![]() | |
(အဘော်ရိဂျင်းလူမျိုးတစ်ဦးကို ၄င်းတို့ ရဲ့ ရိုးရာတူရိယာ နဲ့ အတူတွေ့ ရစဉ်) |
သြစတေးလျရဲ့ ပထမဆုံးသော လူမျိုးတွေကတော့ အဘော်ရိဂျင်း (Aborigine) လူမျိုးတွေပဲ ဖြစ်ပါတယ်။ ဗြိတိသျှတွေ သြစီကို ရောက်ခဲ့တဲ့ အချိန်မှာတော့ ပြန့် ကြဲနေတဲ့ အဘော်ရိဂျင်း အုပ်စုပေါင်း (၆၅၀) လောက်ရှိပါတယ်။ သူတို့ တွေဟာ ငါးရှာခြင်း၊ အမဲလိုက်ခြင်း၊ စုဝေးခြင်းနဲ့  လယ်ယာလုပ်ကိုင်ခြင်းတို့ ဖြင့် အသက်မွေးကြပါတယ်။ သူတို့ ဟာ ကျောက်နံရံတွေပေါ်မှာ သားပိုက်ကောင်ပုံများ၊ မုဆိုးပုံများ နဲ့  ကနူးလှေပုံစံ အမျိုးမျိုးတို့ ကို ရေးစွဲခဲ့ကြပါတယ်။ ကျောက်တုံးထွင်းထုပြီး ရုပ်လုံးလဲ ဖေါ်ခဲ့ကြပါတယ်။ ဆစ်ဒနီ ဧရိယာ တစ်ခုထဲမှာပင် ပန်းချီနဲ့  ကျောက်ထွင်းပန်းပုလက်ရာပေါင်း (၂၀၀၀) လောက်ရှိပါတယ်။ Sydney Harbour National Park တစ်ခုထဲမှာတောင် အဘော်ရိဂျင်းနဲ့  ဆက်စပ်ပြီး ကြွင်းကျန်ခဲ့တဲ့နေရာပေါင်း (၇၀) လောက်ပင်တည်ရှိလျက်ရှိပါတယ်။
ဗြိတိသျှ ကိုလိုနီ ရောက်ရှိခြင်း
ခရစ်နှစ် ၁၆၀၀ နဲ့  ၁၇၀၀ ကြားလောက်မှာ ဥရောပသားတွေ သြစတေးလျတိုက်ကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ ခရစ်နှစ် ၁၇၇၀ ခုနှစ်၊ ဧပြီလ (၂၈) ရက်မှာတော့ အင်္ဂလိပ်လူမျိုး Captain James Cook ဟာ Botany Bay မှာ အခြေချခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗြိတိသျှ အလံကိုတင်ရင်း ငါဟာ ဂရိတ်ဗြိတိန်အတွက် နယ်မြေသစ်ကို ရှာဖွေတွေ့ ရှိခဲ့ပြီ ဟု ကြေငြာခဲ့ပါတယ်။ ပြီးတော့ အဲဒီနယ်မြေသစ်ကို New South Wales ဟု အမည်ပေးခဲ့ပါတယ်။ ဗြိတိန်အစိုးရကလဲ ယင်းနယ်မြေသစ်မှာ အကျဉ်းသားများကို ထားရှိဖို့ အတွက် စံပြနေရာတစ်ခုအဖြစ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။
Captain Arthur Phillip ဦးစီးတဲ့ ပထမဆုံးသော ရေတပ်ဟာ ခရစ်နှစ် ၁၇၈၈ မှာ ရောက်ရှိပါတယ်။ အဲဒီရေတပ်မှာ စစ်သင်္ဘော (၁၁) စင်းပါဝင်ပြီး ရေတပ်သား (၆၆၄) ယောက်၊ အစိုးရ ရုံးအဖွဲ့များ၊ ၄င်းတို့ရဲ့မိသားစုများ နဲ့ အကျဉ်းသား (၈၂၁) ယောက်ပါရှိပါတယ်။ တချို့အကျဉ်းသားတွေကတော့ အပြစ်ရှိတယ်ဟု အမိန့်ချထားခံရပြီးသူများဖြစ်ပါတယ်။ အိုင်းရစ်လူမျိုးများကိုတော့ အင်္ဂလိပ်တွေအပေါ် ပြန်လည် ပုန်ကန်နိုင်တယ်ဟူသော အကြောင်းပြချက်နဲ့ သြစတေးလျကို ပို့ခြင်းဖြစ်ပါတယ်။ တချို့အင်္ဂလိပ်လူမျိုးများကတော့ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အပို့ခံရခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်တွေအတွက် အလုပ်အကြွေးပြုပြီးရင်တော့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးမှာပါ။ဒုတိယမြောက်ရေတပ်ကတော့ ခရစ်နှစ် (၁၇၉၀) မှာရောက်ရှိပါတယ်။
အဘော်ရိဂျင်းတွေအဖို့ ကျူးကျော်ဝင်ရာက်လာသူတွေကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ မသိကြပါဘူး။ ပြီးတော့ အင်္ဂလိပ်က သူတို့ကို သြစတေးလျနိုင်ငံရဲ့ ပိုင်ရှင်အဖြစ် အသိအမှတ် မပြုပါဘူး။ ဗြိတိသျှအစိုးရက အဘော်ရိဂျင်းတွေကို ဆက်ဆံဖို့ အခြေချသူတွေအား ညွှန်ကြားချက်များ ပေးသော်လည်းပဲ အသစ်ရောက်လာတဲ့သူ အများစုက လူမျိုးရေးခွဲခြားကြပါတယ်။ ပြီးတော့ သူတို့ပိုင်တဲ့မြေပေါ်မှာ စိတ်မချမ်းသာဖွယ် တည်ရှိနေမှု့ဟာ အဘော်ရိဂျင်းတွေအတွက် ကံဆိုးမှု့လက်ဆောင်ပါပဲ။ အဘော်ရိဂျင်း အချို့ကတော့ ကုန်းတွင်းပိုင်းကို ထွက်ပြေးသွားကြပါတယ်။ အခြေချသူတွေက နယူဆောက်ဝေး အနှံ့အပြား နေထိုင်ကြလေ အဘော်ရိဂျင်းတွေအတွက်ကတော့ မုဆိုးရန်ကို ကြောက်ရတဲ့ သားငှက်လေးတွေလိုပါပဲ အခြားနေရာကို ရှောင်ရှားရလေလေပါပဲ။
စောစောပိုင်းရက်များ
၁၇၉၂ ခုနှစ်၊ ဒီဇင်ဘာလမှာ Captain Arthur Phillip ဆစ်ဒနီကို ထွက်ခွါပြီးနောက် အခြေချလာသူတွေရဲ့ ဘ၀ဟာ တော်တော်လေးကို ဆိုးလာပါတယ်။ ဘ၀တွေကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ၁၈၁၀ မှာတော့ Lachlan Macquarie ဟာ နယူးဆောက်ဝေးကြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာပါတယ်။ သူဟာ လမ်းတွေဖောက်ခဲ့တယ်။ ပြီးတော့ အဘော်ရိဂျင်းတွေကိုလည်း ဥရောပတိုက်သားတွေကဲ့သို့ ဆက်ဆံကြဖို့ တိကျပြီး တရားမျှတတဲ့ အမိန့်တွေကို ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုလိုနီတွေဟာ အခြေချသူ တွေအတွက် Perth, Melboune နဲ့ Adelaide မြို့ကြီးများကို တည်ဆောက်ခဲ့ကြပါတယ်။
ဆစ်ဒနီမြို့ တော် အပိုင်း (၃)
မောင်နေခြည် (လှည်ကူးမြေ)
No comments:
Post a Comment