Wednesday, 7 August 2013

လှည်းကူးသားတစ်ယောက်ရဲ့ စီးပွားရေးဆောင်းပါးတစ်ပုဒ်ပါ။

လှည်းကူးသားတစ်ယောက်ရဲ့ စီးပွားရေးဆောင်းပါးတစ်ပုဒ်ပါ။ အားပေးလိုက်ကြပါဦး။

Ref: Commerce journal, Vol-13, N0 25, Monday August 5 2013

Tuesday, 6 August 2013

ခင်များတို့ လုပ်တတ်တာ ဘာရှိလဲ / ရေးသူ- ဒေါက်တာ အောင်ခင်

လျှပ်စစ်တွေ ထုတ်တယ်၊
ပြည်သူအများစု မသုံးရဘူး။

ဆန် စပါးအများကြီး စိုက်တယ်၊
ပြည်သူတွေ ဝဝလင်လင် မစားရဘူး။

တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ၊
ခြံစည်းရိုးမရှိဘူး။

ဆင်းရဲလို့
မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်၊
ချမ်းသာအောင် မလုပ်ဘူး။

စစ်သည်သုံးသိန်းရှိတယ်၊
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး။

ပညာတတ်တွေ အများကြီးထွက်တယ်၊
အသုံးမချတတ်ဘူး။

ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်၊
လမ်းတွေ မကောင်းဘူး။

သံတွေထွက်တယ်၊
အပ်တစ်ချောင်းတောင် မလုပ်တတ်ဘူး။

ရာဘာတောကြီး ရှိတယ်၊
တာယာကို နိုင်ငံခြားက ဝယ်ရတယ်။

သယံဇာတတွေ အများကြီးထွက်တယ်၊
ကုန်ချော မလုပ်တတ်ဘူး။

ရတနာတွေ အများကြီးထွက်တယ်၊
ပြည်သူတွေ အလှမဆင်နိုင်ဘူး။

ပင်လယ်ပြင်ကြီးရှိတယ်၊
ပင်လယ်စာကောင်းကောင်း မစားရဘူး။

ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်၊
မငြိမ်းချမ်းဘူး။

အမှန်တရားရှိပေမဲ့။
အမုန်းတရားနဲ့ အုပ်ချုပ်တယ်။

မကျန်းမာတဲ့သူတွေ ရှိတယ်၊
ဆေးမကုနိုင်ဘူး။

ရာသီဥတု ကောင်းတယ်၊
စိုက်ပျိုးရေးမှာ အောက်ဆုံးက။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရဘူး။

ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်၊
အရေးမယူဘူး။

ကျွန်းသစ်တွေ အများကြီးထွက်တယ်၊
ပြည်သူအများစု တဲနဲ့နေရတယ။်

ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံ နှစ်နိုင်ငံနဲ့ နယ်နမိတ်ချင်းထိနေတယ၊်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး။

ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်။
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး။

ဒီမိုကရေစီနိုင်ငံထူထောင်တယ်၊
အာဏာရှင် စိတ်ဓါတ်နဲ့။

ကမ္ဘာကျော် ခေါင်းဆောင်ရှိတယ်
အုပ်ချုပ်ခွင့် မရဘူး။

ဒေါက်တာ အောင်ခင်
၁၉ -၀၆-၂၀၁၃

Ref: 

Monday, 5 August 2013

ဆရာတော် ဒေါက်တာဇာဂရာဘိဝံသ ( ဆစ်ဒနီမြို့၊ သြစတေးလျနိုင်ငံ)၏ ၈၈-နှစ်မြောက် မွေးနေ့အလှူတော် ဖိတ်ကြားလွှာ


မတူတာလေးများ အပိုင်း- ၁၇ (သို့) စာတိုက်

ဒီတစ်ပတ်တော့ စာတိုက်အကြောင်းကို ပြောချင်ပါတယ်။ အွန်လိုင်းကနေ အဆက်အသွယ်လုပ်ရတာ အခုခေတ်မှာ တော်တော်လေးကို လွယ်ကူလာတာ ထင်ရှားပါတယ်။ လွယ်ကူသော်လည်း စာတိုက်အသုံးပြုမှု့တွေကတော့ လျော့နည်းသွားခြင်း မရှိပါဘူး။ သူ့ဟာနဲ့သူတော့ သုံးနေရတာပါပဲ။

