ဒီလို မိုးရာသီ ခံစားမှုမျိုးကို ကျနော် နှစ်သက်ပါတယ်။ စိတ်ထဲမှာ ဘေးကင်းလုံခြုံရာ အရပ်တခုကို ရောက်နေသလိုမျိုး ခံစားရပါတယ်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတာကိုလည်း မိုးရွာတာကို ယိုးမယ်ဖွဲ့လို့ရတယ် မဟုတ်လား၊ မိုးရွာလို့ ဘာမှ လုပ်ခွင့်မသာဘူးပေါ့။
ကျနော်စိတ်ထဲက အဲဒီခံစားချက်ကို ပြောပြတော့ ကျနော်နဲ့ အဖော်လိုက်လာတဲ့ ဧည့်လမ်းညွန်က တကယ်လားလို့ မေးပါတယ်။ သူ့ကြည့်ရတာ စိတ်ဓာတ်ကျသွားတဲ့ ပုံပါပဲ။ ပြီးတော့မှ သူက သူ့ခံစားချက်ကို ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက်တုန်းက ဒီဒေသဟာ ငရဲဘုံကြီး တခုလို ဖြစ်ခဲ့ရတဲ့ အကြောင်းပေါ့။
သူက ၂၀၀၈ ခုနှစ်မေလတုန်းက တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်း နာဂစ် အကြောင်းပြောပြပါတယ်။ အဲဒီတုန်းက ခန့်မှန်းခြေ လူပေါင်း ၁ သိန်း ၄ သောင်း အသေအပျောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စစ်အစိုးရဟာ လူသားချင်းစာနာမှုအနေနဲ့ ပေးတဲ့ နိုင်ငံတကာက အကူအညီတွေကို ငြင်းပယ်ခဲ့ပါတယ်။ အပျက်အစီးတွေကတော့ မြင်မကောင်းအောင်ပေါ့။ ဒီလိုနဲ့ စဖြစ်တဲ့ အချိန်ကနေ ရက်သတ္တပတ် ၃ ပတ်ကြာသွားတဲ့ အထိ ဒုက္ခသည်တွေဟာ အကူအညီမရတဲ့ ဘ၀နဲ့နေခဲ့ရရှာပါတယ်။
ဧည့်လမ်းညွန်က ပြန်ပြောပြပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကို လှုံဆော်ပေးမယ့် နိုင်ငံခြားသားတွေက နိုင်ငံတကာ အကူအညီတွေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရောနှောပြီး တိုင်းပြည်ထဲ ၀င်လာမှာကို အစိုးရက စိုးရိမ်ခဲ့တာတဲ့။ ဒါပေမယ့် သိပ်မကြာပါဘူး။ တရုတ်ပြည် စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်ပါတယ်၊ တရုတ်အစိုးရကတော့ ကယ်ဆယ်ရေးလုပ်သားတွေ၊ အကူအညီတွေကို တဖွဲ့ပြီးတဖွဲ့ ခွင့်ပြုခဲ့ပါတယ်၊ ဒါကို မြင်တော့မှ မြန်မာအစိုးရက နိုင်ငံခြားက ကယ်ဆယ်ရေးလုပ်သားတွေကို တိုင်းပြည်ထဲ ခွင့်ပြုဖို့ ပြန်စဉ်းစားတဲ့အကြောင်း ဧည့်လမ်းညွန်က ပြောပြပါတယ်။
စစ်အစိုးရရဲ့ အစောပိုင်း တုံ့ပြန်ပုံကို ကြည့်ရင် လူ့အသက်တွေကို တန်ဖိုးမထားဘူးဆိုတဲ့ အထောက်အထားပါပဲ။ ဒါကို မြင်ရတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း စစ်အစိုးရဆိုတာ မကောင်းဆိုးဝါးကောင်တွေပဲလို့ မြင်သွားကြပါတယ်၊ ကျနော့်ဧည့်လမ်းညွန်ဆိုရင် အဲဒီတုန်းက မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတ၀ိုက်မှာ ကယ်ဆယ်ရေးနဲ့ ကူညီရေးအဖွဲ့တွေနဲ့ လိုက်ပြီး စကားပြန်လုပ်နေပါတယ်။ သူလည်း မြန်မာပြည်သူလူထုလိုပဲ အစိုးရကို မကောင်းဆိုးဝါးလို့ပဲ မြင်သွားတယ်လေ။
(မြန်မာပြည်လွတ်လပ်ရေးခေတ်ဦးမှာ ထုတ်ဝေခဲ့သော ငွေစက္ကူတွင် တောင်သူဦးကြီးများပုံကို ဖော်ပြခဲ့သည်)
နာဂစ်အကြောင်းပြောနေတဲ့အချိန်မှာပဲ လက်ဖက်ရည်ဆိုင်ထဲကို အသက်ကြီးကြီး အမျိုးသားကြီးတယောက် မိုးခိုဖို့ ၀င်လာပါတယ်။ ပုသိမ်ကို ဆေးခန်းပြဖို့ အနီးနားရွာက လာတာလို့ ပြောပြပါတယ်၊ အဆုတ်ရောဂါသည် အဲဒီလယ်သမားကြီးက သားတယောက်၊ သမီးတယောက်နဲ့ အတူနေပါတယ်၊ ပြောလက်စမို့ ဆိုင်ကလုန်းနာဂစ်နဲ့ ကြုံခဲ့တဲ့အကြောင်း သူနဲ့ စကားစပ်မိကြပြန်ပါတယ်။
ဒီလယ်သမားကြီးရဲ့ ရွာမှာတော့ တယောက်မှ မသေအပျောက်မရှိခဲ့ပါဘူး။ ဒါပေမယ့် သက်ကယ်မိုးနဲ့ သူ့အိမ်ကလေးကတော့ မုန်တိုင်းထဲ ပါသွားရှာပါတယ်။ ချက်စရာပြုတ်စရာ အိုးခွက်ပန်းကန်တွေ၊ အိပ်စရာတွေ၊ အားလုံးပါသွားတာပါ၊ မုန်းတိုင်းလွန်ပြီး တနှစ်လုံးကတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ပေးတဲ့ အထောက်အပံ့တွေနဲ့ပဲ သူတို့ မိသားစုတွေ အသက်ရှင်သန်ခဲ့ရပါတယ်၊ သူ့လယ် ၁၅ ဧကထဲက ၅ ဧကကလည်း ဆားငန်ရေတွေ ၀င်၊ နောက်တော့ ကနန်းတွေ၊ ခရုတွေ ရောက်ချလာတာပေါ့။
အခုအချိန်ထိလည်း အပင်တွေ ဖူးချိန်ပွင့်ချိန်မှာ ကနန်းကောင်တွေက ကိုက်ဖြတ်တတ်တဲ့ အကြောင်း၊ ရိတ်သိမ်းရဖို့ ခက်ခက်ခဲခဲ လုပ်ကိုင်နေရတဲ့ အကြောင်း သူက နာနာကျင်ကျင်ပြုံးရင် ပြောပြပါတယ်။
ဒါပေမယ့် ဒီလယ်သမားကြီးမှာ အရေးကြီးတဲ့ အရင်းအနှီးတွေက အပွန်းအပဲ့ မရှိခဲ့တာ တော်သေးလို့ ဆိုရမှာပေါ့။ စိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးပြုဖို့ သူ မွေးထားတဲ့ ကျွဲ ၇ ကောင်က အခုဆိုရင် ၁၄ ကောင်တောင် ဖြစ်နေပြီလေ။ တကောင်တကောင်ကို ယန်းငွေ ၃ သောင်းလောက် တန်ပါတယ်၊ မြန်မာပြည်မှာတော့ အစိုးရ၀န်ထမ်းတယောက်ရတဲ့ ၂ လစာနဲ့ ညီမျှပါတယ်။
မြန်မာပြည်ကျေးလက်က လူတွေက ရွှေငွေ၊ ရတနာတွေကို အရင်းအနှီးအဖြစ်နဲ့ စုဆောင်းလာကြပေမယ့် ကျွဲနွားတွေကတော့ လယ်သမားတွေအတွက် တကယ့်ရတနာတွေပေါ့။ မြန်မာပြည်မှာ အများစုကလည်း လယ်သမားတွေချည်းပဲလေ။
ဒါပေမယ့် မြန်မာပြည်က မြေတွေအားလုံး၊ လယ်မြေယာမြေတွေ အားလုံးကို အစိုးရက ပိုင်ပါတယ်၊ လယ်သမားတွေကို အငှားချထားတဲ့ သဘောမျိုးပါ။ ဘယ်အပင်ကို စိုက်ပါ၊ ဘယ်မျိုးကို သုံးပါ ဆိုတာကိုလည်း အစိုးရကပဲ နှစ်စဉ် ညွန်ကြားတတ်ပါတယ်။
ဒါပေမယ့် အခုခေတ်မှာ အစိုးရက ချုပ်ကိုင်တယ်ဆိုတာက ဆိုရှယ်လစ်ခေတ်တုန်းကလောက် မဆိုးတော့ပါဘူးလို့ လယ်သမားကြီးက ပြောပြပါတယ်၊ ဟိုတုန်းကတော့ မြန်မာပြည်ရဲ့ နိုင်ငံခြားပို့ကုန်မှာ စပါးက ၆၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ ဆန်ပို့ကုန်က တိုင်းပြည်ပို့ကုန်ရဲ့ ၃ ရာခိုင်နှုန်းအထိ ထိုးကျသွားပြီး၊ သဘာဝ ဓာတ်ငွေ့တွေပဲ တရဟော နိုင်ငံခြားကို ရောင်းနေပါတယ်။ မြန်မာပြည်က တဦးချင်း ဆန်စားသုံးမှုဟာ ကမ္ဘာမှာ အများဆုံးဆိုပေမယ့် ထုတ်လုပ်မှုအပိုင်းမှာတော့ အများအားဖြင့်တော့ အရင်အတိုင်းဘာမှ မပြောင်းလဲသလောက်ပါပဲ။
မြန်မာပြည်က ဆန်စပါးထုတ်လုပ်မှုဆိုတာက အင်္ဂလိပ်ခေတ်က အမွေဖြစ်ပါတယ်၊ အင်္ဂလိပ် အစိုးရဟာ သူ့ကိုလိုနီတွေကို ဘယ်နိုင်ငံက ဘယ်လိုကုန်အမျိုးအစားထုတ်လုပ် - ဆိုတာမျိုး တွန်းတွန်းတိုက်တိုက်လုပ်ခဲ့ပါတယ်၊ လက်ဖက်၊ ကော်ဖီ၊ ပဲ၊ ရာဘာ စသဖြင့် ကိုလိုနီ နိုင်ငံတွေကို သင့်တော်သလို စိုက်ခိုင်းပါတယ်၊ ဒီလိုနဲ့ မြန်မာပြည်ကျတော့ ဆန်စပါး ထုတ်လုပ်ရာ နိုင်ငံ ဖြစ်ခဲ့ပါတယ်။
ရန်ကုန်မြို့ကိုရောက်တုန်းက ဦးသက်ထွန်းဆိုတဲ့ အသက် ၈၆ နှစ်အရွယ် အဘိုးကြီး တယောက်နဲ့လည်း သိကျွမ်းခွင့်ရခဲ့ပါတယ်။ သူက ၁၉၄၈ မြန်မာပြည် လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပဲ အစိုးရရဲ့ အမျိုးသားစီမံကိန်းဝန်ကြီးဌာနမှာ အဆင့်မြင့်တာဝန်ထမ်းခဲ့တဲ့သူပါ။
အိန္ဒိယအငတ်ဘေးအကြောင်း ပြောတော့ မြန်မာပြည်က ဆန်တွေကို မပို့တော့ဘဲ ဖြတ်လိုက်လို့ အိန္ဒိယသားတွေ အငတ်ဘေးနဲ့ ကြုံရတဲ့အကြောင်းကို သူမှတ်မိနေပါတယ်။
အဲဒီအချိန်တုန်းက မြန်မာပြည်ကနေ ဆန်တန်ချိန် တသန်း အိန္ဒိယကို တင်ပို့နေတာပါ။ ဒုတိယကမ္ဘာစစ်ကြီး မပြီးခင်အထိ အိန္ဒိယရော၊ မြန်မာပါ အင်္ဂလိပ်ကိုလိုနီပါပဲ။ စစ်ကြောင့် ဆန်တွေ အိန္ဒိယကို မပို့တော့တဲ့ အခါမှာ အိန္ဒိယက လူ ၃ သန်း အငတ်ဘေးနဲ့ ကြုံရတော့တာပေါ့လေ။ ဦးသက်ထွန်းက သူမီလိုက်တဲ့ ဘန်ဂလော အငတ်ဘေးအကြောင်း ပြန်ပြောပြပါတယ်၊ အခုတော့ အဲဒီ အဖြစ်အပျက်က သမိုင်းထဲမှာ တိမ်မြှုပ်သွားခဲ့ပါပြီ။
မြန်မာပြည်ရဲ့ ဆန်စပါးကိစ္စကို အာကီယို တာကာဟာရှီ ဆိုတဲ့ တိုကျိုတက္ကသိုလ်က ပါမောက္ခတယောက်ဆီကနေ ကျနော် အစောဆုံး သိခွင့်ရခဲ့ပါတယ်။ အဲဒီပါမောက္ခဟာ မြန်မာပြည်ကျေးလက်က စီးပွားရေးနဲ့ စိုက်ပျိုးရေးကဏ္ဍကို အထူးပြုလေ့လာနေတဲ့ သူပါ။
ဂျပန်ခေတ်မှာလည်း ဂျပန်စစ်သားတွေက နွားတွေကို ရိက္ခာအဖြစ် ဖော်စားပစ်လိုက်လို့ လယ်သမားတွေ ခိုင်းစရာ နွားအရေအတွက်ကျဆင်းပြီး၊ မြန်မာပြည်ရဲ့ စပါးထုတ်လုပ်မှုလည်း တရဟော ကျဆင်းခဲ့တဲ့ အကြောင်း တာကာဟာရှီက ပြောပြဖူးပါတယ်။
ဒါပေမယ့် အဲဒီတုန်းက မြန်မာပြည်အတွက်ကတော့ ဆန်ဖူလုံပါတယ်။ အိန္ဒိယကို မပို့တော့တာကလည်း တကြောင်းပေါ့လေ။
အကျိုးရလဒ်ကတော့ မြန်မာပြည်က ဆန်မရလို့ ငတ်ကြတဲ့ အိန္ဒိယပြည်သူ အရေအတွက်ဟာ ဒုတိယကမ္ဘာစစ်ကြောင့် ဂျပန်ပြည်မှာ ငတ်တဲ့ အရေအတွက်နဲ့ အတူတူလောက်ရှိတယ်လို့ တာကာဟာရှီက ပြောပြပါတယ်။
အိန္ဒိယက အမျိုးသမီးဂျာနယ်လစ်တယောက်က ဘန်ဂလော အငတ်ဘေးအကြောင်း စုံစမ်းထောက်လှမ်းပြီး စာအုပ်တအုပ် ရေးဖူးပါတယ်။ အဲဒီစာအုပ်ထဲမှာ သတင်းထောက် အမျိုးသမီးက ဗြိတိသျှဝန်ကြီးချုပ် ၀င်းစတားချာချီဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေက အိန္ဒိယကို ဆန်အကူအညီပေးဖို့ ကမ်းလှမ်းတာကို ပယ်ချတဲ့အကြောင်း ရေးထားပါတယ်။ ချာချီက အိန္ဒိယအမျိုးသားတွေအပေါ် မုန်းတီးတဲ့ စိတ်အခံကြောင့် ဒီလို ဆုံးဖြတ်တာလို့ အဲဒီစာအုပ်မှာ အတိအလင်း ဆိုထားပါတယ်။ ချာချီက အိန္ဒိယလူမျိုးတွေက “ယုန်တွေလိုပဲ မွေးလွန်းအားကြီးလို့ ငတ်ရတာ၊ ငတ်ပါစေ” လို့ ပြောတဲ့ အကြောင်း အဲဒီစာအုပ်ထဲမှာ ရေးထားပါတယ်။
အနောက်ဘက် ဥရောပမှာတော့ ချာချီဆိုတာ သူရဲကောင်းကြီးပေါ့လေ။ အိန္ဒိယ သတင်းထောက် အမျိုးသမီးဟာ တိမ်မြှုပ်နေတဲ့ ချာချီရဲ့ မကောင်းခဲ့တဲ့ သမိုင်းကို မီးမောင်းထိုးပြသူလို့ တိုင်းမ်မဂ္ဂဇင်းကြီးက အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီစာအုပ်ထွက်ပြီးတဲ့နောက်၊ အနောက် မီဒီယာတွေကလည်း ချာချီရဲ့ မကောင်းခဲ့တဲ့ သမိုင်းတချို့ ဖော်ထုတ်ရေးသားလိုက်ကြတာ၊ တယောက်ကဆိုရင် ဟစ်တလာနဲ့ နှိုင်းတဲ့ အထိတောင် ဖြစ်ကုန်ပါရောလား။
အိန္ဒိယ သတင်းထောက်အမျိုးသမီးရဲ့ စာအုပ်အကြောင်းဆက်ရရင် သူက ဂျပန်တပ်တွေကလည်း အိန္ဒိယ အငတ်ဘေးကိစ္စမှာ တစိတ်တပိုင်း တာဝန်ရှိတဲ့ အကြောင်းရေးထားပါတယ်၊ အကယ်၍ ဂျပန်ကသာ မြန်မာပြည်ကို အစောဆုံး မကျူးကျော်ခဲ့ရင် အိန္ဒိယ အငတ်ဘေးကလည်း ဖြစ်လာစရာ အကြောင်းမရှိပါဘူးတဲ့။
ပုသိမ်မြို့က လက်ဖက်ရည်ဆိုင်ထဲမှာ မိုးခိုနေတုန်း အတိတ်တချိန်ဆီက မြန်မာပြည်ရဲ့ ဆန်စပါး ထုတ်လုပ်မှုအကြောင်း ပြန်စဉ်းစားမိတာတွေပါပဲ။ ပုသိမ်ကို ဆေးကုဖို့ လာရင်း လက်ဖက်ရည်ဆိုင်ထဲ မိုးဝင်ခိုနေတဲ့ လယ်သမားကြီးနဲ့ စကားကောင်းတုန်းမှာပဲ အပြင်မှာ မိုးလည်း စဲသွားပါတယ်။
ကျနော်က လယ်သမားကြီးကို ဘ၀မှာ ဘာက ကျေနပ်စရာကောင်းလဲလို့ မေးမိပါတယ်၊ သူက စိတ်ရှုပ်ထွေးသွားတဲ့ပုံနဲ့ ဘာမှ ကျေနပ်စရာ မရှိဘူးလို့ ပြန်ဖြေပါတယ။၊ နောက်တော့မှ ဘုရားသွားတာတော့ စိတ်ချမ်းသာတယ်လို့ ပြန်ပြောပါတယ်၊။
မြန်မာပြည်က ဗုဒ္ဓဘဘာသာဝင်တွေဟာ သူတို့ဘ၀မှာ အဆိုးတွေနဲ့ ကြုံရတဲ့အခါ၊ စိတ်မချမ်း မြေ့စရာတွေနဲ့ ဘကုံရတဲ့အခါမျိုးမှာ အတိတ်ကံကြောင့်ဖြစ်ရတာလိုပဲ စိတ်ဖြေလေ့ရှိပါတယ်။ မြန်မာပြည်ကို အုပ်ချုပ်တဲ့ အစိုးရမင်းတွေ၊ အကြိုက်တွေ့နေတာလည်း ဒီလို ကံကိုယိုးမယ်ဖွဲ့တတ်တဲ့ မြန်မာ့ဓလေ့ပဲလို့ ဆိုရမလားပဲ။
(Mainichi Japan) January 29, 2012
နေသွင်
From http://www.maukkha.org/index.php/book-store/reading-room-maukkha/2003-maukkha-mainichi-japan-myanmar-affiars
No comments:
Post a Comment