Friday, 20 May 2011

ဆစ်ဒနီမြို့ တော် အပိုင်း (၁)

စာဖတ် ပရိသတ်များအား ဆစ်ဒနီမြို့ တော် အကြောင်းကို အပိုင်း လိုက်ခွဲပြီး တင်ပြ လိုပါတယ်။

နိဒါန်း

သြစတေးလျနိုင်ငံဟာ လူနေထူထပ်မှု့ မရှိပါဘူး။ သဲကန္တာရများ၊ ကျောက်တောင်များ၊ ခြုံပုတ်များ နဲ့ တောအုပ်များလဲ ပေါများပါတယ်။ ကြီးမားကျယ်ပြန့် လှတဲ့ သိုး မွေးမြူရေးခြံကြီးများ အပါအဝင် စိုက်ပျိုးမွေးမြုရေးခြံကြီးများကို နိုင်ငံတစ်ဝှမ်းလုံးမှာ တမျှော်တခေါ် တွေရှိနိုင်ပါတယ်။ သို့ သော်လည်း ဆစ်ဒနီအပါအဝင် သြစတေးလျနိုင်ငံတွင်းရှိ မြို့ ကြီးတော်တော်များများကတော့ ပင်လယ် ကမ်းရိုးတမ်းမှာသာလျှင် အများအားဖြင့် တည်ရှိကြပါတယ်။



ဆစ်ဒနီဟာ သြစတေးလျနိုင်ငံရဲ့ မြို့ တော်တော့ မဟုတ်ပါဘူး။ တကယ်တော့ ဆစ်ဒနီဟာ သြစတေးလျနိုင်ငံ အရှေ့ တောင်ဘက်ရှိ နယူဆောက်ဝေးပြည်နယ်ရဲ့ မြို့ တော်ဖြစ်ပါတယ်။ လူဦးရေကတော့ (၄) သန်းဝန်ကျင်ရှိပြီး နိုင်ငံတောင်ပိုင်းရှိ ဗစ်တိုးရီယားပြည်နယ်ရဲ့ 
မြို့ တော် မဲ(လ်)လဘန်းထက် နည်းနည်းပိုကြီးပါတယ်။ မြို့ တော် (၂) ခုလုံးဟာ သြစတေးလျနိုင်ငံရဲ့  မြို့ တော် မဟုတ်ကြသော်လည်း ယှဉ်ပြိုင်ဖက်မြို့ တော်များတော့ ဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း ဆစ်ဒနီရ့ဲ့ တောင်ဖက်မှာ ရှိတဲ့ ကန်ဘာရာမြို့ သေးသေးလေးကို သြစတေးလျနိုင်ငံရဲ့ မြို့တော်အဖြစ် ခရစ်နှစ်(၁၉၂၇) မှာ တည်ဆောက်ခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆစ်ဒနီဟာ ခန်းနားကြီးကျယ်လှပြီး ကမ္ဘာ့အဆင့်မီ မြို့ ကြီးတစ်ခုဖြစ်သည့်အပြင် သဘာဝကျကျ တည်ဆောက်ထားတဲ့ ဆိပ်ကမ်းမြို့ ကြီးဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ နှင်းတွေကျပြီး အေးခဲနေတဲ့ အချိန်မှာ ဆစ်ဒနီကတော့ ပျမ်းမျှအပူချိန် (၇၁ဒီဂရီ ဖာရင်ဟိုက် (၂၂ ဒီဂရီ ဆဲလ်စီးယပ်) ရှိပြီး တောင်ပိုင်းနွေရာသီရဲ့  အငွေ့ အသက်နှင့်အတူ ဇန်နဝါရီလမှာ သာယာပျော်ရွှင် နေပါတယ်။ ဂျူလိုင်လမှာတော့ တောင်ပိုင်း ဆောင်းရာသီဟာ ပျမ်းမျှ (၅၃) ဒီဂရီ ဖာရင်ဟိုက် (၁၂ ဒီဂရီ ဆဲလ်စီးယပ်) အထိ ရှိတတ်ပါတယ် ။မိုးရေချိန်ကတော့ တနှစ်ကို ပျမ်းမျှ (၄၇) လက်မ (၁၂၀ စင်တီမီတာ) အထိ ရှိပါတယ်။

ပင်လယ်ကမ်းစပ်နားက မြို့ တော်

ချောင်းငယ်မြောင်းငယ်တွေ၊ အငူတွေနဲ့  ကျွန်းသေးသေးလေးတွေ ဝန်းရံနေတဲ့ ဆစ်ဒနီရဲ့ Harbourဆိပ်ကမ်းမှာ အရွယ်စုံ ဆိုက်စုံ၊ ကာလာမျိုးစုံတို့ ဖြင့် အလှကိုယ်စီရှိကြတဲ့ အပျော်စီးရွက်လှေတွေရော၊ စိမ်ခံ သင်္ဘောတွေပါ ရပ်နားပါတယ်။ ပတ်ဝန်းကျင် မြို့ များကို လူလာခေါက်တုံ ပြေးဆွဲပေးတဲ့ အခပေး သင်္ဘောတွေကလဲ ဟာဘာမှာ တင့်တယ်လျက်ရှိပါတယ်။

