့နယ်၊ ယာဉ်နောက်လိုက် စိုးမင်း (ဘ)ဦးသန်းဦး၊ သွေးနက်ရွာ၊ ချောက်မြို့နယ် နှင့် ယာဉ်ပေါ်ပါသူ မြို့ပိုင်(ဘ)ဦးငွေထွန်း၊ (၆)ရပ်ကွက်၊ မြိုင်မြို့နယ်နေသူတို့မောင်းနှင်
လာသည့် ယာဉ်အမှတ် ၃ဃ/---- (၂၂)ဘီး၊နစ်ဆန်းUD အ၀ါရောင်ယာဉ်
အား ရပ်တန့်စစ်ဆေးရာ တာလပတ်ဖြင့်ဖုံးအုပ်၍သယ်ဆောင်လာသော ကျွန်းခွဲသားဆိုဒ်စုံ (၅၃)ချောင်း၊ (၃.၇၃၈၈)တန်၊ ကာလတန်ဘိုး
ငွေကျပ်(၄၄၈၆၅၆၀) တို့အားတွေ့ရှိသိမ်းဆည်း ရမိသဖြင့်စစ်ဆေးရာ သစ်ပိုင်ရှင်မှာ ဇော်ထိုက်(စုံစမ်းဆဲ)နှင့် ယာဉ်ပိုင်ရှင်မှာ သိန်းဝင်း(စုံစမ်းဆဲ) တို့ဖြစ်ကြောင်းသိရှိရသဖြင့် ဇေယျာမင်းပါ (၅)ဦးအား မြို့နယ်သစ်တောဦးစီးဌာနမှ အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် လှည်းကူးမြို့မရဲစခန်း(ပ)၃၂၇/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police

လှည်းကူးမှာ ခါးပိုက်နှိုက်ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၁
၃၁.၈.၂၀၁၃ ရက်နေ့ ၀၉၄၅အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်ဖမ်းဆီးရေးအတွက် လှည်းကူးမြို့နယ်၊မြို့မဈေးရှေ့မှတ်တိုင်၌ သတင်းစုံးစမ်းနေစဉ် ပဲခူး-ရန်ကုန် ခရီးသည်တင် ဟိုင်းလတ်ယာဉ်ပေါ်မှ
ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက် ဟောင်းရှိသူ စိုးတင့်(ခ)ဖိုးသံ၊ (ဘ)ဦးခင်စိန်၊ (၂၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူအား
တွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ ၎င်း၏ကျောပိုးအိတ်အတွင်းမှ
ငွေကျပ်(၇၀၀၀)အားတွေ့ရှိရပြီး အဆိုပါငွေများအား လှည်းကူးတာဆုံ၌
ဆင်းသွားသော အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှ နှိုက်ယူခဲ့သောငွေများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လှည်းကူးမြို့ မရဲစခန်း(ပ)၃၂၈/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

အရုဏ်ဆွမ်းလောင်းလှူဖို့ လုပ်အားဒါနပေးနေသော ပုညသမ္ဘာရ အသင်း ( လှည်းကူးမြို့)
အရုဏ်ဆွမ်းလောင်းလှူဖို့ လုပ်အားဒါနပေးနေသော ပုညသမ္ဘာရ အသင်း ( လှည်းကူးမြို့) ၏ လုပ်ဆောင်ချက်များကို အောက်ပါအတိုင်း လေ့လာကုသိုလ်ယူနိုင်ပါတယ်။ မအားမလပ်သည့် ယခုလို အချိန်အခါမျိုးတွင် အမျိုး၊ ဘာသာ၊ သာသနာအတွက် အချိန်ပေးပြီး ကောင်းမှု့လုပ်ကြသော ပုညသမ္ဘာရ အသင်း ( လှည်းကူးမြို့) ၀င်များရဲ့ စိတ်ဓါတ်ကို အရမ်းလေးစားရပါတယ်။ ပုညသမ္ဘာရ အသင်း ( လှည်းကူးမြို့)မှ ညီငယ်၊ ညီမငယ်များ အလိုချင်ဆုံးဆုတွေ အမြန်ဆုံးပြည့်ဝကြပါစေ- ဟု ဆန္ဒပြုလျက်
အရှင်အဂ္ဂဥာဏ (လှည်ူးကူး)
ခေတ္တ- ဆစ်ဒနီ၊ သြစတေးလျနိုင်ငံ။
Ref: Naing Linn
Subscribe to:
Posts (Atom)