ဥရောပ ဖလား အုပ်စုပွဲစဉ်တွင် ဆွီဒင်နှင့် ပူးတွဲအိမ်ရှင် ယူကရိန်းတို့ မကစားမီက ဆွီဒင် ပရိသတ် အိုလာ ဂျိုစတက်နှင့် ယူကရိန်း သမ္မတတို့သည် ရေဒီယို အစီအစဉ် တစ်ခုတွင် အမေးအဖြေ ကဏ္ဍမှ တစ်ဆင့် စကားပြောဆိုမိပြီး အလောင်းအစား ပြုလုပ်ရန် သဘော တူညီခဲ့ကြသည်။ အကယ်၍ မိမိအားပေးသည့် အသင်းက ရှုံးနိမ့်ပါက ဘီယာဝယ်တိုက်ရန် ဂျိုစတက်နှင့် သမ္မတ အာဇရော့ဗ်တို့ ကတိက၀တ် ပြုထားကြသည်။ အမှန်တကယ် နှစ်သင်း ယှဉ်ပြိုင်ချိန်တွင် ဆွီဒင် အသင်းအတွက် ဇလာတန် အီဘရာဟီမိုဗစ် ဦးဆောင်ဂိုး သွင်းပြီးမှ အင်ဒရီ ရှက်ခ်ျချန်ကို၏ သွင်းဂိုး (၂)ဂိုးကြောင့် ယူကရိန်းက အနိုင် ရသွားသည်။
ယူကရိန်း သမ္မတနှင့် ဘီယာ အတူသောက်နေသည့် ဂျိုစတက်
ထို့ကြောင့် ဂျိုစတက်သည် ကတိအတိုင်း ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်ကာ အာဇရော့ဗ်အား ဘီယာဝယ်တိုက်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံတွဲ အရိုက်ခံကာ အာဇရော့ဗ်က ဂျိုစတက် လက်ဆောင်ပေးသည့် ဆွီဒင် အလံပါ လည်စည်းကို ၀တ်ဆင်ထားသည်။ အသက်(၆၄)နှစ်ရှိ သမ္မတသည် ယခု အလောင်းအစားကို အပျော်သဘော ပြုလုပ်ခဲ့ပြီးနောက် အနိုင် ရသော်လည်း ဒဏ်ကြေးတစ်ရပ် ချမှတ် ခံရသေးသည်။ ယူကရိန်းတွင် နိုင်ငံရေး သမားများအား လူအများ ရှေ့တွင် ပွင့်ပွင့်လင်းလင်း အရက်သေစာ သောက်စားမှု မပြုရန် ကျင့်ဝတ်အရ တားဆီး ထားသောကြောင့် အတိုက်အခံများက ရဲထံ တိုင်ကြားခဲ့သည်။
အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ မိုင်ကိုလာ တိုမန်ကိုက သမ္မတသည် ယခုလို ပွင့်လင်းစွာ အရက်သေစာ သောက်စားမှုမှာ စည်းမျဉ်း ဖောက်ဖျက်မှု အဖြစ် စွပ်စွဲခဲ့သည့်နောက် အာဇရော့ဗ်က ယင်းကို အသာအယာပင် လက်ခံကာ ဒဏ်ကြေးအဖြစ် ယူကရိန်းငွေ (၈၅) ဟရစ်နီးရက်စ်ကို ပေးဆောင်ခဲ့ကြောင်း သိရှိရသည်။
မှ-http://www.soccermyanmar.com/index.php?option=com_content&view=article&id=15589:2012-06-18-03-07-21&catid=94:euro-2012&Itemid=152
No comments:
Post a Comment