Harbourရဲ့ အနောက်ဘက်ကမ်းခြေမှာတော့ ဆစ်ဒနီရဲ့ အသဲနှလုံးဖြစ်တဲ့ Sydney Opera Hourse က အိနြေ္ဒရရပဲ တွယ်ကပ်ထားပါတယ်။ ကမ္ဘာကျော် Sydney Harbour Bridge ကတော့ ဆစ်ဒနီရဲ့ မြောက်ဖက်ကမ်းနဲ့  တောင်ဖက်ကမ်းကို ပေါင်းကူးဆက်သွယ်ပေးပါတယ်။ (ကမ္ဘာကျော် Sydney Opera Hourse နဲ့ Sydney Harbour Bridge တို့ ရဲ့ အကြောင်းကို နောက်ပိုင်းမှာ သီးသန့် ရေးမယ်လို့ စိတ်ကူးထားပါတယ်။)

The Rock လို့  လူသိများတဲ့ ရှေးအကျဆုံးခရိုင် တစ်ခုကတော့ ကမ္ဘာကျော် ဆစ်ဒနီဟာဘာ တံတားကြီးရဲ့ အဆုံး တောင်ဘက်စွန်း အောက်နားမှာ တည်ရှိပါတယ်။ ယနေ့ ခေတ်အခါမှာတော့ ကမ္ဘာလှည့် ဇိမ်ခံ သင်္ဘောကြီးများ၊ ရွက်လှေများ၊ မြို့ တွင်းပြေး ခရီးသည်တင် သင်္ဘောများဟာ စီးပွားရေးသမားတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ၊ ကုန်သည်တွေ၊ ဖျော်ဖြေရေးသမားတွေနဲ့ 
အလှသရဖူဆောင်းနေတဲ့ Circular Quay လို့  ထင်ရှားတဲ့ ဆိပ်ခံတံတာတွေမှာ ဆိုက်ကပ်ပါတယ်။ ဒီဆိပ်ခံတံတားတွေရဲ့ ဝန်းကျင်မှာ အမြဲတမ်းလိုလို ဂီတဖြေဖျော်ရေးသမားတွေနဲ့  စည်ကားပါတယ်။ သြစတေးလျနိုင်ငံရဲ့  ရှေးအကျဆုံး လူမျိုးတစ်ခုဖြစ်တဲ့ အဘော်ရိဂျင်းတွေရဲ့  ရိုးရာဂီတဖြစ်တဲ့ didgeridoo လို့ခေါ်တဲ့ ဂီတသံကိုလဲခံစာနားဆင်နိုင်ပါသေးတယ်။ ဒီတူရိယာရဲ့ အသံက လှိုဏ်သံထွက်ပြီး
အမျိုးအစားကတော့ သစ်သားနှဲ အကြီးစား ဖြစ်ပါတယ်။ နိုင်ငံတော် အခမ်းအနား တော်တော်များများမှာ ဒီတူရိယာနဲ့ ဖြေဖျော် လေ့ရှိပါတယ်။

George Street နဲ့  Pitt Street လမ်းမတွေရှိရာ ဆစ်ဒနီရဲ့  မြို့ လယ်စီပွားရေးရပ်ကွက်တွေမှာတော့ ခေတ်မီတိုးတတ်လာသည်နဲ့ အညီ မိုးမျှော်တိုက်ကြီးတွေ၊ ရုံးခန်းတွေ၊ ဟော်တယ်ကြီးတွေနဲ့  ရှောပင်းစင်တာကြီးတွေက တနေ့ တခြား နေရာယူလာကြသလို Darling Harbour ကလဲ အနောက်တိုင်းယဉ်ကျေးမှု့ အငွေ့ အသက်များ ရောနှောပေါင်းစပ်ရာ နေရာတစ်ခုဖြစ်လာပါတယ်။

Macquarie Street ကတော့ စီးပွားရေးဗဟိုချက်မရဲ့  အရှေ့ ဖက် နယ်စပ် အမှတ်အသားပါ။ Royal Botanic Gardens နဲ့  Domain လို့ ခေါ်ကြတဲ့ ပန်းခြံကြီးများဝန်းရံထားတဲ့ အဲဒီအရပ်ကတော့ ဆစ်ဒနီရဲ့ ရှေးအကျဆုံးနဲ့ လွန်စွာအရေးပါလှတဲ့ ပြည်သူပိုင် အဆောက်အဥိများနဲ့ ပြည့်နေပါတယ်။ ထန်းပင်တွေ၊ သစ်စေးပင်တွေနဲ့  ပြည့်ဝလှပနေတဲ့ Royal Botanic Gardens တွေကိုတော့ ခရစ်နှစ် (၁၈၁၆) မှာ Governor Lachlan Macquarie က ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဆစ်ဒနီရဲ့ ဆင်ခြေဖုံး