စာရေးသူနေတဲ့ ဒီသြစီမှာတော့ စာတိုက်စနစ်ဟာ တော်တော်လေးကို ထွန်းကားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ စာပို့စနစ်ကို အကြမ်းဖျင်း သုံးမျိုးခွဲနိုင်ပါတယ်။ ပထမဆုံးက နိုင်ငံတွင်းကို နေ့ချင်းရောက်ပို့ပေးပါတယ်။ ဒုတိယကတော့ သုံးရက်အတွင်း ရောက်အောင်ပို့ပေးပါတယ်။ နောက်ဆုံးကတော့ ခုနှစ်ရက်အတွင်းပို့ပေးပါတယ်။ ရှင်းရှင်းလေးပါပဲ။ အမြန်လိုချင်ရင် အမြန်နှုန်းကျသင့်ငွေကို ပေးလိုက်ရုံပါပဲ။ စာပို့သမားကလဲ အိမ်တိုင်ရာရောက် လိုက်ပို့ပေးပါတယ်။ ကိုယ်ကပို့လိုက်တဲ့ (သို့) ကိုယ့်ဆီကို ပို့လိုက်တဲ့ စာတွေ ပါဆယ်တွေဟာ ဘယ်တော့မှ ပျောက်သွားတယ်ဆိုတာမရှိပါဘူး။ မှတ်ပုံတင်ထားတဲ့ စာတွေ ပါဆယ်တွေကိုတော့ စာတိုက်မှာ မိမိရဲ့ ဓါတ်ပုံပါတဲ့ အိုင်ဒီပြပြီး သွားရောက်ထုတ်ယူနိုင်ပါတယ်။

ထို့အတူ အိမ်လခပေးချင်သလား၊ လျှပ်စစ်သုံးစွဲခ ပေးချင်သလား၊ ရေသုံးစွဲခ ပေးချင်သလား ဒီဟာတွေကို စာတိုက်မှာပဲ အကုန်ပေးလို့ရပါတယ်။ စာတိုက်စာရေးလုပ်တာကို မစောင့်ပဲ ကိုယ်ပို့ချင်တဲ့စာ (သို့) ပါဆယ်ထုပ်တွေကိုလဲ စာတိုက်မှာရှိတဲ့ ချိန်တဲ့စက်မှာ ကိုယ်ဖာသာကိုယ်ချိန်တွယ်ပြီး ကျသင့်ငွေကို ပေးနိုင်ပါတယ်။

တကယ်တော့ စာတိုက်လုပ်ငန်းဟာ ဒီနိုင်ငံမှာ တော်တော်လေးကို ထွန်းကားကျယ်ပြန့်ပါတယ်။ ဓါတ်ပုံရိုက်ခြင်း၊ ငွေလဲလှယ်ခြင်း၊ ဆက်သွယ်ရေးပစ္စည်းတွေကို ရောင်းခြင်း၊ နိုင်ငံတကာသို့ စာပို့ခြင်း၊ ပါဆယ်ပို့ခြင်း စသည် စသည်ဖြင့် ဒီနိုင်ငံမှာ ရှိတဲ့သူတွေဟာ စာတိုက်နှင့် ကင်းတဲ့သူ မရှိသလောက်ပါပဲ။
အဲဒီလောက်ကို စာတိုက်လုပ်ငန်းဟာ တော်တော်လေးကို ကြီးမားကျယ်ပြန့်ပါတယ်။ စာတိုက်က အသုံးပြုတဲ့ ကားတွေဆိုရင် လေးဘီးကားမှသည် ဆယ့်၇ှစ်ဘီးကားတွေအထိကို အသုံးပြုလျှက်ရှိပါတယ်။
သေချာတာတစ်ခုကို ပြောပါဆိုရင်တော့ ကိုယ်ကပို့လိုက်တဲ့ (သို့) ကိုယ့်ဆီကို ပို့လိုက်တဲ့ စာတွေ ပါဆယ်တွေဟာ ဘယ်တော့မှ ပျောက်သွားတယ်ဆိုတာမရှိဘူး ဆိုတာပါပဲ။ အဲဒီလောက်ကို စိတ်ချရပါတယ်။

