Tuesday, 1 October 2013

သူတို့နှစ်ယောက်ရဲ့ မိုးရာသီ (အလင်းသစ် ) ၀တ္ထုတို

မိုးကောင်းကင်ကြီးက မှုန်မှိုင်းညိုမည်းနေလေပြီ။။ တစ်ချက်တစ်ချက် ကျယ်လောင်စွာ မြည်ဟီးနေသော မိုးခြိမ်းသံများနှင့် လျှပ်စီး တဖျတ်ဖျတ် အရောင်တွေက အသည်းငယ်သူတို့ ကြောက်ရွံ့လောက်ဖွယ် ဖြစ်ပေါ်နေ၏။။ ကျိုက်ထိုမြို့မှ
စတင်ထွက်ခွာလာသော ဆန်နီပစ်ကပ်လေးတစ်စီး ဘုရားကြီး လမ်းဆုံသို့ အရောက်မှာတော့ မိုးက သည်းထန်စွာ
ရွာချလေတော့သည်။။ သက်ခိုင်က ကားကို စားသောက်ဆိုင် တစ်ခုရှေ့မှာ အသာထိုးရပ်လိုက်၏။။ ဘေးမှာ အိပ်ချင်မူးတူးနှင့် ပါလာသော သစ္စာညိုကို လှုပ်နှိုးလိုက်တော့ ဘာလဲဟင်ဟု ယောင်သလိုဖြေပြီး နိုးလာသည်။။ သက်ခိုင်က ထီးကိုဖွင့်ပြီး ကားရှေ့မှ ပတ်ကာ ညို့ဘက်သို့ သွားလိုက်ပြီး ညနေစာ တစ်ခုခုစားမယ်လေ ဟုပြောလိုက်၏။။ နှစ်ယောက်သား ဆိုင်ထဲရောက်တော့ ထမင်းနှစ်ပွဲမှာလိုက်ပြီး ညနေစာစားလိုက်ကြသည်။။ မနေ့ကညက တစ်ညလုံးမအိပ်ခဲ့ရသဖြင့် အိပ်ရေးပျက်သည့် ဒဏ်ဖြင့် စားလို့ သိပ်မကောင်းလှ။။ သက်ခိုင်နှင့် သစ္စာညိုတို့က နှစ်ဖက်မိဘတို့ အသိအမှတ်ပြုထားသော ချစ်သူနှစ်ဦးဖြစ်သည်။။
ကျောင်းတုန်းက သူငယ်ချင်းက မင်္ဂလာဆောင်လာဖို့ ဖိတ်ထားသဖြင့် ကျိုက်ထိုသို့ ရောက်နေကြတာလေ။။ ကျိုက်ထိုရောက်တော့လည်း သူငယ်ချင်းတွေ စုံနေတာမို့ တော်တော်နှင့် မပြန်ဖြစ်နိုင်ကြ။။ မနေ့ကတော့ ရန်ကုန်မှ မိဘများက ဖုန်းနှင့် ချက်ချင်းပြန်လာကြဖို့ ပြောလာသဖြင့် သူတို့သူငယ်ချင်းတွေ စိမ်းလဲ့တင်မှာ မိတ်စုံစားပွဲလေး တစ်ခုလုပ်ဖြစ်ကြသည်။။ မနက်ဖြန် သက်ခိုင်တို့ ပြန်ကြမှာမို့ တွေ့တုန်း မီးပုံပွဲလုပ်ကွာ ဟုတစ်ယောက်က အကြံစပေးလိုက်သဖြင့် သူငယ်ချင်းဖြစ်သူ အေးဆောင်၏ အိမ်မှာပဲ မီးပုံပွဲလေးကို မိုးအလင်းပေါက် လုပ်ဖြစ် ခဲ့ကြတာဖြစ်၏။။ လင်းအားကြီးမှ ခဏ အိပ်ပျော်သွားကြပြီး နေ့ခင်းမှာ ပြန်ဖို့ပြင်တော့ မိုးကရွာမလို မရွာမလို အုံ့မှိုင်းမှိုင်း ပုံစံနှင့်။။ မိုးရွာလေမလား စောင့်ကြည့်ရင်း ညနေစောင်းထိ မရွာတော့ သူတို့ပြန်လာ ခဲ့ကြတာဖြစ်သည်။။ အိပ်ချင်စိတ်ကြောင့် လူကမလန်းသော်လည်း ကြာရင် ဒီထက်ပိုမှောင်လာမှာ တွေးမိသဖြင့် သက်ခိုင်က ပိုက်ဆံရှင်းပေးလိုက်ပြီး ညိုရေ မောင်တို့ သွားရအောင်ဟု လောဆော်လိုက်၏။။
ကားလေးက ဘုရားကြီးလမ်းဆုံမှ စထွက်လာတည်းက မိုးက သည်းကြီးမည်းကြီးကို ရွာချလေတော့သည်။။ ညနေစောင်းမို့

အလင်းရောင်နည်းရသည့်အထဲ မိုးသည်းသည်းကြောင့် ပိုမှောင်သွားသလိုလို။။ သက်ခိုင် ကားရှေ့မီးကို ဖွင့်ပြီး ဂရုတစိုက်မောင်းနှင် နေရ၏။။ သစ္စာညိုကလည်း ငိုက်လိုက် ဆတ်ခနဲလန့်နိုးလိုက်နှင့်။။။ အိပ်ရေးပျက်ထားသော အရှိန်နှင့် ငြီးငွေ့ဖွယ် ကားမောင်းရမှုတို့ကြောင့် ပဲခူးမြို့က ထွက်လာတည်းက သက်ခိုင်လည်း ငိုက်လာသည်။။ စိတ်ကိုတင်းကာ ဆက်မောင်း နေရင်း အသိက တစ်ချက်လွတ်သွားသည်။။ မောင် ရှေ့မှာကား ဟူသော သစ္စာညို၏ အလန့်တကြား အော်သံကို ကြားလိုက်ချိန်မှာတော့။။။ လှည်းကူးမြို့အထွက် ဆည်မြောင်းကို ဖြတ်သည့်နေရာတွင် စည်းကမ်းမဲ့စွာ တစ်ဖက်ယာဉ်ကြောမှ ချိုးကွေ့လာသော ကားတစ်စီးကြောင့်။။။
"ဝုန်းးးးးးးးးးးးးး"






တရိပ်ရိပ်ပြေးနေသော ကားလေးက အမှောင်ရိပ်ထဲမှ လွတ်အောင် အစွမ်းကုန် ပြေးလွှားနေ၏။။ ရုတ်တရက် ရှေ့မှာ အလင်းရောင် တစ်ခုကို တွေ့လိုက်ရသည်။။ သက်ခိုင် ထိုနေရာဆီသို့ ကားကို အပြေးမောင်းသွားလိုက်၏။။။
"ဝုန်း..ဂျိန်းး..ဂျိန်းးး.."
ကျယ်လောင်လွန်းသော မိုးခြိမ်းသံကြီးနှင့် အတူ သူ့အသိစိတ်တွေ ခန္ဓာကိုယ်ဆီသို့ ပြန်ကပ်လာ၏။။ သူနှင့် သစ္စာညိုတို့ လှည်းကူးမြို့ အထွက်မှာ ကားမှောက်သွားတာပါလား။။
"မကြာခင်မှာ သတိရလာမှာပါ။။ စိတ်မကောင်းစရာကတော့ လူနာရဲ့ခြေထောက်တွေ အကောင်းပကတိအတိုင်း ဖြစ်လာဖို့ လုံးဝကို မလွယ်တော့တာပါ။။ ကျနော်တို့လည်း အစွမ်းကုန် ကြိုးစားကြည့်ပြီးပါပြီ။။ ဘယ်လိုမှကို မတတ်နိုင်တော့လို့ဆိုတာ နားလည်ပေးကြပါ။။"
အားးးး သက်ခိုင် စိတ်ထဲမှ နာနာကျည်းကျည်း အော်လိုက်မိသည်။။ ဖေဖေတို့နှင့် ဆရာဝန်ကြီးပြောနေတာ သူ့အကြောင်းမှ လွဲ၍ ဘယ်သူ့အကြောင်းဖြစ်နိုင်ဦးမလဲ။။။ သက်ခိုင် ခြေထောက်တွေကို လှုပ်ကြည့်လိုက်၏။။ မရ၊ သူ့အောက်ပိုင်းက ခံစားမှုလုံးဝကို မရှိတော့တာပါလား။။။ ညိုရော၊ ညိုဘာများဖြစ်သွားသေးလဲ။။။ ညို့အကြောင်း တွေးမိချိန်မှာတော့ သက်ခိုင် စိတ်တွေက ခံစားမှုကင်းမဲ့နေသော အောက်ပိုင်းဆီလည်း သတိမရတော့။။ ကျန်တဲ့ ဘယ်နေရာတွေ ဘာဖြစ်သေးလဲ ဆိုတာလဲ စစ်ဆေးကြည့်ဖို့ သတိမရတော့။။။
"ညို.. ညိုရေ။။ ဖေဖေ..မေမေ.. ညို ရောဟင်။။ ညိုဘာဖြစ်သွားသေးလဲ။။"
"သား..သားသတိရလာပြီနော်။။ မသေကောင်း၊ မပျောက်ကောင်း သားလေးရယ်။။ သားလေး စိတ်အေးအေးထားနော်။။ ညိုက ဘာမှမဖြစ်ပါဘူးသားရဲ့။။ သာမာန် ဒဏ်ရာလေးပဲရတာ။။ သားလေး မြန်မြန်နေကောင်းရင် ညိုနဲ့တွေ့ရမှာပေါ့။။။"
မေမေ့အသံတွေ ငိုသံပါနေတာ သူ့ဒဏ်ရာ အခြေအနေကြောင့်ပဲ ဖြစ်လိမ့်မည်။။ ညို ဘာမှမဖြစ်ဘူးဆိုတော့ တော်ပါသေးရဲ့။။။ အပြင်မှာ ရွာနေသော မိုးစက်တွေဆီ ပြတင်းပေါက်မှ တဆင့်ငေးကြည့်ရင်း သက်ခိုင် အတွေးတစ်ခုကြောင့် ဆတ်ခနဲ့ပင် တုန်သွားရ၏။။ သူက ခြေထောက်တွေ လှုပ်မရတော့သော ဒုက္ခိတ တစ်ယောက်ပါလား။။။ ညိုသာ သူ့ကိုတွေ့လျှင် ဝမ်းနည်းစွာ ငိုကြွေးလိမ့်မည်။။ ပြီးတော့ ယူကျုံးမရခြင်းတွေနဲ့ သူ့ကို အမြန်ဆုံးလက်ထပ်ပြီး ပြုစုဖို့ ဒုက္ခိတကတော် ဘွဲ့ကို ခံယူပေလိမ့်မည်။။ ညို့စိတ်ကို သူသိ၏။။ သိနေ၏။။
"ဟင့်အင်းမေမေ။။ ညို့ကို သားမတွေ့ချင်တော့ဘူး။။"
"ဘာလို့လည်း သားလေးရဲ့။။ ညိုနေကောင်းတာနဲ့ သားဆီ လာတွေ့မှာပေါ့။။ သားလေး နေမြန်မြန်ကောင်းအောင် ဂရုစိုက်ပြီးနေလိုက်နော်။။"
မေမေ့ မျက်ဝန်းဆီမှ စီးကျလာသော မျက်ရည်များက ဂရုစိုက်ရုံနဲ့ ပြန်မကောင်းလာနိုင်တော့မည့် သူ့ခြေထောက်တွေ အတွက်ဆိုတာ သက်ခိုင်သိနေ၏။။

"သား.. အကုန်ကြားပြီးပြီမေမေ။။ သားက အောက်ပိုင်းသေသွားတဲ့ ဒုက္ခိတ တစ်ယောက်ဖြစ်နေပါပြီ။။ သားကို ညာနေဖို့ မလိုပါဘူး မေမေရယ်။။ သားသိပြီးပါပြီ။။ သားချစ်သူကို ဒုက္ခိတရဲ့ဇနီးမယားတော့ အဖြစ်မခံစေရဘူး။။ ညို့စိတ်၊ ညို့အကြောင်းလည်း မေမေတို့ အသိဆုံးပါ။။ သားဆီ သူမလာအောင် မေမေတို့ လုပ်ပေးပါနော်။။ သား ညိုနဲ့ မတွေ့ချင်တော့ဘူး။။"
ပြတင်းပေါက်ဆီမှ အပြင်မိုးသည်းသည်းကို ငေးကြည့်ရင်း အမြင်တွေ မသည်းကွဲတော့။။။ ရင်ထဲမှာတင်မက မျက်ဝန်းမှာပါ ငိုနေပြီ ညိုရေ..ဟုသာ သက်ခိုင် တီးတိုးဟစ်ကြွေးရင်း မျက်ဝန်းဆီမှ မျက်ရည်ကို သုတ်လိုက်သည်။။ သက်ခိုင်ရဲ့ ခြေထောက် တွေကတော့ နာကျင်မှုလည်းမရှိ ခံစားမှုတို့ ကင်းမဲ့နေဆဲ။။ မေမေတို့ကတော့ သူ့ကို ကြည့်ပြီး စိတ်မကောင်းလို့ ထင်ပါရဲ့ သားလေးနားနေဦးနော် ဟုပြောကာ အပြင်ထွက်သွားကြတော့သည်။။။။







အားးးးးးးးးးးးး မောင်ရေ..ညို့ကို ကယ်ပါဦး။။။ အသံကုန် အော်ဟစ်ရင်း သစ္စာညို အမှောင်ထုထဲက ရုန်းထွက်ဖို့ ကြိုးစားလိုက်သည်။။ သို့သော်လည်း မည်သည့် အလင်းရောင် တစုံတရာကိုမှ မတွေ့ရ။။ သူမ သိပ်ချစ်သော မောင်ကလည်း သူမဘေးမှာ မရှိ။။ ပကတိ ပိန်းပိတ်အောင် မှောင်မည်းနေသည်။။
"သမီးလေး သတိရလာပြီ ဖေကြီးရေ့။။"
မေမေ့ရဲ့ ဝမ်းသာအားရ အသံကို ကြားလိုက်ရသည်။။ ပြီးတော့ မိုးစက်တို့ ခပ်စိတ်စိတ်ရွာချနေသံများ၊ ပြီးတော့ ပြင်းထန်သော မိုးခြိမ်းသံတစ်ခုကို ဆက်တိုက် ကြားလိုက်ရသည်။။ အသိစိတ် ပြန်ကပ်လာချိန်မှာ သူမတို့ ကားမှောက်ခဲ့တာကို သတိရ၏။။။ မောင်ရော.. မောင်.. မောင် ဘာဖြစ်သွားသေးလဲဟု အလောတကြီးမေးလိုက်သည်။။။
"မောင်သက်ခိုင်က ဘာမှ မဖြစ်ပါဘူး သမီးငယ်ရဲ့။။ သာမာန်ဒဏ်ရာလေးပဲ ရတာ။။။ သမီးနေကောင်းအောင် အရင်နေနော်။။"
အမောတကြီး ဝင်ရောက်လာသော ဖေဖေက ဖြေလိုက်တာဖြစ်သည်။။ သစ္စာညိုက ဟင့်အင်း မောင့်ကိုခေါ်ပေးဟု ပြောတော့ ဒဏ်ရာကြီးကြီးမားမား မရပေမယ့် မောင့်ကိုလည်း ဆေးရုံမှာပဲ တင်ထားရတာမို့ မောင်နေကောင်း သက်သာရင်

လာမှာပေါ့ဟု ဖေဖေဖြေတာကို ကြားလိုက်ရ၏။။ ဒီတော့မှ သစ္စာညို ကိုယ့်ကိုကိုယ် သတိထားမိလိုက်သည်။။ သူမဘာကိုမှ မမြင်ရတာပါလား။။ ဘယ်ဘက်လက်ဆီမှလည်း နာကျင်မှုကို ခံစားနေရသည်။။ ညလက်ဖြင့် မျက်နှာကို စမ်းလိုက်တော့ မျက်လုံးနေရာမှာ ပတ်တီးထူထူကြီး စည်းနှောင်ထား၏။။ ဖေဖေ သမီးမျက်လုံးက ဘာဖြစ်တာလည်း ဟုစူးစူးဝါးဝါး အော်မေးလိုက်သည်။။
"သမီးလေးရယ်.."
"တယ် မေကြီးကလည်း။။ သမီးလေး စိတ်အားမငယ်နဲ့နော်။။ သမီးလေးမျက်လုံးက ဘာမှမဖြစ်ဘူး သိလား။။ ပြန်ကောင်းလာလိမ့်မယ်။။ ခုက ထိခိုက်မိထားလို့ ပတ်တီးစည်းထားတာပါ။။"
မေမေ့ဆီက ညည်းရှိုက်သံ၊ ဖေဖေက ဟန့်တားပြီးမှ ဝင်ဖြေသံတွေအရ သူမမျက်လုံးဒဏ်ရာက သာမာန်မဟုတ်တာကို သစ္စာညို သိလိုက်၏။။
"ဖေဖေ သမီးစိတ်ကို ဖေဖေတို့ အသိဆုံးပါ။။ အမှန်အတိုင်းပဲ သမီးသိချင်တယ်။။ ပြောပြပါ။။ မပြောပြရင် သမီး ကိုယ့်ကိုကိုယ် တစ်ခုခုလုပ်ပစ်မယ်။။"
သူမရဲ့စိတ်ကို သေချာသိသော မိဘများမို့ ဖေဖေက ပြောပြလိုက်တော့သည်။။ မျက်လုံးကို မှန်စများ စူးရှမှုကြောင့် သူမရဲ့ မျက်ကြည်လွှာတွေ ပျက်စီးသွားခြင်း။။ အလှူရှင် မပေါ်လာပါက သူမမျက်လုံးတွေ ပြန်မြင်မည် မဟုတ်တော့။။ အိုးးးးးးးးးးး သစ္စာညို စိတ်ထဲ ယောက်ယက်ခတ်အောင် မတည်ငြိမ်နိုင်စွာ ဝမ်းနည်းစိတ်တို့ လှိုက်တက်လာ၏။။ မျက်စိမမြင်တော့သော မိန်းမတစ်ယောက်ရဲ့ ဘဝက ဘာတွေများ စွမ်းဆောင်နိုင်တော့မှာလည်းလေ။။ တစ်ဆက်တည်းတွေးမိသော အတွေးတစ်ခုကြောင့် သစ္စာညို ပါးစပ်ကို လက်နှင့်ပိတ်ပြီး ငိုချမိတော့သည်။။ မောင်နှင့်သူမရဲ့ဘဝ ရှေ့ဆက်ဖို့။။ ဟင့်အင်း သစ္စာညိုကြောင့် မောင့်ဘဝတက်လမ်းတွေ ပိတ်သွားမှာပေါ့။။ ထက်မြက်ပြီး တက်လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ မောင့်ဘဝကို သူမလို မျက်မမြင်တစ်ယောက်ကြောင့်တော့ မပိတ်ပင် မနှောင့်နှေးစေရ။။

"မေမေ..ဖေဖေ..မောင်လာရင် သမီးဆီ မလွှတ်လိုက်ပါနဲ့။။။ သမီးမောင်နဲ့ မတွေ့ချင်တော့ဘူး။။ မောင့်ကို သမီးဆီ မလာပါစေနဲ့တော့နော်။။။"
ပြောရင်း ကျောတွေလှုပ်အောင် ရှိုက်ငိုလိုက်တော့ မေမေက သူမလက်မောင်းလေးကိုင်ပြီး မငိုရဘူးလေ
သမီးလေး နေကောင်းသေးတာလည်း မဟုတ်ဘူး။။ သမီးဖြစ်စေချင်တာ အကုန်လုံး ဖြစ်အောင် မေမေတို့ လုပ်ပေးမယ် စိတ်ချနော် သမီးလေး ဟုပြောကာ နှစ်သိမ့်၏။။ သမီးတစ်ယောက်တည်း နေချင်တယ် မေမေရယ်ဟု ပြောလိုက်တော့ မိဘတွေက နားလည်စွာ အပြင်ထွက်ပေးကြသည်။။ သစ္စာညို ကျိတ်ငိုရင်း အပြင်မှာမိုးရွာ နေကြောင်း အကြားအာရုံအရ သိလိုက်ရသည်။။ သြော်.. ဒီမိုးသာ ကျိုက်ထိုမြို့မှာ ရွာခဲ့ပါက သူမတို့ပြန်ဖြစ်မှာမဟုတ်။။ ဒါဆို ဒီအဖြစ်မျိုးလည်း ကြုံရမှာ မဟုတ်ခဲ့။။ အခုတော့.....။။။







ဆေးရုံပေါ်မှာ တစ်လကျော်လောက် ဆေးကုသမှုခံယူပြီးနောက် သက်ခိုင်ရော၊ သစ္စာညိုပါ ဆေးရုံမှ ဆင်းခဲ့ကြတော့၏။။ မျက်စိကွယ်သွားသော မိန်းမတေစ်ယောက်နှင့် အောက်ပိုင်းသေ သွားသော ယောင်္ကျားတစ်ယောက်တို့ အဖြစ် သိမ်ငယ်စိတ် ကိုယ်စီနှင့် သူတို့နှစ်ယောက် တွေ့ဆုံဖို့ကို အကြောက်အကန် ငြင်းဆန်ခဲ့ကြသည်။။ မိဘများကလည်း တဖြည်းဖြည်းတော့ နားဝင်အောင် ပြောနိုင်မှာပါလေဟူသော အတွေးများနှင့် စည်းရုံးကြည့်နေဆဲ။။ မချိသောရင် တို့ဖြင့် အဖြစ်မှန်များကိုတော့ နှစ်ယောက်လုံးကို ပေးမသိကြသေး။။။
"ဟ..မောင်အေးဆောင်ကြီးပါလား။။ လာကွာ။။"
အောက်ထပ်မှ ဖေဖေ့အသံကြောင့် အေးဆောင် ရောက်လာတာကို သက်ခိုင်သိလိုက်သည်။။ ဆေးရုံမှာ ရှိနေစဉ်တုန်းကလည်း သူငယ်ချင်းတွေ နေ့စဉ်မပြတ်ခဲ့။။ အေးဆောင်ကတော့ လူလွတ်မို့ မကြာခဏ ရောက်ရောက်လာတတ်တာလေ။။။
"ဦးတို့ ဒေါ်ဒေါ်တို့ နေကောင်းကြရဲ့ မဟုတ်လားဗျ။။ ဟိုကောင်ကြီးရော။။"
"အေး..ကောင်းပါတယ်ကွာ။။ မင်းသူငယ်ချင်းကတော့ အပေါ်ထပ် သူ့အခန်းမှာပဲဝေ့။။"

ဒါဆို ကျနော် အပေါ်တက်လိုက်ဦးမယ်ဗျာ ဟုပြောပြီး အေးဆောင် အပေါ်ထပ် တက်လာသံကြားလိုက်ရသည်။။ ခဏနေတော့ သူ့အခန်းထဲ အေးဆောင် ရောက်လာ၏။။ သက်ခိုင် ဝှီးချဲပေါ်မှ အသာလှည့်ကြည့်တော့ ပြုံးပြပြီး ကောင်ကြီး နေကောင်းလား ဟုမေးသည်။။
"ကောင်းပါတယ်ကွာ။။ အေးဆောင် လာကွာ လသာဆောင်မှာ စကားပြောကြတာပေါ့။။ ဒါလေးနဲ့လေ။။"
မင်းတောင် အရက်တွေ တော်တော်သောက်နေပြီပဲ သက်ခိုင်ရ ကောင်းကွာ ဟုပြောပြီး အေးဆောင်က သူ့နောက်မှ လိုက်လာ၏။။ လသာဆောင်မှာက မိုးမရွာလျှင် စားပွဲလေးထုတ်ပြီး သက်ခိုင် စာဖတ်တာမို့ ခေါက်စားပွဲလေးတစ်လုံးက အဆင်သင့် ရှိနေသည်။။ သူတို့ ထိုင်လိုက်ကြတော့ အေးဆောင်က
"သက်ခိုင်.. မင်းကို ငါပြောစရာရှိတယ်။။"
"ဘာလဲ ညိုနဲ့ ငါ့ကိုပေးတွေ့ဖို့လား။။။ မဖြစ်နိုင်ဘူး အေးဆောင်။။ အဲဒါတော့ မပြောနဲ့။။ ငါ့ဘဝ၊ ငါ့ကိုယ်ငါထက် ညို့ကို ငါပိုချစ်တယ်။။ အဲဒါကြောင့်ကို ငါသူနဲ့ ဒီတစ်သက်မတွေ့တော့ဘူး။။။"
သက်ခိုင်ရဲ့ ပြတ်သားစွာ ပြောနေသော စကားတွေကို နားထောင်ပြီး အေးဆောင်က ရယ်လိုက်သည်။။ ပြီးမှ
"ငါ.ရန်ကုန်ကို မနေ့ကတည်းက ရောက်နေတာ သက်ခိုင်။။ မနေ့က သစ္စာဆီကို ငါသွားခဲ့တယ်။။ မင်းလိုပဲ ခါးခါးသီးသီး ဖြစ်နေတယ်။။ ငါဘယ်လိုမှ ဖျောင်းဖျလို့လည်းမရဘူး။။ သူကလည်း မင်းနဲ့ လုံးဝ မတွေ့ချင်ဘူးတဲ့။။ မင်းတွေးကွာ။။ သူနဲ့မင်းက အရမ်းချစ်ကြတဲ့ သူတွေ သူကဘာဖြစ်လို့ မင်းကို မတွေ့ချင်ရတာလဲ။။"
သက်ခိုင် တွေခနဲဖြစ်သွားသည်။။ သူ့ခြေထောက်တွေအကြောင်း သိသွားလို့ ညိုက သူနဲ့တွေ့ဖို့ ငြင်းတာတော့ လုံးဝမဖြစ်နိုင်။။ ဒါဆို.. သက်ခိုင် စိတ်ထဲ ထင့်ခနဲဖြစ်သွားသည်။။
"အေးဆောင် ညို ဘာဖြစ်နေသလဲ။။ ငါ့ကို ပြောပြ။။ ငါ့ကိုပြောပြပါကွာ။။"
"အေးပါ.. ငါအဲဒါကို ပြောပြချင်လို့ ဒီကိုလာခဲ့တာသက်ခိုင်။။ နှစ်ဖက်မိဘတွေ မပြောရက်လို့ မပြောကြတော့ မင်းတို့ မသိကြတာကို ငါက သိအောင်လာပြောတာပါ။။ မနေ့ကလည်း သစ္စာကို ငါအခုမင်းကိုမေးသလို မေးထားခဲ့တယ်။။"
အပြင်ဘက်ဆီမှ လေပြင်းတစ်ချက် မွှေ့တိုက်လာသည်။။ မိုးရွာဦးတော့မည် ထင်ပါရဲ့။။ ကောင်းကင်မှာတော့ မိုးတိမ်မည်းမည်းတို့ မတွေ့ရ။။
"မိုးရွာမယ်ထင်တယ်ကွ။။ အင်း လွန်ခဲ့တဲ့ နှစ်လလောက်တုန်းကလည်း ငါတို့ ဒီလိုပဲ ခန့်မှန်းခဲ့ကြတာပဲနော။။ သက်ခိုင်ရာ အဲဒီအချိန်တုန်းကသာ မိုးတကယ်ရွာခဲ့ရင် မင်းတို့ ဒီလိုဖြစ်မှာ မဟုတ်ဘူးနော်။။"
အေးဆောင်က ဆေးလိပ်ကို ရှိုက်ဖွာလိုက်ရင်း ဝမ်းနည်းသံဖြင့်ပြောသည်။။ သက်ခိုင်စိတ်တွေက လောနေလေပြီတည်း။။။
"အေးဆောင်..ညို ဘာဖြစ်သလဲ ဆိုတာ မြန်မြန် ပြောပြပါကွာ။။"
"အေး..မင်းမတွေးလို့ပေါ့ သက်ခိုင်ရာ။။ မင်းတောင် ဒီလိုဖြစ်သွားတဲ့ထိ ပြင်းထန်တဲ့ ကားမှောက်မှုမှာ ညိုကရော ဘာမှ မဖြစ်ပဲနေမလား။။ အဲဒီကေ့စ်မှာ ညို လက်ကျိုးသွားတယ်။။ အဲဒါက ပြန်ကောင်းပေမယ့် သူ့မျက်လုံးတွေကို စူးတဲ့ မှန်စတွေကြောင့် မျက်လုံးနှစ်ဖက်ကတော့ လုံးဝကို ကွယ်သွားခဲ့ရတယ် သက်ခိုင်။။။"
ဘာ..ညို မျက်စိကွယ်သွားတယ် ဟုတ်လားအေးဆောင် ဟုသက်ခိုင် အလန့်တကြား အော်လိုက်မိသည်။။ မိုးကောင်းကင်ကြီး ဆီမှ မိုးဖွဲလေးများ စတင်ကျဆင်းလာပြန်သည်။။ ခြံတံခါးဝဆီမှ ကားတစ်စီး ကွေ့ဝင်လာတာ တွေ့လိုက်ရ၏။။ ခဏနေတော့ ဧည့်ခန်းဆီမှ
"ဒေါ်ဒေါ်..ဦး.. မောင် ဘယ်မှာလဲဟင်။။ မောင့်ဆီ လိုက်ပို့ပေးပါ။။ မောင့်ဆီ ပို့ပေးပါ။။"
ငိုသံပါနှင့် ပြောနေသော ညို့ အသံကို ကြားလိုက်ရသည်။။ ညို့အဖေနှင့် အမေ၏ အသံကိုလည်းကြားရ၏။။ အေးပါသမီးရယ် လိုက်ပို့ပေးမှာပေါ့ လာလာဟု ပြောလိုက်သော မေ့မေ့ အသံနှင့်အတူ အပေါ်ထပ်သို့ တက်လာသော ခြေသံများကို ကြားရသည်။။ကျနော်တို့ လသာဆောင်မှာ ဒေါ်ဒေါ်ဟု အေးဆောင်က အသံပြုလိုက်၏။။
"မောင်..မောင် ဘယ်မှာလဲဟင်။။"


လက်ကို ဆန့်ထုတ်ရင်း တကြော်ကြော် ခေါ်နေသော ချစ်သူ။။ သက်ခိုင် မျက်ရည်တွေ စီးကျလာ၏။။ ညို မောင် ဒီမှာဟု အသံပြုလိုက်တော့ သူ့ဆီသို့ ညိုက ပြေးလာ၏။။ လဲမှာ စိုးသဖြင့် အေးဆောင်က လှမ်းထိန်းလိုက်သည်။။ ညိုက ဝှီးချဲလ်ပေါ်မှ သူ့ရင်ခွင်ထဲ ခိုဝင်ငိုကြွေးတော့ သက်ခိုင် တင်းကျပ်နေအောင် ပြန်ဖက်ထားမိသည်။။ မိုးရေစက်တို့က ခပ်စိပ်စိပ် ကျလာပြီမို့ သူတို့ဆီသို့ပါ လှမ်းပက်လာ၏။။ သို့သော်လည်း မည်သူမျှ မိုးရေစက်များကို သတိမထားမိကြတော့။။
"အေးဆောင် လာပြောတာ နားထောင်ပြီး ညို စိတ်ထဲထင့်သွားတာ။။ သူပြန်တော့ မေမေတို့ ဖေဖေတို့ကို အတင်းမေးတော့မှ ညို မောင့်အကြောင်းတွေ သိလိုက်ရတာ။။ သိသိချင်း ညို မောင့်ဆီ လာချင်လိုက်တာမောင်ရယ်။။ မိုးကတအားချုပ်နေတာမို့ ဒီအချိန်မှ မောင့်ဆီ ရောက်လာရတာ။။"
သူ့ရင်ခွင်ထဲမှ ရှိုက်ကြီးတငင်ပြောနေသော ချစ်သူကို သက်ခိုင် မြတ်နိုးမဝစွာ ငေးကြည့်နေမိသည်။။ ပြီးမှ မောင်လည်းခုပဲ သိရတာညိုရဲ့ အေးဆောင်ကြီး လာပြောတာပဲလေဟု ပြန်ပြောလိုက်၏။။
"မောင် ညိုမောင့်ကို အရမ်းချစ်တယ်။။ မောင်လည်းညို့ကို အရမ်းချစ်တာ ညိုယုံတယ်။။ အစတုန်းက ညိုတို့ အဖြစ်မှန်ကို

မသိခဲ့ကြလို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်နော်။။ မောင်ရယ် ခုဆို မောင်ရော ညိုရော သိကြပြီ။။ ညို့အတွက် မောင်ရှိဖို့ လိုအပ်သလို၊ မောင့်အတွက်လည်း ညိုရှိနေဖို့ လိုအပ်တယ်လေ။။ ညိုက မမြင်ရဘူး၊ လမ်းတော့ လျောက်နိုင်တယ်။။ မောင်က လမ်းမလျောက်နိုင်ဘူး၊ မျက်လုံးတော့ မြင်ရတယ်။။ မောင်..ညိုတစ်ခု တွေးမိတယ် သိလား။။ ဒီမိုးရာသီ..မိုးရေစက်တွေက သက်ခိုင်ဆိုတဲ့ ယောင်္ကျားတစ်ယောက်နဲ့ သစ္စာညိုဆိုတဲ့ မိန်းမတစ်ယောက်ကို တစ်ယောက်တည်း ဖြစ်သွားအောင် လုပ်ပေးခဲ့တာလို့လေ။။။ ပြီးခဲ့တဲ့ နှစ်လ လုံးမှာတော့ ညိုလေ အဲဒီမိုးရေစက် တွေကို မုန်းလိုက်တာ။။ သူ့ကြောင့် ညိုတို့ချစ်ခြင်းတွေ ပြိုကွဲရပြီလို့တွေးမိလို့။။ အခုတော့ ညို အဲဒီမိုးရေစက်တွေကို ချစ်သွားပြီ။။ မိုးရာသီကြီးကိုလည်း ကျေးဇူးတင်သွားပြီမောင်။။ ခုဆို ညိုတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အရမ်းကို လိုအပ် နေကြပြီလေ။။။"
သစ္စာညိုက သူ့ရင်ခွင်ထဲမှနေ လက်နှစ်ဖက်ကို ဖြန့်ပြီး ပက်ဝင်လာသော မိုးရေစက်တို့ကို ခံယူနေသည်။။ သူမမျက်နှာက ပူပင်သောကတို့ ကင်းဝေးလျက်။။ သက်ခိုင်လည်း ညို့စကားတွေကို သဘောကျစွာ ပြုံးလျက်။။ အေးဆောင်ကတော့ သူ့လုပ်ဆောင်ချက် အောင်မြင်သဖြင့် ကြည်နူးပြုံးနှင့် ခေါင်းတငြိမ့်ငြိမ့်။။ မိဘနှစ်စုံကတော့ မျက်ရည်များနှင့် ပြုံးနေကြသည်။။။ အဆိုးဆုံးကြုံထားသော သားနှင့် သမီးရဲ့ အဆိုးထဲက ကောင်းကွက်ကို ရှာပြီး ပြောသွားသော စကားတွေကိုတော့ မချိပြုံးတွေကြားမှ သေချာကို မှတ်မှတ်သားသားရှိသွားကြတော့၏။။။ သြော်..တကယ်ဆို ဒီမိုးရာသီ၊ ဒီမိုးရေစက်များအောက်မှာ သူတို့ ဒီအဖြစ်ဆိုးကို ကြုံခဲ့ကြတာပါ။။ ဒါကိုတောင်မှ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်က လိုအပ်ခြင်းကို ပိုမိုဖြစ်ပေါ်စေဖို့၊ သူတို့အချစ်တွေကို မှတ်ကျောက်တင်နိုင်ဖို့ ဖန်တီးပေးလိုက်တဲ့ မိုးရာသီဆိုပါလား။။။ သြော်..သူတို့နှစ်ယောက်ရဲ့ မိုးရာသီက သူတို့အတွေးနှင့် သူတို့တော့ ဟုတ်နေကြတာပါလား။။။။။။။။။။



လေးစားလျက်
အလင်းသစ်
Ref: http://alinthits.blogspot.com.au/2011/06/blog-post.html

လှည်းကူးမြို့နယ်က စိမ်လန်းမြေ ပရဟိတအဖွဲ့


စိမ်လန်းမြေ ပရဟိတအဖွဲ့ ပေါ်ပေါက်လာပုံ
စိမ်းလန်းမြေ ဟု ဆိုရာဝယ်..... ရန်ကုန်းတိုင်း ဒေသကြီး၊ လှည်းကူးမြို့၊ မြို့လယ် လမ်းဆုံမှ ဖောင်ကြီးမြို့ဆီ သွယ်တန်း ထားသော ကတ္တရာခင်း လမ်းလေးက သစ်ပင် တန်းများ တစ်ဖက် တစ်ချက်စီမှာ စိမ်းလန်းစွာ ဖြင့် မြို့ပြ၏ ဆူညံ ခြင်းများ ကင်းစင်လျက် ။ ဘေး တစ်ဖက် တစ်ချက်စီ မှာတော့ စိမ်းစို နေသော လယ်ကွင်း ပြင် ကြီးများ တည်ရှိ နေသည်။။ ထိုလမ်းကလေးရဲ့ အလယ်လောက် နေရာတွင် လှည်းကူးမြို့ ဆီလည်းမမှီ ဖောင်ကြီး မြို့ဆီလည်း မမှီပဲ ညောင်တုန်းဟု အမည် ရသော ရွာကလေးက ထီးထီး တည်ရှိနေ၏။ လက်လုပ်၊ လက်စား တောင်သူ၊ လယ်သမား များမို့ ရွာသူ၊ ရွာသား များ၏ လူနေမှု ဘဝများ ကလည်း ပင်ပန်း ခက်ခဲ လွန်း ကြရှာသည်။


ထို ရွာကလေး အနီး အင်ကြင်း တောင်ခြေ မှာတော့ မြန်မာ့ မြေပေါ်မှာ စီးပွား ရှာခဲ့သော ထိုင်ဝမ်မှ တရုတ် သူဌေး တစ်ဦးက မြေဧက များစွာ ဝယ်ပြီး မိဘမဲ့ ကလေးငယ် တို့အတွက် ပရဟိတကျောင်း တစ်ကျောင်း တည်ပေး ခဲ့လေသည်။။ ထို ကျောင်းကလေး နာမည်က "မြန်မာ စိမ်းလန်းမြေ လူငယ် ဖွံ့ဖြိုးရေး ပရဟိ တ ဂေဟာ"ဟူ ၏ ။ တရုတ် သူဌေး ပြည်တော် အပြန် မှာတော့ ထို ကျောင်း ကလေးမှာ ထောက်ပံ့ ပေး မည့် သူမဲ့စွာ အခက်ကြုံ ရရှာတော့သည်။။ ထို့ကြောင့် ကျောင်းအုပ် ဆရာမကြီး မှနေ၍ နိုင်ငံခြား ဘာသာ တက္ကသိုလ်မှ ဆရာကြီး ဦးလှမိုးအား ဖွင့်ဟ တိုင်ပင်ရင်း အကူအညီ တောင်းခံခဲ့ရာ လစဉ်တိုင်း အတွက် (၈)သိန်းကျပ်ဖြင့် ခက်ခက်ခဲခဲ လည်ပတ် နိုင်ခဲ့ ရသည်။။

စိမ်းလန်းမြေရဲ့ အစ...

ထိုကဲ့သို့ ဝန်ထမ်း အင်အား ကလည်း နည်းနည်းဖြင့် ခက်ခက်ခဲခဲ လည်ပတ် နေစဉ်မှာ ကျောင်းမှ ကလေးငယ်များ ဖျားနာမှုများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ထိထိ ရောက်ရောက် ပေးနိုင်ရန်မှာ အခက်ခဲဆုံး အခြေအနေထိ ဖြစ်လာခဲ့ လေ၏။။ မြို့နှင့်ဝေးပြီး ခရီးဝေး လွန်းလှသဖြင့် မည်သူက မျှလည်း ထိုကျောင်းသို့ မလာလိုခဲ့ကြ။။ ထို့ကြောင့်ပင် ဆရာကြီးဦးလှမိုးမှ ကမ်းလှမ်း ဖိတ်ခေါ် စကားဆို လာသဖြင့် ဆရာဝန် လူငယ် ကိုစိုင်းက လူငယ်ပီပီ တက်ကြွစွာဖြင့် သမားကောင်း စိတ်ဓာတ်ကို ပြကာ လက်ခံ ကုသပေးဖို့ တာဝန် ယူလိုက်သည်။။




အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ထို ကျောင်း ကလေးဆီ သွား ရောက်ပြီး ဆေးကုသမှု ပေးခဲ့ရာတွင် ထိုကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များ သာမက၊ ရွာထဲမှ လူနာများ၊ ထိုမှတဆင့် ရွာနီးချုပ်စပ်မှ လူနာများပါ အားကိုး တကြီးဖြင့် လာရောက် ခဲ့ကြသည်။။ သမားကောင်း စိတ်ဓာတ်ဖြင့် နာဖျား နေသော လူနာများကို မပစ်ပယ် ရက်သော ကိုစိုင်း တစ်ယောက် အကြီး အကျယ် အခက်ကြုံ ရလေပြီ။။ သူ့အတွက် ပံ့ပို့ပေး ထားသော ဆေးပစ္စည်းများက ကျောင်းမှ ကလေး များကို ကုသရန် အတွက် သာ ဖြစ်သဖြင့်၊ ဆေးက မလုံ လောက် နိုင်တော့ပေ။ ထို့ကြောင့် ဆရာကြီး ဦးလှမိုးထံ မည်သည့် ဆေးဝါးမှ ထောက်ပံ့ ပေးရန်မလို၊ မိမိက လူအားသာမက ဆေးဝါးပါ စိုက်ထုတ်၍ ကုသပေးပါမည်၊ ရွာသူ ရွာသား များကိုပါ ကုသခွင့်ပြုပါဟု ခွင့်ပန်လိုက်ပြီး လူအားသာမက ဆေးဝါးများပါ စိုက်ထုတ် ကုသပေးခဲ့လေ၏။။




တစ်ပတ် တစ်ရက် ဖွင့်သော ကိုစိုင်း၏ ဆေးခန်း လေးက ထိုအနီးနား ရွာနီး ချုပ်စပ်၏ အားကိုးရာ ဖြစ်လာ သဖြင့် တစ်ယောက် တည်းနှင့် မည်သို့မျှ မနိုင်နိုင်တော့။။ လူနာနှင့် ဆရာဝန် အားမျှနိုင်ဖို့ သူငယ်ချင်းဖြစ်သူ ကိုညီကို အကူအညီ တောင်းခံ ခဲ့ရတော့သည်။။ သမားကောင်း ပီသခဲ့ ကြသော သူငယ်ချင်း နှစ်ယောက် သားတို့ တနင်္ဂနွေ နေ့တိုင်း လူနာများနှင့် မမောနိုင်၊ မပမ်းနိုင် လုံးပမ်းရင်း ကုသ ပေးခဲ့ကြ၏။။ ထိုသို့ကုသပေးရန် အတွက် သူတို့ သူငယ်ချင်း နှစ်ယောက်၏ ပုံမှန် ဆေးခန်းထိုင် ဝင်ငွေသာမက၊ မုန့်ဖိုးများပါ စိုက်ထုတ် ထည့်သွင်းခဲ့ကြရသည်။


သို့ပါသော်လည်း မြို့ဆေးခန်းများနှင့် အလှမ်း ဝေးလှသော ကျေးလက်နေ ရွာသူ ရွာသားများ၏ အားကိုး၊ အားထားမှုများ ကြားမှာ သူတို့နှစ်ယောက်၏ အားများ ကလည်း လုံလောက်မှု မရှိနိုင်ခဲ့။။ ထို့ကြောင့် မိခင် ကျောင်းတော်သို့ ပြန်သွားကာ အခြေအနေကို ပြောပြရင်း တတ်အားသမျှ ကူညီ ဖို့ပြောခဲ့ရာ ကျောင်းမပြီး သေးသော ဆရာဝန် လောင်းလေးများက ငွေအား၊ လူအားဖြင့် တစ်တပ်တအား ပါဝင်ကူညီပေး ခဲ့ကြသည်။။ ၄င်း ဆရာဝန်လောင်းများနှင့် ဆက်စပ်ပြီး တခြားသော ကျောင်း၊ တက္ကသိုလ် အသီးသီးမှလည်း စေတနာရှင် ကျောင်းသူ၊ ကျောင်းသား ကြယ်ပွင့်များ အစင်းစင်း လင်းလက် လာသော အခါမှာတော့ ကိုစိုင်းစတင်ခဲ့တဲ့ ဆေးခန်းလေးက ငွေအား၊ လူအား ပြည့်စုံ စွာဖြင့် လည်ပတ်နိုင် ခဲ့တော့သည်။။
စိမ်းလန်းမြေဟု စတင်သည်...

ငွေအား၊ လူအား တောင့်တင်း လာသော အခါမှာတော့ ပရဟိတ စိတ်ဓာတ်တို့ ထက်သန်သော လူငယ်များပီပီ အခြားသော ပရဟိတ လုပ်ငန်းများ ကိုပါ အဖွဲ့လေးဖွဲ့ပြီး လုပ်ဆောင် လိုစိတ်များ ဖြစ်ပေါ်လာခဲ့ ကြသည်။။ ထို့ကြောင့် "လိုအပ်သော နေရာတွင်၊ လိုအပ်သော သူအတွက်၊ လိုအပ်သော အရာကို" တတ်အားသမျှ ပေးစွမ်းချင် ကြသော စိတ်ဓာတ်တို့ ထပ်တူ ကျချိန်တွင် "မြန်မာ စိမ်းလန်းမြေ လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ" မှ စတင်ခဲ့သဖြင့် စိမ်းလန်းမြေ ဟုပင် အမည်ပေးခဲ့သော အဖွဲ့လေးတစ်ခု စတင်ကာ ဖြစ်တည် လာခဲ့တော့သည်။။ ထိုအဖွဲ့လေးက အထူးတလည် ဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည် များကတော့

(၁) ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်လိုအပ် သူများအတွက် ထိရောက်သော ကျန်းမာရေး စောင့်ရှောက် မှုများပေးရန်။။

(၂) ပညာကို လိုလား ပါလျက် မတတ်နိုင်သူများ အတွက် ကောင်းမွန်သော ပညာရေး စောင့်ရှောက် မှုများပေးရန်။။

(၃) "ဥတုရာသီ တောကိုမှီ" သဖြင့် သစ်ပင်များကို ထိန်းသိမ်းခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြရန်။။

ဟူ၍ သတ်မှတ် ခဲ့ကြသည်။။

အဆိုပါ ရည်ရွယ်ချက် များနှင့် စိမ်းလန်းမြေ အဖွဲ့ အသစ် စက်စက်လေးသည် တစ်ခုသော နေ့ရက်မှာတော့ အမှန်တကယ်ပင် စတင် သက်ဝင် လှုပ်ရှား လာခဲ့တော့၏။။ ထိုနေ့လေးကတော့ "မြန်မာစိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ" တည်ရှိရာ ညောင်တုန်း ရွာအနီး အင်ကြင်း တောင်ကြီး မှ ခြုံနွယ်၊ ပိတ်ပေါင်း များကို ရှင်းလင်းပြီး အရိပ်ရ အပင်များကို စိုက်ပျိုးခဲ့ ကြသော နေ့လေးဖြစ်သည်။။



အင်ကြင်း တောင်ပေါ်ရှိ ခြုံနွယ်၊ ပိတ်ပေါင်း တို့ကြောင့် မြွေအန္တရာယ်၊ နွေကာလတွင် မီးဘေး အန္တရာယ် များကိုပါ စိုးရိမ်ရသဖြင့် အခကြေး ငွေပေးပြီး ရှင်းလင်းရန် ဆရာကြီး ဦးလှမိုးမှ စီစဉ် ခဲ့သော်လည်း အဆင်မပြေခဲ့။။ ထို့ကြောင့် စိမ်းလန်းမြေ မောင်နှမများမှ ဦးစီးကာ ညောင်တုန်း ရွာတွင်း ဆေးကုဆင်းရင်းမှ အရိပ်ရ အပင်များ၏ ပတ်ဝန်းကျင်ကို အကျိုးပြုပုံ အကြောင်း တစ်အိမ် တက်ဆင်း ဆွေးနွေး ရှင်းပြ အကူညီ တောင်းခံ ခဲ့ကြသည်။။ "စေတနာ သည် ရောင်ပြန် ဟပ်မြဲဖြစ်၏" ဟူသော ဆိုရိုး စကားသည် တကယ် လက်တွေ့ ကြုံစဉ်မှာတော့ ကြက်သီး ထသည်ထိ ကြည်နူး ဝမ်းသာ စေခဲ့လေ၏။။ အကူအညီ တောင်းခံ ထားသော နေ့ရက်မှာတော့ ရွာလုံးကျွတ်မျှ အဘိုး၊ အဘွားများပါ မနေကြပဲ အကူအညီ ပေးရန် လာရောက် ခဲ့ကြသည်။။ ဤအဖွဲ့လေး၏ ကျေးဇူးကို တပြန်တလှည့် ဆပ်ခွင့် ရချင်နေ ကြရှာသော အဘိုး၊ အဘွားတို့ကို အတော် တောင်းပန်ပြီး လုပ်အား ပေးလာသော အဖွဲ့များကို ကျွေးမွေးရန် အတွက် ချက်ပြုတ် နေသည့် နေရာတွင်သာ ကူညီပေး ဖို့ရန် မေတ္တာ ရပ်ခံခဲ့ကြရ သည် အထိပင်။။


ထိုသို့ စတင် ဖြစ်တည် လာခဲ့သော စိမ်းလန်းမြေ ပရဟိတ အဖွဲ့သည် ယခုအခါ တွင်တော့ ဖြူစင်သော စေတနာတို့ အရောင်ပြန် ဟပ်ခဲ့ပြီမို့ စိတ်ဓာတ်တို့ ထပ်တူကျကာ တွဲလက်တို့ မြဲဆက် ခဲ့ကြပြီး အဖွဲ့ဝင် အသစ်များ တစ်တပ် တအား ပါဝင်လာ ကြသည်မို့ မြောင်းတကာ၊ မိထ္ထီလာစ သဖြင့် အဖွဲ့ခွဲ များခွဲကာ အကူအညီ လိုအပ်သော နေရာများဆီသို့ ထိထိ ရောက်ရောက် ထဲထဲ ဝင်ဝင် အကူအညီ ပေးနိုင်ရေး ကြိုးစား လုပ်ဆောင် လျက် ရှိနေလေ ပြီတည်း ။ ထို့အပြင် အဖွဲ့ပိုင် Website ဖွင့်ကာ လုပ်ဆောင်ချက် များကို တင်ပြပေး နိုင်ခဲ့သဖြင့် ပြည်ပ မှလည်း အဖွဲ့ဆီသို့ အဖွဲ့ဝင်များ အဖြစ် ဝင်ရောက် လာကြရာ၊ ယခုအခါတွင် စင်္ကာပူအဖွဲ့ခွဲ၊ ဂျပန်အဖွဲ့ခွဲနှင့် မော်စကိုအဖွဲ့ခွဲ ဟူ၍ ထပ်တိုး ပွားများ လာခဲ့လေပြီ။ ရှေ့သို့ဆက်၍လည်း မိမိတို့ ဦးတည် ရည်ရွယ် ထားသည့် အတိုင်း မသွေမဖယ် မတိမ်း မစောင်းစေပဲ  အမိမြေ အတွက် တတ်အားသမျှ ပေးဆပ်ကာ ရှေ့ဆက်နေဦးမည် ဖြစ်လေတော့၏။


စိမ်းလန်းမြေ ပရဟိတ အဖွဲ့အနေဖြင့် ထင်ပေါ် ကျော်ကြား လိုခြင်း၊ အသိ အမှတ်ပြု ခံလိုခြင်း၊ အထောက် အပံ့ရလိုခြင်း တည်းဟူသော ရယူလိုခြင်းများ ကင်းပလျက် မိမိတို့ကသာ တတ်အားသမျှ စိုက်ထုတ် ပေးဆပ် လိုကြသော မြန်မာ လူငယ်များဖြင့် ဖွဲ့စည်း ပေါင်းစုကာ ငွေတတ် နိုင်သူကငွေ၊ အချိန် တတ်နိုင်သူက အချိန်၊ လူအား တတ်နိုင်သူက လူအား စသည်ဖြင့် မိမိ တတ်နိုင်သမျှ စိုက်ထုတ်လျက် အမိမြေကို တတ် အားသမျှ ကျေးဇူး ဆပ်နေကြခြင်း ဖြစ်ကြလေသည်။။

မိတ်ဆွေ!!!!! သင့်တွင်လည်း တစ်စုံ တစ်ခုသော ပယောဂမပါပဲ ဖြူစင်သော ပရဟိတ စိတ်ထားဖြင့် ကုသိုလ်ပြုလို ပါက စိမ်းလန်းမြေမှ နွေးထွေးစွာ ကြိုဆို လျက်ပါလို့ အသိပေးလိုက်ပါရစေ။။။

စိမ်းလန်းမြေ ပရဟိတ အဖွဲ့လေးကို ဆက်သွယ်ချင် တယ်ဆိုရင်တော့……

http://www.seinlanmyay.org/     ,
http://facebook.com/seinlanmyay   ,
http://seinlanmyay.org/Forum/index.php    နဲ့
seinlanmyay@gmail.com တို့တွင် လာရောက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။။။

Ref:http://seinlanmyay-seinlanmyay.blogspot.com.au/2012/02/blog-post.html


တောရွာလေးမှာ ( မောင်မောင်)

ရန်ကုန်မြို့  နဲ့ အလှမ်းသိပ်မဝေး တဲ့ သူငယ်ချင်းတယောက်ရဲ့  ရွာကိုအလည်
လိုက်သွားခဲ့ ဖူးပါတယ်။ ခုနစ်တန်း နှစ်လောက် က ပေါ့။ ဒီသူငယ်ချင်း ကကိုယ့်
ထက် အသက် တစ်နှစ် လောက်ကြီးမယ်ထင်ပါတယ်။ သူက သူတို့ ရွာမှာဒီတန်
ဆောင်မုန်း လပြည့်ကျယင် ပွဲ ရှိကြောင်း နဲ့ အလည်လိုက်ခဲ့  ဖို့ ခေါ်တာကြောင့်
ကျောင်းပိတ်ချိန်လေး မှာ လိုက်သွား ဖြစ်ပါတယ်။

လှည်းကူး မြို့ နယ်အပိုင် အခုတော့ ဆရာအတတ်သင် ကျောင်း ဆောက်ထားတဲ့
ဒရယ်ဘို( အရှေ့ ပိုင်း) ကို ရန်ကုန် က နေပြီးတော့ ကား နဲ့ တစ်နာရီ လောက်စီး
သွားယင် ရောက်သွား ပါတယ်။ သူငယ်ချင်း က သုံးယောက်။ ရွာခံ အပါအ၀င်ပေါ့။
သူတို့  ဘကြီး အိမ်မှာ တည်းဖို့  ပြောထားပါတယ်။

တန်ဆောင်မုန်း လဆိုတော့ ကထိန်ခင်းတဲ့ ပွဲပါပဲ။ ရွာရဲ့  အရှေ့ ပိုင်း ဒရယ်ဘိုချောင်း
နဲ့ ကပ်လျှက် နားလေးမှာ တော့ ဘုန်းကြီးကျောင်းရှိပါတယ်။ သူ တို့  ဒရယ်ဘိုရွာအ
ရှေ့  ပိုင်း ရွာသား များ နဲ့ အနောက် ပိုင်းရွာသားတွေ ဟာ သိပ် တည့်လေ့ မရှိသလို
ပဲ ဘုန်းကြီး ကျောင်း ကလဲ ပဲ အရှေ့ တကျောင်း အနောက်တကျောင်း ကိုးကွယ်ကြ
ပါတယ်။

အိမ် ကနေပြီး တခြား သိပ်မသွားဖူးမလာဖူးတာကြောင့် အဲဒီ ရွာလေး ကိုရောက်တော့
အားလုံး ဟာ ကိုယ့်အတွက်တော့ ထူးဆန်းနေတာပေါ့။ ရန်ကုန် ပဲခူး လမ်းမ ဘေး က
နေပြီး ရွာကို ၀င်တဲ့ လမ်း အတိုင်း ညာဖက် ကိုဆင်းသွားယင် အဲဒီသူငယ်ချင်းဘကြီး
အိမ် ကိုရောက်ပါတယ်။

ရန်ကုန် က လာတဲ့ သူတွေ ဖြစ်နေတော့ သူတို့  ဘကြီး တစ်အိမ်သား လုံး ကဂရုစိုက်
ပြီး ဧည့်ခံကြတယ်။ အဲဒီရွာခံ သူငယ်ချင်း ကလည်း ပဲ သူ့ ဘကြီး ကို ဆိုး တတ်သူပါ။
ရောက်တာ နဲ့ အိမ်မှာ မကပ် ပဲ ဟိုသွားမယ် ဆို သူ့ နောက် လိုက်ရပါတယ်။ ဒီသွား
မယ် ဆိုလဲ သူ့ နောက် လိုက်ရတာပေါ့။

ကထိန်မခင်း ခင်မှာ ၃ ရက်လောက်ကတည်း က ရောက်နေတာပေါ့။ ရွာရိုး ကိုးပေါက်
ချုံတွေ့ ယင် ငှက်ပစ်၊ ဇီးသီးပင်တွေ့ ယင် တက်ခူး၊ နဲ့ လောက်လေး ဂွ တစ်ယောက်
တချောင်းနဲ့  ပါ။ ကိုယ် တွေ လဲ အဲလို မနေ ခဲ့ ဖူးတော့ ပျော်လိုက်တာ ပြောမနေပါနဲ့ ။
တရွာလုံး မရောက်တဲ့ ၀ါးရုံလဲ မရှိပါဘူး။ ငှက် လိုက်ပစ်ကြတာပါ။ ကျွန်တော် ကသိပ်
လက်မတည့်သလို တိရိစ္ဆာန် လေးတွေ ကို သတ်ဖြတ် ညှင်းဆဲ လို စိတ်မရှိသူမို့ ဟန်
ဆောင် ပန်ဆောင် လောက်လေးဂွ ကို ခါးကြား ညှပ်ထားပါတယ်။

အဲသလို ရွာတောင်ခြမ်း မြောက်ခြမ်း ကုန်ပြီ ဆိုယင် ညနေကျယင် တော့ သူတို့ အိမ်
မှာ သုံးဖို့  ရေစဥ့်အိုးထဲ ကို ရေထမ်းပြီးထည့်ပေးရပါတယ်။ ကိုယ်တွေ ရေချိုး ဖို့ ကို
လဲ ကိုယ်တိုင် ရေထမ်းထည့်ရတာပါ။ လှည်ကူး မြို့ နယ် တ၀ိုက်ဟာ ရေနဲနဲရှား ပါတယ်။
ဒီတော့ မိုး ရေလှောင် ကန် လုပ်ပြီးတော့ ရေ ကို သိုလှောင်ထားရတာပေါ့။ ရွာလယ်
ရေ ကန်မဟုတ်ပေမယ့် လည်း တရွာလုံး သုံးတဲ့  သောက်သုံးရေကန်ပေါ့။

အိမ် နဲ့  က သိပ်မဝေး တော့ ရေထမ်းရမယ့် ဆိုင်းထမ်း နဲ့ သူငယ်ချင်း သုံးယောက်
သွားကြပါတယ်။ ရွာခံ သူငယ်ချင်းက ရေထမ်းနေကျ ဖြစ်တာကြောင့် သူ ကတော့
ရေတထမ်း ကို ရွှတ်ခနဲ့ ကောက်ပြီး ထမ်းပိုး ကို လျှိုသွားလိုက်တာဟန် ကိုကျနေ
တာပါပဲ။ သူငယ်ချင်း နှစ်ယောက် ရေထမ်းပြီးတော့ ကျွန်တော့်အလှည့်ပေါ့ဗျာ။ဘယ်
ရမလဲ လေးထောင့် ရေပုံး နှစ်လုံး ကို ရေအပြည့်ထည့်ပြီး သကာလတော့ ယင် ထမ်း
ပိုး ကို ပက်ခုံး ပေါ်မှာ တင် ပြီးတော့ ထ လိုက်တာ။ ဖင်ထိုင် လျှက်လေး ကျသွားပါ
တယ်။

သူငယ်ချင်းတွေ က ၀ိုင်း ရယ်ကြတာပေါ့။ နောက်တခါ ထပ်ကြိုးစားပါတယ်။ ဆိုင်း
ထမ်း ကို ဒီတခါ ခြေ ခိုင်ခိုင်ထား ပြီးတော့ ထပါတယ်။ လမ်းလျှောက်တဲ့အခါ ကျတော့
ရေထမ်းနေကျ လူမဟုတ်တော့ ခါးလည်းမထိန်း တတ်၊ ဆိုင်းထမ်း ကလဲ ယမ်းတမ်း
ယမ်းတမ်း နဲ့ ကြည့်ရတဲ့ ရွာသားများ အဖို့  အတော် ကို မျက်စိနောက်စရာ ရေထမ်း
သမားလေး ပေါ့ ဗျာ။ ရယ် ခံလိုက်ရတာ လဲ မပြောပါနဲ့ ။ ဒါပေမယ့် ကိုယ် ချို့ မယ့်
ရေ ကို တော့ ကိုယ်ထမ်းချိုး ရတော့မှာ ဆိုတော့ လည်း မထမ်းမဖြစ် ပေါ့။ငယ်ငယ်က
တည်း က ဘုံဘိုင်ဖွင့် ချိုးလာတဲ့ သူ ကတော့ အခုလို အရွယ် ဆယ်သုံးလေးနှစ်မှာရေ
ထမ်းတာ အထာမကျတာ တော့ လဲ ပဲ ရှက်ဖွယ်တော့ မဟုတ်ပါဘူး။

နောက်တရက်ကျတော့ ယင် ရွာက ချောင်းမှာ ငါးရှာ ဖို့ သွားကြတယ်။ သူ ငယ်ချင်း က
ပိုက်ကွန်တွေဘာတွေ ယူလာပါတယ်။လှေ တစ်စီးရှာ ပြီး ချောင်းရိုး မှာ ပိုက်ကွန်ပစ်ကြ
ပါရဲ့ ။ ကိုယ်လဲ ကွန်ပစ်နည်းလေး ဘာလေ သင်လိုက်ပါတယ်။ ခဲ တွေ နဲ့ လေး လိုက်တဲ့
ပိုက်ကွန် ကို မနဲ ရေထဲ ကျအောင် ပစ်ယူရပါတယ်။ အပျော် ငါးရှာတာ ရတဲ့ ငါးတွေကို
လဲ ချောင်းထဲ ပြန်ပစ်ချလိုက် ဖမ်းလိုက်ပေါ့။ ဒီကြား ထဲ လှေပေါ် ကနေပြီး ထိုက်ထိုးချ
ရတာ အမောပဲ။

ခက်တာ က ချောင်းရေ က နောက်ကျိပြီး တော့ ညစ်တီး ညစ်ပတ် အင်မတန်နိုင်ပါတယ်။
အဲဒီ ရေတွေ နဲ့  တခါ ရေချိုး ဖို့  ရေကန် က ရေထမ်း ရပြန်ပါရောလား။ ကန်ဘောင် ပေါ်
အတက်မှာ ရေဆိုင်းထမ်း နဲ့ ကို့ ယို့ ကားယား လှုပ်ယမ်း ပြီးတော့ ချော်လဲ ကျပါသေးတယ်။
ရေမိုး ချိုး ပြီးတော့ ညနေပိုင်း ကျလာတဲ့ အခါမှာတော့ ရွာလည်ခေါင် က ထန်းရေဆိုင်ကို
ရောက် ပါတော့တယ်။ ထန်း ရေ ဆိုတာ တခါမှ မသောက်ဖူးသေးပါဘူး။ ထန်းတော ထဲက
ထန်းရည်တဲ ဖြစ်တာ ကြောင့် အစားအသောက် ပဲကြီးလှော် က လွဲပြီး ဘာမှ မရှိပါဘူး။ဒီ
တော့ ထန်းရည် မြူတစ်အိုး နဲ့ ပဲကြီးလှော် ကို ထိုင်စား ပြီးတော့ ပလပ်စတစ်ခွက်လေးတွေ
နဲ့  ထန်းရည်သောက်ကြပါတယ်။

ချဉ်စုပ်စုပ် စူးရှရှ ထန်းရည် အနံ့  ကြောင့် နှာခေါင်း ကို ပိတ် ပြီးဇွတ် မျိုချရပါတယ်။ အရသာ
ကလဲ မကြိုက်လို့ လားတော့ မသိဘူး အတော်ဆိုးပါရဲ့ ။ တစ်မြူ ( တစ်အိုး) ကို တစ်ကျပ်ခွဲ
လားတော့မသိဘူး။ ပဲကြီးလှော် တို့  မိတူးလေး ပဲလှော် တို့ က တစ်ထုပ် တစ်မတ်ပေး ရပါ
တယ်။ ကျောင်းသား ဆိုတော့ လဲ အိမ်က ပေးတဲ့ လမ်းစရိတ် သာသာ ရှိတဲ့ ငွေ လေး တစ်
ဆယ် ဆယ့်ငါး ကျပ် ကို မကုန်အောင် ချွေတာရတာပေါ့။ ထန်းရည် တဲ ကနေ ည ၉ နာရီ
လောက် ပြန်တဲ့ အခါကျတော့ ထန်းရည်မူးလာပါတယ်။

ရန်ကုန် လှည်းကူး လမ်းမကြီး ပေါ်မှာ ယိုင်တိ ယိုင်တိုင် နဲ့ လူငယ်သုံး ဦး ရွာအရှေ့ ပိုင်းဖက်
ကို မှောင် နဲ့ မည်းမည်း လမ်းလျှောက် ပြန်ခဲ့ ကြတာပေါ့။ တည်းတဲ့ ဘကြီး အိမ် မှာ ကတော့
မအိပ်သေးတော့ မောင်ရင် လူငယ်လေးတွေ ထန်းရည်( ထရေ) မူး ပြန်လာကြတာ ကိုသတိ
ထားမိကြပါတယ်။ ကိုယ် က မူးနေပြီ ဆိုတော့ ကိုယ်ခြေလှမ်းမှား နေတာ ကို မသိပါဘူး။ဘေး
က လူက သာ ဒီလူ ခြေလှမ်းတွေ ဘယ်တလှမ်းညာတလှမ်း ယိုင်တိယိုင်တိုင် လျှောက်လာ
တာ ပြုံးမိကြမှာပါ။

အဲသလို နဲ့  နောက်တရက် မိုး သောက်တဲ့ လေသောအခါ မှာတော့ တမူထူးအောင် ရွာခံသူ
ငယ်ချင်း ရဲ့  ဦးလေး ဒေါ်လေး အိမ် ကို သွားပြီး ၀မ်းကွဲ ညီအကိုတွေ ဆီ ကိုသွားလည်ယင်း
နဲ့  ကြက် ခိုးစားဖို့ အကြံ ရလာပါတယ်။ ဒါပေမယ့် ၀မ်းကွဲ ညီအကိုတွေ ကလည်းပဲ အလုပ်
သွားကြမှာ ဆိုတော့ သကောင့် သား သုံးကောင်ဟာ အိမ်ပေါ်ထပ်မှာ ထိုင်ပြီး လေကန်ယင်း
ဟိုဖက် အိမ်က ကြက်ဖ နယ်ကျွံ အလာ ကို စောင့်နေကြပါတယ်။

ဟိုဖက် အိမ် က အိမ်သား တွေ က လည်းတစ်ယောက်မှ မရှိပါဘူး။ ဒီတော့ လောက်လေးဂွ
တစ်လက် နဲ့ ဟန်ရေး ပြင်နေတဲ့ ရွာခံ က လည်းပဲ ကြက်ဖ ကို စားချင်လာအောင် ဆန်ကွဲ
လေးဘာလေး ပက်ကြဲထားလိုက်ပါသေးတယ်။ ဟော ကြက်ဖ ဟာ ကြက်မတအုပ် နဲ့အတူ
တူ ပဲ စွေစွေ စောင်းစောင်း နဲ့ ဗိုလ်လုပ်အုပ်ချုပ်နေတာ ကိုအိမ်ပေါ် က အသာချောင်းနေ
သူ လက်ဖြောင့် တပ်သားဟာ လောက်စာလုံး နဲ့  အတူ ခေါင်းတည့်တည့် ကို နောက်က
ချိန်ပြီး ပစ်လွှတ်လိုက်လို့ အငိုက် မိသွားပါတော့တယ်။

ထိပြီးတာ နဲ့တပြိုင် နက်ပဲ ရွာခံ သူငယ်ချင်း ဟာ အိမ်ပေါ် က ပြေးဆင်း ပြီးတော့ ကွိခနဲ
လည်ကို လိမ်ချိုး လိုက်ပါတော့တယ်။ နောက်သူငယ်ချင်း တယောက် က ဟေ့ကောင် အ
သေမသတ် နဲ့ ဦး ငါ လည်လှီးရဦးမယ် တဲ့ ။ သူ က မွတ်စလင် ဘာသာဝင်ပေါ့။ ဆင်းသွား
တဲံသူငယ်ချင်း ကြက် ကို လည်လိမ်လိုက်တာ အသက် က ထွက်သွားပါပြီ။ ဒီတော့ လည်
လှီးဖို့  ဓါးသွေး နေသူ မွတ်စလင်ဘာသာဝင် သူငယ်ချင်း က တော့ စိတ်ပျက်လက် ပျက် နဲ့
မင်း တော့ ကွာ ငါ့  ကို မစားရအောင် လုပ်လိုက်ပြီ တဲ့  ၀မ်းနည်း ပက်လက်ကြီး နဲ့ ပြောသံ
ကြားလိုက်ရပါတယ်။

ကိုယ့် ပရောဂ မကင်း တဲ့ ကြက်ခိုးစားတဲ့ အမှု့ ကတော့ ကိုယ်လဲ တရားခံ ဆိုယင်မမှားပေ
ဘူးပေါ့။ ကြက် ကို ရွာခံကောင် က ချက်ပြုတ်ပြီးတော့ယင် နေ့ လည်စာ ကို ကြက်သားဟင်း
နဲ့  စားကြတော့ ဟို တယောက်က လဖက်သုပ်လေး နဲ့ စားရတော့တာပေါ့။ ဒီတော့ စား
သောက်ပြီး တော့ ညနေ မစောင်းခင် ဘေးအိမ် က မရိပ်မိခင် ရွာတောင်ဖက် ကို ပြန်ပြေး
ကြပါတော့တယ်။ သူများ ရွာ ကိုလည်းသွားတယ်။ ကြက်လဲ ခိုးစားကြသေးတယ်။ သိသွား
ယင်တော့ ရဲ တိုင်ခံရမှာ သေချာတယ်။ :)

အဲသလို နဲ့  အလှူ လုပ်တဲ့ ကထိန်ခင်း တဲ့ ရက် ရောက်ပြီ ဆိုတော့ တရွာလုံး မီးခိုးတိတ်
အရှေ့ ဖက်ကျောင်းမှာ အလှူပွဲ မှာ စားဖို့ ဟန်ရေး ပြင်နေကြတာပေါ့။ ရှိသမျှ ကြီးကြီးငယ်
ငယ် ရွယ်ရွယ်လတ်လတ် ၀တ်ကောင်းစားလှ တွေ နဲ့  အတူ ရွာဦးကျောင်း ၀င်းကြီးမှာ
ကြက်ပျံမကျ စည်ကားနေပါတယ်။ ဘုံကထိန် ဆိုတာ ကလည်း ရွာကျောင်းမှာ ပဲ ခင်းတာ
ဖြစ်လေ တော့ ပဒေသာပင်သီးထား တာ က လဲ ဓမ္မာ ရုံထဲ မှာပါ။

လူကြီး သူမ တွေ က ကျောင်းထိုင် ဆရာတော်ကြီး ဆီ မှာ အလှူအတန်း အတွက် တရား
နာ ရေစက်ချ လုပ်နေကြပေမယ့် ကလေးသူငယ်၊ ရွယ်ရွယ်လတ်လတ် တွေ ကတော့လဲ
ဆွမ်းစား ကျောင်း မှာ ပြည့်နှက်နေပါတယ်။ ရွာရဲ့  ချက်ပြုတ်ရေး အဖွဲ့ တွေ ကလဲ ချွေးတ
လုံးလုံး နဲ့ ဆွမ်းကပ်ဖို့ ၊ အလှူကျွေး ဖို့ ချက်ပြုတ်နေကြတာ ကို ဆွမ်းစားဆောင် နောက်
ဖက် မှာ တွေ့ ရပါတယ်။ ကျွေးမွေးရေး ပြင်ဆင် သူအဖွဲ့ တွေ ကလဲ ပဲ ရွာက လှတပတ
မိန်းမပျိုလေးတွေ ကလည်း တောပန်းတောင်ပန်း လေးတွေ ပန်လို့ အလှဆင် ပြီးတော့
ကိုကို ကာလသားများ နဲ့ တန်းတူ ပဲ ၀ိုင်းဝန်းကူညီ လုပ်ကိုင်နေကြပါတယ်။

အရွယ်ဟိုမရောက်ဒီမရောက် ကျွန်တော် တို့  တရွာသားတွေ ကတော့ ဘယ်မှလဲ မပါ
ဟိုယောင်ယောင် ဒီယောင်ယောင် နဲ့ တင် အလှူပွဲ မှာ အ၀ စားဖို့ အချိန်ကောင်း ကိုလဲ
စောင့် နေရပါသေးရဲ့ ။ တရွာလုံး ကို ကျွေးရတဲ့ အလှူပွဲ ဖြစ်တာ ကြောင့် လဲ ပဲ လူအလှည့်
သင့် ဖို့ အတော့်  ကို ပဲ စောင့် ဆိုင်းရပါတယ်။

အလှူမှာ ကျွေးတာ ကလား ထုံးစံ အတိုင်း ထမင်း နဲ့  ကြက် ၊ ၀က်၊ ငါး၊ အသုပ်၊ အကြော်
ချဉ်ရည်ဟင်း တွေ ပါပဲ။ ၀က်သား တုံးကြီးတွေ က တကယ်ပဲ လက်သီးလုံးလို အကြီးကြီး
တွေ ပေါ့။ တ၀ တပြဲ စားသောက် ပြီးတော့ ရွာဦးကျောင်းဆရာတော် ကို ပုဆိန်ပေါက်ဦးချ
ပြီးတော့ ယင် ဗိုက်ပူနံကား ဖြစ်လာတဲ့ အတွက် အိမ်ပြန်တရေး အိပ်ရုံ က လွဲ ပြီးတခြားမ
ရှိပါဘူး။ ည နေပိုင်း လောက် ကနေစ ပြီးတော့ ယင် ရွာထိပ် လမ်းမဘေး မှာ ရွာက ဧည့်
ခံမယ့် အငြိမ့် ပွဲ ကို ပြင်ဆင်နေကြတာ ၀ိုင်းလုပ်ပေးရပါတယ်။

ရွာသားတွေ ချည်း က တဲ့ အငြိမ့် ပွဲ လေး ပါ။ ပွဲ အခင်းအကျင်းတွေ က လည်း လှည်းကူး
မြို့ ပေါ် က သွားငှား ပြီးတော့ ရွာခံ လှပျိုဖြူ တွေ နဲ့  မင်းသမီး မင်းသာ လုပ် ပြီး ဆိုင်းဝိုင်း
နဲ့ အတူ ဖျော်ဖြေကြတာပေါ့။ တရွာလုံး ရှိသမျှ ပုစုခရုက မကျန် အားလုံး လာပြီးအားပေး
ကြတာပေါ့။ ကားလမ်း ဘေး တလျှောက် လဲ ပဲ ပွဲဈေးတန်းကြီး ဟာ အရှည်ကြီး ပါပဲ။အဲဒီ
ပွဲ ဈေးတန်းမှာလဲ စည်ကားလိုက်တာ ပြောမနေပါနဲ့ ။ ကိုယ်တွေ ကလဲ လူပျိုအရွယ်လည်း
မကျ ၊ ခလေးလည်း မက နဲ့ တင် ပွဲဈေးတန်း မှာ လမ်းသလားနေပါတယ်။

ပွဲခင်း ထုံးစံ အတိုင်း မူးလို့ ရန်ဖြစ်ကြ ၊ ရိုက်ကြ နဲ့တော့ နဲနဲပါးပါး တော့ ရှိပါသေးတယ်။
ဒါပေမယ့် ရဲ က လာစောင့် နေတာ ကြောင့် သိပ်လဲ မဖြစ်ရဲကြပါဘူး။ ကိုယ်တွေ က တော့
ရန်ဖြစ်မယ့် ဇ မပါလို့  အေးအေးလူလူ ပွဲခင်းထဲ အငြိမ့် ထိုင်ကြည့်ပြီးတော့ အိပ်ချိန် တန်
တော့ လဲ အိမ်ပြန် အိပ်ခဲ့ ကြတာပါပဲ။ ဒီထက်ငယ်တဲ့ အရွယ်တုန်း ကတော့ လား ဘယ်ရ
မလဲ ပွဲခင်းထဲ မှာ အိပ်ပစ်တာပေါ့။ မှတ်မိပါသေးတယ်။ တံတားလေး လမ်းဆုံကဘုရား
ပွဲ ဦးမောင်မောင် ဆက်ကပ် မှာ မေမေ့ ပေါင်ပေါ် တစ်ညလုံးအိပ်နေတာပေါ့။

နောက်တရက် မှာတော့ ရန်ကုန် ပြန်ဖို့ ရွာခံ သူငယ်ချင်း ကို နှုတ်ဆက် ပြီးတော့ ယင်
သူတို့  ဘကြီး ဦးကြီး ဦးလေး တွေ ကို လိုက်လံ နှုတ်ဆက် ပြီးတော့ အိမ် ကို ပြန်ဖို့  အ
တွက် ရန်ကုန် ပဲခူး ကား စီး ပြီးတော့ ပြန်ခဲ့ ကြပါတော့တယ်။

တောရွာဓလေ့ ကတော့ မနက်မိုးလင်း မြို့ မှာလို စားစရာမုန့် မျိုးစုံ မရနိုင်ပါဘူး။ အိမ်
ရှေ့ လာရောင်းတဲ့ ကောက်ညှင်းပေါင်း လောက်သာ တင်းတိမ်ရတာပေါ့။ နေ့ လည်စာ
ဆိုတာကလဲ ခြံထွက် အသီးအရွက် လေးတွေ နဲ့ ဟင်းတမယ် လုပ်စားကြရတာပါပဲ။
အသားငါး ဆိုတာ က လဲ ပဲ တပတ်တခါ နှစ်ခါ လောက် မှရောင်းသူ ရှိမှသာ စားရတာ
ပါ။ ရွာတွေ မှာ ကပေါတာ ကြက်သားပေါ့။ အိမ်တိုင်း ကြက်မွေးထားကြတာ ဆိုတော့
ဧည့်သည်လာယင်တော့ အဲဒီ ထဲ က ကြက်တစ်ကောင် ဟင်းအိုးထဲ ခုန်ဝင်ရပါတော့
တယ်။

ဝက်သားလို အသား ကတော့ ရွာထဲ က ပေါ်မှာ သာ ရောင်းသူရှိတာမို့  အချိန်တိုင်း
စားရဖို့ တော့ မလွယ်လှပါဘူး။ မြို့ ပေါ်မှာ ကတော့ လဲ သိတဲ့ အတိုင်း ဈေး ကိုသွား
ဝယ်လိုက်၊ စားချင်တာ ရစေမယ်လေ။ အခု ခေတ် ဆို ပိုဆိုး။ ဈေး ပွဲ ပြီး မရှိယင်
တောင် စူပါမားကတ် တွေ ကို သွားပြီး ၀ယ်ခြမ်းချက်ပြုတ်နိုင်ကြတယ်။

ရွာ မှာ ရှိတဲ့ နယ်ခံ က ဆွေမျိုး များလို့ ကတော့ တစ်အိမ်တက်ဆင်း ထမင်းလိုက်စား
နေယင် ကိုပဲ တပတ်လောက် ပြည့်အောင် စားနေရမှာ။စိတ်လွတ်ကိုယ်လွတ် ၊
ငါးဖမ်းလိုက်၊ ငှက်ပစ်လိုက် ၊ ရေကူးလိုက်၊ ထန်းရည်သောက် လိုက် နဲ့ တကယ့် ကို
ပျော်စရာ တွေ ရှိနေတဲ့ အဲဒီ ရွာ ကိုသွားလည်ခဲ့တာလေး ကို ပြန်တွေးယင်း နဲ့ ဖောက်
သည်ချပြလိုက်ရပါတော့တယ်။
Ref: http://www.maungmaungmfs.com/2010/09/blog-post_06.html

လှည်းကူး မှ တံတားအထူးအဖွဲ့ (၁၃)

တံတားအထူးအဖွဲ့ (၁၃) ဖြစ်ပေါ်လာပုံ
တံတား အထူးအဖွဲ့(၁၃) ဖြစ်ပေါ်လာမည့် အဖွဲ့အစည်းအား မူလစတင်ဖွဲ့စည်းစဉ်က ရန်ကုန်-မန္တလေး အမြန်လမ်း ဖောက်လုပ်ရေး
စီမံကိန်းအားဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်လှထွန်း လက်ထက်၌ တံတားအဖွဲ့အား တိုင်းဆောက်လုပ်ရေးအဖွဲ့(၉)နှင့်
လမ်းဆောက်လုပ်ရေးအ ဖွဲ့အား တိုင်းဆောက်လုပ်ရေး အဖွဲ့(၁၀)ဟု အမည်သတ်မှတ်ပေးပြီး လှည်းကူးမြို့၌ အခြေစိုက်ဖွဲ့စည်း
ဆောင်ရွက်စေခဲ့ပါသည်။ နောက်ပိုင်းတွင် တံတားအဖွဲ့အား တိုင်းဆောက်လုပ်ရေးအဖွဲ့(၁၃)အဖြစ် ပြောင်းလဲဖွဲ့စည်းဆောင်ရွက်
စေခဲ့ပါသည်။

တိုင်းဆောက်လုပ်ရေးအဖွဲ့(၁၃)အဖြစ် စတင်ဆောင်ရွက်စဉ်က လှည်းကူး-အခြေစိုက်ပင်မရုံး၊ ကညင် ချောင်းစခန်းရုံး၊မင်းကုန်း
အခြေ စိုက် စခန်းရုံး များဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ လုပ်ငန်းများ ဆောင်ရွက်စဉ်ကာလတွင် မင်းကုန်းစခန်းနေရာအား
သမ၀ါယမ ၀န်ကြီးဌာနမှ သမ၀ါယမ သင်တန်းကျောင်း ဖွင့်လှစ်ရန်နေရာရွေးချယ်ခဲ့၍ မင်းကုန်းစခန်းအား နောက်တန်းဌာနချုပ်
လှည်းကူးသို့ပြန်လည်ပူးပေါင်းဖွဲ့ စည်းခဲ့ပါသည်။ 
တည်နေရာ
လက်ရှိ တံတားအထူးအဖွဲ့(၁၃)သည် မူလက တိုင်းဆောက်လုပ်ရေးအဖွဲ့(၁၃) လှည်းကူးအခြေစိုက်ဖြင့် ၁၉၇၈ ခုနှစ်ခန့်မှ စတင်
ဖွဲ့စည်း တည်ထောင်ခဲ့ရာ ရုံးစိုက်တည်နေရာမှာ ရန်ကုန်-ပဲခူးလမ်း၊ ထောက်ကြံ့မှ ၇မိုင်၊ ၃ဖာလုံအကွာရှိ လှည်းကူး-ဖောင်ကြီးလမ်း၊
လှည်းကူးတာဆုံမှ ဖောင်ကြီး သို့သွားရာကားလမ်းမကြီး မိုင်တိုင်အမှတ်-(၀/၄)အကွာ၌ တည်ရှိပါသည်။
တံတားအထူးအဖွဲ့(၁၃)မှ ဆောင်ရွက်သောတံတားများ
တံတားအထူးအဖွဲ့(၁၃)မှ ဆောင်ရွက်သော ပြင်ဆင်ထိန်းသိမ်းခြင်း တံတားများ

Ref:http://bridgeunit13.com/

လှည်းကူး ငါးထပ်ကြီးရုပ်ပွားတော်မြတ်၏ သမိုင်းစာအုပ် နှင့် ငါးထပ်ကြီးစာသင်တိုက် ဆရာတော် အရှင်သိရိန္ဒာဘိံသ (ဓါတ်ပုံ)





Ref:တင့်ဆန်းထွန်း

ကျွန်းကုန်း မြသိန်းတန်စေတီတော် နှင့် နဘဲပင် ဆရာတော် (ဓါတ်ပုံ)

ကျွန်းကုန်း မြသိန်းတန်စေတီတော်၊ စေတီတော်၏ သမိုင်းစာအုပ် နှင့် နဘဲပင် ဆရာတော်တို့ကို ကြည်ညိုနိုင်ပါတယ်။



Ref:တင့်ဆန်းထွန်း

လှည်းကူးသား ကမ္ဘာအေးဆရာတော် ဦးပညာဒီပ (Biography)


ကမ္ဘာအေးဆရာတော် ဟု ထင်ရှားလူသိများခဲ့သော ဆရာတော် ဦးပညာဒီပ- လောင်းလျာကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ နဘဲပင်ရွာတွင် 27th March 1924မှာ မွေးဖွားခဲ့ပါတယ်။

မန္တလေးမြို့မှာရှိတဲ့ မိုးစိုရိပ်တိုက် နှင့် ဘုရားကြီးတိုက်တို့တွင် စာပေသင်ကြားခဲ့ပါတယ်။

ဆရာတော်ဟာ ရန်ကုန်တက္ကသိုလ်မှ  M.A (Buddha Desana)ဘွဲ့ရ၇ှိခဲ့ပါတယ်။
နိုင်ငံတော်မှလည်း အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ် ဆက်ကပ်ခဲ့သည်။

ဆရာတော်သည် ကမ္ဘာ့ဝိပသ၁နာဗိမာန်တွင် ကျောင်းအုပ်အဖြစ်၎င်း၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပဋိပတ္တိဌာန၏ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာတော်သည် အမေရိကန်ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံတော်တော်များများသို့ သွားရောက်ပြီး ၀ိပသ၁နာတရားကို ဟောကြားခဲ့သူ ဖြစ်ပါသည်။

ဆရာတော်သည် ၂၀၀၃ခုနှစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည်။