mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Sunday, 16 February 2014
အစိုးရကတာဝန်မယူနိုင်လို. ကရင်တွေကမကြည့်ရက်လို. လှည်းကူးက သမီးလေးဒုက္ခသည်တွေကို နေရာထိုင်ခင်းပေးဖို. ကူညီရတယ်ဆိုပါလား။
အိုးအိမ်မဲ့ သမီးကလေးကျေးရွာသားများအား ဒီကေဘီအေနယ်မြေတွင် လက်ခံနိုင်ဟုဆို
ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(ဒီကေဘီအေ)က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ ဖျက်ဆီးခံခဲ့ရသော သမီး ကလေးကျေးရွာမှ ဒုက္ခရောက်နေသူများအား မြ၀တီခရိုင်အတွင်းရှိ ဒီကေဘီအေနယ်မြေအတွင်း နေထိုင်လိုသူများကို လက်ခံခွင့်ပြုသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောသည်။
ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သော ကလို့ထူးဘော ဒီကေဘီအေအဖွဲ့သည် ဖေဖော်ဝါရီလ ၁၅ရက်မနက်ပိုင်းက သမီး ကလေးကျေးရွာသို့ သွားရောက်ခဲ့ပြီး ကျေးရွာသူရွာသားများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ကြောင်း ၎င်းက ယခုလို ပြော သည်။
“ကျနော်တို့အနေနဲ့ကတော့ ကိုယ့်တိုင်းပြည်ထဲက တိုင်းရင်းသားအချင်းချင်း၊ ဆွေမျိုးသားချင်းလို့ သဘောထားပြီးတော့ ဒုက္ခ ရောက်နေတဲ့သူတွေကို စာနာမိလို့ပါ။ ဒီမှာမနေရရင် ကျနော်တို့ဆီမှာ လာနေပါ။ တကယ်လို့ သူတို့ဆန္ဒရှိရင်ပေါ့။ နေဖို့စားဖို့အ တွက်ကို စီစဉ်ပေးလို့ ရတယ်ဆိုတာကို သွားပြီးပြောပြတာပါ”ဟု ဗိုလ်မှူးကြီးစောဆန်းအောင်က ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် အမှန်တကယ် လာရောက်နေထိုင်မည်ဆိုပါက သွားလာရေးအတွက် ကားများစီစဉ်ပေးမည်ဖြစ်ပြီး ဒီကေဘီအေဌာန ချုပ်အနီး ဆုံဆည်းမြိုင်ကျေးရွာ ၀န်းကျင်တ၀ိုက်တွင် နေရာချထားပေးရန် လျာထားချက်များရှိကြောင်း ဗိုလ်မှူးကြီးစောဆန်း အောင်က ဆက်လက် ပြောဆိုသည်။
သမီးကလေးရွာသားတစ်ဦးဖြစ်သူ ကိုမောင်မောင်တာက “ကျနော်တို့ကတော့ ဒီကေဘီအေ ခုလိုလာရောက်ပြီး ပြောပြတာကိုပဲ တော်တော်လေး ၀မ်းသာနေပါပြီ။ ကိုယ့်ရွာလေးမှာပဲ ကိုယ်နေချင်တာပေါ့။ မိုးဦးကျခါနီးအထိတော့ စောင့်ကြည့်ပါဦးမယ်။ အာဏာပိုင်တွေက တစ်ခုခု မစီစဉ်ပေးဘူးဆိုရင်တော့ တစ်ရွာလုံးကိုသွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဒီကေဘီအေအဖွဲ့ သမီးကလေးရွာသို့ သွားရောက်ရာတွင် ၎င်းတို့နှင့်အတူ လိုက်ပါအားပေးခဲ့သည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ယခုလက်ရှိအချိန်တွင် သမီးကလေး ကျေးရွာသူ၊ ကျေးရွာသားများမှာ နေထိုင်ရေး၊ စားသောက်ရေးများ အခက်အခဲများနှင့် ကြုံ တွေ့နေရကြောင်း ယခုလို ပြောသည်။
“ဒုက္ခရောက်နေတဲ့သူတွေကတော့ မြေကြီးပေါ်မှာ အမိုးအကာ တာလပတ်နဲ့ အပေါ်ကလည်းပူ၊ အောက်ကလည်းပူ ဒီအတိုင်း ဆက်သွားရင် ရေရှည်မလွယ်ဘူးလေ။ နောက်ပြီး အစားအသောက် ကျတော့လည်း ဖြစ်သလို စားနေရတဲ့အခါကျတော့ ကြာ လာရင် ကျန်းမာရေးပြဿနာအတွက် စိုးရိမ်ရတဲ့ အနေအထားရှိတယ်”ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ သမီးကလေးကျေးရွာကို တပ်မတော်ပိုင်မြေဖြစ်သည်ဟုဆိုကာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်အမိန့်ဖြင့် ဖေဖော်ဝါရီ လ ၄ရက်နေ့နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းခဲ့ရာ အိမ်ထောင်စုပေါင်း ၁၅၀ခန့်မှ လူဦးရေ ၅၀၀ကျော်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
Ref: KIC

Friday, 14 February 2014
Wednesday, 12 February 2014
လှည်းကူးက သမီးကလေး ထပ်ငိုရပြန်ပြီ
နေအိမ် အဖျက်ခံရမှုကြောင့် ယာယီတဲထိုးနေကြသူများ ထပ်မံအဖျက်ခံရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင် ကျေးရွာအုပ်စု၊ ဒေါ်ကာလီ ကျေးရွာရှိ နေအိမ်များကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခံရသောကြောင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် အဆိုပါ ရွာသူရွာသားများက ယာယီတဲ ၂၃ လုံးနှင့် လူဦးရေ ၉၀ ကျော် နေထိုင်စဉ် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက သက်ဆိုင်ရာအဖွဲ့က ထပ်မံဖယ်ရှားခဲ့ကြောင်း အဆိုပါ ကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။
အင်းတိုင် တပ်နယ်ရှိ တပ်မ (၁၁) ဗဟိုဌာနချုပ် တပ်ပိုင်မြေတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ အဆိုပါ ဒေါ်ကာလီကျေးရွာရှိ အိမ်ခြေ ၂၉ လုံးကို ဖေဖော်ဝါရီလ ၄ ရက်နေ့က အမှတ် (၅) ဆက်သွယ်ရေးတပ်က ဝင်ရောက် ဖယ်ရှားခဲ့သောကြောင့် ယင်းကျေးရွာ အနီးရှိ အမြန်လမ်း မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် ယာယီတဲထိုးကာ နေထိုင်ခြင်း ဖြစ်ကြောင်း ဒေါ်ကာလီ ကျေးရွာသား ဦးသောင်းရွှေက ပြောကြားသည်။
“တပ်ပိုင်မြေဆိုပြီး ဒီလ ၄ ရက်နေ့က အရပ်ဝတ်နဲ့ လူဦးရေ ၃၀ လောက်က ပါလာတဲ့ ဓားတွေနဲ့ အိမ်တွေကို ခုတ်ဖျက်သွားတာ နေစရာမရှိလို့ လမ်းဘေးမှာနေတာ ဒါကို ထပ်ဖယ်ခိုင်းတာ” ဟု ၎င်းက ပြောဆိုသည်။
သက်ဆိုင်ရာ အာဏာပိုင်များက အင်အားသုံးကာ သမီးကလေးကျေးရွာ ဝင်ရောက် ဖျက်သိမ်းခဲ့သော ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်ကာလီ ကျေးရွာကို အမှတ် (၅) ဆက်သွယ်ရေးတပ်မှ တာဝန်ရှိသူများက ဝင်ရောက် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“လမ်းဘေးမှာနေပြီး စားစရာမရှိ ငတ်ပြတ်နေတဲ့ ရွာသူရွာသားတွေကို ထပ်မောင်းထုတ်တယ်။ ကလေးငယ်တွေဆို အခုဝမ်းရောဂါတွေ ဖြစ်ကုန်ပြီ။ အနီးအနားမှာရှိတဲ့ ရွာတွေက လာလှူတဲ့ ဆန်ကို မလောက်မင စားနေရတာ” ဟု ပြောင်းရွှေ့ခံရသော ကျေးရွာမှ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
အိမ်ခြေ ၂၉ အိမ်နှင့် လူဦးရေ ၉၀ ကျော်ရှိကာ အမြန်လမ်း မိုင်တိုင်အမှတ် ၂၄ တွင် ယာယီတဲများ ထိုးနေထိုင်သူများကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တပ်မ ၁၁ မှ အရာရှိများက တစ်ပတ်အတွင်း အမြန်လမ်းပေါ်က ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အမြန်လမ်းမှ တာဝန်ရှိသူများနှင့် စည်ပင်အဖွဲ့က ဖယ်ရှားပေးရန် အကြောင်းကြားစာများကို ယာယီတဲများတွင် ကပ်ကာ ချက်ချင်း ဖယ်ရှားခိုင်းခဲ့ကြောင်း ဒေါ်ကာလီ ကျေးရွာသူရွာသားများထံမှ သိရှိရသည်။
“ဒီမှာနေလို့ မရဘူး။ ကိုယ့်ရွာ ကိုယ်ပြန်လို့ပြောတယ်။ ကျွန်တော်က ဧရာဝတီတိုင်း၊ ကျုံပျော် ရှားခဲကြီးကနေ ဒီရွာကို ပြောင်းလာတာ ၁၇ နှစ်ရှိပြီ။ အခု အတင်းပြန်ခိုင်းနေတာ လမ်းစရိတ်မပြောနဲ့ ထမင်းစားဖို့တောင် မရှိလို့ သူများလာလှူမှ စားနေရတာ” ဟု ယာယီတဲ ဖျက်သိမ်းခံရသော ဦးသောင်းရွှေက ရှင်းပြသည်။
ယာယီတဲများ ဖျက်သိမ်းခံရသော ဒေါ်ကာလီ ကျေးရွာနေသူ ၉၀ ကျော်မှာ အမြန်လမ်း မိုင်တိုင် အမှတ် ၂၃၊ လှည်းကူးမြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ရုံးခန်းအနီးရှိ ဦးတင်လှိုင်ပိုင်သော ခြံအတွင်း ယာယီပြောင်းရွှေ့ နေထိုင်နေကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“ရွာဖျက်ခံရပြီး နေစရာမရှိ မောင်းထုတ် ခံနေရလို့ ခြံထဲမှာ ခေတ္တနားခိုခွင့် ပေးထားတာပါ။ လူ ၉၀ ကျော် နေစရာမရှိဘဲ ဒုက္ခရောက်နေတာကို ပါတီရုံးချုပ်ကို တင်ပြပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ အသနားခံစာ တင်ပြပေးဖို့ ဆောင်ရွက်နေတယ်” ဟု လှည်းကူးမြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောကြားသည်။
အဆိုပါ ယာယီတဲများ ဖျက်သိမ်းခံရမှုနှင့် ပတ်သက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အုပ်ချုပ်ရေးမှူး အစည်းအဝေး တက်ရောက်နေသဖြင့် ဖြေကြားပေးခွင့် မရှိကြောင်း အဆိုပါရုံးမှ တာဝန်ကျ ဝန်ထမ်းက ဖြေကြားသည်။

Ref: The Voice Weekly
လှည်းကူးမြို့နယ်၊ ရပ်/ကျေးပေါင်းစုံ ဘောလုံးပြိုင်ပွဲမှာ အောင်မင်္ဂလာရပ်ကွက်အသင်း ဗိုလ်စွဲ
လှည်းကူးမြို့နယ်၊ ရပ်/ကျေးပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယနေ့ကျင်းပပြုလုပ်ရာ အောင်မင်္ဂလာရပ်ကွက်အသင်းမှ ပိုက်+ကျွန်း FC အသင်း (ပိုက်ကြီးဝဲရွာ+ကျွန်းကုန်းရွာ နှစ်ရွာပေါင်းထားသောအသင်း)အား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်း သတင်းရရှိပါတယ်။
Tuesday, 11 February 2014
သမီးကလေးကျေးရွာ တကယ်ရှိခဲ့ပါသည် { http://www.news-eleven.com}
(ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းက သမီးကလေးကျေးရွာအား သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် NLD လှည်းကူးမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့က သမီးကလေးကျေးရွာမှာ ၂၀၁၃ ခုနှစ်အတွင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြရာ The Daily Eleven အယ်ဒီတာအဖွဲ့မှ စုံစမ်းမှုအရ ၂၀၀၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင် ရေလှောင်တမံစီမံကိန်း ကမ္ပည်းမော်ကွန်းတွင် သမီးကလေးကျေးရွာ အမှန်တကယ်တည်ရှိခဲ့သည်ကို တွေ့ရစဉ်)
ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းရှိ စာဘူးတောင်းကျေးရွာအုပ်စု သမီးကလေးကျေးရွာအား သက်ဆိုင်ရာက တပ်ပိုင်မြေကို ကျူးကျော်သည်ဟုဆိုကာ ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ အင်အား ၁၀၀၀ ကျော်ခန့် အသုံးပြုကာ အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်ရှိသော ရွာတစ်ရွာအား အပြီးတိုင်အဆုံးသတ်သွားအောင် ပြုလုပ်ခဲ့သည်။
သို့ဖြစ်ရာ လူမမည်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအ၀င် သမီးကလေးကျေးရွာမှ ရွာသူရွာသားများမှာ အခွင့်အရေးတစ်စုံတစ်ရာမရရှိခဲ့ဘဲ မိမိတို့၏အိုးအိမ်များကို စွန့်လွှတ်ခဲ့ကြရသည်။ စားဝတ်နေရေး အခက်အခဲများ၊ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုများ၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့်အတူ သမီးကလေးကျေးရွာမှ ရွာသူရွာသားများ၏ ဘ၀များမှာ ခိုကိုးရာမဲ့ပြီး ဒုက္ခသည်အဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။ မိမိတို့၏ အိုးအိမ်များမှာ နေ့ချင်းညချင်းပင် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့်အပြင် အင်အားသုံးဖျက်ဆီးမှုများ ပြုလုပ်ခံရခြင်းကြောင့် အိပ်မက်ဆိုးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသကဲ့သို့ပင် ဖြစ်ခဲ့သည်။
ယင်းကဲ့သို့ သမီးကလေးကျေးရွာအား အာဏာပိုင်များက ကျူးကျော်အဖြစ်သတ်မှတ်ကာ အပြီးတိုင်ဖယ်ရှားလိုက်ပြီးနောက်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့က ယင်းသမီးကလေးကျေးရွာမှာ ၂၀၁၃ ခုနှစ်မှ စတင်ပေါ်ပေါက်လာသည့် ကျေးရွာဖြစ်ပြီး အစောပိုင်းကာလများက သမီးကလေးကျေးရွာမှာ အမှန်တကယ်မရှိခဲ့ကြောင်း ပြောဆိုမှုများ ရှိလာခဲ့သည်။
သို့ဖြစ်ရာ ပြည်သူများအကြားတွင်လည်း သမီးကလေးကျေးရွာ အမှန်တကယ် တည်ရှိခြင်း ရှိ မရှိနှင့် အာဏာပိုင်များက ပြောဆိုကြသော သမီးကလေးကျေးရွာ၏ အမှန်တကယ်ဖြစ်တည်ခဲ့မှုအပေါ် ပြောဆိုငြင်းခုံမှုများ ရှိလာကြသည်။
အဲဒီမှာရွာ ပေါ်လာပြီးတော့ အဲဒီရွာအုပ်ချုပ်ရေးတွေ ဘာတွေကို ကိုကျော်ကျော်က သူ့နည်းသူ့ဟန်နဲ့ ထူထောင်တယ်။ ဘယ်လိုထူထောင်သလဲဆိုတော့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ အုပ်ချုပ်ရေးမှူးဥပဒေကို သူ့ဘာသာသူ အုပ်ချုပ်ရေးမှူးတွေဖွဲ့ပြီး ဒီမြေတွေကို ထူထောင်လိုက်တဲ့အတွက် အဲဒီရွာဆိုပြီး ပေါ်လာတယ်။ ကိုယ့်ဘာသာကိုယ် ထူထောင်ထားတဲ့ ရွာပေါ့ဗျာ
NLD ပါတီ၏ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက DVB သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် "၂၀၁၃ ခုနှစ် အစပိုင်းလောက်မှာ ဒီနေရာကြီးက ကြီးလေးကြီးလမ်းဆိုပြီး ဖြစ်နေတဲ့ လမ်း၊ လမ်းကတကယ်ကို လမ်းကောင်းပါ။ ကတ္တရာလမ်းပါ။ တိုက်ကြီး၊ ဖူးကြီး၊ ဖောင်ကြီး၊ ဘုရားကြီးလမ်းပေါ့ဗျာ။ ကြီးလေးကြီးလမ်းလို့ခေါ်တယ်။ အဲဒီလမ်းပေါ်မှာ ဘေးဘီဝဲယာမှာ စစ်တပ်ကနေပြီးတော့ ပိုင်တဲ့မြေတွေရှိတယ်။ ဘယ်လိုပိုင်ခဲ့လဲဆိုတော့ ဒီဘက်အခြမ်းမြေတွေက တစ်ချိန်တုန်းက ပဲခူးရိုးမတစ်ကျောဗျာ။ အဲဒီနေရာတွေကို တပ်ကသိမ်းရင်းသိမ်းရင်းနဲ့ စိုးမိုးလာပြီး တပ်ကအထိုင်ချလာတဲ့ နေရာပေါ့။ ရဲမွန်တပ်မြို့ ထူထောင်လာတဲ့အချိန်မှာ ဒီနေရာနဲ့ ဆက်စပ်လိုက်တယ်။ အဲဒီနေရာက ဒီလိုနဲ့တပ်မြေဖြစ်လာပြီး ရော်ဘာခြံတွေ စိုက်ထားတာရှိခဲ့တယ်။ အဲဒီနေရာက ၁၂၊ ၁၃ လောက်မှာ အဲဒီနားတစ်ကြောမှာ စစ်တပ် က မြေတွေကို စွန့်လိုက်ပြီလို့ သတင်းတွေထုတ်ပြီးတော့ ဒီနေရာတွေကို လူတွေက ရွာနီးချုပ်စပ်မှာရှိတဲ့ ရွာတွေက လူလည်တွေပေါ့ဗျာ။ ဒီလူတွေကနေပြီး အတင်းဝင်လု၊ အတင်းဝင်ယူပြီး အရောင်းအ၀ယ်တွေဖြစ်တာ အဲဒီနေရာမှာ ဧကတစ်သောင်းလောက် ဒီ ၂၀၁၃ တစ်နှစ်ထဲအတွင်းမှာ အရောင်းအ၀ယ်ဖြစ်သွားတယ်။ အရောင်းအ၀ယ်ဖြစ်တာနဲ့အတူ အဲဒီနေရာမှာ ရွာတစ်ရွာပေါ်လာတယ်။ အဲဒါကတော့ ကျွန်တော်တို့လှည်းကူးနဲ့ ပဲခူးနဲ့ နယ်စပ်မျဉ်းလိုဖြစ်နေတဲ့ လဂွမ်းပြင်ချောင်း/ဆည်ဆိုတာ ရှိတယ်။ အဲဒီထိပ်မှာ သမီးကလေးရွာဆိုပြီး တည်လာတဲ့အချိန်မှာ အဲဒီရွာမှာ ဧက ၂၀၀ ကျော် ၃၀၀ နီးပါးလောက်ဝယ်ထားတဲ့ ကိုကျော်ကျော်ဆိုတဲ့လူက ဧက ၅၀ ကျော်လောက်စွန့်ပြီး ရွာတည်ပေးလိုက်တယ်။ အဲဒီရွာမှာ မြေလိုချင်တဲ့လူ ဘယ်သူမဆို မဲနှိုက်ယူလို့ရတယ်ဆိုတော့ အဲဒီလဂွမ်းပြင်ချောင်းရဲ့ ဟိုဘက်အခြမ်း ပဲခူးဘက်အခြမ်းမှာ ပုဂ္ဂလိက ရာဘာခြံတွေ စိုက်ပျိုးရေးခြံတွေ အများကြီးရှိတော့ အဲဒီမှာအလုပ်လုပ်နေတဲ့လူတွေက ဒီမှာမြေယူပြီး လာနေကြတယ်။ လာနေပြီးတော့ သူတို့ကိုယ်တိုင် ဧကတစ်သောင်းကျော်လောက် အရောင်းအ၀ယ်ဖြစ်နေတဲ့နေရာမှာ ပွဲစားလေးတွေ လုပ်လို့ရတယ်။ တစ်ဖက်ကလည်း လုပ်ငန်းရှင်တွေက ဧကတစ်သောင်းကျော်လောက် ၀င်ဝယ်ကြတယ်။ သူဌေးတွေရော၊ စစ်တပ်ကထွက်တဲ့ ဗိုလ်ကြီးဟောင်းတွေရော။ အဲလိုလူတွေဝယ်တဲ့ ခြံတွေထဲမှာ သွားရှင်းရင် ရိုးရိုးရှင်းရင် သုံးသောင်း၊ အပြောင်ရှင်းရင် ငါးသောင်းဈေးနှုန်းတွေနဲ့ အလုပ်လုပ်ကိုင်ပြီး ဒီနေရာမှာ ရွာဆိုပြီးဖြစ်လာတယ်။ အဲဒီရွာကအစိုးရရဲ့ တရားဝင်သတ်မှတ်ထားတဲ့ ရွာစာရင်းထဲမှာ မရှိသလို အရင် ၂၀၁၂ ကျွန်တော်ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်ကလည်း ဒီရွာမရှိဘူး။ အဲဒီမှာရွာ ပေါ်လာပြီးတော့ အဲဒီရွာအုပ်ချုပ်ရေးတွေ ဘာတွေကို ကိုကျော်ကျော်က သူ့နည်းသူ့ဟန်နဲ့ ထူထောင်တယ်။ ဘယ်လိုထူထောင်သလဲဆိုတော့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ အုပ်ချုပ်ရေးမှူးဥပဒေကို သူ့ဘာသာသူ အုပ်ချုပ်ရေးမှူးတွေဖွဲ့ပြီး ဒီမြေတွေကို ထူထောင်လိုက်တဲ့အတွက် အဲဒီရွာဆိုပြီး ပေါ်လာတယ်။ ကိုယ့်ဘာသာကိုယ် ထူထောင်ထားတဲ့ ရွာပေါ့ဗျာ ... " ဟု ပြောကြားခဲ့သည်။
ထို့အပြင် သမီးကလေးကျေးရွာနှင့် ပတ်သက်ပြီး လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကိုကလည်း "သမီးကလေးကျေးရွာဆိုတာ အရင်ကတည်းက မရှိခဲ့ပါဘူး။ ပြည်ထဲရေးရဲ့ မြို့ရွာပြန်တမ်းထဲမှာလည်း ရွာဆိုပြီး အမည်မပေါက်ပါဘူး။ အဲ့ဒီမှာနေတဲ့လူတွေက ၂၀၁၃ ခုနှစ်လောက်မှ ရောက်လာကြတဲ့သူတွေပါ”ဟုဖေဖော်ဝါရီ၁ဝရက်ကThe Daily Eleven သတင်းစာသို့ပြောကြားလိုက်သည်။
သို့သော်လည်းသမီးကလေးကျေးရွာမှာရွာအင်္ဂါရပ်ဟုဆိုရမည့်ကိုယ်ထူကိုယ်ထစာသင်ကျောင်း၊ဆေးပေးခန်း၊အုပ်ချုပ်ရေးရုံး၊ဘုန်းကြီးကျောင်း၊စာကြည့်တိုက်စသည်တို့ပါဝင်သည့်ရွာတစ်ရွာအဖြစ်အခိုင်အမာ ဖြစ်တည်နေသော ရွာဖြစ်ကြောင်းရွာသူရွာသားများကသက်သေပြပြောဆိုမှုများရှိနေပါသည်။
သမီးကလေးကျေးရွာ ဖယ်ရှားခံလိုက်ရပြီးနောက်တွင် ယင်းရွာသူတစ်ဦးဖြစ်သည့် မချောစုက“ကျွန်မအသက်၃၇နှစ်ရှိပါပြီ။ ဒီမှာပဲမွေးပြီး ဒီမှာပဲကြီးလာတာပါ။ ရွာကဘယ်ကတည်းက ရှိတာလဲဆိုတော့ ကျွန်မမွေးကတည်းကပါ။ ကျွန်မတို့မိဘတွေဒီမှာနေလို့ ကျွန်မတို့လည်း ဒီမှာနေတယ်။ ကျွန်မတို့အိမ်တွေကိုဖျက်ပြီး မောင်းထုတ်တဲ့အတွက် နေစရာမရှိလို့ ဘုန်းကြီးကျောင်းမှာ ခဏလာနေနေရတယ်”ဟု ရင်ဖွင့်ခဲ့သည်။
ထို့ပြင်သမီးကလေးရွာသားတစ်ဦးဖြစ်သည့်ကိုနီလာကလည်း “ကျွန်တော်ဒီရွာမှာနေတာလာ၂၅နှစ်ကျော်လာပါပြီ။ အရင်ကတည်းက ဒီသမီးကလေးရွာဟောင်းဆိုတာ ရှိပါတယ်။ အရင်ကရွာကဘယ်လိုလဲဆိုတော့ ကရင်စုရွာလို ဖြစ်နေတာပါ။ ဟိုနားတစ်စု ဒီနားတစ်စု နေကြတာပါ”ဟု ဆိုပြန်သည်။ တချို့သောမိသားစုများမှာ သမီးကလေးကျေးရွာ၌ ဘိုးဘွားစဉ်ဆက် နေလာကြသူများဖြစ်ပြီး ၎င်းတို့၏ရွာမှာ နှစ်ပေါင်း၁ဝစုနှစ်ချီ ဖြစ်တည်ခဲ့သည်ဟု စိတ်မကောင်းစွာ ပြောဆိုကြပြီး ၎င်းတို့တွင် ယာယီသန်းခေါင်စာရင်းများလည်း ရှိနေကြောင်း ဆိုကြသည်။ ၎င်း၏နေအိမ် နေ့ချင်းညချင်း ဖျက်ဆီးပစ်ခံလိုက်ရသည့်အတွက် ပူဆွေးနေသော သမီးကလေးရွာသူ မဖြူက “ကျွန်မတို့အမေလက်ထက်ကတည်းက ဒီရွာမှာနေတာလာတာ ကျွန်မအသက်၎ဝကျော်လာပါပြီ။ ဘိုးဘွားအစဉ်အဆက် သမီးကလေးရွာမှာနေလာတာပါ။ နောက်ပိုင်းပြောင်းလာတဲ့လူတွေတော့ ရှိတာပေါ့။ ကျွန်မတို့လို ငယ်မွေးခြံပေါက်တွေ အများကြီးရှိပါတယ်။ ရွာကနဂိုကတည်းကရှိတာပါ”ဟု ရှင်းပြခဲ့ပြန်သည်။
ယင်းကဲ့သို့တာဝန်ရှိသူ အာဏာပိုင်များနှင့် သမီးကလေးကျေးရွာမှ ပြည်သူများကြားတွင် ယင်းရွာအမှန်တကယ်တည်ရှိခဲ့ခြင်းနှင့်ပတ်သက်၍ ကွဲလွဲမှုများရှိနေသော်လည်း သမီးကလေးကျေးရွာအနီးတွင်တည်ရှိသော လဂွမ်းပြင်ရေလှောင်တမံစီမံကိန်း၏ ကျောက်စာကမ္ပည်းမော်ကွန်းတွင်မူ သမီးကလေးကျေးရွာမှာ တည်ရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်ကို သိရှိခဲ့ရသည်။ ယင်းကမ္ပည်းမော်ကွန်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကော်စီလက်ထက်၂ဝဝဝ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေလှောင်တမံစီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီးတွင် တည်ရှိနေကြောင်း၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ၂၈ရက်နေ့စွဲဖြင့် အတည့်အလင်း ရေးထိုးဖော်ပြထားသည်။
ထိုကဲ့သို့သောအချက်အလက်များအရ သမီးကလေးကျေးရွာမှာ၂ဝ၁၃ခုနှစ်တွင်မှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဒေသခံရွာသူရွာသားများပြောကြားခဲ့သည့်အတိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော် ၃ဝ ဝန်းကျင်ခန့်အတွင်းက ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ အမှန်တကယ် ၁ဝ စုနှစ် နှစ်ခုသုံးခုကျော် ကြာမြင့်စွာတည်ရှိခဲ့သော ရွာတစ်ရွာအား ယင်းကဲ့သို့ အင်အားသုံးဖယ်ရှားမှုပြုလုပ်ခဲ့ခြင်းမှာ အစိုးရအပေါ် ဝေဖန်စရာဖြစ်နေခဲ့ပြီး တပ်မတော်၏ဂုဏ်သိက္ခာပိုင်းကို ထိခိုက်နိုင်စရာ ဖြစ်စေသည့်အပြင် ပြည်သူနှင့်တပ်မတော်ကြားတွင် အထင်အမြင်လွဲမှားမှုများလည်း ဖြစ်လာစေနိုင်ပါသည်။
ထို့ကြောင့်လည်းနိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့်လည်း သမီးကလေးကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး စနစ်တကျစုံစမ်းစစ်ဆေးဖြေရှင်းမှုများ ပြုလုပ်သင့်ကြောင်း ပြည်သူများအကြားတောင်းဆိုမှုများရှိနေသည်။
လွှတ်တော်ကဲ့သို့သော ဥပဒေပြုရေးမဏ္ဍိုင်မှာလည်း ဝင်ရောက်ဖြေရှင်းကူညီမှုများ ပြုလုပ်ပေးသင့်ကြောင်း သုံးသပ်မှုများရှိနေပါသည်။ ထို့ပြင်အရေးကြီးဆုံးအချက်အနေဖြင့် နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက သမီးကလေးကျေးရွာမှ အိုးအိမ်မဲ့ဖြစ်သွားသော ပြည်သူများအတွက် ကူညီဖြေရှင်းမှုများ၊ လူသားချင်းစာနာထောက်ထားစွာဖြင့် မှန်ကန်မျှတသည့် ဆောင်ရွက်မှုမျိုး ပြန်လည်လုပ်ဆောင်ပေးသင့်ကြောင်းနှင့် ပြည်သူ့ဘဏ္ဍာငွေမှ စိုက်ထုတ်သုံးစွဲမှုပြုလုပ်ကာ အမှန်တကယ်နစ်နာဆုံးရှုံးခဲ့ရသော ပြည်သူများကို သနားစာနာသောအားဖြင့် နေရာပြန်လည်အစားထိုးဖြေရှင်းပေးမှုများ ပြုလုပ်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။
Subscribe to:
Posts (Atom)