ရွှေနိုင်ငံမှာတော့ စာတိုက်လုပ်ငန်း မထွန်းကားသေးတာတွေ့နိုင်ပါတယ်။ မထွန်းကားရတဲ့ အကြောင်းတွေထဲမှာ အဓိကကတော့ စာတိုက်ကို ယုံကြည်မှု့နည်းခြင်းပါပဲ။ ယုံကြည်မှု့နည်းပါးအောင်လည်း စာတိုက်က အချို့ဝန်ထမ်းတွေက လုပ်ဆောင်နေကြပါတယ်။ စာရေးသူအတွေ့အကြုံကို ပြောရရင်တော့ ပို့လိုက်တဲ့စာတိုင်း ကာယကံရှင်ဆီကို ရောက်လေ့မ၇ှိပါဘူး။ ရောက်တဲ့စာတိုင်း (အထူးသဖြင့်) ပြည်ပမှ ပို့လိုက်တဲ့စာတွေ အကုန်လုံး အဖောက်ခံထားရပါတယ်။ အဖောက်ခံထားရပြီးပြီဆိုရင်တော့ ပို့စကဒ်တို့လို၊ ဓါတ်ပုံတို့လို အရာဝတ္ထုတွေဟာ တစ်ခုမဟုတ် တစ်ခုပျောက်နေကြပါပဲ။ ပြီးတော့ ပြည်ပစာဆိုရင် တော်လေးကို သတိထားပြီး မိမိလက်ထဲကို ရောက်၇ှိအောင် ကြိုးစားရပါတယ်။

တနေ့မှာ စာရေးသူဟာ ပြည်ပက တက္ကသိုလ်တစ်ခုဆီမှ ဖိတ်ခေါ်စာတစ်ခုကို စောင့်နေရပါတယ်။ ပြည်ပက မိတ်ဆွေတစ်ယောက်ကတော့ တက္ကသိုလ်မှ တိုက်ရိုက် စာပို့လိုက်ပြီလို့ အကြောင်းကြားပါတယ်။ ပြည်ပကနေ ရန်ကုန်ကို စာပို့လိုက်တာ ကြာချိန်က သုံးရက်ပဲကြာပါတယ်။ ရန်ကုန်ကနေ့ စာရေးသူရဲ့ ဇာတိမြို့ဖြစ်တဲ့ လှည်းကူးကို နှစ်ပတ်ကြာမှ ရောက်ပါတယ်။ ဒါတောင် စာတိုက်ကို နေ့တိုင်းသွားစုံစမ်းနေလို့ပါ။ မစုံစမ်းပဲ သူတို့ပို့တာကို စောင့်နေမယ်ဆိုရင်တော့ လှည်းကူးကနေ ဇာတိရွာကို နောက်ထပ် တလလောက်တောင် ကြာမလားမသိပါ။ စာရောက်လို့ ကြည့်လိုက်တော့ တက္ကသိုလ်က ဖိတ်ထားတဲ့ ရက်ရောက်ဖို့ တပတ်ပဲလိုတော့တာ တွေ့ရပါတယ်။ ဒါနဲ့ပဲ ဗီဇာကို မြန်မြန်လုပ်ပြီး တက္ကသိုလ်ဆီကို အမြန်သွားခဲ့ရပါတယ်။ မစုံစမ်းပဲ သူတို့ပို့တာကို စောင့်နေမယ်ဆိုရင်တော့ အဲဒီ တက္ကသိုလ်မှာ တက်ရောက်သင်ကြားခွင့်ရမှာ မဟုတ်ပါဘူး။

အဆိုးဆုံးနဲ့ အံ့အားသင့်စရာ တစ်ခုလဲ တွေ့ကြုံပါသေးတယ်။ အဲဒါကတော့ စာပို့သမားတစ်ယောက်ဟာ စာတွေကို မပို့ဘဲ သူ့နေထိုင်ရာ အိမ်ရှေ့မှာရှိတဲ့ ရေအိုင်မှာ လွှင့်ပစ်ထားတာကို တွေ့ရှိရပါတယ်။ သူ့ကို မေးကြည့်တော့ ဒီစာတွေဟာ သူတို့စာတိုက်ရှိရာ မြို့နယ်ထဲက ကျေးရွာတွေက ဖြစ်တယ်။ သို့သော် အဲဒီရွာတွေဟာ စာဝေမည့်နယ်မြေထဲ မပါဝင်ဟု ဆိုပါတယ်။ အဲဒီစာတွေကို ကောက်ယူကြည့်တဲ့အခါမှာတော့ ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ သားသမီးတွေက ရွာမှာကျန်နေကြတဲ့ မိဘမောင်ဘွားတွေဆီကို ရေးသားထားတဲ့ စာတွေပဲ ဖြစ်ပါတယ်။ အရမ်းကို အံ့အားသင့်သွာပါတယ်။

ပြည်သူတွေရဲ့ ယုံကြည်မှု့ကို မရသရွေ့ကတော့ မြန်မာ့စာတိုက်လုပ်ငန်းဟာ တိုးတက်မှာ မဟုတ်ပါဘူး။
တာဝန်ရှိသူအနေနဲ့ အမြန်ဆုံး ပြုပြင်သင့်ပြီ ဖြစ်ပါကြောင်း။

မတူတာလေးတွေကို ပြောပါတယ်။
နောက်တစ်ပတ်မှ ဆက်ရေးပါမည်။

မောင်နေခြည် (လှည်းကူးမြေ)

Friday, 2 August 2013

လှည်းကူးတွင် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်

ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သရက်ကုန်းကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားကာ လူ ၅၆ ဦးကို အဆိုပါ ကျေးရွာရှိ စွန်းလွန်း တပ်ဦးကျောင်းတွင် ကယ်ဆယ် ရေးစခန်း ဖွင့်လှစ်နေရာ ချထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းနိုင်ဦး မှ ပြောကြားသည်။

အဆိုပါကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ ရေအမြင့် သုံးပေ အထိ မြင့်တက်ခဲ့ရာ ကျေးရွာမြေနိမ့်ပိုင်းရှိ အိမ် ငါးလုံး ကြမ်းပြင်အထိ နစ်မြုပ်ခဲ့ပြီး အိမ် အလုံး၂၀ ခန့် လှေကားထစ်များအထိ ရေတက်သဖြင့် နေထိုင်သူများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ရည်ရွယ်ကာ စွန်လွန်းတပ်ဦး ကျောင်းတွင် ကယ်ဆယ် စောင့်ရှောက်လျက် ရှိကြောင်း၊ ဇူလိုင်လ ၃၁ ရက် နေ့ထိလည်း မိုးဆက်လက်ရွာသွန်း နေကြောင်း ၄င်းက ထပ်လောင်းပြောကြား သည်။
"မိုးအရိပ်အခြေကို တစ်ရက်နှစ်ရက် စောင့်ကြည့်ပြီး သူတို့ရဲ့နေရာကို ပြန်ပို့ ပေးမှာ လောလောဆယ်တော့ သူတို့အိမ် တွေကို ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးထား ပါတယ်" ဟု ၄င်းကရှင်းပြသည်။

ယခင်နှစ်တွင် မိုးကာလတွင် သရက်ကုန်းကျေးရွာ ရေသည် လူတစ်ဦး၏ ဒူးခေါင်းခန့်သာ ရေတက်ခဲ့သော်လည်း ယခုနှစ်တွင် ပေါင်အထိ ရေမြင့်တက်ခဲ့ ကြောင်း သရက်ကုန်းကျေးရွာတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

လက်ရှိ ရေဘေး ဒုက္ခသည်များကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့က အစား အစာများ ထောက်ပံ့ပေးထားပြီး အဆိုပါ ကယ်ဆယ်ရေးစခန်း ရောက်ရှိနေသူ များသည် ၄င်းတို့နေအိမ်တွင် ရေကျရန် စောင့်ဆိုင်း လျက်ရှိကြောင်း၊ လတ်တလောတွင် အခြား သော အကူအညီများ မလိုအပ်မှု မရှိသေး ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ ဖြစ်သော မွန်ပြည်နယ် မော်လမြိုင်နှင့် ဘီးလင်းမြို့နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းတုံ၊ ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ် မြို့ နှင့် ရခိုင်ပြည်နယ် တို့တွင်တွင် ဇူလိုင်လ နောက်ဆုံးပတ် အတွင်း ရေကြီးနစ်မြုပ်မှု များ ဖြစ်ပွားလျက်ရှိသည်။

Ref: The Voice Weekly

အနှိပ်ခန်းကို ၀င်ရောက် ဖမ်းဆီးရာမှာ လှည်းကူးသူတစ်ဦး အဖမ်းခံရ

နေပြည်တော်၊ သြဂုတ် ၁

၃၀-၇-၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အလှပြင်ဆိုင်ဗန်းပြပြီး တရားမ၀င်အနှိပ်ခန်းဖွင့်လှစ်ဆောင်ရွက်နေကြောင်းသတင်း အရ သက်သေများနှင့်အတူ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ပဒုမ္မာလမ်းရှိ ““ရွှေဂုဏ်သူ”” အလှပြင်ဆိုင်အား ၀င်ရောက်ရှာဖွေခဲ့သည်။ 


ထိုသို့ရှာဖွေရာ ဆိုင်အတွင်း ဒလမြို့နယ်၊ ရာဇသင်္ကြန် ရပ်ကွက်နေ ဆိုင်မန်နေဂျာ ထွန်းထွန်းနိုင်(ခ)စိုင်းနောင်(၂၆)နှစ်နှင့် လှည်းကူးမြို့နယ်နေ မ၀ါဇင်ထက် (ခ)မ၀ါ(၂၆)နှစ်ပါ အနှိပ်သမ ၅ ဦးတို့အား အနှိပ်ခန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့် အသုံးအဆောင် ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စမ်းချောင်းမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။

Ref: ရဲဇာနည်