ဆစ်ဒနီရဲ့  လမ်းတွေနဲ့  ဗိသုကာလက်ရာတွေကို လေ့လာကြည့်ခြင်းအားဖြင့် ဗြိတိန်မှ ပြောင်းရွှေ့ အခြေချသူများက (၁၉) ရာစု အစောပိုင်းမှာ ဒီဆစ်ဒနီကို တည်ထောင်ဖန်တီးခဲ့တယ်ဆိုတာကို သိနိုင်ပါတယ်။ England နိုင်ငံမှာ Hype Park တို့ ၊ Kings Cross တို့ ၊ Oxford Street တို့ ၊ Liverpool Street တို့ ၊ Paddington Street တို့ နဲ့ Haymarket တို့ တွေရှိကြသလို ဆစ်ဒနီမှာလဲ ဒီနာမည်တွေ ထင်ရှားရှိနေလျက်ပါ။

ဆစ်ဒနီရဲ့  အတွင်းကျလှတဲ့ ဆင်ခြေဖု့းအရပ်တွေမှာတော့ အရာရာဟာ လွန်စွာပဲ ကွဲပြားခြားနားကြပါတယ်။ ဥပမာအားဖြင့် နာမည်အဆိုးရော အကောင်းပါ ဒွန်တွဲပြီး အလွန်ကျော်ကြားလှတဲ့ Kings Cross ၊ ဖက်ရှင်ရပ်ကွက်အဖြစ် ကျော်ကြားလှတဲ့ Paddington ၊ ညီညာခန့် ငြားလှတဲ့ တိုက်အိမ်တန်းတွေရှိတဲ့ Surry Hills ၊ နိုင်ငံတကာကျောင်းသားတွေအတွက် အဆောင်တွေ ပေါလှတဲ့ Newtown ၊ကဖေးဆိုင်တွေ အလွန်ပေါများလှတဲ့ Glebe နဲ့  ယခင်တုံးကတော့ လူလတ်တန်းစားများနေထိုင်ရာ နေရာဖြစ်ခဲ့ သော်လဲ ယခုအခါမှာတော့ အနုပညာရှင်တွေ၊ မီဒီယာလောကသားတွေရဲ့ စံပျော်ရာနေရာ ဖြစ်လာတဲ့ Balmain တို့ လို...စသဖြင့် စသဖြင့်ပေါ့။

မြို့ ရဲ့ အရှေ့ ဖက်မှာတော့ သန်းကြွယ်သူဌေးကြီးများနေထိုင်ရာ ကမ္ဘာကျော် Bondi ကို ကမ်းခြေအလှအပများနဲ့ အတူ ခံစားတွေ့ ရှိနိုင်ပါတယ်။ မြို့ ရဲ့ မြောက်ဖက်မှာတော့ ဆစ်ဒနီရဲ့  အရမ်းဈေးကြီးပြီး လွန်စွာသစ်လွင်လှပလျက်ရှိကြတဲ့ အိုးအိမ်များဟာ အကောင်းဆုံးဆိပ်ကမ်းအလှအပများနဲ့ အတူ တည်ရှိနေကြပါတယ်။

Blue Montains ရဲ့  အရှေ့ ဖက်မှာရှိတဲ့ ကမ်းရိုးတမ်းလွင်ပြင်တစ်ခုလုံးကတော့ ဆစ်ဒနီရဲ့ ဆင်ခြေဖုံးဒေသတွေပဲ ဖြစ်ကြပါတယ်။ အရှေ့ ကိုဆက်သွားမယ်ဆိုရင် Penrith မြို့ နဲ့  Nepean River တွေကို ရောက်ပါလိမ့်မယ်။ Blue Montains ရဲ့ မြောက်ဖက်ကို ဆက်သွားမယ်ဆိုရင်တော့ Ku-Ring-Gai Chase National Park နဲ့  Palm Beach တွေကို ရောက်ရှိမှာ ဖြစ်ပါတယ်။ တောင်ဖက်ကို သွားရင်တော့ Liverpool မြို့ တို ၊့ cambelltown မြို့ ကို ရောက်ရှိနိုင်ပါတယ်။

မောင်နေခြည် (လှည်းကူမြေ) ရေးသားသည်။
၂၀၁၁ခုနှစ်၊ မေလ (၃) ရက်၊ အင်္ဂါနေ့ ။





(အပိုင်း-၂ ကို ဆက်လက်ဖေါ်ပြပါမည်။ စောင့်အုံးနော်။)

No comments: