Tuesday, 20 March 2012

ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ- အပိုင်း (၄)

မနေ့ညတုန်းကပဲ မြို့တော်ဟောင်းဖြစ်တဲ့ ရန်ကုန်ရွှေမြို့တော်ကို ရောက်ပါတယ်၊ မြို့ထဲသွားမယ့် တက္ကဆီပေါ်မှာ ကားဒါရိုက်ဘာက ဘုရားတဆူဘက်ကို ညွန်ပြရင်း “အဲဒါပေါ့၊ ရွှေတိဂုံဘုရားဆိုတာ ဆိုပြီး ပြပါတယ်၊ မြန်မာတွေ ဂုဏ်ယူကြတဲ့ ရွှေရောင်ဝင်းဝင်း စေတီတော်ကြီးပေါ့။

ဘုရားရှေ့မှာတော့ အစောင့်ခြင်္သေ့ကြီး နှစ်ကောင် ရှိပါတယ်။ အမှောင်ထုထဲမှာ လင်းလင်းဝင်းဝင်းကြီးဖြစ်နေပါတယ်။ ရွှေတိဂုံဘုရားရဲ့ ဒီ ခြင်္သေ့ရုပ်ထုကြီးတွေက ဂျပန်က ရှန်တိုဗိမာန် ၀င်းထဲမှာ ရှိတဲ့ ကျောက်ဂူ အစောင့်ခွေးရုပ်ထုကြီးတွေထက် အဆမတန် ပိုကြီးပါတယ်။

မြန်မာပြည်က ခြင်္သေ့ရော၊ ဂျပန်က အစောင့်ခွေးတွေရော၊ ရှေ့ဟောင်း အရှေ့တိုင်း အယူအဆကနေ ဆင်းသက်လာတာပါ။ တောရိုင်းတိရိစ္ဆာန်အပေါင်းရဲ့ ဘုရင်၊ ခြင်္သေ့က တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူတွေရဲ့ သင်္ကေတ၊ ကာကွယ်စောင့်ရှောက်မှုရဲ့ နိမိတ်ပုံ ဖြစ်လာပါတယ်။ ဒီအယူအဆကို စပြီး မိတ်ဆက်သူတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။

မြန်မာပြည်မှာတော့ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှု ဒီရေမြင့်သစ်ကြောင့်၊ စစ်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေနေရာမှာ ခြင်္သေ့ရုပ်ထုတွေနဲ့ အစားထိုးဖို့ ဖြစ်လာပါတယ်။ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်သမျှ အားလုံးကို ခြေရာလက်ရာဖျောက်ဖို့ ကြိုးစားပုံရပါတယ်။ တချိန်တည်းမှာလည်း ဗုဒ္ဓဘာသာကို တိုင်းပြည်ညီညွတ်ရေး နိမိတ်ပုံအဖြစ် အသုံးချ ပုံလည်းရ ပါတယ်။ မြန်မာပြည်မှာ ၉၀ ရာခိုင်နှုန်းဝန်းကျင်က ဗုဒ္ဓဘာသာဝင်တွေပါ။

လက်ရှိမြို့တော်ဖြစ်နေတဲ့ နေပြည်တော်နဲ့ ၊ အရင်မြို့တော် ရန်ကုန်ကို ရောက်တဲ့အချိန်မှာ တိရစ္ဆာန်ရုံတွေကို သွားကြည့်ဖြစ်ပါတယ်။ ခြင်္သေ့တွေကို သွားကြည့်တာပါ၊ ကျနော့် စိတ်ထဲမှာ ခြင်္သေ့တွေကိုတော့ ကောင်းကောင်းမွန်မွန်ထားမှာပဲလို့ အောက်မေ့ခဲ့ပါတယ်။

ဒါပေမယ့် တိရစ္ဆာန်ရုံတွေမှာ ခြသေ့င်္တကောင်စီပဲ တွေ့ခဲ့ရပါတယ်။ လက်စသက်တော့ ခြင်္သေ့မောင်နှံကို အထီးကို တနေရာ၊ အမကို တမြို့စီမှာ ခွဲထားပြီး၊ သူတို့ခမျာ အနုပ်စုတ်ဂုပ်စုတ်၊ သေးသေးနုပ်နုပ် ဂူတွေထဲမှာ နေရရှာပါတယ်။ သေချာတာကတော့ ခြင်္သ့တွေဟာ တိရစ္ဆာန်ရုံတွေထဲမှာတော့ စူပါစတားတွေ မဟုတ်ကြရှာပါဘူး။

လွန်ခဲ့တဲ့ လပိုင်းတွေကတော့ နေပြည်တော်ကို အကြမ်းဖက်သမားတွေက ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ပါတယ်။ လူတချို့သေပြီး၊ တချို့လည်း ဒဏ်ရာရကြပါတယ်၊ ကျနော် တည်းခိုတဲ့ ဟိုတယ် မန်နေဂျာက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရပ်ကွက်တွေကို မြေပုံထဲမှာ ကျနော်ကို ပြပါတယ်၊ တိုင်းရင်းသား သူပုန်တွေရဲ့ လက်ချက်လို့လည်း ပြောပါတယ်။

မြန်မာပြည်လူဦးရေမှာ လူများစု ဗမာတွေက ၆၀ ရာခိုင်နှုန်းဖြစ်ပြီး တိုင်းရင်းသားအုပ်စုပေါင်း ၁၃၀ ကျော် ရှိပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာ လူနည်းစု တိုင်းရင်းသားတွေက မြန်မာအစိုးရကို လက်နက်ကိုင် အာခံပြီး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ တောင်းခဲ့ကြပါတယ်၊ အဲဒီတုန်းက ဒီမိုကရေစီအစိုးရလက်ထက်မှာ လူနည်းစု တိုင်းရင်းသား အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေ ရှုပ်ထွေး ပြင်းထန်ခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၆၂ ခုနှစ်မှာ စစ်ခေါင်းဆောင်တွေက ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံနဲ့ အာဏာ သိမ်းလိုက်ကြပါတယ်။ အဲဒီအချိန်ကနေ စစ်အုပ်ချုပ်ရေးဟာ မနှစ်မတ်လက လက်ရှိ အရပ်ဘက် အစိုးရဆီကို အာဏာမလွှဲခင်အထိ သက်ဆိုးရှည်ခဲ့ပါတယ်။

“မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု ၂၀ လောက်ရှိတဲ့ အထဲက တ၀က်လောက်နဲ့ စစ်တိုက်နေရတယ်၊ အစိုးရဟာ ပြင်ပက စစ်ရေးခြိမ်းခြောက်မှုဆိုတာထက် တိုင်းပြည်တွင်းက လက်နက်ကိုင်အုပ်စုတွေနဲ့ စစ်တိုက်နေရလို့ ခေါင်းမဖော်နိုင်ဖြစ်နေတယ်” လို့ သံတမန်တဦးက ပြောပါတယ်။

မြန်မာပြည်ကို မသွားခင်တုန်းက ဂျပန်က သုတေသီတွေနဲ့ သံတမန်တွေက ပြောပြလိုက်တာ ရှိပါတယ်၊ မြန်မာပြည်မှာ ၉၉ ရာခိုင်နှုန်းက စစ်တပ်ကို မုန်းနေကြတယ်ဆိုတဲ့ အမှာစကားပါ၊ ကျနော်ကိုယ်တိုင် မြန်မာပြည်မှာ ခရီးသွားနေတော့ သုတေသီတွေ၊ သံတမန်တွေ ပြောလိုက်တဲ့စကားဟာ ချဲ့ကားပြောတာမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ အဓိက အကြောင်းကတော့ စစ်အစိုးရဟာ အာဏာတည်မြဲရေးတခုတည်းအတွက် ပြည်သူတွေရဲ့ ဘ၀တွေကို ရက်ရက်စက်စက် စတေးထားတာပဲဆိုတာကို တွေ့ခဲ့ရလို့ပါ။

ဥပမာတခုအနေနဲ့ ပြရရင် ကမ္ဘာ့အလယ်မှာ တိုင်းပြည်က အဆင်းရဲဆုံးဖြစ်နေတာတောင် အစိုးဟာ နေပြည်တော်ဆိုတဲ့ မြို့တော်သစ်ကို တည်ဆောက်ဖို့ တိုင်းပြည်ဘဏ္ဍာငွေတွေကို အကြီးအကျယ် အသုံးပြုခဲ့တာပါပဲ။
စစ်အစိုးရဟာ တိုင်းပြည်ကို စစ်တပ်ကပဲ အုပ်ချုပ်နိုင်တယ်၊ တိုင်းပြည်မပြိုကွဲအောင် စစ်တပ်ကပဲ ထိန်းနိုင်မယ်ဆိုတဲ့ အယူအဆကို တရာသေဆုပ်ကိုင် ထားခဲ့ပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံတွေကို နိုင်ငံပိုင်သတင်းစာတွေ မျက်နှာဖုံးရဲ့ ထိပ်ဆုံးမှာ၊ နောက်ဖုံးရဲ့ တ၀က်လောက် ဖော်ပြထားပါတယ်။ နိုင်ငံပိုင် ရုပ်သံတွေမှာ အစီအစဉ်တွေကြားမှာ အဲဒီကြွေးကြော်သံတွေကို ထုတ်လွှင့်ပါတယ်။ ဒီလို ၀ါဒဖြန့်စည်းရုံးနေတာကို ထောက်ရင် စစ်အစိုးရဟာ အာဏာကို အရူးအမူး မက်မောနေပြီး၊ စစ်တပ်က နိုင်ငံရေးမှာ ဦးဆောင်နေတာကိုလည်း တရားမျှတကြောင်း ပြချင်နေပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်ညီညွတ်ရေးကို ဆန့်ကျင်တဲ့ စကား တခါမှ မပြောဖူးပါဘူး။ တိုင်းပြည်ညီညွတ်ရေးကို ထိန်းသိမ်းပြီး၊ တချိန်တည်းမှာ မတူကွဲပြားမှုတွေကိုလည်း လက်သင့်ခံဖို့ကို အလေးအနက် ဆော်သြနေတာပါ။
“အစိုးရနဲ့ ဒီမိုကရေစီ အင်အားစုတွေအကြားက ထိပ်တိုက်တွေမှုဟာ တိုင်းရင်းသားတွေ အမြင်အရတော့ ဗမာအချင်းချင်း ဖြစ်နေတဲ့ ပဋိပက္ခပဲ” လို့ သံတမန်တယောက်က ပြောပါတယ်။

“တိုင်းရင်းသားတွေအမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗမာပဲ၊ နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရရင်လည်း တိုင်းရင်းသားအရေးဟာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စအဖြစ် ဆက်ရှိနေဦးမှာပါပဲ” လို့ ရန်ကုန်က အိုင်တီ ကုမ္မဏီတခုက ဥက္ကဌကလည်း ပြောပါတယ်၊

ဒီလိုနဲ့ တိုင်းပြည်မှာ အလွန်အရေးကြီးတဲ့ အမျိုးသားညီညွတ်ရေးကို ဖော်ဆောင်နိုင်ဖို့ အစိုးရဟာ ဗုဒ္ဓဘာသာ အသုံးချဖို့ ဖြစ်လာပါတယ်၊ အစိုးရဟာ ခြင်္သေ့ရုပ်နဲ့ ငွေစက္ကူတွေကို ထုတ်ပါတယ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ကို ထုတ်ဝေလိုက်တာပါ။

နောက်တခုတော့ ဆင်ဖြူတော်ကိစ္စပါ။

စောစာက ခြင်္သေ့တွေ တိရစ္ဆာန်ရုံမှာ စူပါစတားမဟုတ်တဲ့ အကြောင်းပြောခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ၃ နှစ်က ဖွင့်လိုက်တဲ့ နေပြည်တော် တိရစ္ဆာန်ရုံမှာတော့ ဆင်ဖြူတွေက စူပါစတားပါပဲ၊ အနေအထားကောင်းကောင်နဲ့၊ ကျယ်ကျယ်လွင်လွင် မြေနေရာကို ၀င်းခတ်ထာပြီး အထဲမှာ ဆင်ဖြူတွေကို လွှတ်ထားပါတယ်၊ ဆင်တွေကို ကြည့်ရတာလည်း ရွှင်ရွှင်လန်းလန်းပါပဲ။

ဆင်တွေဟာ မြန်မာလူမျိုးတွေအတွက် ဘယ်လောက်တောင် အရေးပါသလဲလို့ ဟိုတယ် မန်နေဂျာအမျိုးသမီးကို မေးကြည့်ပါတယ်။ သူ့ပြောပြတဲ့ ဇာတ်လမ်းတွေကို နားထောင်ရင်းနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က မြန်မာပြည်မှာ အသစ်ထုတ်လိုက်တဲ့ ငွေစက္ကူတွေပေါ်က ဆင်ဖြူကြီးတကောင်ကို သတိမိပါတယ်။

မန်နေဂျာအမျိုးသမီးရဲ့ ဇာတ်လမ်းက ဒီလိုပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စလို့ မြန်မာပြည်မှာ ဆင်ဖြူတွေ တကောင်ပြီး တကောင် ဆက်တိုက်ဆိုသလို တွေ့လာရတယ်၊ အဲဒီထက်စောတာ ကတော့ ၂၀၀၀ ခုနှစ်ပေါ့။ ဆင်ဖြူ ၂ ကောင်ကို နေပြည်တော်က ဘုရားရှေ့မှာ လှောင်ထားပြီး၊ ၃ ကောင်ကိုတော့ ရန်ကုန်မှာ ထားတယ်ပေါ့။

ဘုရားကို ကျနော်ရောက်တော့ ဆင်ဖြူဂူပတ်ဝန်းကျင်မှာ ရှိခိုးနေကြတဲ့ လူတွေကိုလည်း တွေ့ခဲ့ရပါတယ်၊ ဟိုတယ်မန်နေဂျာ အမျိုးသမီးရဲ့ အလိုအရတော့ အဲဒါ နေထွက်ရာအရပ်က မြင့်မြတ်တဲ့ အရှေ့ဘက်မုခ်ဦးပေါ့။ ဆင်ဖြူလို့သာဆိုတယ်၊ ဆင်တွေက တကယ့်အဖြူစစ်စစ်ကြီးတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်ဖြူမှန်း သိသာစေချင်လို့ တခြား ရိုးရိုးဆင်တကောင်လည်း လွှတ်ထားတာတွေ့ရပါတယ်။

တော်တော်များများကတော့ ဆင်ဖြူဆိုတာ ဘုရားရဲ့စေတမန်၊ မင်းစိုးရာဇာတွေအတွက် နိမိတ်ကောင်းလို့ ယုံကြည်ထားကြပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ်အစိုးရက ကိုလိုနီမပြုခင် တုန်းက မြန်မာဘုရင်တွေဟာ ထိုင်းနိုင်ငံကို အကြိမ်ကြိမ် ကျူးကျော်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး ဆင်ဖြူကိုးကွယ်တဲ့ အစဉ်အလာရှိပါတယ်။ စစ်ပွဲမှာ အနိုင်ရတိုင်းမှာ မြန်မာဘုရင်တွေက ထိုင်းဘက်က ဆင်ဖြူတွေကို စစ်အောင်ခြင်းရဲ့ အဖိုးအထိုက်တန်ဆုံးဆုလာဘ်တွေအဖြစ် သိမ်းယူလေ့ရှိပါတယ်။

အဲဒီအချိန်ကတည်း ဆင်ဖြူတွေနဲ့ မြန်မာပြည်က မစိမ်းဘူးလို့ ဆိုရပေမယ့် စစ်အစိုးရ လက်ထက်ကျမှ ရုတ်တရက် ဆင်ဖြူ ၅ စီး တောင်ပေါ်ပေါက်လာပါတယ်။

ဟိုတယ်မန်နေဂျာအမျိုးသမီးကတော့ ဆင်ဖြူပေါ်ပြီးနောက်မှ နေပြည်တော်အပါအ၀င် မိုးနည်းရေရှား မြန်မာပြည်အလယ်ပိုင်းဒေသမှာ မိုးများလာတယ်၊ ဆန်စပါးလည်း အထွက်တိုးလာတယ်လို့ ပြောပါတယ်၊ ဆင်ဖြူတွေကို ကျေးဇူးတင်ရမလိုပါပဲ။

ရန်ကုန်မှာ မြန်မာမင်းတွေအကြောင်း ၀ထ္ထုတွေရေးနေတဲ့ အသက် ၇၇ နှစ်အရွယ် စာရေးဆရာနဲ့ တွေ့တော့ “ပြည်သူတွေက စစ်အစိုးရကို ဘယ်လောက်ပဲ မုန်းမုန်း၊ ဆင်ဖြူပေါ်တာကိုတော့ ဘယ်သူမှ မငြင်းနိုင်ကြပါဘူး”လို့ ပြောပါတယ်၊ ခြင်္သေ့နဲ့ ဆင်ဖြူကတော့ အစိုးရရဲ့ စိတ်ကြိုက် တိရစ္ဆာန်တွေပဲလို့ စာရေးဆရာက ပြောပါတယ်။

လက်ရှိ အရပ်ဘက်အစိုးရသစ်က ဒီမိုကရေစီအင်အားစုတွေနဲ့ စကားပြောနေပါတယ်၊ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း စလုပ်နေပုံပါပဲ။ အစိုးရက သူတို့ အာဏာပုလ္လင် မြဲနိုင်တယ် ဆိုတာကို စိတ်ချလက်ချရှိတာကြောင့်ပါ။

ဆင်ဖြူတော်တွေကို မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေ ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက အကျွမ်းရှိလှတဲ့ ဗုဒ္ဓ၀င် ဇာတက ၀ထ္ထုတွေထဲမှာလည်း တွေ့ရပါတယ်၊ ဆင်ဖြူတော်ဆိုတာ အောင်မြင်တဲ့ မင်းတွေရဲ့ သင်္ကေတဆိုတဲ့၊ ဒဏ္ဍာရီတွေနဲ့ အရိုးစွဲလာတဲ့ မြန်မာပြည်သူတွေ၊ စစ်အစိုးရခေတ်မှာ ပေါ်ပေါက်လာတဲ့ ဆင်ဖြူတွေကို ဘယ်လို သဘောထားကြ မလဲဆိုတာ ကျနော် သိချင်နေမိပါတယ်။

(Mainichi Japan) January 20, 2012

နေသွင်
မောက္ခပညာရေးမဂ္ဂဇင်းမှကူးယူပါတယ်။

No comments: