Sunday, 30 June 2013
ခြေလှမ်းသစ်တစ်ခု လှမ်းလိုက်တဲ့ ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး)
ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး) သည် ယခုအခါ ခြေလှမ်းသစ်တစ်ခု လှမ်းလိုက်ပါပြီ။ ယင်းမှာ အခြားမဟုတ် အသင်းပိုင် ဘလော့(ဂ်)တစ်ခုကို စတင်စမ်းသပ်နေခြင်း ဖြစ်ပါတယ်။ ယင်းဘလော့(ဂ်)ကို www.dhammapujamingalar.blogspot.com မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။
ယခုအခါ စမ်းသပ်ဆဲကာလ ဖြစ်သောကြောင့် နားလည်မှု့ပေးနိုင်ပါရန် ကြေညာထားပါတယ်။
Wednesday, 26 June 2013
သမိုင်းလည်းဝင် သမိုင်းလည်းတွင်တဲ့ လှည်းကူးသား (သို့) ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်၏ အမည်ရင်းမှာ ကိုလှမြိုင်ဖြစ်သည်။ တို့ဗမာအစည်းအရုံးဝင်ရောက်သောအခါ သခင်လှမြိုင် ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ အီတိုဒါတေအိချိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်ရန်အောင် ဖြစ်လာခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ကို ၁၉၁၇-ခုနှစ် မတ်လ (၂)ရက်တွင် လှည်းကူးမြို့နယ်၊ ဒါးပိန်ရွာ၊ ဈေးပိုင်းရပ်ရှိ ဦးဘအောင် + ဒေါ်သိန်းမြတို့မှ ဖွားမြင်ခဲ့သည်။ ဗမာလူမျိုး ဗုဒဘာသာဝင်ဖြစ်သည်။ 
 ကျောင်းသားဘ၀နှင့် ပညာရေးရာ
၁၉၃၅-ခုတွင် ဒသမတန်းစာမေးပွဲ အောင်မြင်ခဲ့သည်။
၁၉၃၆-မှ ၁၉၃၉-အထိ သန်လျင် ဘီအိုစီရေနံချက်စက်ရုံ တွင် အလုပ်လုပ်ခဲ့သည်။
အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက် 
၁၃၀၀ ပြည့် အရေးတော်ပုံကာလ ၂၇ ဇွန် ၁၉၃၈-ခုနှစ် သန်လျင် ဘီအိုစီရေနံချက်စက်ရုံ သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သည်။ သခင်အောင်ဆန်း နှင့် သခင်ကျော်စိန်ကို တရုတ်နိုင်ငံသို့ စေလွှတ်ရန်စီစဉ်ထားသော်လည်း သခင်ကျော်စိန် မလိုက်ပါနိုင်သည့်အတွက် ဗြိတိသျှအစိုးရမှ ဖမ်းဝရမ်းထုတ်ထားသော  သန်လျင် ဘီအိုစီ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး သခင်လှမြိုင်ကို အစားထိုးရွေးချယ်ခဲ့သည်။ 
၈ သြဂုတ် ၁၉၄၀ပြည့်နှစ် တွင် သခင်အောင်ဆန်းနှင့်အတူ ဟိုင်လီသင်္ဘောဖြင့် အမွိုင်သို့ သွားရောက်ခဲ့သည်။ အမွိုင်တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်မရဘဲ သောင်တင်နေရာမှ မြန်မာနိုင်ငံရှိ ရဲဘော်များ၏ ကြိုးပမ်းမှု့ဖြင့် ဂျပန်နှင့် ဆက်သွယ်မိကာ ၁၂ နိုဝင်ဘာ ၁၉၄၀ပြည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ၁၉၄၁ခုနှစ် April တွင် စစ်ပညာသင်ကြားရန် ဟိုင်နန်ကျွန်းသို့ ရောက်ရှိခဲ့သည်။  ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းတို့တွင် စစ်ပညာ သင်ကြားခဲ့သည်။ 
ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ် နှင့် မော်လမြိုင်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်ကာ ဗြိတိသျှတို့ကို  တိုက်ခိုက်ခဲ့သည်။ ဂျပန်တပ်မတော်နှင့် ဘီအိုင်အေတပ်များ ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဘီအိုင်အေ တပ်မ (၁) နှင့် (၂) တို့သည် အထက်မြန်မာနိုင်ငံကို ချီတက်တိုက်ခိုက်ခဲ့ရာ 12 April 1942 တွင် ဒုတိယဗိုလ်မှူးကြီး ရန်အောင်သည်
တပ်မ (၁) လက်အောက်ခံ တပ်မဟာ (၁) အားဦးစီးပြီး ရခိုင်သို့ ချီတက်ခဲ့သည်။
တပ်မဟာ (၁)သည် တောင်ကုတ်၊ ရမ်းဗြဲ၊ မင်းပြား၊ ပုဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မြို့ဟောင်းတို့ကို သိမ်းပိုက်ခဲ့သည်။ 
ဗိုလ်ရန်အောင် မင်းပြားတွင်ရှိနေစဉ် အိန္ဒိယရှိ မဟာမိတ် စစ်အာဏာပိုင်များနှင့် ဆက်သွယ်ရန် သွားရောက်မည့် သခင်သိန်းဖေ၊ သခင်တင်ရွှေတို့နှင့် တွေ့ဆုံခဲ့သည်။ ဗိုလ်ရန်အောင်သည် ၄င်းတို့နှစ်ဦးအား လိုအပ်သည့်ငွေကြေးအကူအညီများ ပေးအပ်ခဲ့သည့်အပြင် နယ်စပ်ထိရောက်အောင် စီစဉ်ပို့ဆောင်ပေးခဲ့သည်။
27 July 1942 တွင် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ကို ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
23 August 1944 ဗိုလ်ချုပ်အောင်ဆန်းအိမ်တွင်ကျင်းပခဲ့သည့် ဖက်ဆစ် တိုက်ဖျက်ရေး  နှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဖွဲ့စည်းရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။  ၁ မတ် မှ ၃ မတ် ၁၉၄၅ခုထိ ကျင်းပခဲ့သော ဖ-တ-ပ-လ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။  ထို
အစည်းအဝေးမှ ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။ 
ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ ရှေ့တန်းစစ်ဌာနချုပ်တွင် ဒုတိယစစ်ဦးစီးမှူးအဖြစ်တာဝန်ယူကာ
ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ခဲ့သည်။ အထက်ဗမာပြည်တိုင်တွင် တိုင်းမှူး ဗိုလ်မှူးကြီးဗထူး ကျဆုံးသွားသောအခါေိုလ်ရန်အောင်သည် အထက်ဗမာပြည်တိုင်းမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ပါတီနိုင်ငံရေး
ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်သည်။ ၁၉၃၉ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပထမဆုံး ဖွင့်လှစ်သော ကွန်မြူနစ် သင်တန်းကို တက်ရောက်ခဲ့သည်။ ၂၈ ဖေဖေါ်ဝါရီ မှ ၆ မတ် ၁၉၄၈ခုနှစ်အထိ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ကျင်းပသော အရှေ့တောင်အာရှ ဒီမိုကရက်တစ်လူငယ်များ ညီလာခံသို့ တက်ရောက်ခဲ့သည်။ 
၁၉၄၈-ခုနှစ် မတ်တွင် ဖဆပလအစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီဝင်များကို ဖမ်းဆီးရာ ဗိုလ်ရန်အောင် ဖမ်းဆီးခံခဲ့ရသည်။ ၁၈ ဇူလိုင် ၁၉၄၈ တွင် ဖဆပလအစိုးရက အင်းစိန်ထောင်မှ လွှတ်ပေးပြီးနောက် လက်ဝဲညီညွတ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။  ၁၉၄၈ခုနှစ် သြရုတ်လတွင် လက်ဝဲညီညွတ်ရေးကောင်စီက ဗိုလ်ရန်အောင်အား ဗမာပြည်ကွန်မြူနစ်ပါတီသို လက်ဝဲညီညွတ်ရေးလမ်းစဉ်ကို တင်ပြရန် ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်သို့ စေလွှတ်ခဲ့သည်။ ထိုသို့ စေလွှတ်ခံခဲ့ရာမှ မပြန်တော့ပဲ တောခိုကာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်လမ်းစဉ်နောက် ပါသွားခဲ့သည်။
၁၉၄၉ခုနှစ်တွင် ဗကပ ခြေလျင်တပ်မ ၄ ၏  တပ်မမှူးအဖြစ်၎င်း၊ ဗကပတပ်များ၏ ဒုတိယစစ်သေနာပတိချုပ်အဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။ ၁၅ ဒီဇင်ဘာ ၁၉၆၇ခုနှစ် ပီကင်းကွန်မြူနစ်လမ်းစဉ်ကို မထောက်ခံသောကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခြင်း ခံရသည်။ 
ဘ၀နိဂုံး 
ဗမာပြည်ကွန်မြူနစ်ပါတီ၏  ဖြုတ်ထုတ်သတ် လမ်းစဉ်အရ ဗိုလ်ရန်အောင်သည် ၂၆ ဒီဇင်ဘာ ၁၉၆၇ ခုနှစ်- ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် ဗဟိုစခမ်းတွင်  လူငယ်များ၊ အမျိုးသမီးများနှင့် ကင်းအဖွဲ့သင်များ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ကျမ်းကိုး။        ။     ကျော်ငြိမ်း၊" ရဲဘော်သုံးကျိပ်"၊  အင်းဝစာပေတိုက်၊ ကျောက်တံတား၊ ရန်ကုန်၊ ၁၉၉၈      
Tuesday, 25 June 2013
အီးလ် မောက်စ် (ဗီဒီယို)
ဒီစကား (ဒေါ်အောင်ဆန်းစုကြည်)
ဇွန်လ ၁၉ ရက်က ကျွန်မရဲ့ ၆၈နှစ်မြောက်မွေးနေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး အဖွဲ့ချုပ်ရုံးရှိတဲ့ ရွှေဂုံတိုင်မှာ စတုဒီသာကျွေးမွေးပါတယ်။ စတုဒီသာဆိုတော့ အရပ်လေးမျက်နှာကပေါ့နော်။ အရပ်လေးမျက်နှာကလာသူအားလုံးကို ခွဲခြားမှုမရှိ ကျွေး မွေးခြင်းပါ။ ကျွန်မကလည်း “စတုဒီသာ” မက ပြုလုပ်ချင်ပါတယ်။ ကျွန်မရဲ့ မွေးနေ့မှာ အရပ်ပေါင်းစုံ၊ နိုင်ငံပေါင်းစုံက ပို့သတဲ့ ဆုမွန်ကောင်း တွေအတွက် အရပ်ပေါင်းစုံ၊ နိုင်ငံပေါင်းစုံဘက်ကို ကျေးဇူး၊ မေတ္တာနဲ့တုန့်ပြန်ချင်ပါတယ်။
ကျွန်မကို မွေးနေ့ဆုတောင်းတွေ၊ မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှ မိမိတို့မေတ္တာ၊ စေတနာနဲ့ပို့သတာတွေကို ကျွန်မသိမှသိပါလေ စလို့ စဉ်းစားတာရှိပါလိမ့်မယ်။ အမှန်ပြောရရင် အမည်တိုင်း၊ အမည်တိုင်းကို ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ပို့သတဲ့မေတ္တာတွေကိုတော့ အ နည်းလေးမှမကျန် ခံစားရပါတယ်။ ဒါဟာကျွန်မရဲ့ ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ပေးတဲ့ဆုတိုင်းဟာ ထိရောက်ပါတယ်။ ကောင်းကင်က ကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမဲ့ ဒီမိုးပေါက်များရဲ့ စုပေါင်းအားနဲ့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေသလိုပါပဲ။ များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့ အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင်မမှားပါဘူး။ မချမ်းသာတဲ့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ကျွန်မအပေါ်မှာ ရက်ရောကြပါတယ်။ စေတနာက အဓိကမို့ပေးတဲ့လက်ဆောင် အသေးအကြီး၊ တန်ဖိုးရှိမရှိကို ကျွန်မခွဲခြားမကြည့်ပါဘူး။
ကျွန်မက သိပ်အ၀ယ်သန်တဲ့သူမျိုးမဟုတ်ပါဘူး။ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တာက ကျွန်မမှာ ခရီးသွားသေတ္တာနှစ်လုံးထက်ပိုမလိုတဲ့ အဓိကကျတဲ့ပစ္စည်းတွေနဲ့ ခရီးသွားဖို့အတွက် လုံလောက်မဲ့ငွေပမာဏ ဘဏ်တိုက်ထဲမှာ ရှိနေရင်ကောင်းမှာပဲလို့။ ဘ၀တစ်ခုလုံးနဲ့ နှိုင်းပြောရရင် ၀န်ပေါ့ပြီး အပူအပင်ကင်းကင်းနဲ့ လျှောက်သွားချင်တယ်ပေါ့။ ဒါပေမဲ့ ကျွန်မတို့နေနေရတဲ့ လောကကြီးက အနတ္တလေ။ အစိုးမရတဲ့ဘ၀မှာပဲ နေတတ်အောင်နေကြရတာ။ ကျွန်မအတွက် စိုးရိမ် ပူပင်ပေးကြတဲ့ မေတ္တာ၊ စေတနာရှင်တွေကို “ကျွန်မနေတတ်ပါတယ်” လို့ပဲ နှစ်သိမ့်ရတာပါပဲ။ ဒီလိုနေတတ်အောင်အတွက် အများပို့သတဲ့ မေတ္တာတွေက အများကြီးအထောက်အကူဖြစ်ပါတယ်။ Facebook တွေမှာမွေးနေ့ဆုတောင်းတွေပါတယ်ဆိုလို့ ကျွန်မကြည့်ဖို့ DVD ပေါ်မှာ ကူးပေးပါလို့မှာပါတယ်။ ဂရုတစိုက်နဲ့ သတိရကြောင်း အသိပေး သူများကို ကျေးဇူးတင်တန်ဖိုးထားကြောင်းလည်း ဒီကနေပြောပါရစေ။
ဖြတ်သန်းလာခဲ့တဲ့ ၆၈ နှစ်ကို ပြန်ကြည့်တဲ့အခါ အဓိကကျတဲ့ဖြစ်စဉ်တွေက ဘာများပါလိမ့်လို့ ကျွန်မကို မေးမြန်းကြတာရှိပါတယ်။ ကျွန်မ လည်း အဖြေရှာရခက်ပါတယ်။ အစကစရမယ်ဆိုရင် အဓိကကျတာကတော့ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်ခြင်းပါပဲ။
ဒီလိုပြောလို့ မေမေကကျွန်မအတွက် အဓိကမကျဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်မရဲ့ ဘ၀အပေါ်မှာ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တယ်ဆိုတဲ့အချက်ဟာ အများကြီးလွှမ်းမိုးတာကို ပြောချင်တာပါ။ နာမည်၊ သြဇာ၊ ကျော်ကြားမှုကြီးမားတဲ့ မိဘတွေက မွေးဖွားပြီး မိမိတို့ကိုယ်တိုင် နာမည်ကြီး သူများဖြစ်လာတဲ့ အချို့ပုဂ္ဂိုလ်တွေက မိဘအရှိန်အ၀ါကြောင့် မိမိတို့ကိုယ်တိုင် အရှိန်အ၀ါမြင့်တယ်ဆိုတာ လက်မခံကြဘူး။ လက်မခံတာကလည်း မိမိတို့ဘ၀အလျောက် အကြောင်းခိုင်မာမှုရှိတာတွေလည်း ရှိမှာပါ။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ယခုကျွန်မ ရောက်ရှိနေတဲ့နေရာဟာ ဖေဖေ့ရဲ့ သမီးဖြစ်မှုနဲ့ အများကြီးဆိုင်တယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါဟာ ဂုဏ်ယူပြီးပြောတာလည်း မဟုတ်ပါ ဘူး။ နှိမ့်ချစိတ်နဲ့ပြောတာလည်းမဟုတ်ပါဘူး။ အဖြစ်ကို အဖြစ်အတိုင်းပြောတာပါ။
ဖေဖေ့ အပေါ် ပြည်သူတွေထားတဲ့ ယုံကြည်မှု၊ ကြည်ညိုလေးစားမှုနဲ့၊ မေတ္တာတွေဟာ ကျွန်မအပေါ် တစ်စိတ်တစ်ပိုင်း ကျရောက်လာခြင်းဟာ ကျွန်မအတွက်ဘယ်တော့မှ မဆုံးရှုံးနိုင်တဲ့ အမွေအနှစ်ပါပဲ။ မွေးနေ့မှာ့ ပထမဦးဆုံးကျေးဇူးတင်ရမှာကတော့ မွေးဖွားခဲ့တဲ့ မိဘတွေကိုပါ။ ဒါကြောင့်ကျွန်မ မကြာခဏပြောပါတယ်။ လူ့လောကမှာ အရေးကြီးတာ ရာထူး၊ နေရာ၊ ပိုက်ဆံ၊ ပစ္စည်းပဲဖြစ်တယ်။ ဖြောင့်မတ်တာတို့၊ ရိုးသားပွင့်လင်းတာတို့ကို အလေးထားတာ စိတ်ကူးယဉ်တယ်လို့ ထင်ကြသူများဖေဖေ့ကိုကြည့်ပါ။ ကျွန်မနှစ်နှစ်ကျော်လေးက ဆုံးပါးသွားပေမဲ့ အခုကျွန်မ ၆၈ နှစ်ပြည့်သည့်တိုင်အောင် မကုန်နိုင်တဲ့ အမွေတွေ ထားခဲ့ပါတယ်။
 အင်္ဂလိပ်အဆိုတစ်ခု အရ သာမန်နိုင်ငံရေး သမားဟာ နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။
 တကယ့်နိုင်ငံ့အရေးစွမ်းဆောင်နိုင်သူများက နောက်မျိုးဆက်တွေ အတွက်စဉ်းစားတယ်။ ကိုယ့်နိုင်ငံရဲ့ နောက်မျိုးဆက်တွေအတွက် စဉ်းစားနိုင်စွမ်းနည်းသေးရင်တောင်မှ ကိုယ့်မ်ျိုးဆက်တွေအတွက်စဉ်းစားပြီး ကောင်းမွန်တဲ့နိုင်ငံရေး လုပ်သင့်ပါတယ်။ အင်မတန်ရှုပ်ထွေးပွေ လီတဲ့ နိုင်ငံရေးဖြစ်စဉ်တွေထဲက ခေါင်းဆောင်ကောင်းတွေထွက်လာနိုင်ဖို့ အရပ်လေးမျက်နှာက ကျွန်မတို့ပြည်သူတွေ က မေတ္တာမဲတွေနဲ့ ဆုံးဖြတ်ပေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
ဒီတစ်ပတ်တော့ဒီမျှသာ။ ။
ဒေါ်အောင်ဆန်းစုကြည်
ဇွန် ၂၄၊ ၂၀၁၃
အတွဲ ၂၊ အမှတ် ၂၄။
Saturday, 22 June 2013
လှည်းကူးက လယ်သမားတွေ ရှင်းလင်းပွဲလုပ်
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာနေထိုင်တဲ့ လယ်သမားတွေက သူတို့လယ်မြေတွေ အသိမ်းခံနေရတာနဲ့ ပတ်သက်ပြီး ဥပဒေဆိုင်ရာ အကြံဥာဏ်တွေရဖို့နဲ့  လယ်မြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့အတွက် ရှင်းလင်းတင်ပြပွဲတစ်ခုကို မနေ့နေ့လယ်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲကို လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းရွာ ကျိုက်ကောင်း ဘုရားကျောင်းဓမ္မာရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး  လယ်သမားတွေရဲ့ ရှင်းလင်းပွဲနဲ့ ပတ်သက်လို့  ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း  တောင်သူလယ်သမားရေးရာကော်မတီက မနုနုအောင်က RFA ကို အခုလိုပြောပါတယ်။
"စုစုပေါင်း ဧက ၁ဝဝဝ ကျော်တယ်၊ မင်းလွင်ကုန်းတစ်ခုတည်းကို ၅ဝဝ ကျော်တယ်။ကျေးရွာအုပ်ချုပ်ရေးမှုးက သိမ်းတာရှိတယ်၊ ပိုင်ရှင်မဲ့ဆိုပြီး ရောင်းစားလိုက်တာရှိတယ်၊ တကယ်ခံစားရတော့ လက်ရှိလယ်သမားတွေက ဖယ်ပေးလိုက်ရတယ်"်
လှည်းကူးမြို့နယ် မင်းလွင်ကုန်း၊ စာဘူးတောင်း၊ အင်းတိုင်၊ စာသူငယ်၊ ဝါးနက်ကုန်း၊ ဇရပ်ကွင်း၊ ရဲမွန်၊ စိုင်ဒီကုန်း၊ ဘန့်ဘွေးကုန်း၊ နန္ဒိနဲ့  ဖရုံစုရွာတွေက လယ်မြေတွေ အသိမ်းခံထားရတာလို့ ဆိုပါတယ်။
အဲဒီလယ်သမားတွေရဲ့ ရှင်းလင်းပွဲတက်ခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း လယ်သမားရေးရာ ကော်မတီဝင် မနုနုအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
မနုနုအာင်နဲ့ မေးမြန်းချက် (နားထောင်ရန် အောက်ပါလင့်ကို ကလစ်ပါ။)
http://www.rfa.org/burmese/news/ygn-farmer-press-88-06222013001418.html/1021101e10361016102d102f100410391014102c103810311011102c10041039101b10141039108f103d100410391037101b101a1030101b10141039/inline.html 
Ref: http://www.rfa.org/burmese/news/ygn-farmer-press-88-06222013001418.html
Wednesday, 19 June 2013
မြန်မာအသင်း နှင့်ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ၂ဂိုး - ၃ ဂိုးဖြင့် ရှုံးနိမ့်သွား
AFC U-14 Girls' Regional Championship 2013
18-6-2013 (17:00) မြန်မာစံတော်ချိန် (4:30)
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Thong Nhat Stadium တွင် မြန်မာအသင်း နှင့်ထိုင်းအသင်းတို့
ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ၂-၃ ဂိုးဖြင့် ရှုံးနိမ့်သွားပါတယ်။
ကမ္ဘာ့ဖလားပွဲ တက်ရောက်ခွင့် ရသွားတဲ့ သြစတေးလျဘောလုံးအသင်း
မနေ့ညက အေအန်ဇက် အားကစားပြိုင်ကွင်းမှာ ကျင်းပပြုလုပ်တဲ့ ခြေစစ်ပွဲမှာ သြစတေးလျအသင်းက အီရတ်အသင်းကို ၁-၀ ဖြင့် အောင်မြင်ပြီး ကမ္ဘာ့ဖလားပွဲ တက်ရောက်ခွင့် ရသွားခဲ့ပါတယ်။
သြစတေးလျဘောလုံးအသင်းအတွက် အနိုင်ဂိုးကို ၈၂ မိနစ်မှာ Josh Kennedy က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီလိုမျိုး ကမ္ဘာ့ဖလားပွဲ တက်ရောက်ခွင့် ရသွားခြင်းဟာ  သြစတေးလျဘောလုံးအသင်း အသင်းအတွက် လေးကြိမ်မြောက်တက်ရောက်ခွင့် ရခြင်းလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပွဲ တက်ရောက်ခွင့် ရသွားတဲ့ သြစတေးလျဘောလုံးအသင်းကို ပြည်သူများက Socceroos ဟုခေါ်ကြပါတယ်။
လှည်းကူးမြို့နယ် စီအိုဒီ တွင် ယာဉ်တိုက်မှုဖြစ်ပွား
ယနေ့(18-06-2013) နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်က လှည်းကူးမြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်း ဇရပ်ကွင်းရွာ စီအိုဒီ ကားမှတ်တိုင်အနီး ရန်ကုန်ဘက်မှ မောင်းနှင်လာသော ကုန်တင်ယာဉ် တစ်စီးသည် မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ၀င်တိုက်ကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိသွားပြီး အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်အား ၀င်တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်တိမ်းမှောက်မှုကြောင့် ကုန်တင်ယာဉ်မောင်း နှင့် ဆိုင်ကယ်မောင်းနှင် သူ နှစ်ဦးတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး လှည်းကူးဆေးရုံသို့ အနီးပတ်ဝန်းကျင် တွင် နေထိုင်သူများက တင်ပို့လိုက်ရကြောင်း သိရသည်။
သူရထွန်း
Ref: http://www.facebook.com/media/set/?set=a.677602232255575.1073742193.287336421282160&type=1 (ပေါ်ပြူလာဂျာနယ်ဖေ့ဘွတ်)
Friday, 14 June 2013
လှည်းကူးအနွယ်ဝင် ဒါရိုက်တာ နောင်မြင့်မိုရ် ရဲ့ The Candle ရုပ်ရှင်ကားတို ပြပွဲ ဖိတ်စာ
Ref:http://www.facebook.com/filmdirector.naungmyintmo?hc_location=stream
ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး) ၏ ဖေ့ဘွတ်စာမျက်နှာ ပြင်ဆင်လိုက်ပါပြီ
ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး) ၏ ဖေ့ဘွတ်စာမျက်နှာ အဟတ်ခံနေရပြီဟု မနက်ပိုင်းက တင်ခဲ့ပါသည်။
ယခုအခါမှာတော့ ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး) ၏ ဖေ့ဘွတ်စာမျက်နှာ ပြင်ဆင်လိုက်ပါပြီ။
http://www.facebook.com/groups/444980782236456/516432105091323/?comment_id=516452548422612&notif_t=group_comment_reply
မှာ ကုသိုလ်ယူနိုင်ပါပြီ။ 
"သူငယ်ချင်းတစ်ယောက်ရဲ့ account ကနေ အရူးတစ်ယောက်လိုရေးပြီးရန်တိုက်တဲ့သူကြောင့် သူငယ်ချင်းရဲ့ FB Block လိုက်ရတယ် သူကိုယ်တိုင်မသိဘဲ hacked ခံလိုက်ရတယ်...
အားလုံးသတိရှိပါ အချင်းချင်းရန်တိုက်တဲ့သူရှိနေရင်ဖော်ထုတ်ပေးပါ..
969 နှင့် ဓမ္မပူဇာ မည်သည့်ပြဿနာမှ မရှိသလို ပတ်သက်မှုလည်းမရှိပါ...
" "
ဝိုင်းဝန်းအသိပေးကြသောမိတ်ဆွေအပေါင်းအား ကျေးဇူးအထူးတင်ပါသည်.." ဟု
ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး)၏ ဖေ့ဘွတ် Admin မှ စကားပါးထားပါတယ်။
ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး) ၏ ဖေ့ဘွတ်စာမျက်နှာ အဟတ်ခံနေရပြီ
 ၁၄ရက် ဇွန်လ ၂၀၁၃ခုနှစ်
ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး) ၏ ဖေ့ဘွတ်စာမျက်နှာ အဟတ်ခံနေရပြီ-ဟု ယူဆရပါတယ်။
အဘယ့်ကြောင့်ဆိုသော် အသင်း၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်သော ကာဘာကိုသုံးထားပြီး ညစ်ညမ်းသော စကားကို ဖေါ်ပြထားသည်ကို တွေ့ရပါတယ်။
တာဝန်ရှိသူများအနေဖြင့် ပြန်လည်ပြင်ဆင်သင့်သည်ဟု အကြံပေးလိုပါတယ်။
တဆက်တည်းမှာပဲ မည်သို့မည်ပုံဖြစ်သည်ကို ရှင်းလင်းစေချင်ပါသည်။
ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး) ၏ ဖေ့ဘွတ်စာမျက်နှာကို ၀င်ရောက်ရန်-
http://www.facebook.com/groups/444980782236456/
အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ်ဒနီမြို့၊ သြစတေးလျနိုင်ငံ။
Thursday, 13 June 2013
ရန်ကုန်မြို့ ဧရိယာကို ထပ်မံတိုးချဲ့ သွားမည့် စီမံကိန်းတွင် လှည်းကူမြို့နယ်လည်းပါဝင်
န်ကုန်မြို့၏ ဧရိယာကို လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဒလမြို့နယ်နှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း မြို့နယ်များကို မကြာမီ ကာလအတွင်း တိုးချဲ့သွားမည်ဖြစ်ကြောင်း Daily Eleven News သို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်စဉ် လူဦးရေ အမြောက်အမြား တိုးပွားနေမှုကြောင့် ရန်ကုန်မြို့လယ်တွင် လူဦးရေ သိပ်သည်းထူထပ်နေကြောင်း သိရှိရသည်။
ရန်ကုန်မြို့ ဧရိယာ တိုးချဲ့ဖို့ စီစဉ်ထားသည့် မြို့နယ်အချို့မှာ နှစ်စဉ်နှစ်တိုင်း နွေရာသီ ကာလတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသော မြို့နယ်များဖြစ်ကြောင်း . . . . .
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က "ရန်ကုန်မြို့ရဲ့ အနေအထားက ဧရိယာ တိုးချဲ့ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် မြေပုံအရ မြို့ကိုထပ်မံ တိုးချဲ့မယ်ဆိုရင် မြို့နယ်တွေ များများစားစား မရှိပါဘူး။ ဦးစားပေးအရ ဒလမြို့နယ်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့တွင် တိုးချဲ့သွားမယ်။ အဲဒီ မြို့နယ်တွေမှာလည်း မြို့အင်္ဂါရပ်တွေနဲ့ ညီညွတ်တဲ့ အပိုင်းတွေကို  အများကြီး ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့ ဧရိယာ တိုးချဲ့ဖို့ စီစဉ်ထားသည့် မြို့နယ်အချို့မှာ နှစ်စဉ်နှစ်တိုင်း နွေရာသီ ကာလတွင် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသော မြို့နယ်များဖြစ်ကြောင်း ဒေသခံများမှ သိရှိရသည်။
ဒလမြို့နယ်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက "ကျွန်တော်တို့ မြို့နယ်ကို မြို့ဧရိယာ ချဲ့မယ်ဆိုတဲ့ သတင်းတွေ၊ တံတားဆောက်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ တစ်နှစ်ကျော်လောက် ကြာနေပါပြီ။ ဒီသတင်းတွေကြောင့် အရင်တုန်းက ပေ ၄၀_၆၀ မြေကွက် တစ်ကွက်က ဆယ်သိန်းဝန်းကျင် လောက်ကနေ အခုဆိုရင် သိန်းခြောက်ဆယ်ကျော်ကနေ သိန်းတစ်ရာဝန်းကျင်ထိ နေရာတွေပေါ် မူတည်ပြီးတော့ ဈေးပေါက်နေပါတယ်။ ဒီမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံ အချို့ဆိုရင် မြေကွက်တွေရောင်းပြီးတော့ ဈေးနည်းတဲ့ နေရာတွေမှာ ပြန်ဝယ်နေကြတယ်။ ရတဲ့ ငွေကြေးတွေကို ဈေးဆိုင်ခန်းတွေ ဖွင့်ပြီးတော့ ရင်းနှီးစားနေကြတာ ရှိတယ်" ဟုဆိုသည်။
အဆိုပါ သတင်းများကြောင့် ယင်းမြို့နယ်များတွင် မြေဈေးနှုန်းမှာ ယခင်ကထက် နှစ်ဆမှ ဆယ်ဆအထိ မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များမှ သိရှိရသည်။
ရန်ကုန်မြို့ ဧရိယာ တိုးချဲ့မည့် မြို့နယ်များတွင် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ၊ ရေရရှိမှု ကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး ကဏ္ဍတို့ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
Ref: http://www.first-11.com/local/yangon-news/20014
လှည်းကူးက အဆိုတော် အသစ် “ချမ်းမင်း”
လှည်းကူးက အဆိုတော် အသစ် “ချမ်းမင်း” ပါ ။။ စီးရီး Tittle က “ငါ့ဒုက္ခ နဲ့ ငါ ” ဖြစ်ပြီး အခွေ ထွက်ရင် အားပေးကြပါဦးနော်-ဟု ဒါရိုက်တာနောင်မြင့်မိုရ်ရဲ့ ဖေ့ဘွတ်မှာ ဖေါ်ပြထားပါတယ်။
ပရော်ဖက်ရှင်နယ် ... အလိုရှိသည် Written by နှင်းသခင်
တိုးတက်အောင် ဘယ်လိုလုပ်ရမလဲ မေးလာသူများကို... အသက်မွေး ပညာသည် (Professional) ဖြစ်လာအောင်သာ ကြိုးစားပါဟု ကျွန်မတုံ့ပြန်လေ့ရှိသည်။ ဘယ်လိုလူမျိုးကို ရွေးချယ်ရမည်လဲဟု ကျွန်မ၏ လူအင်အား မန်နေဂျာက မေးလာသောအခါ တွင်လည်း အသက်မွေးပညာသည် ပီသသူ သို့မဟုတ် ပီသအောင် ကြိုးစားမည့်သူများ နှင့်သာ အလုပ်အတူ လုပ်လိုကြောင်း ကျွန်မဖြေလေ့ရှိသည်။
အခါများစွာပင် ထိုအဖြေကို ကျွန်မ ရှင်းပြရလေ့ရှိသည်။ ရှင်းပြတိုင်းလည်း ပုံဥပမာလေးတစ်ခုကို အမြဲသတိရသည်။ နေပူထဲ ချွေးတလုံးလုံးနှင့် အလုပ်လုပ်နေကြချိန်တွင် အုတ်ကလေးတစ်လုံး အတိမ်းအစောင်းမခံ ကြီးကြပ်နေသော ပန်းရန်ဆရာကြီးကို ပင်ပန်း၍ စိတ်တိုနေသော သူ့တပည့် လူငယ်က တံတားကြီးတစ်စင်းလုံးမှာ အုတ်ကလေးတစ်လုံးလောက် စောင်းနေတာကို ဘယ်သူ သိမှာမို့လို့ဟု စောဒကတက်သည်။ ဆရာကြီးဖြေသည်က "အနည်းဆုံးတော့ မင်းနဲ့ငါ သိတယ်ကွ" ဟု။
အသက်မွေးပညာသည် ဟူသော ထိုစကားလုံးသည် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးလှသော လူတန်းစား တစ်ရပ်ကို ကိုယ်စားပြုနေသည်ဟု ကျွန်မ မြင်ပါသည်။ ထိုစကားလုံးကို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ကာ အမှန်တကယ် ကိုယ်စားပြုနိုင်သူများ အားကောင်းသောနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်လိမ့်မည်။ အလုပ်လုပ်ရာတွင် အသက်မွေးပညာသည် ပီသခြင်းသည် တစ်ကိုယ်ကောင်း တိုးတက်မှုမှသည် အဖွဲ့အစည်း တိုးတက်မှု၊ နိုင်ငံတိုးတက်မှုသို့ အဆင့်ဆင့် ချိတ်ဆက် အာမခံပေးနေသော တစ်ခုတည်းသောအရာ ဖြစ်ပါသည်။
အသက်မွေးပညာသည် (Professional) ဟူသော စကားလုံးကို အကောင်း၊ အဆိုး ရောကာ အဓိပ္ပာယ်လွယ်လွယ် ဖွင့်ကြပါသည်။ အချို့က ကြေးစားဟုဆိုသည်။ အချို့က အတတ်ပညာ တစ်ခုတွင် ထူးချွန်နေပြီဆိုလျှင် သူကတော့ ပရို (Pro)ပဲဟု ဆိုကြသည်။ အချို့ကတော့ ဘွဲ့နှင့် အသက်မွေးပညာ အသိအမှတ်ပြု အောင်လက်မှတ်များကို ပြေးမြင်ကြသည်လည်း ရှိသည်။
အသက်မွေးပညာသည် ဟူသည် အတတ်ပညာ၊ ကျွမ်းကျင်မှုတစ်ခု ဖြင့် မိမိဘာသာ အသက်မွေးဝမ်းကျောင်း ပြုနိုင်စွမ်းရှိသောသူဟု အဘိဓာန် များက ဆိုပါသည်။ သို့သော် အခေါ်အဝေါ်ကို အဓိပ္ပာယ်ဖွင့် မှားကြသည်ထင့်။ အသက်မွေး ဝမ်းကျောင်းရန်အတွက် အလုပ်လုပ်နေသူ တိုင်းလည်း အသက်မွေးပညာသည် ပီသမလာနိုင်ကြ။
အသက်မွေးပညာသည်၏ တန်ဖိုး (Value)
အသက်မွေးဝမ်းကျောင်းမှု ဟူသော ဖွင့်ဆိုချက်ကို သေချာနားလည် မည်ဆိုပါက အသက်မွေးပညာသည် တစ်ဦး ရရှိသော အဖိုးအခသည် ၄င်း၏ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ဖြင့် ကြိုးစားလုပ်ဆောင်သော ဖန်တီးမှု၊ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတို့က ၄င်းနေထိုင်ရာ လူ့အဖွဲ့အစည်း အတွက် တစ်ထောင့်တစ်နေရာ အသုံးဝင် ကောင်းကျိုးပြုသောအခါ ထို့အတွက် လူအများက ကျေနပ်သဖြင့် တုံ့ပြန်သော ချီးမြှင့်မှုမျိုးဖြစ်သည်။ အသက်မွေး ပညာသည်တစ်ဦး၏ တန်ဖိုးသည် လူအများ၏ အကျိုးစီးပွားကို ဆောင်ကြဉ်း ပေးနိုင်စွမ်းရှိခြင်း ဟုဆိုလျှင် မမှား။ ကုသိုလ်လည်းရ ဝမ်းလည်းဝ။
သို့ဆိုလျှင် အသက်မွေးဝမ်းကျောင်း ပညာတစ်ရပ်ကို လူအများအား ကောင်းကျိုးကျေးဇူး ရှိစေခြင်း ရှိ မရှိဖြင့်ကြည့်ရသလို အသက်မွေးပညာသည် ဖြစ်နိုင် မဖြစ်နိုင်ကို မိမိ၏အသက်မွေးမှုကို လူအများက ကျေးဇူးတင် အသိအမှတ်ပြုနိုင်ခြင်း ရှိ မရှိဖြင့် ကြည့်ရပေလိမ့်မည်။
တစ်ဖန် အသက်မွေးပညာသည် ပီသခြင်းကို အောင်လက်မှတ်နှင့် အသိအမှတ်ပြု၍မရ။ နေ့စဉ်လက်တွေ့ ဖြည့်ကျင့်ရသော အလုပ်ဖြစ်သည်။ အသက်မွေးပညာသည် တစ်ဦးအတွက် ဖြည့်ကျင့်စရာ တန်းတူအရေးကြီးကာ တစ်ခုကိုတစ်ခု အပြန်အလှန် ဆက်စပ် အားဖြည့်နေသော စရိုက်လက္ခဏာ အနည်းဆုံးငါးရပ်ရှိသည်။
အရည်အချင်း (Competency)
အသက်မွေးနိုင်လောက်သော ပညာရပ်နှင့် ကျွမ်းကျင်မှုတစ်ခုခုရှိပြီး ၄င်းကို လက်တွေ့ အကျိုးရှိအောင် အသုံးချနိုင်စွမ်းလည်း ရှိရသည်။ အချို့က အတတ်ပညာတစ်မျိုးမျိုးကို အသေအချာ တတ်သော်လည်း လက်တွေ့ အသုံးချနိုင်စွမ်းမရှိ။ အသက်မွေး ပညာသည်သည် ကျွမ်းကျင်ရာကို လုပ်သည်။ လုပ်သည့်အလုပ်တွင် ကျွမ်းကျင်သည်၊ ပို၍ပို၍ ကျွမ်းကျင်လာရန်လည်း ကြိုးစားသည်။ အသိပညာ၊ အတတ်ပညာ၊ နည်းပညာအသစ်များ စဉ်ဆက်မပြတ် လေ့လာသင်ယူသည်။ အရည်အချင်း ပြည့်ဝသော သူသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည်။ ငိုက်နေသော စပါးနှံပမာ လူများအပေါ် လေးစားမွန်ရည်သည့် အပြုအမူများနှင့်လည်း ပြည့်စုံသည်။
အရည်အသွေး (Quality)
အသက်မွေးပညာသည် မှန်လျှင် အလုပ်ကို ခိုင်းသည့်အတိုင်း တာဝန်ကျေ လုပ်နေခြင်းမဟုတ် အရည်အသွေးကောင်းသော ရလဒ်များဖြင့် အောင်မြင်အောင် လုပ်ကိုင်ခြင်းဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်း သောရလဒ်များ ထွက်ပေါ်ရေးသည်သာ အလုပ်ရည်မှန်းချက် ဖြစ်သည်။ ထိုရည်မှန်းချက်အတွက် စွမ်းရည် မြှင့်တင်မှု၊ လေ့ကျင့်မှုနှင့် ကြိုးစားအား ထုတ်မှု တို့ကိုလည်း မည်သူမျှမခိုင်းရဘဲ ကိုယ်ပိုင်စည်းကမ်း တစ်ခုအဖြစ် ဝတ္တရားမပြတ် ပြုနေလိမ့်မည်။
စည်းကမ်း (Discipline) 
ကျွန်မတို့လက်တွေ့ဘဝတွင် ထိတွေ့နေသော စည်းကမ်းများစွာ ရှိသည်။ အလုပ်စည်းကမ်း၊ အဖွဲ့အစည်းစည်းကမ်း၊ နိုင်ငံ့ဥပဒေစည်းကမ်း။ အသက်မွေးပညာသည် တစ်ဦးသည် အဆိုပါ စည်းကမ်းများကို နားလည် သဘောပေါက်ပြီး ကိုယ်ပိုင်စည်းကမ်း တစ်စုံထားကာ ချမှတ်သူ၊ ထိန်းသိမ်းသူ၊ လိုက်နာသူဖြစ်သည်။ အလုပ်အပေါ်သစ္စာရှိမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု တို့ကို အသက်မွေးပညာသည် တစ်ဦး၏ တန်ဖိုး၊ စရိုက်လက္ခဏာနှင့် ကျင့်ဝတ်များ မွမ်းမံကာ ကိုယ့်စည်းကမ်းအဖြစ် တည်ဆောက်ထားသူ ဖြစ်သည်။ ဥပမာပေးထားသော ပန်းရန်ဆရာကြီး ပမာ စည်းကမ်းလိုက်နာခြင်း ရှိ မရှိ အတွက် စောင့်ကြပ်အရေးယူရန် တတိယလူလည်း မလို။
တာဝန် (Responsibility)
ရှေ့တွင်ဖော်ပြခဲ့သော စည်းကမ်း၊ အရည်အချင်းနှင့် အရည်အသွေး သည် အသက်မွေးပညာသည် တစ်ဦး၏ တာဝန်ယူနိုင်စွမ်းကို အာမခံသည်။ ပညာရှင်ကို အလေးထားသော လုပ်ငန်းမျိုးတွင် လူတစ်ဦး၏ တာဝန်ယူနိုင်စွမ်း အလိုက်သာ တာဝန်နှင့် ရပိုင်ခွင့်များ ပေးလေ့ရှိသည်။ ပုဂ္ဂိုလ်မင်၍ ရာထူး တင်ခြင်းမျိုးမဟုတ်။ အသက်မွေးပညာသည် ပီသသူသည် တာဝန်ယူနိုင်စွမ်း ရှိသလို တာဝန်ခံနိုင်စွမ်းလည်း ရှိသည်။ ထမင်းရည်ပူ လျှာလွှဲမလုပ်။ ခေါင်း မရှောင်။ မိမိ၏အလုပ်နှင့် သက်ဆိုင်သော အကောင်းအဆိုးကို ကိုယ်တိုင် တာဝန်ယူဖြေရှင်းသည်။ သူများပေါ် ပုံမချ။ ဤလက္ခဏာသည် နောက် စကားလုံးတစ်ခုဖြစ်သည့် ရိုးသားမှုနှင့်လည်း တိုက်ရိုက် ဆက်စပ်နေပြန်သည်။
ရိုးသားဖြောင့်မတ်မှု (Integrity)
အသက်မွေးပညာသည်သည် မတတ်လျှင် မတတ်ဘူးပြောသည်။ လုပ်လျှင်လုပ်သည် ဝန်ခံသည်။ နာမည်ကိုဖြစ်စေ၊ ရာထူးနေရာကို ဖြစ်စေ၊ လူအများ၏ ထောက်ခံမှုကိုဖြစ်စေ မည်သည့်အခွင့်အရေးနှင့် အောင်မြင်မှု ကိုမှ မတရားမယူ၊ လိမ်ညာလှည့်ဖြားခြင်း မပြု။ ထိုက်တန်သော ကြိုးစားမှုဖြင့်သာ ရယူသည်။ မိမိအကျိုးအတွက် သူတစ်ပါးကို ချောက်မချ။ အခွင့်အရေးနှင့် တာဝန်သည် အစဉ်တွဲလျက်ရှိသည်ကို သိသည်။ သိသည့်အတိုင်းလည်း ကျင့်ကြံသည်။
အထက်ပါ စရိုက်လက္ခဏာများနှင့် ပြည့်စုံကြသော အသက်မွေးပညာသည် တို့တွင် အောက်ပါ အဖိုးတန် ကျင့်ဝတ်နှစ်မျိုးကိုလည်း တွေ့နိုင်ပြန်သည်။
လွတ်လပ်စွာ ဆင်ခြင်ဆုံးဖြတ်ခြင်း (Independent Judgement & Decision)
မိမိခံယူချက်၊ အသိပညာ၊ အတတ်ပညာတို့မှ ပေးသော အသိဖြင့် လူအများကောင်းကျိုး အတွက် မျှတလွတ်လပ်သော ဆင်ခြင်ဉာဏ်နှင့် ဆုံးဖြတ် နိုင်စွမ်းကို ထိန်းသိမ်းထားခြင်းဖြစ်သည်။ အသက်မွေးပညာသည် ကျင့်ဝတ်၊ တန်ဖိုးတို့နှင့် သွေဖည်သော လုပ်ဆောင်ချက်များကို ငြင်းဆိုရဲခြင်း၊ မှန်ရာကို ပြောရဲခြင်း။ မမှန်ကန်မှုကို တာဝန်သိစွာ အရေးယူနိုင်ခြင်း တို့ဖြစ်သည်။
ရဲဘော်ရဲဘက်စိတ်ရှိခြင်း (Comaradeship) 
မိမိနှင့် ဘဝတူများအပေါ် သစ္စာရှိသည့် ရဲဘော်ရဲဘက်စိတ် ဆိုသည်မှာ အသက်မွေးကျင့်ဝတ်နှင့် မညီ မဟုတ်တာ လုပ်နေသည်ကို ဖုံးဖိပေးခြင်း ကာကွယ်ပေးခြင်းမျိုး မဟုတ်။ အပြန်အလှန် ပညာမျှဝေခြင်း၊ ထိန်းကျောင်းခြင်း၊ ဘဝတိုးတက်ရေးတွင် ကူညီခြင်း၊ ခြေမ မကောင်းခြေမ ဆိုသကဲ့သို့ သွေဖည်သွားသော သူများကို အရေးယူ ပြုပြင်ပေးခြင်း ကဲ့သို့ဖြစ်သည်။ အသက်မွေးပညာသည် များတွင် ထိုမှန်ကန်သော ရဲဘော်ရဲဘက်စိတ် ရှိသည်။
ဤမျှလောက်ဆိုလျှင် အသက်မွေးပညာရှင် ဆိုသော သတ်မှတ်ချက် သည် အဓိပ္ပာယ်နှင့် လက်တွေ့ နယ်ပယ် ကျယ်ပြန့်သလောက် လွယ်လွယ်နှင့် ရနိုင်သော ဝိသေသတစ်ခု မဟုတ်မှန်း သေချာပါပြီ။ အသက်မွေးပညာသည်ဟု အမည်ခံ ထားသော်လည်း ထိုဝိသေသအတွက် တာဝန်ယူနိုင်စွမ်း မရှိသည့် အခါ၊ အလွယ်တွေး၊ အဖြစ်လုပ်၊ မပီပြင်သောအခါ ရလဒ်မကောင်းနိုင်။ စားဖိုမှူးတစ်ယောက် လုပ်ကိုင်ပုံလွဲလျှင် စားသောက်သူ လူပေါင်းများစွာ ထိခိုက်နိုင်သည်။ ဆရာဝန်တစ်ဦး ဆေးကုလွဲသော် လူနာများစွာ ထိခိုက်နိုင်သည်။ အင်ဂျင်နီယာတစ်ဦး အတွက် အချက်လွဲသော် အဆောက်အအုံ တစ်ခုဖြင့်ပင် အသက်ပေါင်းများစွာ ဆုံးရှုံးသွားနိုင်သည်။ အုပ်ချုပ်သူတစ်ဦး အတွေးလွဲသော် တစ်တိုင်းပြည်လုံး အကျိုးနည်းမည်။ ထို့ကြောင့် မည်သို့သော အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းခြင်း တွင်မဆို အမှားများကို တာဝန်ယူ သင်ခန်းစာယူကာ တိုးတက်အောင်မြင် နိုင်စေသော အသက်မွေး ပညာသည်တစ်ဦး၏ တန်ဖိုး၊ စရိုက်လက္ခဏာ၊ အကျင့်အကြံများနှင့် အညီ မိမိကိုယ်ကိုယ် မွေးမြူခြင်း သည်သာလျှင် အဖြေဟု ယုံကြည်မိပါသည်။
အမှားလုပ်မိသူကို စေတနာ အလွဲကြောင့်ဟု ခွင့်လွှတ်တတ်သည်မှာ ကျွန်မတို့၏ ချစ်စရာကောင်းသော လူသားဆန် စာနာမှုဖြစ်ပါသည်။ သို့သော် ဖြစ်တတ်သည့်သဘော ဟူသော စကားကို အကြောင်းပြချက် တစ်ခုအဖြစ် သုံးကာ ပြုပြင်ခြင်းကင်းစွာ မေ့လျော့ပေါ့တန် နေခြင်းကိုတော့ ကန့်ကွက်လို ပါသည်။ ခလုတ်သည် တစ်ခါတိုက်လျှင် မတော်တဆ၊ နှစ်ခါမြောက်လျှင် တိုက်သူ အပြစ်ဖြစ်သည်။ အလုပ်လုပ်သူတိုင်း အသက်မွေး ပညာသည်များ ဖြစ်လာကြလျှင် အလွန်ကောင်းပါလိမ့်မည်။ အသက်မွေးပညာသည် များကို ပြုစုမွေးမြူကာ ၄င်းတို့အားဖြင့် တည်ဆောက်သော လုပ်ငန်း အဖွဲ့အစည်းများ များလာမည်ဆိုလျှင် လိုချင်သော နိုင်ငံတိုးတက်မှု အပြင် လူ့ဘောင်လောကလည်း သာယာပေလိမ့်မည်။
အသက်မွေးပညာသည် အလိုရှိပါသည်။
The Voice WeeklyMay 17
http://www.maukkha.org/index.php/book-store/reading-room-maukkha/3300-2013-06-02-11-50-37
Wednesday, 12 June 2013
ဂိုးတစ်ဂိုးသွင်းဖို့ ၁၇နှစ် စောင့်ခဲ့ရသူ By ရိုးရာလေး
မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျနဲ့ ဂျော်ဒန်တို့ ပွဲစဉ်မှာ ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ သြစတြေးလျအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ခြေတစ်လှမ်းနီးစပ်လာခဲ့ပါတယ်။
 ဒီပွဲမှာ ထူးခြားတာတစ်ခုကတော့ အသင်းခေါင်းဆောင် လူးကပ်စ်နေးလ်ရဲ့ပွဲသိမ်းဂိုးပါပဲ။ ၃ဂိုးပြတ် အနိုင်ရနေချိန်မှာ နောက်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့တာက သိပ်ပြီးထူးခြားလှတယ် မဟုတ်ပေမယ့် သူ့အတွက် ဒီဂိုးသွင်းဖို့ ၁၇နှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရတာပါ။
လူးကပ်စ်နေးလ်ဟာ သြစတြေးလျ လက်ရွေးစင် ကစားသမားအဖြစ် ပွဲ ၉၀ ပါဝင်ကစားခဲ့ပေမယ့် ဂိုးတစ်ဂိုးတောင် သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ၉၁ပွဲမြောက်အဖြစ် ကစားခဲ့တဲ့ ဂျော်ဒန်နဲ့ပွဲမှာ ပွဲပြီးဖို့ ၆မိနစ်လိုချိန် သွင်းခဲ့တဲ့ ခေါင်းတိုက်ဂိုးဟာ သူ့အတွက် ပထမဆုံး နိုင်ငံလက်ရွေးစင် သွင်းဂိုးဖြစ်ခဲ့ပါတယ်။
 ဒါဟာ သူ့အတွက် အမှတ်တရ အခိုက်အတန့်ဖြစ်ခဲ့သလို သြစတြေးလျအနေနဲ့လည်း အုပ်စုနောက်ဆုံးပွဲမှာ အီရတ်ကို အနိုင်ရမယ်ဆိုရင် သုံးကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပါတယ်။
Tuesday, 11 June 2013
ဖောင်ကြီးသားတစ်ယောက် (သို့) အီးပီစီတို့ရဲ့ အပြိုင် ၀မ်းနည်းခြင်းကို ခံရသူ
မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရ၍ ဆေးရုံတက်နေရသူများနှင့် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက်
မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်နေသူများနှင့် အခက်အခဲ တွေ့နေသူများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသောင်းအား မလေးရှား နိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် ဇွန် ၁၁ ရက်နေ့တွင် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ငွေသားလှူဒါန်းမှုများအပြင် MAI လေကြောင်းလိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဇွန် ၁၂ ရက်မှစ၍ တစ်လတိတိကို လေယာဉ်လက်မှတ်ခ ရာခိုင်နှုန်း ၅၀ လျော့ချပေးမည် ဖြစ်ကြောင်း သိရသည်။
ယခု လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းမှာ ကနဦး လှူဒါန်းခြင်းသာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ပါက မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဖုန်း- + ၆၀၁၆၆ ၅၇၇ ၉၀၃၊ + ၆၀၁ ၉၃၉၉ ၃၇၆၃ များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။
Ref: http://www.first-11.com/
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မြန်မာအလုပ်သမားများအတွက် မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က လေယာဉ်လက်မှတ်ခ လူဦးရေ ၁၀၀၀ စာ အခမဲ့ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လက်တလော၌ မလေးရှားတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် အပါအ၀င် အခက်အခဲ ကြုံနေရသော မြန်မာနိုင်ငံသားများအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ဧရာဝတီ ဖောင်ဒေးရှင်းမှ အမှုဆောင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ယနေ့ (ဇွန် ၁၁ ရက်) တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံနေရသူများ အတွက် မက်စ်မြန်မာဥက္ကဋ္ဌက အမေရိကန်ဒေါ်လာ နှစ်သောင်းကို ဇွန် ၁၁ ရက်တွင် မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းသို့ Eleven Media Group မှတစ်ဆင့် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
 Ref: http://www.first-11.com
Saturday, 8 June 2013
ဆရာကြီး ဦးဝင်းကြိုင် ကွယ်လွန်အနိစ္စရောက်ခြင်း
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မြန်မာစာပေဌာန၏ ပါမောက္ခ (အငြိမ်းစား) ဆရာကြီး ဦးဝင်းကြိုင် သည် (၈.၆.၂၀၁၃)စနေနေ့ နံနက် (၉)နာရီတွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရပါသည်။
 ”စာပေ၀တ္ထု၊ ရတုကဗျာ၊ လင်္ကာပန်းမိုး၊ ရွာသွန်းဖြိုးလျက်၊ အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကို မြင့်တင်မည်” ဆိုတဲ့ ဆရာကြီး ဦးဝင်းကြိုင် ကောင်းရာသုဂတိလားပါစေ။
 Ref: http://www.facebook.com/groups/SPSUYGN/
Wednesday, 5 June 2013
The Choice (သို့) ဒေါ်အောင်ဆန်းစုကြည်အကြောင်း (မြန်မာစာတမ်းထိုး-ဗီဒီယို)
မေတ္တာရှင်ပရဟိတ စံပြဆုရှင်များ (သို့မဟုတ်) လောဘသုံးမျိုးကို စွန့်ရဲသူများ/ နာရေး ကူညီမှုအသင်း(ရန်ကုန်)
၁၃၇၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၅) ရက်၊ ၂၉.၅.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာ “မေတ္တာပရဟိတဂေဟာ” ၌ အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းရေစက်ချအခမ်းအနားနှင့် အရှင်ဇဝန ဓမ္မကထိက ဗဟုဇနဟိတဓရ (မေတ္တာရှင်ရွှေပြည်သာ) မှချီးမြှင့်ဂုဏ်ပြုသည့် “မေတ္တာရှင်ပရဟိတ စံပြဆု” ပေးအပ်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နံနက် (၉းဝဝ) နာရီအချိန်တွင် စတင်ခဲ့ပြီး မေတ္တာရှင်ပရဟိတ စံပြဆုရှင် (၁ဝ) ဦးတို့အား မေတ္တာရှင်ဆရာတော်မှ ရွေးချယ်ဂုဏ်ပြုခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ဒေါ်မြရှင် (မဇ္ဈိမ သံဃာမာတာ)၊ ဆရာချစ်စံဝင်း (စာရေးဆရာ)၊ ဒေါ်ခင်ခင်ရီ (OG Specialist)၊ ဒေါ်ဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ်)၊ ဦးအောင်မြင့်၊ ဦးတင်မောင်အေး(ခ)ဦးငယ်လေး (မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အလှူရှင်)၊ ဒေါ်နန်းကြည်အောင်(ခ)မနန်း (မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အလှူရှင်)တို့မှ ရရှိခဲ့ပြီး မေတ္တာရှင်ဆရာတော်မှ “မေတ္တာရှင် ပရဟိတစံပြဆု” ချီးမြှင့်ခံရသူများတို့သည် “လောကတွင် သူတော်ကောင်းတွေများလာရင် လူသားတွေ စိတ်ချမ်းသာရတယ်၊ မသူတော်တွေများလာ ရင် လူသားတွေ စိတ်ဆင်းရဲရကြောင်း၊ သူတော်ကောင်းတွေ များများရှိဖို့အတွက် လူသားတိုင်းမှာ တာဝန် ရှိကြောင်း၊ မိမိကိုယ်တိုင် သူတော်ကောင်းဖြစ်အောင် ကြိုးစားရုံဖြင့် မလုံလောက်သေးကြောင်း၊ မိမိဘေး ပတ်ဝန်းကျင်ကို သူတော်ကောင်းဖြစ်အောင် ကြိုးစားသင့်ကြောင်း၊ ဆရာတော်လည်း ကိုယ့်ကိုယ်ကို သူတော်ကောင်းဖြစ်အောင် ကြိုးစားပါကြောင်း၊ ထို့ကြောင့် မိမိပတ်ဝန်းကျင် လူသားတွေပါ သူတော် ကောင်းဖြစ်စေချင်လို့ အခုလို “မေတ္တာရှင်ပရဟိတ စံပြဆု” ကို ယခုနှစ်မှစပြီး ပေးအပ်ခဲ့ကြောင်း” ဆုပေး ရခြင်းဖြစ်ကြောင်း၊ ကိုယ်ကျိုးစွန့်၊ အများအကျိုးအတွက် လုပ်ဆောင်သောကျင့်စဉ်သည် ဘုရားရှင်၏ ကျင့်စဉ်ဖြစ်ကြောင်း၊ ဘုရားရှင်၏ကျင့်စဉ်အတိုင်း လူမှုရေးပရဟိတ အလုပ်များအား လောဘသုံးမျိုး စွန့်ကာ (လှူဖွယ်ဝတ္ထု၌ တပ်မက်သောလောဘ၊ နောက်ဘဝချမ်းသာချင်သောလောဘ၊ နာမည်ကြီး ချင်သောလောဘ) လုပ်ဆောင်ခဲ့သူများဖြစ်ကြသည့်အတွက် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် စံပြဆုရရှိသူများအား ဆရာတော်မှ ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ရာတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် လူမှုရေးဟောပြောပွဲများဖြင့် အထက်မြန်မာပြည်သို့ ခရီးလွန်နေသည့်အတွက် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ ကိုယ်စား လက်ခံရယူခဲ့သည်။ ဆုရရှိသူ ဦးကျော်သူကိုယ်စား နာရေး ကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ “မိမိသည် ရွှေဥမင်တရားစခန်းသို့ ရောက်ရှိနေတဲ့အတွက် အခမ်းအနားတက်ဖို့ အစီအစဉ်မရှိပါဘူး။ ကိုကျော်သူ ပရဟိတဟောပြောပွဲခရီးမှ ပြန်မရောက်သေး၍ တရားစခန်းမှာ ဆရာတော်ကိုခွင့်တောင်းပြီး လာခြင်းဖြစ်ကြောင်း၊ ယခင်က ကျေးဇူးတင်စကားကို ဦးကျော်သူပြောပေးပါရန် ခွင့်တောင်းထားသည့်အတွက် ကိုကျော်သူမရှိ၍ မိမိမှ ကျေးဇူးတင်စကား ပြောခြင်းဖြစ်ကြောင်း၊ ကိုကျော်သူက ယခုရရှိသောဆုသည် သူအရင်ကရရှိခဲ့တဲ့ ဆုများထက် အမြင့်မြတ်ဆုံးဆုဟု ပြောခဲ့ပါကြောင်း၊ မြတ်စွာဘုရားရှင်၏ စကားအတိုင်း ဗုဒ္ဓဘုရား၏ သားတော်ဖြစ်တဲ့ သံဃာတော်မှချီးမြှင့်တဲ့ ဆုဟာ အမြင့်မြတ်ဆုံးပါဖြစ်ကြောင်း၊ မြန်မာပြည်ထဲမှာ ဒီလိုဆုပေးတာဟာ အင်မ တန်မှရှားပါကြောင်း၊ ဆက်လက်ပြီးမှာလိုက်တာက သူဟာ ဒီလိုဆုတွေကို မျှော်ကိုးပြီး လူမှုရေးတွေ လုပ်ခဲ့ တာမဟုတ်ပါဘူး။
ဒီလိုအသိအမှတ်ပြုခံရတာလည်း တကယ်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အများအမြင် မှာ ပရဟိတအလုပ်ကို တခြားဘာသာဝင်တွေရဲ့ အလုပ်ဟုထင်နေခြင်းကို ဆရာတော်မှ ပရဟိတကို မြတ်စွာဘုရား ကိုယ်တော်တိုင်ရဲ့ အဆုံးအမပါဟု မြန်မာဗုဒ္ဓဘာသာရဲ့အမြင်ကိုမြင်အောင် လက်တွေ့ လုပ်ပြခဲ့တဲ့အတွက် ဆရာတော်ကို တပည့်တော်မ ကျေးဇူးအထူးတင်ပါကြောင်း” ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး “မေတ္တာရှင်ပရဟိတစံပြဆု” ဆုရှင်တစ်ဦးဖြစ်သူ ဦးချစ်စံဝင်းမှ ကျေးဇူးတင်စကားပြော ကြားခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဦးခိုင်မိုရ်မင်း + ဒေါ်ခိုင်ဇာလင်း သားမောင်အောင်ခန့် မြတ်တို့မှ အလှူငွေ (၅) သိန်းကျပ်တိတိအား လှူဒါန်းပေးအပ်ခဲ့ရာ ဒေါ်မြင့်မြင့်ခင်ဖေမှ လက်ခံရယူ ခဲ့သည်။
ထို့နောက် အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ် အဆောက်အဦးနှင့် ပရိဘောဂများအား ပညာရေးဝန်ကြီးဌာသို့ အလှူရှင် ဦးတင်မောင်အေး (ခ) ဦးငယ်လေး + ဒေါ်နန်းကြည် အောင် (ခ) မနန်း တို့မှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းအား ပညာရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကြွရောက်လာကြသော သံဃာတော်များတို့အား သင်္ကန်းပရိက္ခရာများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် နှစ်ထပ် ကျောင်းဆောင်သစ် လှူဒါန်းမှုအား ရေစက်ချ အမျှပေးဝေခဲ့သည်။ ယင်းနောက် အ.ထ.က ကျောင်းခွဲ၊ မေတ္တာပန်း နှစ်ထပ်ကျောင်းဆောင်သစ်အား မေတ္တာရှင်ဆရာတော်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာသင် ဆောင်များအား တက်ရောက်လာကြသော ဧည့်သည်တော်များတို့မှ လိုက်လံကြည့်ရှု လေ့လာခဲ့ကြပြီး အခမ်းအနားအား စည်ကားသိုက်မြိုက် အောင်မြင်စွာပြီးဆုံးခဲ့သည်။ အပြန်ခရီးတွင် “မေတ္တာပရဟိတ ဂေဟာ”ရှိ အဘိုးအဘွားများထံသို့ သွားရောက်၍ အားပေးစကားများ အသီးသီးပြောကြားခဲ့ပြီး နာရေး ကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံသို့ ခရီးဆက်ခဲ့တော့သည်။
နာရေး ကူညီမှုအသင်း(ရန်ကုန်)
Sunday, 2 June 2013
လှည်းကူးမှာ ဖခင်မောင်းနှင်သည့်ဆိုင်ကယ်ပေါ်မှ ၄နှစ်သားကလေးငယ်ပြုတ်ကျ ကားနင်းမိသေဆုံး
၁.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးကားလမ်းတွင် လှည်းကူးမြို့နယ်၊
ညောင်ကုန်းကျေးရွာနေ သိန်းအောင်၊(ဘ)ဦးအောင်သိုင်း သည် သားဖြစ်သူ ပြည့်စုံဖြိုး၊(၄)နှစ်အား ဆိုင်ကယ်ရှေ့၎င်း၏
ရင်ခွင်အတွင်းထား၍ စီးနင်းလာစဉ် ရဲထွန်း(ဘ)ဦးရာသောင်းမောင်းနှင် လာသော န/၁၁၅၂ TE ယာဉ်သည် ၀ဲဘက်မှ
ကျော်တက်စဉ် သိန်းအောင် စီးနင်းသည့်ဆိုင်ကယ်မှာ ယာဉ်ကျော်တက်သည့်အရှိန်ကြောင့် ယိမ်းယိုင်သွားသဖြင့်
ရင်ခွင်အတွင်းမှ ကလေးငယ်ပြည့်စုံဖြိုးမှာ ၀ဲဘက်သို့ပြုတ်ကျခဲ့ရာ ယာဉ်၏ယာဘက် နောက်ဘီးဖြင့်ကြိတ်မိ၍ ဦးခေါင်းကြေမွ
သေဆုံးခဲ့သဖြင့် ယာဉ်မောင်းသူရဲထွန်းနှင့် ဆိုင်ကယ်မောင်းနှင်သူသိန်းအောင်တို့နှစ်ဦးအား ငါးဆူတောင်နယ်မြေရဲစခန်းတွင် အရေးယူထား ရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။