Tuesday, 15 October 2013

တောကဟာသများ- အပိုင်း-၁၆ (သို့) မခေါက်ဆရာတော်



လှည်းကူးနယ်က ကောက်ကွေ့ရွာက မသေးစိန်အကြောင်းပြောပြီးတော့ အခုကောက်ကွေ့ရွာနဲ့ ပတ်သက်တဲ့ အခြားဟာသလေးတစ်ခုကို သွားသတိရပါတယ်။

တနေ့မှာ လှည်းကူးနယ်က ကောက်ကွေ့ရွာမှာ ရဟန်းခံ၊ ရှင်ပြုပွဲ တစ်ခုပြုလုပ်ပါတယ်။ အလှူကလည်း အကြီးအကျယ်ပါပဲ။ အနီးအပါးက ရွာများမှ ဆရာတော်တွေကို ပင့်ပါတယ်။ အဲဒီအထဲမှာ ပိုက်ကြီးဝဲအရှေ့ကျောင်းဆရာတော်လဲ အပါအ၀င်ပေါ့။ ဆိုင်းကလဲ ကောင်းမှကောင်းပါပဲ။ ရန်ကုန်ဆိုင်းတစ်ခုပါပဲ။ အဲဒီနယ်မြေက ဆိုင်းနားထောင်ကြပုံကတော့ ဗျောခေါက်မှပဲ ဆိုင်းနားထောင်တာကို ရပ်ကြတဲ့ရွာများပါ။ တောက အလှူရဲ့ ထုံးစံအတိုင်း အလှူပွဲရေစက်ချပြီးရင် ငှားထားတဲ့ဆိုင်းက ဗျောခေါက်မကြိုက်ပါတယ်။ှ

အလှူရေစက်ချပွဲကို ပိုက်ကြီးဝဲအရှေ့ကျောင်းဆရာတော်မှ တရားဟောပါတယ်။ တရားမဟောမီ ဆိုင်းထဲက လူတစ်ယောက်က ဆရာတော်ကို တရားတိုတိုဟောပေးပါရန် လျှောက်ထားပါတယ်။ အကြောင်းကတော့ ပွဲကူးရှိလို့ပေါ့။

ဆရာတော်က တရားစဟောပါတယ်။ ဒါပေမယ့် တရားဟောချိန်က တနာရီတောင် မရှိသေးပါဘူး။ ဆိုင်းသမားတွေက ဗုံလေးကို မကြားတစ်ကြား တစ်ချက်တီးလိုက်၊ နှဲကို မကြားတစ်ကြား တိ-ဆိုမှုတ်လိုက် လုပ်နေတော့ပါတယ်။ ဒါကို ဆရာတော်က ကြားပါတယ်။

ဒီတော့ ဆရာတော်က တရားဟောတာကို အနှောက်အယှက် ပေးတဲ့ကောင်တွေ ငါ့အကြောင်းသိရမယ်ဆိုပြီး သာနုသူတ္တန်ဒေသနာကို ပြောင်းပြီး ဟောတော့တာပါပဲ။ သာနုသူတ္တန်ဒေသနာဆိုတာ သေသေချာချာ ဟောရင် သုံးနာ၇ီ ကျော်ကြာအောင်ဟောရတဲ့ သုတ္တန်ဒေသနာပါပဲ။ ဆရာတော်တရားဟောလိုက်တာ ဗျောခေါက်မယ့် သူတွေ မခေါက်ရပဲ မိုးချုပ်တာနဲ့ ပြန်သွားရပါတယ်။

ပိုက်ကြီးဝဲဆရာတော်က သူတရားဟောချိန်မှာ အခြားဘာအသံမှ ကြားတာကို မကြိုက်တဲ့ သူပါ။ တရားဟောချိန်မှာ ဓမ္မန္တရာယ်မဖြစ်အောင်တိုးတိုးတိတ်တိတ်နေသင့်ပါတယ်။ တရားပွဲလဲ ပြီးရော ပိုက်ကြီးဝဲဆရာတော်မှာ နာမည်တစ်ခုပိုရသွားပါတယ်။

မခေါက်ဆရာတော်-ဟု

မောင်နေခြည် (လှည်းကူး)

No comments: