Thursday, 26 September 2013

ငမိုးရိပ်မှ ငမိုးရိပ်သို့-အပိုင်း (၈) / တင့်ဆန်း

အဖေနှင့် အဘွားလေးတို့သည် ခင်စန်းကြည်နှင့် သားငယ်နှစ်ယောက်အား မငတ်ရုံသာ ထောက်ပံ့ထားကြ သည်။ ကျွန်တော့်ကိုကား ငွေတစ်ကျပ်ပင် မပေးကြလေတော့။ ကျွန်တော်သည် လက်ပတ်ကြိုးနှင့် ကြယ်သီးကြိုး ကို အပေါင်ဆိုင်မှ ရွေးပြီး ရောင်းပစ်လိုက်သည်။ ခင်စန်းကြည်၏ လက်ဝတ်လက်စားများကို အဖေက ရွေးပြီး အဘွားလေးတို့အား အပ်နှံထားသည်။ သူမကိုယ်၌ ၀တ်ဆင်ခွင့် မပေးလေတော့။

ကျွန်တော်သည် ကစားဝိုင်းနှင့် အရက်ဝိုင်းများတွင် တစ်နှစ်နီးပါးမျှ ကျင်လည်ခဲ့ပြီးနောက် ထိုအလုပ်များကို စိတ်ကုန်ခန်း လာသည်။ ထို့ကြောင့် အပြင်သို့ပင် မထွက်တော့ဘဲ ရရာစာအုပ်များကို ရှာဖွေရင်း အိမ်၌သာ နေခဲ့ပြန်သည်။ လူကြီးများနှင့် ခင်စန်းကြည်တို့မှာ ကျွန်တော် ကောင်းမွန် စွာနေသည် ကို မြင်တွေ့ရသော ကြောင့် ၀မ်းသာကြသည်။ ထို့သို့ရှိစဉ် အဘွားလေးက ကျွန်တော့်အား မန္တလေးသို့ ဘုရားဖူးခေါ် ၍ သွားခဲံ လေသည်။
မန္တလေးက ပြန်လာပြီးနောက် ကျွန်တော်ရွာ၌ လုံးဝနေလိုစိတ် မရှိဘဲ ဖြစ်နေမိပြန်သည်။

ရွာ၌ နေရလျှင် ကျွန်တော်မှာ အမြင်ကျဉ်းမြောင်း၍ လယ်သမားသာ ဖြစ်ရမည်ဟု ယုံကြည်ထားသည်။ လယ်သမား မလုပ် ၍ ကုန်သည်လုပ်ပြန်လျှင်လည်း ရွာကြေးရည်တက် အဖြစ်ထက် ပို၍ ကြီးပွားစရာ အကြောင်းမရှိ ဟု တွက် သည်။ ကျွန်တော်သည် မြို့အရပ်များ၌ တိုက်နှင့် ကားနှင့် နေကြသည်များကို အားကျ မိသည်။

ကျွန်တော်သည် ရွာမှ ထွက်ရမည့် လမ်းစကို ရှာနေမိသည်။ အဖေသည် နောက်အိမ်ထောင် ထူထောင်ပြီး ကတည်းက စီးပွားရေး ကျဆင်းလာသည်။ ကျွဲအုပ်နှင့် စပါးဝမ်းစာလောက်ရှိပြီး လက်ထဲ တွင် ငွေမရှိ ဖြစ်နေသည်။ ထို့ကြောင့် အဖေ့ထံမှ အရင်းအနှီး ချေးငှားရန်လည်း မဖြစ်နိုင်။ အဘွားလေး တို့၌ ငွေကြေး ရှိသည်။ သူတို့သည် ကုန်သည်များဖြစ်၍ ငွေဖြင့် ငွေကိုတိုးပွားအောင် အလုပ် လုပ်နေကြသူများ ဖြစ်သော ကြောင့် သူတို့ထံမှလည်း ငွေရင်းနှီးရနိုင်မည် မဟုတ်။ ပြီးနောက် ကျွန်တော့် မှာ ခေတ်ပညာတတ်မဟုတ် သောကြောင့် မြို့အရပ်၌ လခစားအလုပ်နှင့်လည်း အသက်မွေးဝမ်းကျောင်းဖို့ ခက်ခဲ လှပေသည်။ ယင်းသို့ ရှိနေစဉ် သခင်တိုးဆိုင်၌ ပညာသင်နေသူ မောင်မြကြီးသည် ကျွန်တော်တို့ရွာ၌ ဆံပင်ညှပ် ဆိုင် လာရောက် ဖွင့်လေသည်။ သူသည် စာဖတ်ဝါသနာပါ၍ ကြီးပွား ချမ်းသာ လိုသူ ဖြစ်သည်။ ခေတ်ပညာလည်း ရှစ်တန်း အထိ သင်ခဲ့ဖူး၏။ သူနှင့် ကျွန်တော် ခင်မင်ခဲ့ကြသည်။

ကျွန်တော်မှာ အလုပ်အားလပ်နေသူ ဖြစ်သောကြောင့် မောင်မြကြီးဆိုင်၌ပင် အချိန်ကုန်လေ့ ရှိသည်။ သူ့ ဆိုင်မှာလည်း အလုပ်ကောင်းစွာ မရှိလှ။ သူလည်း စိတ်ပျက်ပျက်နှင့်ပင် ပေ၍ လုပ်နေသည်။ ထိုစဉ်၌ ဒုတိယကမ္ဘာစစ် သည် မြန်မာပြည်သို့ ကျရောက်လာခဲ့ပေသည်။ ဂျပန်များ မြန်မာပြည်ကို သိမ်းပိုက် လိုက် လေပြီ။ အခြေအနေ အနည်းငယ်အေးသောအခါ မောင်မြကြီးမှာ လှည်းကူးသို့ ပြန်သွားသည်။

သူ့ဆိုင်မှာ ကျွန်တော့်အား ထက်ဝက်စားဖြင့် လုပ်ကိုင်ရန် ပေးထားခဲ့သည်။ ကျွန်တော်သည် စိတ်မပါ လှဘဲ နှင့်ပင် အလုပ်ရှိပြီးရော သဘောမျိုး လုပ်ကိုင်နေခဲ့ပေသည်။

၂လခန့်ကြာရှိသည်တွင် မောင်မြကြီးသည် ကျွန်တော် လုပ်နေသော ဆိုင်ကို လာသိမ်းသွားသည်။ သူသည် လှည်းကူး ၌ ဆိုင်ဖွင့်လေပြီ။ အလုပ်မရှိသော်လည်း ကျွန်တော် ၀မ်းမနည်းခဲ့။ ကျွန်တော့်စိတ်၌ ထိုရွာမှ မထွက်ခွာနိုင် သည်ကိုသာ စိတ်မကောင်း ဖြစ်နေရသည်။ အလုပ်လက်မဲ့ဘ၀နှင့် တစ်လကျော်ခန့်ေ နပြီး သော် မောင်မြကြီးထံမှ စာတစ်စောင် ရောက်လာသည်။ သူ၏စာမှာ ကျွန်တော့်အား လှည်းကူးကဆိုင်၌ အလုပ်လုပ် လိုက လာရောက် လုပ်ကိုင်ရန် ဖြစ်လေသည်။

ကျွန်တော် ၀မ်းသာလှ၏။ စာရောက်ပြီး နောက်တစ်နေ့တွင် ကျွန်တော်သည် စစ်လွယ်အိတ်တစ်လုံး၌ အ၀တ်များ ထည့်ကာ ကျွန်တော်တို့ရွာနှင့် ၁၇မိုင်ကွာဝေးသော လှည်းကူးမြို့သို့ ခြေလျင်ခရီးဖြင့် ထွက်ခဲ့ပါ တော့သည်။ ထိုအချိန်၌ ကျွန်တော်တွင် သားနှစ်ယောက်သာမက သမီးငယ်လေး တစ်ယောက် လည်း ရရှိ နေပေပြီ။
"ရှင် ဟိုမှာ အခြေအနေကောင်းရင် ကောင်းခြင်း အစန်းတို့ကို လာခေါ်နော်"

ခင်စန်းကြည်သည် သမီးငယ်ကို ပွေ့ပိုက်ရင်း မျက်ရည်ပြည့်သော မျက်လုံးများဖြင့် ကျွန်တော့်အား မှာကြား လိုက်သည်။ ကျွန်တော်သည် ကိုယ်မနေချင်သော ရွာမှ ထွက်ခွာခဲ့ရပြီဖြစ်သောကြောင့် ၀မ်းသာအားရ ရှိနေ သည်။ ၁၇မိုင် ခရီးကို ကုန်းကြောင်း ခြေလျင် လျှောက်ရသော်လည်း ပင်ပန်းရမှန်းမသိ ဖြစ်ခဲ့ရလေသည်။
ကျွန်တော်သည် လှည်းကူး၌ တစ်လခန့် အလုပ်လုပ်မိ၍ အခြေကျသောအခါ အိမ်တစ်ခန်းငှား၍ ခင်စန်းကြည်နှင့် သမီးငယ်အား ပြန်ခေါ်သည်။ သားနှစ်ယောက်မှာ အဘွားလေးတို့နှင့် နေခဲ့ကြ၏။

မောင်မြကြီးမှာ ဆက်ဆံရေးကောင်း၍ အပေါင်းများသူဖြစ်လေရာ ဆိုင်မှာ အလုပ်တော်တော်များများ လုပ်ရ သည်။ ဆိုင် တွင် ဆံပင်ညှပ်ခုံ ၃ခုံ ရှိ၏။ မောင်မြကြီး၊ ကျွန်တော်နှင့် မောင်မြကြီးညီ မောင်အောင်သန်းတို့ လုပ်ကြသည်။ အောင်သန်းမှာ ခေတ်ပညာ ၇တန်းတတ်သူ ဖြစ်၏။ သူ့၌ နိုင်ငံရေးစိတ်ဓာတ်များရှိနေကာ လူမှု ဆက်ဆံရေး တွင် ဘုကျကျ ဆက်ဆံတတ်လေသည်။ သူသည် ဂျပန်များကို မုန်း၏။ ဂျပန် တို့အား တော်လှန်ရေး အတွက် စိတ်အားထက်သန်နေသည်။

အလုပ်ကို ပင်ပန်းစွာ လုပ်ရသော်လည်း တန်ဖိုးနည်းလှသော ဂျပန်ငွေစက္ကူများမှာ အသုံးမခံ ရှိနေသည်။ ကျွန်တော် မှာ တစ်နေ့ တစ်ဆယ်ဖိုး လုပ်နိုင်မှ ငွေငါးကျပ်သာ ရ၏။ ထိုငွေငါးကျပ်သည် တစ်နေ့စာ ပင် ကောင်းစွာပြန်၍ မရခဲ့ပါချေ။
မောင်မြကြီး သည် ကျွန်တော့်အပေါ် ညှာတာပါ၏။ ထက်ဝက်စားဘ၀နှင့် မလုံလောက်ရှိသည်ကို သိသော အခါ ငါးပုံ သုံးပုံစားအဖြစ် တိုးပေးသည်။

သို့သော်လည်း မချောင်လည်ခဲ့။ ကုန်ဈေးနှုန်းမှာ တစ်နေ့ထက် တစ်နေ့တက်၍ ငွေစက္ကူတန်ဖိုးက ကျသထက် ကျနေသည် မဟုတ်ပါလား။
ကျွန်တော် သည် မနေလို၍ ထွက်လာပြီးနောက်မှတော့ ရွာသို့ မပြန်လို။ ဖြစ်ချင်ရာဖြစ်၊ ရှေ့သို့သာ ဇွတ်တိုး ဖို့ ဆုံးဖြတ်ထားသည်။ ကျွန်တော်တို့အဖို့ တစ်လတစ်လတွင် အိမ်လခနှင့် စားစရိတ်တို့လောက်သာ ရရှိ ၍ အ၀တ်အစားများကိုပင် ဖဲ့၍ မ၀ယ်နိုင်။

တော်သေးသည်မှာ ကျွန်တော့်သားငယ် ၂ယောက်သည် အဘွားလေးထံ၌ ရှိနေခြင်းအတွက် စရိတ် သက်သာနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။ အဘိုးလေးမှာ စစ်ဖြစ်ခါနီးလောက်မှာပင် သေဆုံးခဲ့၏။ ကျွန်တော် စောစောက ရွာမှထွက်ရန် ၀န်လေးသည်မှာ ဤအကြောင်းက တစ်ချက်ပါသည်။ ဟုတ်ပါ၏။ အဘွားလေး တွင် အဘွားလေးနှင့် အဘွားလေး၏ သမီး မိန်းမသား ၂ယောက်တည်း ရှိကြလေရာ ကျွန်တော် က သူတို့ အား စောင့်ရှောက်နေရတော့သည်။ နောက်ပိုင်း၌ ကျွန်တော် စိတ်ချလက်ချ ထွက်လာခဲ့ခြင်းမှာ အဘွားလေးသမီးသည် ကျွန်တော့ညီတစ်ဝမ်းကွဲ မောင်အုန်းမောင်နှင့် အိမ်ထောင်ပြုသဖြင့် ယောက်ျား တစ်ယောက် သူတို့အိမ်၌ မားမားမတ်မတ် ရှိနေခြင်းကြောင့်ပင်။
ခန်စန်းကြည်မှာ သားသမီး ၃ယောက် ရခဲ့သည်တိုင် မူမပြောင်းခဲ့။

ကျွန်တော်ငှားသော အိမ်နှင့် အလုပ်ဆိုင် မှာ ၃ဖာလုံခန့် ကွာဝေး၏။ ကျွန်တော်သည် နံနက်အိပ်ရာမှ ၆နာရီတွင် ထကာ ရေမိုးချိုးပြီး ဆိုင်သို့ လာခဲ့ သည်။ နေ့လယ် ၁၁နာရီကျော်လျှင် အိမ်သို့ နံနက်စာ ပြန်စားလေ့ ရှိ၏။ ခင်စန်းကြည်သည် ကျွန်တော်နှင့် လည်း အိပ်ရာက အတူမထတတ်။ ပြီး နံနက်စာ ထမင်း ကိုလည်း အဆင်သင့် မဖြစ်သည့်ရက်သာ များနေ လေသည်။ ကျွန်တော့်မှာ တစ်ပတ်လျှင် ၃ခါ ၄ခါ နံနက်စာ ကို စိတ်ဆိုးမာန်ဆိုးနှင့် စားသောက်ရသည်။

ညနေကျပြန်တော့လည်း ၆နာရီ ဆိုင်သိမ်း၍ ပြန်သည့်တိုင် ထမင်းဟင်း အဆင်သင့် ရှိချင်မှ ရှိသည်။ ကျွန်တော် စိတ်အပျက်ဆုံးမှာ အ၀တ်မှန်မှန်မလဲရခြင်းဘဲ ဖြစ်သည်။ ဂျပန်ခေတ်၌ နောက်ထပ် အ၀တ် မ၀ယ်နိုင်သောကြောင့် တဖြည်းဖြည်း ရှိသမျှ စုတ်ပြဲခဲ့ရာ နောက်ဆုံး အ၀တ်၃စုံသာ ကျန်ရှိလေသည်။ ထို၃စုံ ကို မှန်မှန်လျှော်ဖွတ် မီးပူတိုက်ပေးမှ လည်မည်။ ဆံပင်ညှပ်သမားဆိုသည်က တစ်နေ့တစ်ထည် လဲရ သည်။ သို့မဟုတ်လျှင် ဆံပင်တိုများက စူး၍ မနေနိုင်။

အ၀တ် မလည်မှုကြောင့် ခင်စန်းကြည်နှင့် ကျွန်တော် တကျက်ကျက် ရန်ဖြစ်ရသည်။ သူမသည် အိမ်ကို လည်း ရှုပ်ပွပေရေ စွာထားသည်။ မြို့အိမ်များသည် သန့်ပြန့်ကြ၏။ ကျွန်တော်က သူများနည်းတူ နေချင် သည်။ ဒါပေမယ့် မနေခဲ့ရ။ ဖုံတည်းအမှိုက်တည်း၌သာ နေခဲ့ရသည်။
ကျွန်တော် ငှားနေသော အိမ်မှာ ၄ပေ ၃ခန်း ဖြစ်သည်။ တစ်ဘက်သော နှစ်ခန်း ၌လက်ဖက်ရည်ဆိုင် ရှိသည်။

ထို လက်ဖက်ရည်ဆိုင်တွင် အသက်၃၀ခန့် မုဆိုးမ ဦးစီးသည်။ ဆိုင်မှာ သူမပိုင် ဖြစ်၏။ သူမ တွင် အမေ တစ်ယောက်နှင့် အသက်၁၄နှစ်ခန့် ဆံရစ်ဆံတောက်နှင့် ညီမငယ် ရှိသည်။ ကျွန်တော်သည် ထိုလက်ဖက်ရည်ဆိုင် မှ လူများနှင့် ရင်းနှီး၏။ သူတို့တွင် ယောက်ျားမရှိခြင်းကြောင့်လည်း ကျွန်တော့် ကို မောင်ဖွား သဖွယ် အားကိုးသည်။

လက်ဖက်ရည်ဆိုင်ရှင် အစ်မကြီးသည် ခင်စန်းကြည်အား လင်ဝတ္တရားမပျက်ဖို့ သန့်သန့်ရှင်းရှင်ငးနေဖို့ ဆုံးမ သည်။ ထိုအခါ ခင်စန်းကြည်က ကျွန်တော်နှင့် ပေးစား၍ မကြားတကြားဆဲလေသည်။ လက်ဖက်ရည် ဆိုင်ရှင် အစ်မကြီး သည် မဆုံးမရဲဘဲ လက်မြှောက်လိုက်လေသည်။

ခင်စန်းကြည်သည် ဟင်းကိုလည်း ဖန်ဖန်တီးတီး ချက်ပြုတ်တတ်သူမဟုတ်။ လွယ်ရာကျရာကိုသာ ၀ယ်၍ ချက်သည်။ ကဇွန်းရွက်ကြော်နှင့် ၀က်ဆီဖတ်တို့သည် ကျွန်တော်၏ နေ့စဉ်ဟင်းလျာများ ဖြစ်နေသည်။ တစ်ဖက်ခန်း မှ အစ်မကြီးသည် ကျွန်တော်၏ အစားအနေ ဆင်းရဲ့မှုကိုကြည့်ကာ သနားလေသည်။ အဘွားကြီး ကလည်း သနားသည်။ ကလေးမသည် ဟင်းကောင်းကလေးများချက်လျှင် ကျွန်တော့်အား လာ၍ ပေးတတ်၏။ ထိုသို့ပေးလျှင် ခင်စန်းကြည်က မကြိုက်။ စောင်းမြောင်းပေးစား၍ ဆဲပြန်သည်။
"မယားထက်ပဲ သူတို့က ပြုစုချင်ကြတယ်" ဟု ဆိုသောကြောင့် ဟင်းကျွေး အစားအသောက်များ မပေးဝံ့ ကြပြန်ချေ။

ကျွန်တော်သာ ကြားထဲက ငတ်မွတ်ခဲ့ရလေသည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ စီးပွားရေး ကို မည်သို့ ပြောင်းလဲရမည်နည်း။ မည်သည့်လုပ်ငန်းမျိုးကို လုပ်ရမည်နည်းဟု စဉ်းစားခဲ့သည်။ သို့သော် လက်ထဲ တွင် အရင်းအနှီးမရှိသော ဘ၀၌ ဘာကိုမျှ မလုပ်နိုင်။ ဖြစ်သလိုနှင့်သာ ဘ၀ကို ရပ်တည်နေခဲ့ ရ ပေသည်။

ကျွန်တော် လှည်းကူး၌ ဆင်းဆင်းရဲရဲ ဖြစ်နေကြောင်း ကြားသောအခါ အဖေနှင့် အဘွားလေးတို့က ရွာသို့ ပြန်ပြောင်းခဲ့ရန် မှာသည်။ ကျွန်တော်ကား "ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်" ဆိုသော စကားကို လက်ကိုင် ထားသူဖြစ်သဖြင့် ပြန်မပြောင်းဘဲ ပေကပ်နေသောကြောင့် အဖေသည် လှည်းကြုံနှင့် ဆန်များ တင်ပို့ပေး၏။ ပိတ်ခြင်ထောင် အသစ်ကြီးတစ်ခုကို ဖျက်၍ အင်္ကျီချုပ်ဝတ်ရန် ပို့ပေး၏။ ကျွန်တော်သည် အဖေ ၏ ကြီးမားသော မေတ္တာကို အားရကျေနပ်နေမိပါသည်။

စစ်အခြေအနေမှာ တစ်စထက်တစ် ပြင်းထန်၍ လာလေပြီ။ မဟာမိတ် လေယာဉ်များ သည် မြန်မာ့ ကောင်းကင်ပြင် ၌ အုပ်လိုက်ချီ၍ ပျံသန်းကာ မီးလောင်ဗုံးများ ကိုလည်း ပြင်းထန်စွာ ချလျက် ရှိနေ သည်။ ကျွန်တော်မှာ ခင်စန်းကြည်တို့ သားအမိအား လှည်းကူး၌ ထားရန် စိတ်မချဖြစ်လာသည်။ ကျွန်တော့ တွက်ကိန်းမှာ ဗုံးချခြင်းချလျှင် မြို့များကိုသာ ချပေမည်။ တောရွာများသည် ဗုံးဒဏ်မှ လွတ်ကင်းလိမ့်မည်ဟု တွက်သည်။ ထို့ကြောင့် သူတို့သားအမိအား ရွာသို့ ပြန်ပို့ထားလိုက်သည်။

ခင်စန်းကြည် မရှိသောနောက်၌ တစ်ဘက်ခန်းမှ လူများနှင့် ကျွန်တော် ရင်းရင်းနှီးနှီး နေခွင့်ရလာသည်။ ညီမငယ်သည် ကျွန်တော်၏ အ၀တ်များကို ဇွတ်ယူ၍ လျှော်ဖွတ်ပေးသည်။

မီးပူတိုက်ပေးသည်။ ကျွန်တော် မှာ နံနက်စာကို ဈေး၌စား၍ ညစာကို တစ်ဘက်ခန်း၌ စားရသည်။ ကျွန်တော် မစားလို ၍ ငြင်းသော်လည်း မရ။
"မင်း မိန်းမ ပြောပေါက်ဆိုပေါက် ဆိုးလွန်းလို့ပါကွယ်။ တို့က မင်းကို အစားဆင်းရဲ အနေဆင်းရဲ မြင်ရ ကတည်းက ပြုစုချင်နေတာ ကြာပါပြီ"

အဘွားကြီးကရော အစ်မကြီးကရော ပြောသည်။ ညီမငယ်မှာ ကျွန်တော့်အား အစ်ကိုကြီးသဖွယ် ခင်မင် ယုယရှာသည်။ ထိုအချိန်၌ ကျွန်တော်မှာ ကျွန်တော်ဘ၀တစ်လျှောက်လုံး လိုအပ်နေသော အချက်တစ်ခု ပြည့်ဝနေသည်ဟု ထင်မှတ်နေသည်။ မှန်ပါ၏။ ကျွန်တော်၏ ဘ၀တစ်သာတွင် ချစ်သူက ကျွန်တော့် အား ပြုစုယုယခြင်းကို ခံရဖို့ လိုအပ်နေသည်။ ညီမငယ်အား ကျွန်တော် ချစ်သည်။ ကျွန်တော် သူမအပေါ် ချစ်သော အချစ်မှာ ရိုးသားသလား။ မရိုးသားသလား ခွဲခြား၍ မရနိုင်ပါ။ ဒါပေမယ့် ကျွန်တော် သည် စိတ်ကို ထိန်း၍ ညီမသဖွယ်သာ ဆက်ဆံသည်။ ဘယ်နည်းနှင့်မျှ သူမအား ကျွန်တော်က လက်ထပ်ပေါင်းသင်း ၍ လည်း မဖြစ်။ အကယ်၍ ကျွန်တော်သည် လွတ်လပ်သူတစ်ယောက်ဖြစ်ဘိမူ ငယ်သည် ကြီးသည်မှာ အကြောင်း မဟုတ်ပေ။

ညီမငယ်မှာ ရုပ်ရည်ချောမော လှပသူတစ်ယောက် ဖြစ်သည်။ ကျွန်တော်သည် ထိုရုပ်ရည်မျိုးကိုလည်း သဘော ကျသည်။ ဒါပေမယ့် ကျွန်တော် သူမအား လက်မထပ်နိုင်။ သူမအား လက်ထပ်လို၍လည်း လက်ရှိ ဇနီး ကို ကွာရှင်းမပစ်လို။ ညီမငယ်၏ အယုအယကို ခံရ၍ ကြည်နူးနေရသည့်ကြားမှ အချစ်နှင့် ပတ်သက် သည့် သောကစိတ် များက ရှုပ်ပွေ၍ လာရပြန်ချေသည်။

အစ်မကြီးနှင့် အမေကြီးက ကျွန်တော့အား ချစ်ကြသည်။ ညီမငယ်နှင့်လည်း စိတ်ချလက်ချ လွတ်လပ် စွာ နေခွင့်ပေးထားသည်။ ညီမငယ်သည် စဉ်းစားဆင်ခြင်တတ်သည့်အရွယ် မဟုတ်သေး။ သူမ သည် တဇွတ်ထိုး တဇောက်ကန်းသာ ချစ်နေရှာသည်။ ကျွန်တော်မှာ စိတ်ကို ထိန်းချုပ်ရခြင်းကြောင့် ပင်ပန်းလှ သည်။ ပင်ပန်းလွန်းအားကြီးလာသောအခါ ထိုအိမ်မှ ထွက်ပြေးဖို့ စဉ်းစားလာသည်။
ကျွန်တော်သည် အိမ်ပြောင်းမည်ပြုသောအခါ အစ်မကြီးက တားသည်။ အမေကြီးက ကန့်ကွက်သည်။ ညီမငယ်က ငိုရှာသည်။ ကျွန်တော် မပြောင်းဖြစ်ခဲ့။ ထိုအိမ်၌ပင် ဆက်လက်နေရ ပြန်တော့သည်။

လှည်းကူးသို့ မဟာမိတ်များ ဗုံးချလေရာ မြို့ပျက်လေသည်။ သေသူသေ၍ ကျန်လူများ မနေ၀ံ့။ အနီးအနား ရှိ ရွာများ သို့ ရွှေ့ပြောင်းကြရသည်။ ကျွန်တော်တို့သည် လှည်းကူးအနီးရှိ အစ်မကြီးတို့၏ ဇာတိ ရွာကလေး သို့ ရွှေ့ပြောင်းခဲ့ကြသည်။

အစ်မကြီးတို့က တောရွာအိမ်ကလေးတွင် ကျွန်တော်တို့သည် အေးချမ်းစွာ နေခဲ့ကြသည်။ ထိုအချိန်၌ အစ်မကြီးသည် လူငယ်တစ်ယောက်နှင့် အိမ်ထောင်ပြုပြီးစ ဖြစ်လေသည်။ ညီမငယ်မှာ အစ်မ အိမ်ထောင် ပြုသွားပြီဖြစ်သောကြောင့် ကျွန်တော့်အနီး၌သာ တပူးကပ်ကပ် ရှိနေကာ ကျွန်တော့် ကိုသာ နွဲ့ဆိုးဆိုးလျက် ရှိနေပေတော့သည်။

ကျွန်တော်သည် တောရွာကလေးကို နှစ်ခြိုက်သဘောကျနေမိသည်။ မြို့၌ အခြေအနေအေး၍ အစ်မကြီး တို့ လင်မယားဆိုင် ပြန်ဖွင့်ကြသော်လည်း အမေကြီး၊ ညီမငယ်နှင့် ကျွန်တော်တို့မှာ တောရွာအိမ်ကလေး၌ ပင် နေကြပြီး ကျွန်တော်က ထိုအိမ်မှနေ၍ အလုပ်ဆင်းသည်။ ညနေဘက်တွင် ရရာ အစားအစာများကို ၀ယ်ခြမ်း လာကာ ပျော်ပျော်ပါးပါး စားသောက်ကြသည်။

ယင်းသို့ ရှိနေစဉ် ကျွန်တော်တို့ရွာမှ လူများ လှည်းကူးသို့ ပြေးလာကြသည်။ ကျွန်တော်တို့ရွာမှာ မီးလောင်း ဗုံး အချခံရသဖြင့် ရွာလုံးပြုတ်သွားပြီဟု ပြေးလာသူများက ပြောကြသည်။ ကျွန်တော်မှာ အဖေ၊ အဘွားလေးနှင့် ဇနီးသားသမီးများအတွက် သောကရောက်ရလေသည်။ နောက်နေ့၌  အဘွားလေးတို့ ရောက်လာရာ အဖေနှင့် ကျွန်တော့်ဇနီး သားသမီးများအား မတွေ့ရဟု ဆိုလေသည်။ ကျွန်တော် ခေါင်းမီးတောက်ရ၏။ ချက်ခြင်းပင် ကျွန်တော်သည် ရွာသို့ ထွက်ခွာခဲ့သည်။ ထိုအချိန်မှာ ဂျပန် များက မြန်မာတို့အား သတ်ဖြတ်နေသောကြောင့် အားလုံးက တားကြသည်။ ညီမငယ်က ငို၍ တားသည်။ ကျွန်တော် မည်သူ့စကားကိုမှ နားမထောင် ဇွတ်ပင် ထွက်လာခဲ့သည်။
ရွာမှ လူအချို့ ခိုလှုံနေရာ မခူမြောင်တောသို့ ရောက်သောအခါ ခင်စန်းကြည်နှင့် သားသမီးများကို တွေ့ရ၍ ၀မ်းသာရသည်။ သို့သော် အဖေ့အတွက် ကြားရသော သတင်းမှာ ရင်ကို ဆို့စေတော့၏။

အဖေသည် သူချစ်မြတ်နိုးသော ကျွဲပေါက်ကြီးအား ဂျပန်များက ယူသဖြင့် ပြန်လည်ခုးယူရာတွင် ဂျပန်များ က သေနတ်နှင့်ပစ်၍ သတ်လိုက်သည်ဟူသတည်း။
ကျွန်တ်ာသည် အဖေ့အတွက် စိတ်ရှိလက်ရှိ ငိုကြွေးရုံမှတပါး ဘာမျှမတတ်နိုင်ပါချေ။

ခင်စန်းကြည်မှာ မမျှော်လင့်ဘဲ ကျွန်တော် ရောက်ရှိလာခြင်းအတွက် အထူးတလည် ၀မ်းသာနေသည်။ ကလေးများလည်း ပျော်ရွှင်နေကြသည်။ နောက်နေ့၌ ကျွန်တော်သည် သားငယ်ကို ကျောပိုး၍ ခင်စန်းကြည် တို့အားခေါ်ပြီး လှည်းကူးသို့ ပြန်လာခဲ့သည်။ ဤအချိန်မှစ၍လည်း ကျွန်တော့်မှာ ရွှံ့ဗွက်နှင့် ဖုံများထူထပ်လှသော ငမိုးရိပ်ကမ်းခြေရွာနှင့် သံယောဇဉ်ကင်းပြတ်ခဲ့ရလေတော့သည်။ အဘွားသည်လည်း ဂျပန်ခေတ် အလယ်လောက်က သေဆုံးခဲ့ပေပြီ။

ကျွန်တော်သည် ဂျပန်ခေတ်ကနေခဲ့သော အိမ်မှာ အလုပ်နှင့်ဝေးကွာသောကြောင့်၎င်း၊ ထိုအနီးအနား၌ မဟာမိတ် စစ်သားများနှင့် ဈေးသည်များ ရှုပ်ရှုပ်ပွေပွေ ရှိလှသောကြောင့်၎င်း၊ ထိုအိမ်သို့ ပြန်လည် မနေလို တော့ဘဲ အလုပ်နှင့်နီးရာ၌ အိမ်ခန်းငှားရန် ရှာဖွေခဲ့သည်။ သို့သော် အိမ်ခန်းက ရှားပါးလှ၏။ ရွာမှလူများ ဂျပန်ရန်ကြောက်၍ မဟာမိတ်တို့က သိမ်းထားသော မြို့သို့တက်နေသောကြောင့်လည်း ပို၍ အိမ်ငှား ရှားပါးခဲ့ရခြင်း ဖြစ်ပါတော့သည်။ ထို့ကြောင့် ကျွန်တော်မှာ ညီမငယ်များ၏ နေအိမ်ကလေး၌ ညီမငယ်များ နှင့်အတူ ခင်စန်းကြည်တို့အား ထားကာနေခဲ့သည်။

ညီမငယ်သည် ခင်စန်းကြည် ရောက်လာသော်လည်း ကျွန်တော့်ကို ယခင်ကကဲ့သို့ပင် ရင်းရင်းနှီးနှီးနေ လေ သည်။ ခင်စန်းကြည်သည် ထိုသို့ ညီမငယ်က ကျွန်တော်နှင့် ရင်းရင်းနှီးနှီးနေသည်ကို မကြိုက်။ ကျွန်တော့်အား ညီမငယ်က ပြုစုသည်ကို သဘောမကျဖြစ်ကာ ထိုအိမ်မှ အမြန်ပြောင်းကြဖို့ ကိုသာ လောဆော်နေတော့သည်။
"ပြောင်းတာပေါ့ အစန်းရာ။ ဒါပေမယ့် အိမ်တို့ ဘာတို့ကလည်း ရှာလို့ ဖွေလို့ လွယ်တာမဟုတ်လို့ နေတာပါ"

ကျွန်တော်က ဤသို့ ပြောသော်လည်း သူမက မကျေနပ်။ "ရှင်ဒီက မပြောင်းနိုင်ရင် ရှင့်မယားလေးနဲ့ပဲ နေခဲ့။ ကျွန်မတော့ ဆွေမျိုးတွေဆီ ကလေးတွေနဲ့ သွားနေတော့မယ်"
ခင်စန်းကြည်သည် ဤသို့ပြောကာ လှည်းကူးအနီးအနားရှိ သူမ ဆွေမျိုးများရှိရာ အခြားရွာတစ်ရွာသို့ ကလေးများ အား ခေါ်ပြီး ထွက်သွားလေသည်။ ကျွန်တော်မှာ ယခုအကြိမ်၌ ခင်စန်းကြည်၏ အပေါ်တွင် အကြီး အကျယ် စိတ်ပျက်ခဲ့သည်။ ဤမျှ စိတ်သဘောထား သေးသိမ်ကျဉ်းမြောင်းသူ အမျိုးသမီး တစ်ယောက်နှင့် လည်း ရှေ့သို့ ဆက်လက်ပြီး ခရီးဖော်အဖြစ် ခရီးမသွားလိုတော့။ ထို့ကြောင့် ကျွန်တော် သည် သူမအား လိုက်၍ မခေါ်ဘဲ ခပ်အေးအေးပင် နေခဲ့လေသည်။

ကျွန်တော်သည် စိတ်၌ ထွေပြားလှ၏။ ကျွန်တော့်ဘ၀၏ အဆင်မပြေပုံကို တွေးမိတိုင်းလည်း ထင်ရာသာ စိုင်းပစ်ချင်စိတ်ပေါက်နေခဲ့ရသည်။
ကျွန်တော် ၏ စီးပွားရေးမှာ ဂျပန်ခေတ်နှင့်မတူတော့ဘဲ အဆင်ပြေလာသည်။ တစ်နေ့လျှင် အင်္ဂလိပ်ငွေ ရှစ်ကျပ်၊ တစ်ဆယ်ရသည်။ ဒါပေမယ့် ကျွန်တော် ငွေကြေးစုဆောင်းလိုစိတ် မရှိ။ ရသမျှ အကုန် သုံးပစ် လိုက်သည်။

ဆယ်ရက်ခန့်ကြာသော် ခင်စန်းကြည် ကလေးများနှင့် ပြန်လည် ရောက်ရှိလာပြန်သည်။ ကျွန်တော်သည် သူမအား ဆိုးသည်။ ကောင်းသည် မပြောဘဲ အေးအေးသာ နေခဲ့သည်။ ညီမငယ်မှာလည်း သူ့အား မကြည်ဖြူသော် လည်း ၀တ္တရားမပျက်ပင် ဆက်ဆံနေထိုင်ခဲ့သည်။ ကျွန်တော်သည် ညီမငယ်ကို စိတ်ထဲမှ ချီးကျူး မိ၏။ သူမသည် လူငယ်သလောက် မျိုသိပ်နိုင်သော စိတ်ထား ရှိလှပေသည်တကား။
ခင်စန်းကြည် မှာ မကျေမနပ်နှင့်ပင် ထိုအိမ်၌ နေရပြန်သည်။ ကျွန်တော့်ကိုလည်း အိမ်ပြောင်းကြ ဖို့ နေ့စဉ်နှင့်အမျှ နားပူနားဆာ လုပ်နေသည်။

ယင်းသို့ ရှိစဉ်ခိုက်ဝယ် ညီမငယ်သည် ကောက်ရသလို အပြင်းဖျားပါလေတော့သည်။ သူမ ဖျားရခြင်း နေပူ ထဲတွင် ကျွန်တော်တို့ ရေချိုးရန်အတွက် ရေကန်မှ ရေခပ်ခြင်းကြောင့် ဖြစ်ကြောင်း ကျွန်တော် သိသည်။
"အစန်း၊ ညီမလေးကို ဂရုစိုက်ပါကွယ်။ သူဟာ တို့အပေါ် ကောင်းရှာပါတယ်" ကျွန်တော်က ညီမငယ် အပြင်းဖျားသောကြောင့် စိုးရိမ်စွာ ပြောမိသည်။

"ရှင့် မယားလေး ရှင် ဂရုစိုက်ပေါ့။ ကျုပ်တော့ ကလေးတစ်ဖက် ဘာတစ်ဖက်နဲ့ ဂရုမစိုက်နိုင်ပါဘူး"
ခင်စန်းကြည်က အငေါ်တူးလိုက်လေရာ ကျွန်တော်မှာ ရင်ထဲ အောင့်ကနဲနာ၍ သွားလေသည်။

ဆက်ရန်
Ref: ရွှေစင်ဦး

ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၇) / တင့်ဆန်း

ကျွန်တော်မှာ ယခင်ကလို ထမင်းချက်၊ အိမ်ထောင်ထိန်း အလုပ်မဟုတ်တော့ဘဲ ကောင် ရေ ၃၀ ခန့်ရှိသော ကျွဲအုပ်ကြီးအား ထိန်းကျောင်းရန် အဖေက ခိုင်စေလာသည်။ ကျွန်တ်ာမှာ တောကြိုတောင်ကြား လျှိုမြောင်များထဲတွင် ကျွဲအုပ်ကြီးကိုလိုက်၍ ထိန်းကျောင်းနေရသည်။ ယင်း သို့တစ်ယောက်ထီးတည်း ကျွဲအုပ်ကြီးနှင့် နေရသောအခါတွင် ကျွန်တော်သည် ရရာစာအုပ်များကို ငှားရမ်း၍ ဖတ်ရှုသည်။ ထိုအထဲ ကြီးပွား ချမ်းသာရေး ကျမ်းစာအုပ်များ၊ ၀တ္ထုများ၊ စီးပွားရေး ဆောင်း ပါးများပါရှိလေရာ ကျွန်တော်မှာ ကြီးပွားချမ်းသာ လိုစိတ်များ တက်ကြွလာပြန်သည်။ ထို တောကြိုတောင်ကြား လျှိုမြောင်များတွင် ကျွဲကျောင်းနေ ရသောဘ၀မှ ကျွတ်လွတ်ချင်စိတ်ပြင်း ထန်လာသည်။ သို့သော် ကျွန်တော်မှာ အဖေနှင့် ခွဲခွာရမည် ကို မခွဲရက်သောကြောင့် ၃ နှစ်လုံးလုံး ကျွဲကျောင်းရင်းဖြင့် အချိန်တွေ ကုန်ခဲ့ရလေသည်။

    ခင်စန်းကြည် သည် နောက်ထပ် သားငယ်တစ်ယောက်ကို မွေးဖွားလာပြန်၏။ သူမသည် ထိုမျှ အသက်ကြီးရင့် လာသော်လည်း ပြောင်းလဲခြင်းမရှိဘဲ ယခင်ကထက်ပင် ပို၍ဆိုးလေသည်။ သူမကိုယ်ကို လည်း သပ်ရပ်စွာနေထိုင်ခြင်းမပြု၊ ကလေးများကိုလည်း ပစ္စလက်ခတ်ထားတတ်လေ ရာ အဘွားလေးနှင့် အဘွားလေး သမီးက ကလေးများကိုသာ ပြုစုစောင့်ရှောက်ပေးနေရသည်။
    ကျွန်တော်သည် တောကြီးမျက်မည်း၌ ကျွဲကျောင်းရသော ဘ၀မှလွတ်မြောက်ရန် ရန်းကန် လာ၏။ အဖေ့အား လည်း မညှာနိုင်တော့။ အဖေနှင့် စီးပွားရေးကွဲလွဲသွားမည့် နည်းလမ်းကို ကြံဆ လာသည်။
    ကျွန်တော်တို့ရွာတွင် ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တည်းသာရှိ၏။ ထိုဆိုင်တွင်လည်း ဆိုင်ရှင် တစ်ယောက်တည်း သာရှိလေရာတစ်နေ့ ထိုဆိုင်ရှင်ဖျားလေ၏။ ကျွန်တော်တို့ရွာမှ ဆံပင်ညှပ်ချင်သူ များနှင့် ပတ်ဝန်းကျင်ရွာ များမှ ဆံပင်ရှည်နေသူများ အတော်ကသိကအောက်ဖြစ်နေကြသည်ကို ကျွန်တော် သိရလေသည်။

    ကျွန်တော်သည် ချက်ခြင်းပင် ထိုလုပ်ငန်းကို လုပ်ရန်သတိရသည်။ သတိရသည်နှင့်ပင် အဘိုးလေးထံ၌ အဖေ အပ်ထားသော ငွေထဲမှ ငွေတစ်ရာတောင်းကာ ရန်ကုန်သို့ ထွက်လာခဲ့တော့ သည်။ ရန်ကုန်တွင် ဆံပင်ညှပ် သမားတစ်ယောက်ကို ရှာ၍ငှားသည်။ ဆံပင်ညှပ်သမားရသောအခါ ဆံပင်ညှပ်ဆိုင် ဖွင့်လိုက်လေ သည်။
    အဖေလည်း ကျွန်တော့်၏လုပ်ပုံကိုင်ပုံ မြန်ဆန်လွန်း ၍ အံ့သြနေသည်။ ကျွန်တော့်ကို လည်း သူ့မတိုင်ပင်ဘဲ လုပ်ရကောင်းလားဟု အပြစ်တင်သည်။
    “ဒီမှာ အဖေ၊ ကျွန်တော့်မှာ သားတစ်ယောက်က နှစ်ယောက်ရှိလာပြီ။ ကျွန်တော်ရဲ့ကိုယ် ပိုင်လုပ်ငန်းဆိုလို့ ဘာတစ်ခုမှမရှိသေးဘူး။ ဒါ့ကြောင့် အကွက်ဆိုက်တုန်း အဖေ့ကို မတိုင်ပင်ဘဲ လုပ် လိုက်ရတာပဲ။ အဖေ့တိုင်ပင်နေရင် အကြံပျက်သွားမှာစိုးလို့ပါ”
    “ငါ့မှာရှိတဲ့ ပစ္စည်းဟာ မင်းဥစ္စာချည့်ပဲမို့လား။ မင်းအပြင် ဘယ်သူကများ အမွေခံခွင့်ရှိသေး သလဲ”
    အဖေက မကျေမနပ်နှင့် ပြောပြန်သည်။

    “အမှန်ပြောရရင် ကျွန်တော် တောထဲမှာ ကျွဲကျောင်းရပြီ အဖေ။ ကျွန်တော်ဟာ ရွှံထဲနွံထဲ မိုးရွာနေပူထဲမှာ လုပ်ရတဲ့ အလုပ်မျိုးကို နည်းနည်းမှ မလုပ်ချင်ဘူး။ အရိပ်ထဲမှာနေပြီး ပိုက်ဆံရတဲ့ အလုပ်မျိုးကိုပဲ လုပ်ချင် တယ်။ နောက်တစ်ခုက ကိုယ်စွမ်းကိုယ်စနဲ့ စီးပွားရှာချင်တယ်။ မိဘရဲ့နို့ သက်ကို ခံမစို့နေချင်တော့ဘူး”
    အဖေ သည် ကျွန်တော်အား စိမ်းစိမ်းတစ်ချက် စိုက်ကြည့်လိုက်ပြီး ဘာမျှမပြောတော့ဘဲ မကျေမနပ်နှင့် ငြိမ်၍ နေလေသည်။
    ကျွန်တော်၏ဆံပင်ညှပ်ဆိုင်မှာ ဖွင့်သည့်နေ့၌ပင် ငွေတစ်ဆယ်ကျော်လောက်ဝင်သော ကြောင့် ကျွန်တော်မှာ အားတက်နေမိသည်။ ဆံပင်ညှပ်သမားမျာလည်း အတော်ဖား၍သွား၏။ ကျွန်တော်သည် ဤလုပ်ငန်းဖြင့် ကြီးပွားချမ်းသာရေးကို လုပ်ကိုင်တော့မည်ဟုလည်း ဆုံးဖြတ် လိုက်ပါသည်။

    ရွာမှလူများသည် ကျွန်တော့်အား အလုပ်အကွက်မြင်သည်ဟု ချီးကျူးသူက ချီးကျူးပြီး ဆတ္တာသည် အလုပ် ကိုမှ လုပ်ရကောင်းလားဟု အပြစ်ဆိုသူက ဆိုကြသည်။
    ခင်စန်းကြည်မှာ ကျွန်တော်ကိုယ်တိုင် ရှာဖွေသော ငွေကြေးကို ကိုယ်တိုင်သုံးစွဲရသော ကြောင့် ဝမ်းသာနေသည်။ ကျွန်တော်မှာလည်း တောကြီးမျက်မည်းတွင် ကျွဲကျောင်းရသော ဝဋ် ကြွေးမှ လွတ်ကင်းနေပြီဖြစ်သောကြောင့် ပျော်မဆုံး ရွှင်မဆုံးရှိနေသည်။ ဆိုင်မှာလည်း ဝင်ငွေ ကောင်းနေ၏။ ကျွန်တော် သည် စုဗူးတစ်ခုပြုလုပ်ကာ ငါးမူးစေ့နှင့် ဒင်္ဂါးပြားများကို စုဗူး၌ ထည့်၍ စုဆောင်းသည်။
    ကျွန်တော်က လုပ်ငန်းခွဲထွက်ရုံမျှသာမက စားအိုးကိုပါ ခွဲလိုက်သောအခါ အဖေသည် သူ့ အတွက်သူ စီစဉ် ရလေသည်။ အဖေသည် သူ့ထက် အသက် ၅ နှစ်ခန့်ငယ်သော ဆင်းရဲသူ မုဆိုးမ တစ်ယောက်နှင့် အိမ်ထောင်ပြုလေသည်။ ထိုအမျိုးသမီးတွင် သားတစ်ယောက်၊ သမီးတစ်ယောက် နှင့် မောင်၊ တူ၊ တူမများ ရှိကြသည်။ သူတို့အားလုံးပင် အဖေ့အား မှီခိုကြ၏။ အဖေ၏လယ်တဲတွင် ယခင်ကလို ခြောက်သွေ့မနေဘဲ စိုပြေလာသည်။

    အဖေသည် ကျွန်တော့်အား ကျွဲ ၃ ရှဉ်းနှင့် အိမ်ကြီးကို အမွေအဖြစ် ပေးထားသည်။ ပြီး နောက် စပါးဝမ်းစာ များလည်း ပေးသည်။ ကျွန်တော်သည် စပါးဝမ်းစာနှင့် အိမ်ကိုသာမက်မော၍ ကျွဲများအား လိုချင်စိတ်မရှိခဲ့ပေ။ အဖေ့တွင် အိမ်ထောင်နှင့် သာသာယာယာ ဖြစ်သွားခြင်းအတွက် ဝမ်းသာနေမိသည်။ အဖေ ယခုလို အိမ်ထောင်အတည်တကျ ရှိနေခြင်းကြောင့်လည်း ကျွန်တော်၏ ဘဝ ရှေ့ရေးအတွက် ကြံစည်ရာ၌ ပို၍လွတ်လပ်သည်။ နောက်ဆံတင်းစရာ မလိုတော့ချေ။
    ဖျားနေသောဆိုင်ရှင်မှာ ကျန်းမာလာသောအခါတွင် အပြိုင်ပေါ်လာသောကြောင့် အလုပ် ကို ကြိုးစား လုပ်သည်။ ဆက်ဆံရေးတွင် ပို၍ ချောမောပြေပြစ်စွာ ဆက်ဆံသည်။ ကျွန်တော် ရန်ကုန်က ငှားလာသော ဆံပင်ညှပ် သမားမှာ လက်ရာကောင်းသည်မှန်သော်လည်း တောက မကြိုက်။ တော ကကြိုက်သည် မှာ ပြောင်ပြောင်ထစ်ထစ်ဖြစ်၍ သူက ပြေပြေသာသာ ညှပ်ပေးလေ သည်။ ပြီးနောက် သူသည် တောက လူများနှင့် စရိုက်ကိုက်ညီအောင်လည်း မဆက်ဆံတတ်ပေ။ နောက်တစ်ခုမှာ ဆိုင်ဟောင်း သည် လူစည်ကားသော ဈေးပိုင်း၌ရှိ၍ ကျွန်တော်မှာ ရရာဆိုင်ကို ငှားရမ်း၍ ဆိုင်တည်ရလေရာ ကျွန်တော့် ဆိုင်မှာ လူ မစည်သော ရွာလယ်ပိုင်း၌ ရှိသောကြောင့် တစ် နေ့တစ်ခြား ရေနည်းငါးသို့ ဆိုသကဲ့သို့ အလုပ်ပါး ၍ ပါး၍ လာလေတော့သည်။

    ကျွန်တော်သည် လူငှားအလုပ်သမားအား လက်ရာပြင်ဖို့နှင့် တောကလူများနှင့် ဆက်ဆံပုံ ဆက်ဆံနည်းများကို ပြောပြနေ၏။ သို့သော် မရ။ အလွန်ခေါင်းမာသူ ဖြစ်နေလေသည်။ ကျွန်တော် မှာ သူ့အားပြော၍ ဆို၍ မရသောအခါတွင် ဆိုင်နေရာရွှေ့ပြောင်းဖို့ကို ကြိုးစားရသည်။ ဈေးပိုင်းရှိ ကျွန်တော်နှင့် ဆွေရိပ်မျိုးရိပ်မကင်းသူများ၏ ပန်းတိမ်ဖိုဘေးမှ အခန်းကလေးကို မရအရ ငှားကာ ဆိုင်ပြောင်း လိုက်ပါသည်။
    ဆိုင်ပြောင်းခြင်းအတွက် ဆိုင်လခသာ ဈေးပိုများလာပြီး ဝင်ငွေမှာ သိပ်ထူးခြားမှုမရှိဘဲ ဖြစ်နေပြန်သည်။ ကျွန်တော့်အလုပ်သမားသည် ထိုအခါ၌ ရန်ကုန်သို့ ပြန်ပြေးသွားလေတော့၏။
    ကျွန်တော်မှာ ဆံပင်ညှပ်ပညာကို ကောင်းစွာမတတ်သေးဘဲနှင့်ပင် ဆိုင်နှင့်တန်းလန်းကြီး ကျန်နေ ခဲ့တော့ သည်။ နောက်ထပ်အလုပ်သမားရှာငှား၍လည်းမရ။ ဒုက္ခ လှလှကြီးရောက် ၍ နေရ လေတော့၏။
    အလုပ်သမားစုံစမ်းနေဆဲ တတ်သမျှနှင့်ပင် ကလေးခေါင်းများ ခင်မင်ရာ ခင်မင်သူများကို ညှပ်ပေးနေခဲ့ရာ တစ်နေ့မှ သုံးမူးတမတ်မျှသာ စီလေတော့သည်။ ကျွန်တော်မှာ ဟန်မပျက် နေ့စဉ် ဆိုင်ဖွင့်နေသော် လည်း စိတ်ပျက်လှလေပြီ။ ဟုတ်ပါ၏။ ဤအတိုင်းသာဆိုက ဆိုင်ငှားစရိတ်ကြေဖို့ ပင် ခဲယဉ်းနေလေပြီ မဟုတ်ပါလား။

    ကျွန်တော်သည် လှည်းကူး၌ ဆံပင်ညှပ်အလုပ်သမား သွားရှာသည်။ သခင်တိုး ဆံပင် ညှပ်ဆိုင်၌ လူငယ်တစ်ဦးကို တွေ့ရသည်။ သူ့နာမည်မှာ မောင်မြကြီးဟု သိရ၏။ သူသည် ကျွန်တော့်ဆိုင်တွင်လိုက်၍ အလုပ် လုပ်ချင်သည်။ သို့သော် သူက ဆံပင်ညှပ်ပညာသင်နေဆဲဖြစ်၍ ကောင်းစွာ မတတ်မြောက်သေးသောကြောင့် ခက်နေပေသည်။
    ကျွန်တော်သည် ရွာသို့ပြန်လာပြီး ဆိုင်ပြန်ဖွင့်သည်။ စိတ်ကူးထုတ်၍ ကြိုးစားခြင်းကြောင့် လည်း ဘိုကေပုံ ကို အသင့်အတင့်ဖြစ်အောင်၊ ကောင်းအောင် ညှပ်တတ်သော်လည်း အချိန်သိပ် ကြာမှ ပြီးလေသည်။ ကျွန်တော် က ဆိုင်သို့ ဆံပင်ညှပ်သူအလာများအောင် နည်းသစ်တစ်ခုကို ထွင်လိုက်သည်။ ဆံပင်ညှပ် လာ သူများအား အောင်ဘာလေလက်မှတ် ထုတ်ပေး၍ လက်ပတ်နာရီ၊ ဖောင်တိန်၊ ခေါင်းလိမ်းဆီဗူးတို့ကို ၃-လ တစ်ကြိမ် အောင်ဘာလေ မဲဖောက်မည်ဟု သတင်းလွှင့် လိုက်သည်။

    ယခင်ကထက် လူဝင်အနည်းငယ်ပို၍ လာသည်။ ဒါပေမယ့် သိပ်ပြီး ထူးခြားမလာခဲ့ချေ။ ယင်းသို့ ကျွန်တော့် ဆိုင်ကို လူမလာခြင်းမှာလည်း အကြောင်းရှိပါတယ်။ ကျွန်တော်မှာ မြန်မြန် မညှပ်တတ်ခြင်းနှင့် လူတိုင်း လူတိုင်းနှင့်လည်း အဆင်ပြေအောင် မဆက်ဆံတတ်ခြင်းပင် ဖြစ်ပါ သည်။ ကျွန်တော် ၏ ပင်ကိုယ်စိတ်ထား၌ကပင် မည်သူကိုဖြစ်စေ မှန်တန်းသာဆက်ဆံချင်သည်။ နိမ့်သူကိုစီး၍ မြင့်သူကို ပင့်မ မဆက်ဆံတတ်ချေ။
    တစ်ဖက်ဆိုင်မှ ဆံပင်ညှပ်သူသည် တစ်ရပ်တစ်ကျေးမှ လာရောက်နေထိုင်သူဖြစ်သည်။ ဂုဏ်ရှိသူများအား အောက်ကြို့ခံရသည်။ သူ့ဆိုင်လာသူ ဖောက်သည်များက ဘာပြောပြော ခေါင်း ငုံ့ ခံသည်။ သူသည် ငွေရဖို့တစ်ခုကိုသာ ကြည့်သူဖြစ်လေ၏။ ထို့ကြောင့် ဆံပင်ညှပ်သူတွေ သူ့ဆိုင် ၌ များနေလေ သည်။

    ကျွန်တော်သည် စီးပွားရေးကို မည်မျှအဓိကထားသည်ဆိုစေ ထိုသူကဲ့သို့ မကျင့်နိုင်ပေ။ လူအချင်းချင်း အောက်ကျမခံလို။ ကိုယ်က အလုပ်လုပ်ပေး၍ သူက လုပ်ခပေးခြင်းဖြစ်သည်။ အမှန်က ဆိုင်သို့ ဆံပင်ညှပ်လာသူများသည် သူတို့၏လှပမှု၊ သပ်ရပ်မှုအတွက် လာရောက် အလှပြု ပြင်ခြင်းဖြစ်၍ ဆံပင်ညှပ်သမားကလည်း အလှပြုပြင်ပေးခယူခြင်းသာည ဖြစ်သည်။ သူတို့အား ဝတ္တရား ရှိသည်ထက် ပို၍ အောက်ကျပေးစရာမလိုဟု ကျွန်တော်က ယူဆထားသည်။
    ရွာမှ ဘဝင်မြင့် ရောဂါရှိသူ ကြေးရည်တတ်များသည် ကျွန်တော့်အပေါ် ဆက်ဆံရာ၌ ယခင်ကလို မဟုတ်တော့။ တစ်ဖက်တိုင်မှ လူကို ဆက်ဆံနည်းမျိုး ဆက်ဆံချင်ကြသည်။ ကျွန်တော်ကလည်း မခံ။ သူတို့က
    “ဟေ့ကောင်” ဟုခေါ်လျှင် ကျွန်တော်ကလည်း
    “ဘာလဲ” ဟု ခပ်မာမာထန်ထန်ပင် ပြန်၍ ထူးလေသည်။ ထို့ကြောင့်လည်း ကျွန်တော့် အား ကြေးရည်တတ် ဘ၀င်ကိုင်သူများက မုန်းတီးလာကြလေသည်။ ကျွန်တော်မှာ အိမ်ထောင်ရေးလည်း အဆင်မပြေ၊ စီးပွားရေးလည်း အဆင်မပြေဖြစ်လာသောအခါ စိတ်က ထွေ၍ လာ၏။ ထင်ရာသာ စွပ်၍ လုပ်ပစ်ချင်သည်။ ယင်းသို့ရှိစဉ် ရွာ၌ ရန်ကုန်မှ တရုတ်များလာ၍ အနီ ထောင်ဒိုင် လုပ်ကြလေသည်။ ကျွန်တော်သည် စိတ်ထွေထွှေင့် အနီထောင် ဒိုင် သွားထိုးရာ ငွေ တစ်ရာကျော် အနိုင်ရသည်။

    စိတ်ထဲတွင် ပျော်လာသည်။ သူငယ်ချင်းများနှင့် အက်သောက်ကြသည်။ နောက်တစ်ခါပြန် ၍ အနီထောင်ထိုးပြန်ရာ ပြန်၍ရှုံးသည်။ ကြယ်သီးကြိုးကိုပေါင်၍ ထိုးပြန်သည်။ ရှုံး၏။ ကျွန်တော် စိတ်ညစ် လာသည်။ အရက်ကို ပို၍သောက်၏။ ခင်စန်းကြည်မှာ ကျွန်တော့် အား လောင်းကစား မလုပ်ဖို့ တောင်းပန်သည်။ အရက်မသောက်ဖို့ ပြောသည်။ ကျွန်တော်က သူမစကား ကိုလုံးဝ နားမထောင်။ လုပ်ချင်ရာသာ လျှောက်၍ လုပ်နေတော့သည်။
    ကျွန်တော် ထင်ရာစိုင်းနေချိန်၌ တစ်ဖက်ဆိုင်မှာ အလုပ်တွေ ပို၍ များနေသည်။ တစ်ယောက်တည်း မနိုင်သောကြောင့် သူ့တပည့် လင်မယားအားခေါ်၍ လုပ်နေရသည်။ ထိုဆိုင်ရှင်မှာ သူ့တပည့် လင်မယားအား တစ်နေ့လျှင် ငါးပဲမျှသာပေး၍ အလုပ်ခိုင်းလေသည်။ တပည့် အလုပ်သမားသည် ကျွန်တော့် ထံလာ၍ ပိတ်ထားသောဆိုင်၌ အလုပ်လုပ်ရ ပါရန် တောင်း ပန်လေသည်။ ကျွန်တော်က ထက်ဝက် စားနှင့် ခွင့်ပြုပြီး ဆိုင်သော့ အပ်လိုက်သည်။ သူတို့လင်မ ယားကျွန်တော့်ဆိုင်သို့ ပြောင်းရွှေ့နေထိုင်ကြလေသည်။

    အဖေသည် ကျွန်တော့်အား ကောင်းကောင်းနေဖို့ ဆုံးမသည်။ အဘွားလေး။ အဘိုးလေးတို့ကလည်း ဆုံးမသည်။ အကယ်၍ ဆံပင်ညှပ်အလုပ်ကို မလုပ်လိုက ဆိုင်ကို ပြန်ရောင်းပြီး ယခင်က အတိုင်းနေဖို့ပြောသည်။ ပေါင်ထားသော ကြယ်သီးကြိုးနှင့် လက်ပတ်နာရီ ကြိုးတို့ကို ပြန်ရွေးပေးသည်။
    “ကဲရော့၊ အဲဒါ မင်းနောက်ဆုံးအနေနဲ့ သွားကစား။ နိုင်လည်းတော်၊ ရှုံးလည်းတော်”
    အဘိုးလေးက ငွေအစိတ်ကို ရက်ရောစွာ ပေးလိုက်သည်။ ကျွန်တော်သည် ထိုငွေအစိတ် နှင့် သွားထိုးရာ ငွေနှစ်ရာကျော်နိုင်သည်။ တော်ပြီဟု စိတ်ကိုပိုင်းသော်လည်းမရ။ သူငယ်ချင်းများ ကအရက် တိုက်ခိုင်းကြသည်။ အရက်ဆိုင်ရောက်လျှင် ကျွန်တ်ေပါမူး၏။ မူးလာသောအခါ ပြန်၍ ကစားသည်။ ရှုံးပြန်လေတော့၏။

    ဆံပင်ညှပ်ဆိုင်မှာ ထက်ဝက်စားနှင့် ပေးထားသော်လည်း သူတို့မည်မျှရကြသည်မသိ။ ကျွန်တော့်အတွက် တစ်နေ့မှ တမတ်သုံးမူးရသည်။ ကျွန်တော့်ဆိုင်၌ လာရောက်လုပ်သူမှာ ပထမ ဆိုင်ရှင်ထက် ပင် အောက်ကျခံခြင်း၊ စကားပြောကောင်းခြင်းတို့ကြောင့် လူချစ်လူခင်များကာ ဆိုင်၌ လူစည်သည်။ သို့သော် ကျွန်တော့် အတွက်မူ ငါးမူးထက်ပိုမရတတ်ပေ။
    ကျွန်တော်သည် ဆိုင်ကရသည် မရသည်ကို ဂရုမစိုက်တေ့။ ကစားဝိုင်း အရက်ဆိုင်တို့၌ သာ ပျော်ပိုက်နေခဲ့သည်။ အနီထောင်ဝိုင်းမရှိလျှင် ဖဲရိုက်သည်။ နိုင်သည့်အခါနိုင်၍ ရှုံးသည့်အခါ ရှုံး၏။ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ အရက်ဖိုးက မှန်မှန်ပင် ကုန်ကျနေခဲ့ပေသည်။ ၃ လလောက် တေမိ ပေမိသောအခါတွင် ကျွန်တော့်တွင် လက်ဝတ်လက်စားမရှိတော့။ ကျွန်တော့် ဇနီးတွင် လည်း နားကပ်တစ်ရံသာ ကျန်ရှိနေခဲ့ပေသည်။

    ကျွန်တော်သည် တစ်ခုခုကို လုပ်မိပြီဆိုလျှင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဇွတ် တရွတ်ပင် စွဲစွဲမြဲမြလုပ်တတ်သော အကျင့်ရှိခဲ့သည်။ လောင်းကစားနှင့် မူးယစ်သောက်စားခြင်းများ မကောင်းမှန်း ကျွန်တော်သိသည်။ ဒါပေမယ့် ထိုအလုပ်ကို မဖြတ်ဘဲဆက်၍သာလုပ်နေခဲ့သည်။ နောက်ဆုံးတွင် ဆိုင်တွင်အလုပ်လုပ်သူအား ဆိုင်ကို ၇၅ ကျပ်နှင့် ရောင်းပစ်လိုက်သည်။ ဤမျှ အောက်ကျ၍ လူအထင်သေးသော အလုပ်မျိုးကိုလည်း လုပ်မစားတော့ဟု စိတ်ကိုဆုံးဖြတ်လိုက် လေသည်။

ဆက်ရန်
Ref: ရွှေစင်ဦး

ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၆) / တင့်ဆန်း

ကျွန်တော့် ဦးနှောက်၌ ဝေ၍သွားပြီး ဘာကိုမျှ မစဉ်းစားချင်တော့။ ကံစီမံရာကိုပဲ ခံတော့ မည်ဟုသာ ဆုံးဖြတ်လိုက်ပါတော့သည်။

အဖေ၊ အဖွားလေးနှင့် မစောနှစ်တို့သည် ခင်စန်းကြည်အား ကျွန်တော်ခိုးယူခဲ့သဖြင့် ၀မ်း သာနေကြသည်။ သူတို့သည် ပြိုင်ဘက်ဖြစ်သော လှညွန့်တို့အား အနိုင်ရခြင်းအားဖြင့်လည်းကောင်း၊ သူတို့လိုလားသူ၊ ချမ်းသာကြွယ်ဝ သူတို့၏ သမီးရတနာကိုရခဲ့ ခြင်းဖြင့်လည်းကောင်း ဂုဏ်ယူနေကြသည်။ ကျွန်တော်မှာ သူတို့ပြောနေသော စကားသံ များကို မကြားတစ်ချက် ကြားတစ်ချက်နှင့် အိပ်ရာပေါ်လှဲအိပ်နေရာမှ စိတ်က စကြာဝဠာ အနန္တသို့လွင့်ပါး နေသည်။
    စကြာဝဠာအနန္တ၌ ကျွန်တော်သည် သီတာရေစင်ကိုလည်း မတွေ့၊ အေးရိပ်ဆာယာများကို လည်းမတွေ့၊ ပူပြင်းတောက်လောင်သော သဲကန္တာရများကိုသာ မြင်တွေ့ရပေသည်။
    “ငြိမ်လှချည့်လား ဆရာကြီး။ ဘာတွေစဉ်းစားနေသလဲ”
    ခင်စန်းကြည်သည် ကျွန်တော့်ဘေးတွင် ယှဉ်၍ လှဲအိပ်လိုက်ကာ ကျွန်တော့်မေးဖျားကို လက်နု ကလေးများဖြင့်ကိုင်၍ သူမဘက်သို့ မျက်နှာကိုလှည့်စေကာ ပြောလိုက်သည်။

    ထိုအခါကျမှ ကျွန်တော် ပတ်ဝန်းကျင်ကို သတိပြုလိုက်မိရာ အခန်းထဲတွင် ခင်စန်းကြည်မှ လွှဲ၍ အခြားတစ်ယောက်မျှ မရှိတော့သည်ကို မြင်တွေ့ရပါသည်။
    “အဖေတို့ ပြန်သွားကြပြီလား အစန်း”
    ကျွန်တော်က သူမအား မေးလိုက်ပါသည်။
    “ရှင်က အဆက်ဟောင်းကို လွမ်းနေသလား၊ ဦးလေးနဲ့ အရီးပြန်သွားတာတောင် မသိရအောင်”
    “မဟုတ်ပါဘူးကွယ်။ အစန်းကလည်း ကိုယ်မှေးကနဲ အိပ်ပျော်သွားလို့ပါ”
    “ရှင်နဲ့မနှင်းအေးနဲ့ ဖြစ်ခဲ့သေးတယ်မို့လား”
    ခင်စန်းကြည်က ခပ်တွေတွစဉ်းစားနေရာမှ မေးလိုက်သည်။
    “ဘယ်က ဖြစ်ရမှာလဲကွယ်။ ဖြစ်မှသူ့ကိုပဲ ယူမှာပေါ့။ အစန်းကို ယူမတဲ့လား”
    “ကျွန်မကြားတော့ သူ့ယောက်ျားက ကွာမပေးလို့ မယူတာဆို”
    “အဲဒါတော့ဟုတ်တယ်။ သူ့ယောက်ျားနဲ့ ပြတ်ပြတ်စဲစဲဆိုရင် သူ့ကိုယူဖို့ စိတ်ကူးခဲ့တယ်”
    “ဒါဖြင့် ရှင် မနှင်းအေးကို ချစ်တယ်ပေါ့”
    ကျွန်တော်မှာ ရုတ်တရက် အဖြေမပေးနိုင်ဘဲ ငြိမ်၍နေမိပါသည်။

    “ဟုတ်တယ်မို့လား။ ရှင် မနှင်းအေးကို သိပ်ချစ်တယ်မို့လား”
    သူမက မကျေနပ်သံနှင့် ထပ်ဆင့်မေးနေပြန်သည်။
    “ချစ်တာတော့ သူ့တင်ဘယ်ဟုတ်မလဲ။ တစ်ရွာလုံးမှာရှိတဲ့ အပျိုချောတွေ အကုန်ချစ် တာပဲ။ ယူဖို့သာ မဖြစ်ကြ လို့ပေါ့ကွယ်”
    ကျွန်တော်က လိမ်လည်း မလိမ်ချင် အမှန်အတိုင်း အဖြေပေးလျှင်လည်း ခင်စန်းကြည် စိတ်ဆင်းရဲသွားမည်စိုးသောကြောင့် စကားကို ၀ါးဖြန်း၍ ပြောလိုက်ပါသည်။
    “ရှင် တော်တော်လည်တယ်။ မေးတာကို မပြောဘူး။ ဒီလောက်တောင် လည်တာထောက် ရင် လူပျိုမှ ဟုတ်သေးရဲ့လား မသိဘူး”
    ခင်စန်းကြည်က ကျွန်တော့်မျက်နှာကို သင်္ကာမကင်းသော မျက်လုံးကလေးများနှင့် ကြည့် ၍ ပြောလေသည်။

    “မဟုတ်ဘူး။ ကိုယ်လူပျိုမဟုတ်ဘူး”
    ကျွန်တော်က ဤသို့ ပြောလိုက်သောအခါ ခင်စန်းကြည်မျက်နှာကွက်ကနဲ ပျက်၍သွားလေ သည်။
    “တကယ်ပြောတာ အစန်း။ ကိုယ်စောစောကပဲ အိုခဲ့ပြီလေ”
    “ကြည့်စမ်း ကြည့်စမ်း သူ သိပ်နောက်တာပဲ။ ကဲ ကဲ ကဲ”
    ခင်စန်းကြည်သည် ဤသို့ပြောကာ ကျွန်တော့်ရင်အုပ်ကို သူမ၏ လက်သီးဆုပ်ကလေးများ နှင့် မနာအောင် ထုနေသည်။
    တဲနောကဖေးရှိ ကြက်များ တွန်ကြူးကြသည်။ ကျွန်တော့်လက်မှ နာရီကို ကြည့်လိုက်သော အခါ ၁၂ နာရီထိုးနေပြီကို မြင်တွေ့ရသောကြောင့် -
    “ကဲ အစန်းရေ၊ တစ်ရေးတမော အိပ်လိုက်ကြဦးစို့ကွယ်” ဟု ပြောရင်း အိပ်ရာဘေးရှိ ရေနံ ဆီမီးခွက်ကို မှုတ်လိုက်ပါသည်။

ခင်စန်းကြည်၏ မိဘများသည် ကျွန်တော့်ကို အမှုအခင်းမလုပ်သော်လည်း ခင်စန်းကြည် အားသမီးစာရင်းမှ ပယ်ဖျက်လိုက်ကြသည်။ ခင်စန်းကြည်၌ ၀တ်ဆင်ပါလာသော ရွှေများကို လူလွှတ်၍ ပြန်တောင်းသည်။
ကျွန်တော်မှာ အမှုမလုပ်ဘဲ ကျေအေးစွာ ပြီးငြိမ်းသွားသဖြင့် ၀မ်းသာနေရသည်။ အဖေ က လှောင် ထားသော စပါးများရောင်းပြီးလျှင် ခင်စန်းကြည်အား လက်ကောက်၊ ဆွဲကြိုး စသည်တို့ကို ၀ယ်ခြမ်းပေးမည် ဟုပြောထားသည်။ အဖွားလေးက သူရောင်းသော အထည်များထဲ မှ ခင်စန်းကြည် ကြိုက်နှစ်သက် ရာ အ၀တ် ၅ စုံကို ယူဝတ်ခိုင်းသည်။ ခင်စန်းကြည်မှာ ရွှေများ မ၀တ်ရသော်လည်း ပျော်ရွှင်နေရှာ၏။
    ကျွန်တော်မှာ နှင်းအေးကိုသာ မကြာခဏ သတိရနေသည်။ ဒါပေမယ့်လည်း သူမနှင့် သွားရောက်၍ မျက်နှာချင်း မဆိုင်လို။ လှုပ်ရှားသောစိတ်ကို ထိန်းချုပ်ရင်းဖြင့် အိမ်တွင်ကုတ်၍ နေခဲ့သည်။

    အဖွားလေးသည် ဒေါ်မြင့်ထံ လူလွှတ်၍ ကျွန်တော်တို့အား လက်ခံမည်လားဟုမေးသည်။ ဒေါ်မြင့်က လက်မခံနိုင် ဟု အကြောင်းပြန်လိုက်လေသည်။ ထို့ကြောင့် ကိုယ့်ဟာကိုယ် ရပ်ရွာက အသိအမှတ်ပြုရန် ကျွန်တော်တို့ အိမ်တွင်ပင် လူများကိုဖိတ်၍ မင်္ဂလာဆောင်နှင်းရန် စီစဉ်ကြ သည်။ ပြီးနောက် ကျွန်တော် တို့ နှစ်ယောက်ကိုပါခေါ်၍ လိုအပ်သော ပစ္စည်းများ ၀ယ်ယူရန်အတွက် အဖွားလေးသည် ငွေထုပ်ပိုက်ကာ ရန်ကုန် သို့ ထွက်လာလေတော့သည်။
    ကျွန်တော်တို့သည် အဖွားလေးနှင့်အတူ ရန်ကုန်၌ ၇ ရက်မျှလည်ပတ်ဘုရားဖူးကြသည်။ ခင်စန်းကြည် မှာ ပျော်ရွှင်နေ၏။ ကျွန်တော်မှာ ခင်စန်းကြည်နေရာတွင် နှင်းအေးသာဖြစ်စေချင် သည်။ နှင်းအေး သာ ဖြစ်ခဲ့လျှင် ကျွန်တော့်အဖို့ ပျော်ရွှင်ခြင်း၏ အထွဋ်အထိတ်ပင် မဟုတ်ပါလား။ ယခုတော့ အားမလို အားမရဖြစ်နေသည်။ စိတ်ကကြိုးစား၍ ပျော်အောင်နေသော်လည်း သိပ်ပြီး ပျော်ပိုက်ခြင်းမရှိလှပါ။
ကျွန်တော်တို့သည် အိပ်ရာခမ်းနားနှင့် ဧည့်ပရိသတ်များ ကျွေးမွေးရန်တို့ကို ၀ယ်ယူကာ လောလီကား တစ်စီးဖြင့် ရွာ သို့ပြန်ခဲ့ကြသည်။ ခင်မင်မီးစပ်ရာ လူများနှင့် ကျွန်တော်၏ ဆွေမျိုးသား ချင်းများအိမ်တွင် တရုန်းရုန်း ရှိနေကြသည်။ ခင်စန်းကြည်မှာ သူမ၀ယ်ယူခဲ့သော အ၀တ်အထည် များကို ပြရသည်နှင့်မောနေ ရှာသည်။

မင်္ဂလာဆောင်နေ့ ၌ ခင်စန်းကြည်၏ဘက်မှ ဆွေမျိုးများ အနည်းအပါးသာ လာကြသော် လည်း ဧည့်ပရိသတ် အတော် စည်ကားသည်။ နှင်းအေးသည် ကျွန်တော့်မင်္ဂလာဆောင်သို့ မမျှော် လင့်ဘဲ ရောက် ရှိလာသည်။ သူမမျက်နှာမှာ ဟန်ဆောင်ပြုံးထားသော်လည်း ညှိုးလျနေသည်ကို ကျွန်တော် သတိပြုမိပါ သည်။ သူမကိုယ်ကလေးမှာလည်း ယခင်ကထက် ပိန်ကျသွားသည်။ နား ထင်ကလေးများပင် ကျလျက် ရှိနေလေ သည်။ ကျွန်တော့်မှာ နှင်းအေးကိုကြည့်ရင်း စိတ်မကောင်း ဖြစ်နေရသည်။
    “ပြန်တော့မလား နှင်းအေး”
    သူမပြန်မည်ပြုသောအခါ ကျွန်တော်က အိမ်ဝမှသွား၍ နှုတ်ဆက်လိုက်သည်။ သူမသည် ကျွန်တော့်အား မျက်ရည် ၀ိုင်းသော မျက်လုံးများဖြင့် တစ်ချက်စိုက်ကြည့်ကာ ခေါင်းကလေးကို ညိတ်ပြပြီး ခေါင်းငုံ့ ထွက်ခွာသွားလေသည်။ ကျွန်တော်မှာ နှင်းအေးကို ငေးကြည့်ရင်း ရင်၌ ဆို့ကြပ် လာမိသည်။

ဧည့်ပရိသတ်များ ရှင်းသွားလေလျှင် အိပ်ခန်းသို့ ကျွန်တော်ဝင်၍ အိပ်နေမိသည်။ ကျွန်တော့် စိတ်ထဲ ၌ နှင်းအေးနှင့် ခင်စန်းကြည်တို့ကို အလဲအလှယ် လုပ်ချင်နေသည်။ ကျွန်တော် ချစ်သော နှင်းအေးသည် ခင်စန်းကြည်ကဲ့သို့ ပျော်ရွှင်နေစေချင်သည်။ သို့သော် လူ့ဘ၀၌ ကိုယ်ဖြစ် စေလိုသော အဖြစ်များက ဖြစ်ခဲ၍ မဖြစ်စေလိုသည်များနှင့်သာ ရင်ဆိုင်ကြရတတ်သည် မဟုတ် ပါလား။
    နှင်းအေး၏ ညှိုးလျသော ရုပ်ပုံလွှာသည် ကျွန်တော်၏ အသည်းနှလုံး၌ ထင်ဟပ်နေသည်။ ကျွန်တော့် အာရုံထဲ၌ သူမ၏ပုံလွှာသည် ဖျောက်ဖျက်၍ မရနိုင်ဘဲ စွဲထင်နေသည်။
ကျွန်တော်မှာ ယခင်ကလို လတ်လပ်သူတစ်ယောက်မဟုတ်ဘဲ အိမ်ထောင်ရှင် တစ် ယောက်ဖြစ် လာပြီဖြစ်ကြောင်း ကိုယ့် ကိုယ်ကိုယ် သတိထားနေရသည်။ ထိုစဉ်က ကျွန်တော့် အသက်မှာ ၁၈ နှစ်ကျော်ကျော် ကလေးမျှသာ ရှိသေး၍ လူပျိုစိတ်မကုန်ဘဲ ရှိနေသည်။ သူငယ်ချင်း အပေါင်းအသင်း များနှင့် သွားချင်၊ လာချင်၊ လည်ပတ်ချင်သည်။ အမျုးသမီးလှလှ ကလေးများအား ပိုးချင်၊ ပန်းချင်၊ ရွှတ်နောက်ချင်သေးသည်။ အထူးသဖြင့် ခင်စန်းကြည်အား ကျွန်တော် ချစ်လာအောင် ကြိုးစား၍ မရခြင်းမှာ ကျွန်တော့်အဖို့ အိမ်ထောင်ရေး၌ အလေးအနက် ထား၍ မရနိုင်အောင် ရှိနေရသည်။

“ဟေ့ မင်းက မိန်းမရမှ အိမ်ကုတ်လှချည့်လားကွ။ တို့များကိုတောင်မှ သတိမရတော့ဘူး လား။ အပေါင်းအသင်းမလုပ်တော့ဘူးလား။ ဒီကောင် ပတ်ကလားပဲ။ မိန်းမနားက မခွာနိုင်ဘူး”
    သူငယ်ချင်းများကလာရောက် နောင်ပြောင်ကြလေရာ ကျွန်တော်မှာ ရှက်စိတ်မျး ဖြစ်ပေါ် ခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော်သည် သူငယ်ချင်းများနှင့် လိုက်ပါသွားတတ်လေသည်။ ဤသို့ ကျွန်တော့် သူငယ်ချင်းတွေနှင့် လိုက်ပါသွားလေလျှင် ခင်စန်းကြည်သည် မျက်နှာကလေးညှိုးငယ်စွာနှင့် ကျန်ရှိနေ တတ်ပေ သည်။
    “ကိုဆန်း၊ ရှင် အစန်းကို မသနားဘူးလားဟင်”
    ကျွန်တော် က အလည်အပတ် များလာသောအခါ ခင်စန်းကြည်က မေးလေသည်။

    “ဘာပြုလို့ လဲ အစန်းရဲ့”
    “ကျွန်မဟာ မိဘတွေရဲ့ အစွန့်အပစ်ကိုခံပြီး ရှင့်နောက်ကိုလိုက်လာခဲ့တာပါ။ ခုလို ရှင်က ကျွန်မ တစ်ယောက် ထဲ ထားထားပြီး သွားနေတော့ ကျွန်မ ဘယ်လောက်စိတ်ဆင်းရဲရမယ်ဆိုတာ တွေးကြည့်ပါဦး”
    တကယ်တော့လည်း ဟုတ်သည်။ သူမသည် ကျွန်တော့်နောက်သို့ လိုက်ခဲ့မိခြင်းကြောင့် ပင်မိဘ အစွန့်အလွှတ် ကို ခံခဲ့ရှာပေသည်။ အကယ်၍ မိဘစကား နားထောင်ကာ လှညွန့်နှင့်သာ လက်ထပ်မည် ဆိုပါက မိဘတို့၏ ချစ်ခင်ယုယမှုကို ခံရပေမည်။ ယခုတော့ ခင်စန်းကြည်အား ယုယ မည့်သူမှာ ကျွန်တော် တစ်ယောက်မှလွဲ၍ အခြားမရှိနိုင်တော့ပါချေ။

    “အေးကွယ်၊ ကိုယ် နောက်ကို မလည်တော့ပါဘူး”
ကျွန်တော်က ဤသို့ ပြောလိုက်သောအခါ ခင်စန်းကြည်၏ မျက်နှာကလေးမှာ ရွှင်ကြည် လန်း၍ လာပြန်လေတော့သည်။ ပေါက်သည့်နဖူး မထူးတော့ပြီဖြစ်သောကြောင့် ကျွန်တော်သည် ခင်စန်းကြည် ၏ စိတ်ချမ်းသာရေး ကိုသာ ရှေ့ရှုနရလေသည်။ ကိုယ်က မချစ်သော်လည်း ကိုယ့်အား ချစ်နေသူကိုတော့ သနား ရပေမည်။ ကြင်နာရပေမည်။ ကျွန်တော်သည် ဤသို့ သဘောပေါက်လာခြင်းကြောင့်ည်း အလည် အပတ် ကို လျော့လိုက်ပါသည်။
    ခင်စန်းကြည်နှင့် ကျွန်တော်နေထိုင်ကြ၍ လပိုင်းအတွင်းမှာပင် စိတ်ပျက်စရာအကြောင်း များပေါ်ပေါက် ၍လာလေတေ့သည်။ ခင်စန်းကြည်မှာ ကျွန်တော့်အား ချစ်သည်မှလွဲ၍ ကျန်သော အပိုင်းများ မှာ အတော်ပင် စိတ်ပျက်စရာကောင်းသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ အထူးသဖြင့် အိမ်ထောင် မထိန်းတတ်ခြင်းနှင့် လူမှုဆက်ဆံရေးညံ့ဖျင်းမှုတို့မှာ ကျွန်တော့်အတွက် စိတ်ပျက်စရာ အကောင်းဆုံး အချက်များဖြစ်နေကြပေသည်။

ပိုဆိုးသည်က ကျွန်တော်မှာ ယောက်ျားတစ်ယောက်ပင်ဖြစ်သော်လည်း အိမ်ထောင်ကို စံနစ်တကျ ထိန်း တတ်သူဖြစ်နေကာ ခင်စန်းကြည်က အိမ်ထောင်ကိုလည်း မထိန်းတတ်၊ ထမင်း ဟင်းမှလည်း မချက်တတ်ဖြစ်နေခြင်းပင်။
    ကျွန်တော်သည် သူမအား အိမ်ထောင်ထိန်းသိမ်းနည်း၊ ထမင်းဟင်းချက်ပြုတ်နည်းကအစ သင်ကြားပေး သည်။ သို့သော် သူမသည် ထိုပညာများကို လုံးဝတတ်မြောက်၍ မလာဘဲ ရှိနေတော့ သည်။ ခင်စန်းကြည် မှာ ဥာဏ်ထိုင်းသည်။ ပျင်းသည်။ ထို့အပြင် ကျွန်တော့်ဘက်မှ လူကြီးမိဘများ ၏ပြောစကား ဆိုစကား ကိုလည်း မနာခံ၊ ထော်ကာလံကာ ပြန်ပြော၍ သူထင်ရာ လုပ်လေသည်။ ကျွန်တော်နှင့် ခင်စန်းကြည် အိမ်ထောင်ကျ ၍ တစ်နှစ် မပြည့်မီမှာပင် အဖွားလေးနှင့် ခင်စန်းကြည် အကြိမ်ပေါင်း မရေတွက်နိုင်အောင် စကား များကြသည်။ အဖွားနှင့်လည်း တစ်ခါတစ်ခါ စကားများ သည်။

အဖေ သည် ယခုမှပင် မဟာအမှားကြီး ဆိုက်ရောက်ရပြီဖြစ်ကြောင်း နားလည်ပေတော့ သည်။ မိုးတွင်းဘက် ၌ ခင်စန်းကြည်ပါ လယ်တဲသို့ လိုက်နေစေပြီး သူရင်းငှားကောက်စိုက်သမများ အတွက် ချက်ပြုတ် စီစဉ်စေရာ သူမသည် မည်သို့မျှ ထိုကိစ္စများကို နိုင်နင်းအောင် မလုပ်နိုင်ခဲ့ပါချေ။ ကိုယ်ဝန် ကလည်း ရှိစပြုလာပြီဖြစ်သောကြောင့် အိပ်ရာတွင် တုံးလုံးလှဲရင်းဖြင့်သာ အချိန်တွေ ကုန် လွန်စေခဲ့သည်။
    ကျွန်တော်မှာ သားမယားနှင့် ဖြစ်နေသော်လည်း အကြောင်းက ထူးမလာဘဲ ယခင်ကလို ပင် ချက်ရေးပြုတ်ရေးနှင့် အိမ်ထောင်ထိန်းသိမ်းမှုများကို လုပ်ကိုင်နေရမြဲပင်ဖြစ်ပါသည်။ အဖေ သည် ကျွန်တော် ၏ အိမ်ထောင်ရေး၌ ကံဆိုးခြင်းအတွက် စိတ်မကောင်းဖြစ်နေလေသည်။ ဒါပေ မယ့်လည်း ခင်စန်းကြည် အား ကောင်းသည် ဆိုးသည် ဘာမျှမပြောဘဲ ဆိတ်ဆိတ်ပင် နေလေ သည်။

ကျွန်တော်မှာ ယခင်ကထက်ပို၍ စိတ်ဆင်းရဲမှုဒဏ်ကို ခံစားနေရပြန်သည်။ မှန်ပါ၏။ ခင်စန်းကြည်က ကျွန်တော့် ကို ချစ်သည်။ ဒါပေမယ့် အိမ်ထောင်ရေး၌ ချစ်နေရု့ဖြင့် ပြည့်ဝ လုံ လောက်သည် မဟုတ်။ ယောက်ျားနှင့် မိန်းမ သူတာဝန် ကိုယ့်တာဝန်ဟူ၍ တာဝန်တွေက ရှိနေကြ သည်။ ယောက်ျားသည် စီးပွား ရှာ ရမည်ဖြစ်၍ မိန်းမက အိမ်ထောင့်တာဝန်ကို ထိန်းသိမ်းထမ်းဆောင် ရပေမည်။ သို့မှသာလျှင် အိမ်ထောင် ၏ သာယာရေး၊ စီးပွားရေးများ ဖြစ်လာ ရပေမည်။
    ကျွန်တော်မှာ ငယ်စဉ်ကပင် ရည်ရွယ်ချက်ကြီးခဲ့သူဖြစ်၏။ လယ်ချောင်းအလုပ်ကိုလည်း လုပ်ကိုင်လိုသူ မဟုတ်။ ကိုယ်စွမ်းကိုယ်စနှင့် ကြီးပွားချမ်းသာလိုသည်။ ဆရာပီမိုးနင်းရေးသော တို ဟူးရောင်းရာမှ ကြီးပွား ချမ်းသာလာသူ၏ ၀တ္ထုမျိုးကို သဘောကျသည်။ ထိုဇာတ်လိုက်ကဲ့သို့ စွန့် စားပြီး စီးပွားရှာချင်သည်။ ဒါပေမယ့် ယခုတော့ ကျွန်တော့်မှာ ရှေ့ရေးကို မတွေးနိုင်အောင်ဘဲ ဖြစ် နေခဲ့ရသည်။

ခင်စန်းကြည်အား ကျွန်တော် စွန့်ပစ်ရန် ကြံမိသည်။ ဒါပေမယ့် ကျွန်တော်၏ ဘ၀တွင် အမဲ စက်မထင်စေ လို။ ကျွန်တော်သည် မယားတစ်ယောက်အား အကြောင်းမဲ့ စွန့်ပစ်လိုက်သည်ဟူသော အဖြစ်မျိုးကို မဖြစ်စေလို။ အိမ်ထောင်ကို မထိန်းသိမ်းတတ်၍ စွန့်ပစ်ရ ပါသည်ဆိုသော အကြောင်းပြချက်ကလည်း ခိုင်လုံမည် မဟုတ်။ အခြားလူတို့ အမြင်တွင် ထို အကြောင်းအရာလောက်သည် သာမညသာ ဖြစ်ရပေမည်။ ဟုတ်ပါ၏။ အဖွားလေးနှင့် ခင်စန်းကြည်တို့ မသင့်မတင့် အိမ်အလုပ်တွေ လုပ်တတ်မှာလဲ။ အစတုန်းက သူတို့ မသိကြဘူးလား” ဟူ၍ပင် မေးငေါ့ပြောဆိုရင်း အတင်းပြောကြလေသေးသည်။

    နောက်တစ်ခုမှာ ခင်စန်းကြည်သည် ကျွန်တော့်အား တကယ်ချစ်ရှာသည်။ ကျွန်တော်၏ ပတ်ဝန်းကျင် များကို သူမ ဘာမျှဂရုမစိုက်သော်လည်း ကျွန်တော့်ကိုကား အလွန်ဂရုစိုက်သည်။ ကျွန်တော် တစ်ယောက်တည်း အတွက်သာဆိုလျှင် ဘာပဲလုပ်ရလုပ်ရ သူမက အပင်ပန်းခံ၍ လုပ် ကိုင်ပေးရှာသည်။ ကျွန်တော့်ကို ချစ်လျှင် ကျွန်တော့်ပတ်ဝန်းကျင်နှင့်လည်း အဆင်ပြေအောင် လုပ် ကိုင်ဆက်ဆံရမည် ဆိုသည်တို့ကိုတော့ သူမကိုယ်တိုင်ကလည်း နားမလည်။ ကျွန်တော်ပြောပြ၍လည်း နားမထောင်ပါချေ။

ကျွန်တော့်အား ချစ်မှန်းသိလျက်နှင့် ကျွန်တော်က အတင်းမုန်း၍ ပစ်ရဖို့ကလည်း ခက်ခဲ သော အရာပင် ဖြစ်နေပါသည်။ ပြီးနောက် သူမတွင်လည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး မဟုတ်လေတော့ ကျွန်တော်နှင့် သက်ဆိုင်သော သားသမီးရတနာသည် သူမ၀မ်း၌ ကိန်းအောင်း လျက်ရှိနေပေပြီ။ မကြာမီသော လပိုင်းအတွင်းဝယ် ထိုကလေးသည် လူ့လောကအလယ်သို့ ရောက်ရှိလာပေတော့မည်။ ကျွန်တော် က အပြစ်မဲ့သော ကလေးငယ်အား အဖမဲ့သား မဖြစ်စေလို။ ထို့ကြောင့် ဘ၀က ပေးအပ်သော ဒဏ်ခတ်မှု ကို ကြိတ်မှိတ်ခံပါတော့မည်ဟုသာ အံကြိတ်၍ ဆုံးဖြတ်လိုက်ရပါတော့သည်။

တစ်ခါတစ်ခါတွင် ကျွန်တော် နှင်းအေးထံသို့ ရောက်ရှိသွားတတ်ပါသည်။ နှင်းအေးမှာ ယခင်ကလို သိပ်ပြီး ရွှင်ရွှင် ပျပျ မရှိလှဘဲ ခပ်မှိုင်မှိုင် ခပ်ငိုင်ငိုင် ရှိနေတတ်သည်။ ကျွန်တော်နှင့်လည်း ယခင်ကလို ရင်းရင်းနှီးနှီး မရှိကြ။ ခပ်မှန်မှန် တန်းတန်းသာနေကြသည်။ ဒါပေ မယ့် ကျွန်တော်မှာ နှင်းအေးမျက်နှာလေးအား ကြည့် ရသည့် အချိန်ပိုင်းကလေးများတွင် အနည်း ငယ်မျှသော စိတ်ချမ်းသာမှုကို ခံစားရပေသည်။ ပူအိုက်သော ညဥ့် ၌ လမင်းကို မြင်တွေ့ရသကဲ့သို့ တည်း။
    နှင်းအေးမိဘများမှာ စီးပွားရေးပို၍ ကျဆင်းလာလေသည်။ နောက်ဆုံး၌ သူမအဖေမှာ သစ်လုပ်ငန်း ကိုပင် မလုပ်နိုင်တော့ဘဲ ခြံစိုက်ခြင်းအလုပ်ကို လုပ်ကိုင်နေရသည်။ သူမ မိခင်မှာ စက်ချုပ်၍ နှင်းအေးက သင်ဖြူးယက်သောအလုပ်ကို လုပ်ကြရလသည်။

ကျွန်တော်တို့သည် စီးပွားမတက်ဘဲ တန်း၍ နေသော်လည်း အဖွားလေးတို့မှ စီးပွားတက်လာသည်။ အဖိုးလေး သည် ပုလိပ်အလုပ်ဖြင့် မြို့အရပ်များ၌ သွားရောက်နေထိုင်ခဲ့သော ကြောင့် လူရည်လည် သည်။ နေရာတကာ၌ တွင်ကျယ်နိုင်မှုရှိကာ ထင် ပေါ်လာသည်။
    ဆောင်းလယ်လ ၏ ညတစ်ညတွင် ခင်စန်းကြည် သားဦးကလေးအား ဖွားမြင်ခဲ့ပေသည်။ ကျွန်တော့် ပတ်ဝန်းကျင် ၏ ပတ်ဝန်းကျင်ဝယ် ထိုကလေးမှာ ဆွေမျိုးများ၏ ချစ်မြတ်နိုးစရာ ဖြစ်နေ ပေတော့သည်။
    ခင်စန်းကြည် သားဦးကလေး မွေးဖွားပြီးနောက် ခင်စန်ားကည်၏ မိခင်မှာ ပို၍ မကျန်းမမာ ဖြစ်လာသည်။ ထိုအခါတွင် သူ့သမီး အား လူလွှတ်ခေါ်ကာ သူတို့အိမ်သို့ အ၀င်အထွက် ပြုစေသည်။ ကျွန်တော့်အားလည်း သူတို့ ပန်းတိမ်ဖို တွင် ပန်းတိမ်အတတ်ကို သင်ဖို့ပြောသည်။ ကျွန်တော်မှာ သူတို့အိမ်သို့ပင် အလွန်ရောက်ခဲ ပေါက်ခဲလှပေသည်။

အဘွားလေးနှင့် ခင်စန်းကြည်တို့မှာ သားဦးကလေးရခါမှ ပို၍ မသင့်မတင့် ဖြစ်လာသည်။ အဘွားလေးသည် ကလေးကို အလွန်ချစ်မြတ်နိုး၏။ ထို့ကြောင့် ကလေးအား မိခင်ဖြစ်သူက ဂရုတ စိုက်ရှိစေချင်သည်။ ခင်စန်းကြည် သည် “မဒန်းသားမိခင်” ဆိုသော စကားကဲ့သို့ပင် ကလေးကို ပစ်ချင်ရာ ပစ်ထားပြီး သွားချင်ရာ သွားနေသည်။ ကလေးနို့ဆာ၍ ငိုသောအခါ အဘွားလေးက ဒေါ ပွ၏။ ခင်စန်းကြည် ပြန် လာလေလျှင် အဘွားလေးက ဆီး၍ဆူသည်။ ထိုသို့ဆူလျှင် ခင်စန်းကြည် သည် ဒေါပွပြီး ကဆောင့် ကအောင့် လုပ်တတ်ပေသည်။
    ကျွန်တော်မှာ ကလေးရခါမှ ပို၍ပင် စိတ်မချမ်းသာဖြစ်ရပြန်သည်။ ကျွန်တော့် ဆန္ဒမှာလည်း မိခင်သည် သားသမီး အား ပြုစုစောင့်ရှောက်စေလိုသည်။ အချိန်နှင့် အခါနှင့် ကျွေး မွေးစေလိုသည်။ ဒါပေမယ့် ခင်စန်းကြည် မှာ ကျွန်တော့်ဆန္ဒနှင့် လုံးဝဖီလာဖြစ်၍ နေရလေတော့ သည်။

    အဘွားလေးသည် ခင်စန်းကြည်က သားငယ်ကို ဂရုတစိုက် မလုပ်သောအခါ နို့မှုန့်ဘူးဝယ် ၍ နိုဘူးဖြင့် တိုက်ကျွေးလေ သည်။ သို့တိုင်လည်း ခင်စန်းကြည်မှာ ကလေးအား ဘေးဥပါဒ် ဖြစ်စေ တတ်သော အစားအစာ များကိုစားကာ ညဘက်တွင် နို့ဖျော်မတိုက်ဘဲ သူမ၏ နို့ချိုကို တိုက်ကျွေး လေရာ ကလေးမှာ ၀မ်း မမှန်သောရောဂါ စွဲကပ်လာလေတော့၏။.
    ထိုကိစ္စနှင့်ပတ်သက်၍ ခင်စန်းကြည်နှင့် ကျွန်တော် စကားများကြသည်။ ကျွန်တော်က ဆဲရေးကြိမ်းမောင်း ကာ နှင်ချမိသောကြောင့် ခင်စန်းကြည်က ကလေးကိုချီ၍ သူမ၏ မိဘများအိမ် သို့ ဆင်း သွားလေ၏။
    ကျွန်တော်မှာ သူမ ဆင်းသွားခြင်းအတွက် ၀မ်းသာမိသော်လည်း ကလေးအတွက် စိုးရိမ် နေမိသည်။ ကလေးအား ခင်စန်းကြည်သည် ဘယ်နည်းနှင့်မျှ ဂရုစိုက်မည်မဟုတ်။ ထို့ကြောင့် ကလေးသည် သက်တမ်းစေ့ မနေရဘဲ အသက်တိုတော့မည့် အရေးကို တွေးတောကာ စိတ်မော နေခဲ့ရပြန်လေသည်။

    အဖေ၊ အဘွားနှင့် အဘိုးလေး၊ အဘွားလေးတို့ပါ ကလေးအတွက် စိတ်မချမ်းသာဖြစ်ကြ ရသည်။
    “ဒီကောင်မ မကောင်းပေမယ့် ကလေးတော့ သနားစရာကောင်းတယ်”
    အဘွားလေးကပြောသည်။
    “ဟုတ်တယ် အမေ၊ ကလေးကို သွားခေါ်လိုက်ပါလား။ ကျွန်မတို့နို့ဘူးနဲ့ မွေးကြတာပေါ့”
    အဘွားလေးသမီးကလည်း ပြောသည်။
    “ငါလိုက်ခေါ်မယ်ကွာ။ သူ့အမေပါ ခေါ်ခဲ့မယ်”
    အဘိုးလေးသည် ပြောပြောဆိုဆို နေရာမှ ထသါားလေသည်။ မိနစ် ၂၀ ခန့်ကြာလေလျှင် အဘိုးလေးနှင့် အတူ ခင်စန်းကြည်သည် ကလေးကိုပိုက်၍ ရောက်ရှိလာတော့သည်။

ကျွန်တော့်မှာ ပြဿနာပို၍ ကြီးလေးလာရပြန်သည်။ ခင်စန်းကြည်မှာ အိမ်ထောင်မှုကို မထိန်းသိမ်းတတ်ရုံ ဆက်ဆံမှု ညံ့ဖျင်းရုံသာ မဟုတ်ဘဲ သားသမီးအပေါ်တွင်လည်း ဂရုတစိုက်မရှိဘဲ ပစ္စလက္ခတ် ထားတတ်သူဖြစ် ၍ နေပြန်သည် မဟုတ်ပါလား။
    ကျွန်တော်မှာ ခင်စန်းကြည်အပေါ်၌ ပို၍ပို၍ စိတ်ပျက်လာသော အခါ အလည်အပတ်များလာသည်။ တစ်ခါတစ်ခါ တွင် အိမ်သို့ပင် ပြန်၍ ညမအိပ်တော့ဘဲ ကြုံရာ၌သာ သူငယ်ချင်းများနှင့် အိပ်စက်နေလေ့ရှိရာ ခင်စန်းကြည်မှာ စိတ်ညစ်ရရှာပြန်လေသည်။
    ကျွန်တော်က သူမအား ကလေးကို ဂရုစိုက်ရန်၊ အချိန်မှန် နို့တိုက်ရန်၊ ကလေးနှင့် မသင့် တင့်သော အစားအစာ မစားမသောက်ရန်ပြောသည်။ သူမက ကျွန်တော် မကြိုက်သည်များကို မလုပ်ပါဟု ကတိပေးသည်။ ဒါပေမယ့် ကတိမှာ ကတိသာဖြစ်၍ လက်တွေ့၌ကား သူထင်ရာ လုပ် သည်သာ။

ယင်းသို့ရှိစဉ်အတွင်း ခင်စန်းကြည်၏မိခင် သေဆုံးလေသည်။ သူမ အဖေက သမီးအကြီး ဖြစ်သူ ခင်စန်းကြည် အား မောင်၊ ညီမများကို အုပ်ထိန်းရန် အိမ်ထောင်မှု ထိန်းသိမ်းရန် ပြန်ခေါ် သည်။ ကျွန်တော့် အားလည်း သူ့အိမ်တွင်လာနေ၍ သူ့လုပ်ငန်းများ ကူညီလုပ်ကိုင်ရန်ခေါ်သည်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်အိမ် မှ အလုပ်များကိုသာ လုပ်ကိုင်၍ အိမ်မှာပင်စားပြီး ညလောက်သာ သူတို့အိမ်သို့ သွားအိပ်သည်။
    ထိုအိမ်၌ တစ်လလောက်နေမိသောအခါ ခင်စန်းကြည်မှာ မောင်၊ ညီမများနှင့် မသင့်မတင့် ဖြစ်သည်။ နောက် သူမအဖေနှင့်ပါ မသင့်မြတ်တော့ဘဲ ကျွန်တော့်အိမ် သို့ ပြန်လည်ပြောင်းရွှေ့ ခဲ့ လေသည်။
    ကျွန်တော်၏ဘ၀ မသာယာပုံများကို နှင်းအေးအား ကျွန်တော်က ပြောပြသောအခါ နှင်းအေးသည် ကျွန်တော့် ကို ကြင်နာသော မျက်လုံးရွဲကြီးများဖြင့် စိုက်၍ ကြည့်နေတတ်သည်။

    “ငါဟာ နင့်လို မိန်းမသားတစ်ယောက်ဖြစ်ရင် ကောင်းမယ် နှင်းအေးရယ်။ ကိုယ် စိတ်တိုင်း မကျတဲ့ လူနဲ့မနေ ဘဲ ကိုယ့်အမေအိမ် ကိုယ်ပြန်လာခဲ့ရင် ပြီးတာပဲ”
    တစ်နေ့တွင် ကျွန်တော်က ခံစားနေရသော စိတ်သောက ဝေဒနာများကို ဖွင့်ထုတ် ရင်း နှင်းအေးအား ပြောပြလိုက်ပါသည်။
    “မောင်န်းကလဲ ပြောင်းပြန် ပြောပြန်ပြီဟယ်။ ယောက်ျားက သာပြီး လွယ်တာပေါ့။ မိန်းမ တစ်ယောက် မနှစ်သက်ရင် ကွာပစ်လိုက်ပြီး နောက်တစ်ယောက်ယူ။ ဘယ်သူမှ မကဲ့ရဲ့ပါဘူး။ မိန်းမသာ ခက်တာ။ လင်တစ်ယောက် ကို ကိုယ်ဖြတ်ချင်လို့လည်း ဖြတ်မရဘူးမို့လား”

    “ဒါပေမယ့် နင် နေလို့ရသားပဲဟာ”
    “ခု ငါ ဟိုကောင်ကို မချစ်ဘဲနဲ့ ပြန်ပေါင်းရဦးမယ်”
    “ဟင် ဘာပြုလို့လဲ”
    ကျွန်တော်က အံ့အားသင့်စွာ မေးလိုက်ပါသည်။
    “သူ့အဖေက သူ့သားနဲ့ ပြန်မပေါင်းရင် တို့အိမ်ကြီးကို တို့အပေါ် အရင်ကထားရှိတဲ့ အကြွေးနဲ့ သိမ်းမယ်လို့ ခြိမ်းခြောက်နေ တယ်”
    “သြော် အရင်က လျော်ပစ်မယ်ဆိုတ့ ကြွေးတွေလား”
    “အေး အဲဒါပဲပေါ့။ လျော်ပစ်မယ်ဆိုတာက တရားဝင်မှ မဟုတ်ဘဲ၊ ငါသူ့သားနဲ့ အတူနေတုန်းသာ ဒီကြွေး ကို မယူတာ။ သူ့သားနဲ့မနေတော့ ဒီကြွေး ပြန်တောင်းပြန်တာပဲ။ အဲဒီတော့ အဖေအမေနဲ့ ကလေးတွေ ဒုက္ခမဖြစ်ရအောင် ငါ့ဘ၀ကိုပဲ အနစ်နာခံလိုက်တော့မယ်လို့ စိတ်ကို ပိုင်းဖြတ်လိုက်တယ်”

    ကျွန်တော်သည် သက်ပြင်းကို လေးတွဲစွာဆွဲ၍ ချလိုက်မိပါသည်။ နှင်းအေးအတွက်လည်း ရင်နာလှ၏။ ဓနကြေးငွေ ကြွယ်ဝသူတို့သည် နေရာတကာ၌ အချုပ်အချယ်များနှင့် ထားရှိပါကလား ဟုလည်းတွေးတော မိနေတော့သည်။
    “မင်းနဲ့ ငါနဲ့တော့ ကံအကျိုးပေးပုံချင်း တူလှပါတယ်”
    နှင်းအေး က ဤသို့ပြောပြီး ကျွန်တော် မျက်နှာကို ငေးကြည့်နေလေရာ သူမ၏ မျက်လုံး အိမ်တွင် မျက်ရည် များ စိုဝိုင်း၍ လာလေတော့သည်။
    “ဒီလိုပဲလေ ဘ၀က ပေးအပ်တဲ့ဒဏ်ကို ခံကြရမှာပဲ။ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ဘယ် တော့ မှ ဖြစ်မလာဘူး။ သူဖြစ်ချင်တာတွေပဲ လျှောက်ဖြစ်နေတော့တယ်”
    ကျွန်တော်က ညည်းသံနှင့် ပြောလိုက်ပါသည်။
    “ငါ သေချင်တယ် မောင်ဆန်း။ ငါ သေပစ်လိုက်ရင် ဒီဝဋ်ကြွေးက ကျွတ်သွားမှာပဲ”
    နှင်းအေးက အက်ကွဲဆို့နင့်သံနှင်ပြောလေရာ ကျွန်တော်၏ အသည်းနှလုံးမှာ နာကျင်၍ သွားမိလေသည်။ ကျွန်တော် သည် စိတ်ရိုင်းစိတ်မိုက်များပင် ၀င်၍လာသည်။ ဘာပဲဖြစ်ဖြစ် နှင်းအေး အားအတင်း အဓမ္မ ပေါင်းသင်းပစ်လိုက်ချင်သည်။ ဤသို့ နှင်းအေးနှင့် ကျွန်တော် ဆက်ဆံ ပေါင်းသင်းလိုက်ရခြင်းဖြင့် ကျွန်တော်တို့ ၌ ကျရောက်နေသော ကြမ္မာဂြိုဟ်ဆိုးများ ပြယ် ပျောက်သွားလိမ့်မည်ဟု ကျွန်တော်က ထင်မှတ်နေမိသည်။

ကျွန်တော်သည် အချစ်ရည်ရွှန်းတောက်ပသော မျက်လုံးများဖြင့် နှင်းအေးကို စိုက်ကြည့်နေမိသည်။ သူမသည် ကျွန်တော့်အား အံ့အားသင့်သော အမူအရာနှင့် ပြန်ကြည့်နေ သည်။ ကျွန်တော့်စိတ်များ မရိုးမရွ ဖြစ်လာ၏။ နှင်းအေး၏ အချိုးအဆစ်ကျသော ကိုယ်ကလေးကို သိမ်းကြုံးပွေ့ဖက်ပြီး ပါးနှစ်ပြင်ကို ဘယ်ပြန် ညပြန် အားရအောင် မွှေးပစ်လိုက်ချင်သည်။
    ယင်းသို့ ရှိစဉ် ကျွန်တော်တို့အနီးသို့ နှင်းအေး၏ ညီမငယ်ရောက်ရှိလာသောကြောင့်သာ ကျွန်တော်မှာ စိတ်နောက်ကိုယ်ပါ မဖြစ်ခဲ့ရဘဲ စိတ်ရိုင်းကို ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပါလေ၏။

ကျွန်တော်မှာ သားတစ်ယောက်၏ ဖခင် အိမ်ထောင်ရှင်ဘ၀၌ တည်ရှိနေသော်လည်း အိမ် ထောင်ရေးတွင် အလေးအနက်ထားချင်စိတ်မရှိသေးပေ။ ဤအချိန်၌ ကျွန်တော်၏ ဇနီးသည် ကျွန်တော်၏ ချစ်သူဖြစ်လျှင် ၎င်း၊ ကျွန်တော်သည် အိမ်ထောင်ရေး၌ လေးနက်လာပေမည်။ စီးပွား ရေးကို ကြိုးပမ်းချင် စိတ် ဖြစ်ပေါ်လာရပေမည်။ ယခုတော့ ကျွန်တော်မှာ လည်ကာပတ်ကာ နေချင် သောစိတ်ကသာများ၍ အိမ်သို့လည်း တယ်မကပ်ချင်၊ စီးပွားရေးလည်း လုံးဝဂရုမထားပဲနေခဲ့ သည်။
    ကျွန်တော့်အစ်ကို ကိုသန်းမောင်မှာ လှည်းကူးအင်္ဂလိပ်ကျောင်းမှ ၆ တန်းမှ ကျောင်းထွက် လာပြီး ကျွန်တော်တို့နှင့် ဆွေရိပ်မျိုးရိပ်မကင်းသူ အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျလေ သည်။ သူ၏ ဇနီးမှာလည်း ကျွန်တော့် ဇနီးကဲ့သို့ပင် ဆိုဆုံးမ၇န် ခက်ခဲခြင်း၊ လူမှုဆက်ဆံရေး ညံ့ ဖျင်းခြင်းတို့ကြောင့် သူလည်း အိမ်ထောင်ရေး၌ သာယာမှုမရှိဖြစ်နေကာ မိဘကျွေးစာကိုသာ စားသောက်နေထိုင်သူဖြစ်နေရ၏။ ကိုသန်းမောင် မှာ တူရိယာဘက်၌ တော်သူဖြစ်သောကြောင့် ၀ါသနာပါသူများ ၀ိုင်းဖွဲ့ကာ ညများတွင်စု၍ တီးမှုတ်ကြလေသည်။ ကျွန်တော်မှာလည်း ထိုတီးမှုတ် ၀ိုင်း၌သာ အချိန်ကုန်ရ၏။ ဒါပေမယ့် ကျွန်တော်က တူရိယာကို ကောင်းစွာ တီးမှုတ်တတ်သူ မဟုတ်ချေ။ စည်းတီး၊ ၀ါးတီးလောက်သာ လုပ်တတ်ပေသည်။

    ခင်စန်းကြည်သည် ကျွန်တော် ညဥ့်နက်၍ အိမ်မပြန်လျှင် တီးဝိုင်းသို့လာပြီး ဆူဆူပူပူ လုပ်တတ်လေ သည်။ ဤသို့ လုပ်လျှင် ကျွန်တော်က ပို၍အရွဲ့တိုက်ပြီး တစ်ညဥ့်လုံး မပြန်ဘဲ ကြုံရာ၌ အိပ်ပစ်လိုက်ပါတော့၏။
    အဖေသည် ကျွန်တော့်အား သုံးခါလေးခါ ဆုံးမစကားဆိုဖူးသည်။ ဒါပေမယ့် ကျွန်တော်က နားမထောင် ခဲ့။ ပျော်သလိုသာနေသည်။ ထို့ကြောင့် အဖေကလည်း ကျွန်တော့်ကို လက်လျော့ ထားရလေတော့သည်။
    ကျွန်တော့်မှာ ဇနီးရှိလျက်နင့် ထမင်းချက်ရသော အလုပ်ကိုလည်း မလုပ်ချင်တော့။ နှစ်ရှည်လများ အိမ်ထောင် ထိန်းသိမ်းရသော တာဝန်ကိုလည်း စိတ်ပျက်လာသည်။ ထို့ကြောင့် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ခင်စန်းကြည် ချက်သမျှကိုပဲ စားသည်။ အဖေသည် အစားအသောက် အချိန်မှန် မစား ရခြင်း၊ ဟင်းများညံ့ဖျင်းခြင်း၊ မကုန်သင့်သည်တို့ ပို၍ကုန်ခြင်း ကြောင့် စိတ်မချမ်းမသာ ရှိနေသည်။ ဒါပေမယ့် ကျွန်တော်သည် ဘာကိုမျှ ပြန်လှည့်မကြည့်ပဲ နေ့ခင်းခြင်းလည်ခတ်၊ ညတီးဝိုင်းလိုက်နှင့် ပင် နေလိုက်သည်။

အမှန်တော့ ကျွန်တော်သည် အဖေ့အား ဒဏ်ပြန်ခတ်ခြင်းပင်ဖြစ်၏။ သမီးရှင်တို့၌ ငွေကြေး ချမ်းသာသည်၊ ဂုဏ်ရှိသည် ဆိုသော အချက်ကိုသာကြည့်ပြီး ချွေးမလောင်း၏ အရည် အချင်းကို နားမလည်တတ်သော အဖေ အား ကျွန်တော်က လက်တွေ့ပြနေခြင်းပင်ဖြစ်ပါသည်။

ကျွန်တော်မှာ အလည်အပတ်များလေရာ အပေါင်းအသင်းစုံ၍လာသည်။ အရက်သေစာ များကို လည်း သောက်စားတတ်လာသည်။ ယင်းသည်ပင်လျှင် အိမ်ထောင်ရေး မသာယာမှုကြောင့် ကျွန်တော့်ဘ၀ ပျက်စီးခြင်း ၏ အစပေတည်း။
    နွေရာသီ၌ ကျွန်တော်ထင်သလိုနေခဲ့သော်လည်း မိုးရာသီသို့ ရောက်ရှိလာသောအခါ ကျွန်တော် လယ်ထဲ သို့ လိုက်ရသည်။ ခင်စန်းကြည်မှာ ရွာရှိအိမ်ကြီး၌ပင် နေခဲ့၏။ ထိုအခါ၌ အဘွားလေးတို့သည် ကျွန်တော်တို့ အိမ်ကြီး တွင် မနေကြတော့ဘဲ အိမ်သစ်ဆောက်၍ ပြောင်းရွှေ့ သွားလေပြီ။ အိမ်ကြီးတွင် အဘွားနှင့် ခင်စန်းကြည် တို့သာ နေထိုင်ကြ၏။ ကျွန်တော်မှာ နံနက် လယ်ထဲသို့သွား၍ ညအိမ်ပြန်အိပ်ရသည်။

ဆက်ရန်
Ref: ရွှေစင်ဦး

ငမိုးရိပ်မှ ငမိုးရိပ်သို့-အပိုင်း (၅) / တင့်ဆန်း

“အော် သတို့သားပါလား။ ဖုတ်သွင်းရထား ဆိုက်တုန်းမလွတ်စေနဲ့ဟေ့”
    ဒေါ်သန်းမြိုင် သည် နောက်ဖေးဆောင်မှ ထွက်လာပြီး ပြောလိုက်လေရာ ကျွန်တော့်မှာ ပို၍ စိတ်ဆင်းရဲ သွားရပြန် သည်။ ကျွန်တော်သည် ထိုနေရာ၌ ဆက်လက်နေရလျှင် ရင်ပွင့်ရတော့ မလောက်ဖြစ် လာသောကြောင့် နှင်းအေးတို့ သားအမိအား နှုတ်ဆက်ထွက်ခွာခဲ့သည်။
    ကျွန်တော့်ဘက်မှ ဆွေမျိုးများသည် ခင်စန်းကြည်နှင့် ကျွန်တော် စပ်စားထားခြင်းအတွက် ၀မ်းသာကြ သည်။ အထူးသဖြင့် အဖေ့ညီမ ၀မ်းကွဲနှစ်ယောက်မှာ အူမြူးနေကြပြီး ခင်စန်းကြည်တို့ အိမ်သို့ ၀င်ကာ ထွက်ကာ ရှိနေကြသည်။
    ခင်စန်းကြည်တွင် မောင်တစ်ယောက်နှင့် ညီမငယ်နှစ်ယောက်ရှိသည်။ သူမမိခင် ဒေါ်မြင့် မှာ အိပ်ယာ ကပင် မထနိုင်သော နာတာရှည်ရောဂါသည် ဖြစ်လေသည်။ ဒေါ်မြင့်က သူသည် အသက်ရှည်စွာနေရမည် မဟုတ်သောကြောင့် ကျွန်တော်နှင့် ခင်စန်းကြည် လက်ထပ်သည်ကို မြင်သွားလိုသည်ဟုဆိုသည်။ ကျွန်တော့် အားလည်း သူတို့အိမ်သို့ လာရန်ဖိတ်ခေါ်သည်။ ခင်စန်းကြည်နှင့်ကျွန်တော် ရင်းနှီးမှုရှိပြီးလျှင် လူကြီး စုံရာရှေ့ ၌ စေ့စပ်ကြောင်းလမ်းမည်။ ပြီးနောက် မင်္ဂလာဆောင်မည်ဟု ဆိုလေသည်။

    အဖေသည် ကျွန်တော့်အား ခင်စန်းကြည်နှင့်သွားရောက်တွေ့ဆုံဖို့ တိုက်တွန်းသည်။ ကျွန်တော်က မငြင်းပယ်သော် လည်း မသွားဘဲနေသည်။ ထိုသို့ဖြင့် လပေါင်းအတော်ကြာရှိလာ သောအခါ ဒေါ်မြင့်သည် ကျွန်တော့် ကို ဒေါပွလေတော့သည်။
    “ငါတို့က ဒါလောက် လိုက်လျောနေတာတောင် ဒီကောင်က ဘာမာနကြီးနေရတာလဲ” ဟူသောစကားမျိုး ကို ပြောလေသည်။ ပြီးနောက် ကျွန်တော့်အား သူ့သမီးနှင့် သဘောမတူတော့ဟု ကြေညာလိုက်လေသည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော်က ၀မ်းသာသော်လည်း အဖေနှင့် ကျွန်တော့်ဆွေမျိုးများ မခံမရပ်နိုင်ဖြစ်ကြလေ သည်။ သူတို့က ဒေါ်မြင့်နှင့် စေ့စပ်ရေးလုပ်ကြသေးသည်။ သို့သော် ဒေါ်မြင့် က လက်မခံတော့။ ထိုကိစ္စအတွက် နှင်းအေး မှာ အတော်ဝမ်းသာနေပုံရလေသည်။
    “ဘယ့်နှယ် မောင်ဆန်း၊ နင် ဒီတစ်ခါ ကျန်ရစ်ဖြစ်ပြန်ပြီလား”
    တစ်နေ့ သူမ ထံသို့ ရောက်ရှိသွားလေရာ နှင်းအေးက ရွှင်ပြုံးသောမျက်နှာဖြင့် ဆီး၍ ပြော လေသည်။

    “ငါကတော့ ခဏခဏ ကျန်ရစ်ဖြစ်နေတာပါပဲဟာ”
    “အမယ်၊ ဟိုတစ်ခါ သူကြီးသမီးနဲ့တုန်းက တစ်ခါပဲ မဟုတ်လား”
    “ဘယ်ကမလဲ။ နင် လင်ယူတုန်းကလည်း ငါ ကျန်ရစ်ခဲ့ရတာပဲ”
    ကျွန်တော်သည် ဤစကားကလေးကိုပြော၍ ထုတ်ချင်လှ၏။ သို့သော် မပြောဖြစ်ခဲ့ပါချေ။
    “အေးပေါ့။ အဲဒီတုန်းကပဲပေါ့”ဟုသာ ပြောလိုက်မိပါ၏။
    “အင်း၊ ဒါနဲ့များ ခဏခဏ ပြောရသေးတယ်”
    နှင်အေးက မျက်စောင်းလေးခဲရင်း ပြောလိုက်ပါသည်။
    “ငါတော့ ဒီလိုဖြစ်သွားတာပဲ ၀မ်းသာပါတယ်ဟာ”
    “နင် စိတ်ထဲကပါလို့ ပြောတာလား”
    “အသည်းထဲက ပြောတာ”
    “ငါ မယုံပါဘူးဟယ်”
    သူမက ကျွန်တော့်အား အကဲခတ်သော မျက်လုံးများဖြင့် ကြည့်ရင်း ပြောလေသည်။ ကျွန်တော်က သက်ပြင်း ကို ရှိုက်ရှုလိုက်၏။

    “ငါ ဒီတစ်သက် အိမ်ထောင်မပြုတော့ဘူး။ နင်လည်း နင့်ယောက်ျားနဲ့ မကွာနဲ့။ တန်းလန်း ကြီးပဲနေ”
    ကျွန်တော်က နှင်းအေးကို အားမလို အားမရကြည့်ရင်း ပြောလိုက်သည်။ နှင်းအေး၏ မျက်နှာသည် ညှိုးကျ သွားပြီး
    “အေးဟယ် ငါလဲ အဲဒါ သိပ်စိတ်ညစ်တာပဲ။ တစ်ခုတော့ရှိတယ်။ သုံးနှစ်အတူမနေရင် လင်ခန်း မယားခန်းပြတ်တယ် ဆိုလားပဲ”
    သူမသည် ထိုစကားစုများကို အားနည်းသော အသံတိမ်ကလေးနှင့်ပြောလိုက်ပါသည်။ ကျွန်တော့် မှာ နှင်အေးအား ရင်ခွင်ထဲသို့ ဆွဲယူပွေ့ဖက်မွေ့ရမ်း၍ မို့ဖောင်းဖောင်းပါးကလေးများကို တအားမွှေးပစ် လိုက်ချင်သည်။ ဒါပေမယ့် ကျွန်တော်မလုပ်ရဲ။ ကျွန်တော်သည် ဘုန်းတော်ကြီး ကျောင်းထွက်ဖြစ်၏။ ဘာသာရေး ကိုင်းရှိုင်းသူ မိဘများက မွေးဖွားသောသူဖြစ်၏။ ဘာသာရေး ပညတ်ချက်ဖြစ်သော ကာမေသု မိစ္ဆစာရ သီလ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ သူတစ်ပါး သားမယားအား ပြစ်မှားကျူးလွန်သူတို့သည် ငရဲ၌ နှစ်ပေါင်းများစွာ ခံရပြီးနောက် ငရဲမှ လွတ်မြောက်လာ၍ လူပင်ဖြစ်လင့်ကစား နပုလ္လိင် ပုလ္လိင်စသော ရှက်ဖွယ် လိလိ ဘ၀ဆိုးမျိုး၌ ဖြစ် တတ်သည်ဟု ဆိုလေသည်။

    နှင်းအေးမှာ လင်နှင့်ကွဲနေသည်မှာမှန်၏။ သို့သော် သူမလင်မှာ သူမအား တရားဝင် စွန့်လွှတ်သည် မဟုတ်သေးချေ။ ထို့ကြောင့် သူမ၌ ကာမပိုင်ရှိသေးသည်ဟု ဆိုရပေမည်။ ကာမပိုင် ရှိသူ အား ပြစ်မှားကျူးလွန်လျှင် ကျွန်တော့်မှာ ကာမေသုပိုက်ကွန်၌ စင်းစင်းကြီး မိရချေတော့မည်။
    ကျွန်တော်သည် ကိုယ့်ဝကိုယ် ယူကြုံးမရ ဖြစ်နေရ၏။ တွေးမိတိုင်းလည်း ရင်နာနေရ သည်။ တကယ်တော့ ကျွန်တော့် မှာ ဤလောကတွင် ချစ်ဒုက္ခခံစားရန်အတွက် သက်သက်မွေးဖွား လာ ရခြင်းပင် ဖြစ်ပေ လိမ့်မည်။
    ဒေါ်မြင့်မှာ သူ့သမီးနှင့် ကျွန်တော့်အား သဘောမတူနိုင်ကြောင်း ကြေညာပြီးနောက် မကြာ မီတွင် ကျွန်တော့် အဖွားလေးတို့နှင့် စီးပွားရေးပြိုင်ဘက်ဖြစ်သူ ကုန်စုံဆိုင်ရှင်၏သား လှညွန့်နှင့် ခင်စန်းကြည်အား စပ်ဟပ်လေ သည်။ လှညွန့် မိဘဆွေမျိုးများ ၀မ်းသာအယ်လဲ ဖြစ်ကြသလောက် ကျွန်တော့် မိဘဆွေမျိုးများ ခံပြင်းလွန်း၍ ဆွေ့ဆွေ့ခုန်ကြပြန်သည်။ ကျွန်တော့်အားလည်း ဆေးစက်စက် နေရကောင်းလားဟု ၀ိုင်းဝန်းအပြစ်တင်ကြသည်။

    ကျွန်တော့်မှာ ထိုကိစ္စအတွက် စိတ်၌ ထိခိုက်မှု မရှိလှသော်လည်း ဆွေမျိုးများ၏ လှုံ့ဆော် ချက်ကြောင့် မခံချင်စိတ် ဖြစ်ပေါ်လာမိလေသည်။ ထိုအထဲတွင် လှညွန့်ရော လှညွန့်ဆွေမျိုး မိဘ များပါ ခြေတကြွကြွဖြစ်နေသည်ကိုလည်း မြင်ပြင်းကပ်လာသည်။ ကျွန်တော်နှင့် ခင်စန်းကြည် စပ်ထားစဉ် က ဒေါ်မြင့်ကပင် မင်္ဂလာစရိတ် အကုန်အကျခံမည်ဟု အဆိုရှိခဲ့၏။ လှညွန့်၏ မိဘများ သည် ငါးထောင် တစ်သောင်းအထိ အကုန်အကျခံ၍ မဂ်လာပွဲကို ခမ်းခမ်းနားနား ပြုလုပ်မည်ဟု သတင်းလွှင့်ကြလေသည်။
    တစ်နေ့သ၌ အဖေ့ညီဝမ်းကွဲ ၂ ယောက်မှ အငယ်ဖြစ်သူ မစောမြင့်သည် ကျွန်တော့်ထံ အူယားဖားယား ရောက်ရှိလာပြီး
    “မောင်ဆန်း၊ မင်း ခင်စန်းကြည်ဆီ ရည်းစားစာ တစ်စောင်ရေးစမ်း။ အမှန် ကောင်မလေးက မင်းကို ကြိုက်နေ တာ။ လှညွန့်ကို နည်းနည်းမှ ကြိုက်တာမဟုတ်ဘူး။ သူ့အမေက သာမင်းကို မာနကြီးတယ်ဆိုပြီး သဘော မတူပေမယ့် သူကတော့ အခု လှညွန့်နဲ့ပေးစားမယ်ဆိုလို့ တငိုထဲငိုနေရှာတယ်။ အဲဒါ မင်းဆီက စာ ရရင် သူ့အမေကို ဒီစာပြပြီး မင်းနဲ့ ချစ်ကြိုက်နေတဲ့အတွက် လှညွန့်ကို မယူနိုင်ဘူး လို့ ငြင်းမယ်တဲ့”ဟု ပြောပါလေသည်။

    “အို ကျွန်တော်မှ သူ့ကို မချစ်ဘဲ မရေးချင်ပါဘူး ဒေါ်လေးရာ။ သူ့ကြမ္မာနဲ့သူပဲ ရှိပါစေ တော့”
    “မင်း အတော် ပြောရခက်တဲ့ကောင်ပဲ။ ကိုယ့်ကို ချစ်နေတဲ့ မိန်းကလေးတစ်ယောက် သူမချစ်တဲ့လူလက် မရောက်အောင် မင်း ကူညီ ရမယ်ကွယ့်။ နောက်မှ ကိုယ်မယူချင်နေပေါ့။ ဒီလှညွန့်နဲ့ ကွဲသွားအောင်တော့ မင်းလုပ်ကို လုပ်မှ ဖြစ်မှာ နို့မို့ရင် ကောင်မလေးက မိုက်ကန်းကန်းနဲ့ သူ့ကိုယ်သူ သတ်သေပစ်လိမ့်မယ်”
    ကျွန်တော့်မှာ အကြပ်ကျနေပြန်ပါတော့သည်။ ဟုတ်ပါ၏။ ကိုယ့်အတွက်နှင့်ပင် မိန်းကလေး တစ်ယောက် သေဆုံးရမလို ရှိနေပြန်သည်။ ပြီးနောက် မချစ်မနှစ်သက်သူအား မိဘ များက အတင်းအဓမ္မ လက်ထပ်ပေးစားသော စံနစ်ကိုလည်း ရွံမုန်းသည်။ ထို့ကြောင့် နောက်မှ ကြည့်ရှင်းရတော့မည်ဟု သဘောထား ကာ ခင်စန်းကြည်အား ရည်းစားစာတိုကလေးတစ်စောင် ရေး၍ မစောမြင့်နှင့် ပေး လိုက်ပါသည်။

    နောက်နေ့တွင် ခင်စန်းကြည်ထံမှ ကျွန်တော့် အချစ်ကို လက်ခံကြောင်း၊ သူမအား လှညွန့် လက်မှ ကယ်တင် ပါရန် စသော အကြောင်းအချက်များပါသည့် စာတစ်စောင် ကျွန်တော့်ထံ မစောမြင့် ယူလာပြန်လေသည်။
    “ဒုက္ခပဲ ကျွန်တော်က အပျက်ပျက်လုပ်တာကို ခင်စန်းကြည်က အဟုတ်ထင်နေပြန်ပြီ။ ဒေါ်လေး သိပ်ရှုပ် တယ်၊ မကောင်းဘူး”
    ကျွန်တော်က ဒေါ်လေးအား မကျေမနပ် ပြောလိုက်သည်။
    “ဟေ့ မင်း ရှာရှည်မနေနဲ့။ ရေးအုံး စာတစ်စောင်။ လှညွန့်လက်က မကြာခင် ကယ်တင်ပါ့ မယ်ဆိုတဲ့ အကြောင်း”
    “ဟာ တော်ပြီဗျာ။ တော်ကြာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေဦးမယ်”
    “အမယ် မင်းကလည်း အတော်ကြီးကျယ်တဲ့ကောင်ပဲကွာ။ နှာခေါင်းသွေးထွက်တော့ကော ဘာဖြစ်သေး လဲ။ မင်းက နာဦးမှာတဲ့လား။ ဂုဏ်သရေရှိ မိန်းကလေးတစ်ယောက်က ကိုယ့်ချစ်နေပါ တယ်ဆိုတဲ့ ဥစ္စာများ မူလကျီ လုပ်နေရသေးတယ်”
    မစောမြင့်က မဲ့ကာရွဲ့ကာ ပြောနေလေသည်။

    “မူလကျီလုပ်တာ မဟုတ်ဘူး ဒေါ်လေးရ။ တကယ် ကျွန်တော် သူ့ကို မချစ်လို့ပါ။ မချစ်ဘဲနဲ့လည်း ချစ်ဟန် မဆောင်ချင်ဘူး”
    ကျွန်တော်က ခေါင်းကို ခါရမ်းရင်း ပြောလိုက်ပါသည်။
    “အင်း၊ မင်းက မယားခိုးမှုနဲ့ ထောင်ကျမယ့် ကောင်ပဲ”
    မစောမြင့် က ကျွန်တော့်အား ဒေါသကြီးစွာနှင့် ကျိန်ဆပါတော့သည်။ ကျွန်တော့်မှာ သူမအား ဘာမျှပြန်၍ မပြောတော့ ဘဲ ပါးစပ်အဟောင်းသားနှင့် ရှိနေရပါသည်။
    “မင်းဟာ တော်မလိုလိုနဲ့ ဆွေဂုဏ်မျိုးဂုဏ်ဖျက်မယ့်ကောင်”
    “မဟုတ်ဖူး ဒေါ်လေး။ ဒေါ်လေး ဒီလို အရမ်းမပြောပါနဲ့”
    “ဘာ မဟုတ်ရမှာလဲ။ မင်း ဒီကောင်မကိုပဲ စွဲလန်းနေတာ ငါသိတယ်။ တစ်နေ့ မင်း ထောင်ကျရင်ကျ မကျရင် လည်ပင်းပြတ်မှာပဲ”
    ဘာပြုလို့ လည်ပင်းပြတ်ရမှာလဲ
    “သူ့လင် က မင်းကိုသတ်ဖို့ လူမိုက်တွေ ပိုက်ဆံ …”

    “ဒါတွေ ကျွန်တော်သိပါတယ် ဒေါ်လေး။ နှင်းအေးနဲ့ ကျွန်တော်ဟာ ဒီနေ့ထိ ဘာမှမဖြစ်ကြ သေးပါဘူး”
    “ကဲ ကဲ အချိန်ကြာတယ်။ ကောင်မလေး သိပ်သနားစရာကောင်းနေပြီ။ လှညွန့်နဲ့ ကိစ္စပြတ်သွားမှ မင်းသဘော အတိုင်း။ ဒီလှညွန့်အမေကြီး ကြွစောင်းစောင်း လုပ်နေတာကိုပဲ ငါကြည့် မရလွန်းလို့ စာတစ်စောင် ရေးဦး”
    မစောမြင့်က အာဏာသံပါပါနှင့် ပြောလေရာ ကျွန်တော့်မှာ စိတ်မပါလှပဲနှင့် နောက်ဆက်တွဲ စာတစ်စောင် ကို ရေးရပြန်တော့သည်။ ကျွန်တော် ရေးသည့်သဘောမှာ ဘာမျှ စိတ်ဆင်းရဲမနေဖို့နှင့် အကယ်၍ လှညွန့်နှင့် အတင်းအဓမ္မ ပေးစားကြလျှင် ခိုးယူထွက်ပြေးကြမည် ဖြစ်ကြောင်းများ ဖြစ်လေသည်။

    ကျွန်တော့်စိတ်မှာ ထွေ၍ ဦးနှောက်များလည်း ရီဝေနေသည်။ အပျက်အပျက်နှင့် ခင်စန်ကြည်အား တကယ် ယူရသော အခြေသို့ ရောက်ရှိသွားရမည်ကိုလည်းတွေးတော စိုးရိမ်မိသည်။
    ကျွန်တော်မှာ စိတ်ရှုပ်လွန်းသဖြင့် အရပ်တစ်ပါးသို့ပင် ထွက်ပြေးသွားချင်စိတ်ပေါက်နေပါ သည်။ သို့သော် ကျွန်တော့် မှာ အသက်မွေးဝမ်းကျောင်းအတွက် ပညာရှိသူမဟုတ်။ တစ်ရပ်တစ်ရွာ သို့ရောက်လျှင် လက်ရုံး အားကိုး ကူလီစာရင်းငျားသာ လုပ်ကိုင်ရပေမည်။ ယခု အသက်အရွယ်ထိ လက်ကြောတင်းအောင် အလေးအပင် ကို မလုပ်ခဲ့ဘူးသေးသော ကျွန်တော်မှာ ထိုသို့ ပင်ပန်းစွာ အားထုတ်မှ ထမင်း တစ်လုပ် စားရမည့် အလုပ်မျိုးကိုလည်း လုပ်ကိုင်လိုစိတ် မရှိပါချေ။
    ပြီးနောက် အဖေနှင့်ကျွန်တော်မှာ ၀ိညာဉ်နှင့် ခန္ဓာလို ဆက်စပ်နေသည်။ ၀ိညာဉ်မရှိလျှင် ခန္ဓာလဲပြို သွားမည်ကဲ့သို့ ခန္ဓာမရှိလျှင် ၀ိညာဉ်မတွယ်နိုင်။ ထိုနည်းတူစွာပင်   ကျွန်တော်လူတန်းစေ့ နေနိုင်သည်။ ကျွန်တော် အိမ်ထောင်ကို စံနစ်တကျ ထိန်းသိမ်းနိုင်သောကြောင့် အဖေ ကောင်း ကောင်း စီးပွားရှာနိုင် ခဲ့သည် မဟုတ်ပါလား။ ယင်းအကြောင်းများကြောင့် ကျွန်တော်သည် ဤမြေမှ ဤအဖေနှင့်ခွဲ၍ ဘယ်ကိုမှ ထွက်ခွာ မသွား နိုင်ဘဲ ချစ်မေတ္တာ အရှုပ်အထွေးထဲတွင် အလူးအလဲ သောကရောက် လျက်ရှိနေခြင်းဖြစ် ပါတော့သည်။

    လှညွှန့်နှင့် ခင်စန်းကြည်တို့ စေ့စပ်ကြောင်းလမ်းမည့် ရက်ကိုပင် သတ်မှတ်ပြီးကြလေပြီ။ လှညွှန့်မှာလည်း ရလေးစက်ဘီး အသစ်ကလေးဖြင့် ရွာလမ်းများတွင် လမ်းသလာလျက် ရှိနေလေ သည်။
    'ငါ ဒီကောင်ကို တော်တော် အမြင်ကပ်နေပြီကွာ'
    အုန်းမောင် သည် လှညွှန့်အား ကြည့်ရင်း ပြောလေသည်။
    'အင်း မျက်စေ့နောက်စရာတော့ အတော်ကောင်းတာပဲကွ'
    ကျွန်တော်ကလည်း လှညွှန့်အား စိတ်ထဲမှ ခပ်ချဉ်ချဉ် ရှိသည်နှင့် ပြောလိုက်သည်။
    'အမှန်တော့ မင်း သောက်သုံးမကျလို့ပါကွာ။ မင်းက အလကား တစ်ခုလပ် တစ်လင်ကွာ မကြီးကို စွဲလန်းနေ လို့ ပါ။ ငါသာဆို ခင်စန်းကြည်ကို ရတဲ့နည်းနဲ့ ယူပစ်လိုက်မယ်'
    အုန်းမောင်က ဤသို့ပြောလေရာ ကျွန်တော့စိတ်၌လည်း မခံချင်စိတ် ဖြစ်၍လာသည်။ 'ဒီလောက်တောင် ခြေဖျားထောက် လှတဲ့ကောင် ကုန်ကျသွားအောင် လုပ်လိုက်ဦးမှထင်တယ်' ဟူ သော အတွေး များ လည်း ပေါက်လာသည်။
    'တကယ် တကယ်။ ငါလိုဆို ခင်စန်းကြည် ကို ယူပြလိုက်မှာ။ ဒါမှ ဒီကောင် ဝပ်ဆင်းသွားမယ်'

    အုန်းမောင်က ဟန်ပါပါ ပြန်ပြောလေရာ ကျွန်တော့စိတ်ထဲ၌ လှုပ်ရှားနေလေသည်။ အုန်းမောင်ပြော သလို ခင်စန်းကြည်အား ခိုးယူလိုက်လျှင် လှညွှန့်ငြိမ်သွားမည်က အမှန်ပင်။ သို့ သော် ကျွန်တော်သည် ခင်စန်းကြည် အား မချစ်။ ကျွန်တော်ချစ်သာ နှင်းအေးနှင့် ကွေကွင်းရပေ မည်။ နှင်းအေးနှင့် ကျွန်တော် ပေါင်းသင်းနိုင်ရန်မှာလည်း ၃ နှစ်ခန့် စောင့်ရပေဦးမည်။ ထို ၃ နှစ် အတွင်း ပြောင်းလဲနိုင်၏ နှင်းအေးသည် ကျွန်တော့်အား မချစ်ဘဲ အခြားတစ်ယော်ကို ပြောင်းလဲ ချစ်နိုင်သည်။ သို့မဟုတ် သူပယောက်ျားထံသို့ ပြန်လည် စိတ်လည်နိုင်သေးသည်။ ဒါမှမဟုတ် ကျွန်တော်သော် ၄င်း၊ နှင်းအေးသော်၎င်း သေးဆုံးနိုင်သည်။ လူ့ဘဝဆိုသည်မှာ တည်မြဲသော သဘော မရှိ။ ရေပွက်ပမာပင် မဟုတ်ပါလား။
    ဤသို့ တွေးမိသောအခါ အုန်းမောင်၏ တိုက်တွန်းချက်ကို ကျွန်တော် စိတ်ဝင်စား၍ လာမိ သည်။ သို့သော် ချစ်သောသူကိုမှ လက်ထပ်လိုသော ကျွန်တော့ဆန္ဒမှာ ပြောင်းလဲ၍ မရနိုင်အောင် ရှိနေခဲ့ရပြန်လေသည်။

    ကျွန်တော်မှာ ဦးနှောက်များ ရီဝေနောက်ကျိလှသောကြောင့် အလည်အပတ် မထွက်တော့ ဘဲ အိမ်၌ကုတ်ပြီး စာတွေကိုသာ ဖတ်နခဲ့သည်။ တစ်ညနေ အိုက်အိုက်ရှိသည်နှင့် ကျွန်တော် အိမ်ဘေး၌ လမ်းလျှောက် စဉ် မစောမြင့် ပျာယီးပျာယာ ရောက်ရှိလာလေသည်။
    'မောင်ဆန်း၊ တို့အိမ် ခဏလိုက်ခဲ့စမ်းဟယ်။ ငါ့သမီး အကြီးမလေး ဖျားပြီး တက်မလို ချက် မလိုဖြစ်နေလို့ အမေ လည်း ဆရာဆီသွားတယ်။ ကလေးတွေအဖေလည်း မရှိဘူး။ ခုတောင် အိမ် ရှေ့အိမ်က အဒေါ်ကြီး ခေါ် ထားခဲ့ရတယ်'
    သူမက ဤသို့ပြောလေရာ ကျွန်တော်မှာ အိမ်ပေါ်သို့ပင် တက်မနေတော့ဘဲ မစောမြင့် နောက်သို့ လိုက်ပါသွား ရပါတော့သည်။
'ကဲ မောင်ဆန်း၊ အိပ်ခန်းထဲ မြန်မြန်ဝင်စမ်း။ ငါ ရေဆာလွန်းလို့ ရေတစ်ခွက်လောက် သောက် လိုက်ဦးမယ်'
မစောမြင့် သည် ဤသို့ပြောပြီး မီဖိုဆောင်ဘက်သို့ သွက်သွက် လျှောက်သွားလေသည်။ ကျွန်တော် သည် အိပ်ခန်းထဲ သို့ သုတ်သုတ်ပျာပျာ ဝင်လာခဲ့သည်။

    ကျွန်တော့်၏ ဦးခေါင်းထဲတွင် မိုက်ခနဲဖြစ်ပြီး မျက်စေ့များ ပြာဝေ၍ သွားမိလေသည်။ အိပ်ခန်းထဲ၌ မကျန်းမမာ ဖြစ်နေသော ကလေးမ ကို မတွေ့ရ။ ကျွန်တော်မြင်တွေ့ရသည်မှာ မခင်စန်းကြည်ဖြစ် ၍ နေလေသည်။
    'ကဲ ကဲ မောင်ဆန်း ထိုင်ဦး။ ငါရှင်းပြမယ်'
    ရှေ့ကို တိုးရန်အခက်၊ နောက်ဆုတ်ရန် အခက်ဖြစ်ကာ ကြောင်၍ရပ်နေမိသော ကျွန်တော့် အား မစောမြင့် က လက်ကိုဆွဲလျက် ခင်စန်းကြည်ရှေ့၌ အထိုင်ခိုင်းရင်း ပြောလေသည်။
    'ဒီနေ့ည သူတို့က ခင်စန်းကြည်ကို လာပြီးတော့ စေ့စပ်ကြောင်းလမ်း ကြတော့မယ်လေ။ ခုပဲ လူကြီး သူကြီးတွေ လိုက်ဖိတ်နေပြီ။ အဲဒါကြောင့် ခင်စန်းကြည်သာ သူ့အမေအလစ်မှာ ငါ့ဆီ ပြေးလာပြီး မင်းကို ခေါ်ပေးပါ ဆိုလို့ ခေါ်ပေးရတာပဲ'
    မစောမြင့် စကားအဆုံးတွင် ကျွန်တော်သည် သက်ပြင်းတစ်လုံးကို ညင်သာစွာဆွဲ၍ ချလိုက်မိပါသည်။ ပြီးနောက် ခင်စန်းကြည် အား မရဲတရဲ ကြည့်လိုက်မိရာ ခင်စန်းကြည်မှာ အသား များ တဆတ်ဆတ် တုန်လျက် ရှိနေသည်ကို မြင်တွေ့ရလေသည်။

    'စိတ် အေးအေးသာ နေပါ ခင်စန်းကြည်။ မောင်ဆန်းလဲ ရောက်လာမှပဲ'
    'ကျ ကျ ကျွန်မတို့ ပြေးကြမှ ထင်တယ်ကိုဆန်းရယ်။ တော်ကြာ သူတို့က ဒီအိမ်ကို လိုက်လာချင် လိုက် လာကြမှာ'
    ခင်စန်းကြည်က တုန်ရီသော အသံနှင့် ပြောလိုက်လေသည်။
    'ကိစ္စမရှိပါဘူး ခင်စန်းကြည်'
    မစောမြင့်က ပြောလိုက်သည်။
    'ဟင့်အင်း ကျွန်မ ဒီမှာ မနေရဲဘူး'
    ခင်စန်းကြည်က ငိုသံပါလေးနှင့် ပြောပြန်၏။

    'ဒီလိုဆို ငါကလေးတွေအဖေ လိုက်ရှာလိုက်ဦးမယ်။ လှည်းနဲ့ခုံကြီးက တို့အစ်မများတဲကို ပြေးကြပေတော့'
    မစောမြင့်က ဤသို့ပြောပြီး အခန်းထဲမှ ထွက်သွားလေသည်။ ကျွန်တော်မှာ ခေါင်းငိုက် စိုက်နှင့် ငြိမ်သက်ကျန်ခဲ့ရ၏။ ကျွန်တော်မှာ လူကသာမလှုပ်မယှက် ထိုင်လျက်ရှိနေသော်လည်း စိတ်ကမူ စကြဝဠာ အနန္တ သို့ ပြေးလွှားနေသည်။ ကျွန်တော့်အာရုံထဲတွင် နှင်းအေး၏ ညိုးလျ နွမ်းနယ်နေသော မျက်နှာ ကလေး ကလည်း ရစ်ဝဲလျက် ရှိနေပေသည်။
    “ကျွန်မတော့ ဘာမှယူချိန်မရခဲ့ဘူး။ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ပြေးလာခဲ့တာပဲ”
    ခင်စန်းကြည် က ခပ်တိုးတိုးအသံနှင့် ပြောနေလေသည်။

    “အမှန်တော့ မင်းကိုယ်က ရွှေတွေတောင်မှ ချွတ်ထားခဲ့ဖို့ ကောင်းတယ်။ တော်ကြာ ဂတ် တိုင်လား ဘာလား လုပ်ရင် ဒီရွှေတွေအတွက် ဒုက္ခဖြစ်နိုင်တယ်”
    “ဟုတ်တယ်။ ကျွန်မဒါတွေ သတိမရခဲ့ဘူး။ သူတို့လက်က ကိုယ်လွတ်ရုန်းဖို့ပဲ စဉ်းစားနေခဲ့ ပြီး ထွက်ပြေး လာခဲ့ရတာ။ ဒါတွေအတွက် ကိစ္စမရှိပါဘူးလေ။ သူတို့လိုက်လာရင် ပြန်ပေးလိုက် တာပေါ့။ ပြီး အကြိတ်အနယ် ဖြစ်လာရင်လဲ ရှင့်ကို ကျွန်မ ခိုးတယ်လို့ ပြောလိုက်မယ်”
    ကျွန်တော်သည် ခင်စန်းကြည်အား စိုက်ကြည့်လိုက်မိ၏။ ခင်စန်းကြည်သည် ကျွန်တော့်ကို ချစ်ကြင် အားကိုးသော မျက်လုံးကလေးများနှင့် သနားစဖွယ် ပြန်ကြည့်နေရှာလေသည်။

    “ခုနေများ အိမ်က လိုက်လာပြီး ကျွန်မကို အတင်းဆွဲခေါ်သွားရင် ရှင်နဲ့ကျွန်မ ကွဲကြရမှာ ပဲနော်။ အဲဒီလို ဆိုရင် ကျွန်မတော့ ရေထဲဆင်းသေပစ်လိုက်မှာပဲ”
    သူမက တကယ်ပင် စိုးရိမ်ကြောက်လန့်စွာ ပြော၍ နေလေရာ ကျွန်တော့်မှာ မနေသာတော့ဘဲ
    “အို အစန်းရာ၊ ဒါတွေ တွေးပူမနေစမ်းပါနဲ့။ မင်းကို ကိုယ့်လက်က ဘယ်တော့မှ အလွတ် မခံပါဘူး” ဟု အားပေး စကားပြောလိုက်တော့မှ သူမ၏ မျက်နှာလေး ကြည်လန်း၍ လာရှာလေ သည်။
    “အမှန်တော့ ရှင် အေးစက်စက်လုပ်နေလို့ပါ။ အမေက အစတုန်းက ရှင်နဲ့ သဘောတူတဲ့ ဥစ္စာပဲ”
    ခင်စန်းကြည်သည် ကျွန်တော့်အား မချင့်မရဲ ကြည့်ရင်း ပြောလေသည်။

    “အဲဒီတုန်းကတော့ ကိုယ်ကလူပျိုဘ၀နဲ့ ပျော်ပျော်နေချင်သေးတယ်မို့လား အစန်းရဲ့”
    “ခုလည်း အစန်းက ပြေးလာခဲ့လို့ပါ။ ရှင်က အိမ်ထောင်ပြုဖို့ စိတ် မပါသေးပါဘူး”
    ခင်စန်းကြည်က မျက်စောင်းလေးခဲရင်း ပြောလေရာ ကျွန်တော်မှာ ဘာပြောရမည် မသိဘဲ ခပ်ကြောင်ကြောင်ဖြစ်၍ နေခဲ့ရပါသည်။
    “ဒီလိုလည်း ဘယ်ဟုတ်မလဲ အစန်းရယ်။ သူတို့က ဒီလောက်လောလော ဆယ် စေ့စပ် ကြောင်းလမ်း လိမ့်မယ် မထင်သေးလို့ပေါ့”
    “ရှင် သိပါတယ်။ အစန်းကို မညာပါနဲ့”
    ခင်စန်းကြည်က ကမန်တော့်အား ကြာမူပါပါ မျက်စောင်းကလေးနှင့် ပြောလေသည်။ ကျွန်တော်သည် ခင်စန်းကြည်အား ချစ်မြတ်နိုးခဲ့သည် မဟုတ်သော်လည်း ယခုအခြေကျမှတော့ မလွှဲသာ မရှောင်သာ ခိုးယူပေါင်းသင်းရပေတော့မည်။ ဤအကြောင်းကို တွေးမိပြန်တော့လည်း နှင်းအေးအား တသသပင် သတိရနေ ရပြန်ပါသည်။

    “အမှန်တော့ အစန်းကသာ ရှင့်ကို ချစ်နေရတာပါ။ ရှင်က အစန်းကို မချစ်ပါဘူး”
    ခင်စန်းကြည်သည် ကျွန်တော့်ကို အားမလိုအားမရ ကြည့်ရင်း ပြောကာ မျက်နှာကလေး ညှိုးငယ်နေ သည်။
    “အို အစန်းကလည်း မဟုတ်တာ။ အစန်းကို ကိုယ်ချစ်ပါတယ်ကွယ်”
    ကျွန်တော်သည် ဘာပဲဖြစ်ဖြစ် ခင်စန်းကြည်၏ လင်ယောက်ျားဖြစ်ရချေတော့မည်မှာ နာရီပိုင်းလောက် သာ လိုတော့သည် မဟုတ်ပါလား။ နောက် သုံးလေးနာရီဆိုလျှင် ကျွန်တော်က ခင်စန်းကြည်အား ခိုးယူ ထွက်ပြေးသွားပြီ ဆိုသော သတင်းသည် တစ်ရွာလုံး ပျံ့နှံ့၍ ဟိုးဟိုးကျော် ဖြစ်ရချေတော့မည်။ ထို့ကြောင့် ကိုယ့်ဇနီးလောင်း ကလေး စိတ်ချမ်းသာမည့် စကားလုံးများကို ရှာ ဖွေပြောဆိုလိုက်ရလေသည်။

    “ချစ်ရင် ဘာလို့ အမေသဘောတူတုန်းက အိမ်ကို မလာတာလဲ။ အမေက ခဏ ခဏမှာနေ ရက်သားနဲ့”
    “ကိုယ်က မိန်းကလေးတွေနဲ့ စကားပြောရမှာ သိပ်ရှက်တတ်တယ်”
    “တော်စမ်းပါ။ မိန်းကလေးတွေထဲမှာပဲ သူနေပြီးတော့”
    ခင်စန်းကြည် က မကျေနပ်သောအကြည့်ဖြင့် ကျွန်တော့်အား ကြည့်ရင်း ပြောလိုက်ပါ သည်။
    “အော် အဲဒါက မိတ်ဆွေအဖြစ်နဲ့ နေကြတာဆိုတော့ ဘယ်ရှက်မလဲ။ ရည်းစားအနေနဲ့ဆို တော့ ရှက်စရာ သိပ်ကောင်းတာ”
    “ရှင် တော်တော် စကားတတ်တယ်”
    “အအမှ မဟုတ်ဘဲ စကားတော့ ပြောသေးတာပေါ့”
    “အော် ကြည့်ပါလား။ ဒါပြောတာ မဟုတ်ပါဘူး။ စကားကို သိပ်ပြီး လှည့်တတ်ပတ်တတ် တယ်လို့ ပြောတာပါ”
    ခင်စန်းကြည်သည် ကျွန်တော်နှင့် စကားပြောနေရသောကြောင့် သူမအိမ်မှ လူကြီးများ လိုက်လာမည် ကို ကြောက်သော စိတ်ပင် ကိုယ်မှ ကွာနေကာ မျက်နှာလေး ကြည်ချိုနေသည်။ ကျွန်တော်ကလည်း ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ၊ ကိုယ်နှင့် မလွဲမသွေ ပေါင်းသင်းရတော့ မည့်ဇနီးလောင်းကလေး စိတ်ချမ်းချမ်း သာသာ ရှိနေဖို့ကိုသာ ဆန္ဒရှိနေမိပါသည်။

    “ကိုဆန်း၊ ရည်းစားဘယ်နှစ်ယောက် ထားခဲ့ဖူးသလဲ”
    ခင်စန်းကြည်သည် ကျွန်တော်၏ မျက်နှာကို စိမ်းစိမ်းစိုက်ကြည့်လိုက်ပြီး မေးလေသည်။
    “တစ်ယောက်မှ မထားဘူးသေးဘူး”
    “ညာပြန်ပြီ”
    “တကယ်ပါ။ တကယ့်ကို ပြောတာ”
    “ရှင့်လို မိန်းမတွေ ၀ိုင်းဝိုင်းလည်နေတဲ့လူက ရည်းစားမထားဘူးဖူး ဆိုတာတော့ မယုံနိုင် ပေါင်”
    ခင်စန်းကြည် သည် ဤသို့ ပြောလိုက်ပြီး ကျွန်တော့်မျက်နှာကို အကဲခတ်သလို ကြည့်နေ ပြန်သည်။
    “အင်း အစန်း က ကိုယ့်ကို အထင်ကြီးနေပြန်ပြီ။ ကိုယ့်မှာဖြင့် ရည်းစားတစ်ယောက်မှ မထားဘူးဘဲနဲ့ ကျန်ရစ်နှစ်ခါဖြစ်ခဲ့ရတယ်”
    “ဟင် ဘယ်လို ဘယ်လို”
    သူမက အံ့သြစွာ မေးလိုက်ပါသည်။

    “နောက်မှ ကိုယ်ပြောပြမယ်”
    “ဟင့်အင်း မရဘူး။ ခုပြောရမှာပဲ”
    ခင်စန်းကြည်က ဤသို့ ပြောရင်း ရှေ့နားသို့ တိုးလာလေသည်။ ကျွန်တော်က နှင်းအေးအား ပိုးပန်းနေခဲ့ရာ မှ နှင်းအေး လင်ယူသွား၍ ကျန်ရစ်ဖြစ်ခဲ့ရပုံနှင့် ပုတ်သင်ညိုရှာမှ သူကြီးသမီးနှင့် စပ်ဟပ်နေ ဆဲသူကြီးသမီး လင်ယူသွား၍ ကျန်ရစ်ဖြစ်ခဲ့ရပုံများကို ပြောပြလိုက်ပါ သည်။
    “ဒီလိုဆို အစန်း လှညွန့်နဲ့ လက်ထပ်လိုက်ရ အကောင်ားး၊ ဒါမှ ရှင် သုံးကျန်ရစ်ဖြစ်မှာ”
    “ဒီတစ်ခါတော့ ဘယ်ကျန်ရစ်အဖြစ်ခံတော့မလဲ အစန်းရယ်”
    “အမယ်လေး၊ မိန်းမတွေ ရှက်တတ်ပေလို့ပဲ”
    ကျွန်တော်က ပြောပြောဆိုဆို သူမ ကိုယ်လုံးကလေးအား ဖက်ပွေ့ပြီး ပါးပြင်နုများအား နမ်းလေရာ သူမက လက်ဝါးကလေးနှစ်ဖက် နှင့်ကာရင်း ပြောပါလေသည်။

    “ဒါတော့ ကိုယ့်မယား ဖြစ်လာမှကိုးကွ။ ရည်းစားမှ မဟုတ်ဘဲ”
    “ဆင်ခြေ ကလဲသိပ်များတာပဲ။ သူ့လိုသာဆိုရင် ကျန်ရစ်ဖြစ်ပါသေးတယ်။ ခုဖြင့် သူများက လာရတာများ”
    ယင်းသို့ ခင်စန်းကြည်က ပြောနေစဉ် အခန်းဝမှ ချောင်းဟန့်သံ ကြားသည်နှင့် ကျွန်တော်က ခင်စန်းကြည် ၏ ကိုယ်ကလေးအား ဖက်ထားသော လက်များကို ကပျာကယာ လွှတ် ပစ်လိုက်ရပါတော့သည်။
    “ကဲ လှည်းအသင့် ပြင်ပြီးပြီဟေ့”
    မစောမြင့်သည် အခန်းထဲသို့ဝင်လာကာ ပြုံးဖြီးဖြီးမျက်နှာကြီးနှင့် ပြောလိုက်လေရာ ကျွန်တော့်မှာ ရှက်သွေးတွေဖြာ၍ သွားမိလေသည်။ ခင်စန်းကြည်သည်လည်း ခေါင်းကလေးကို အသာငုံ့ထား၏။
    ကျွန်တော်တို့မှာ အ၀တ်တစ်ထည် ကိုယ်တစ်ခုစီနှင့် အိမ်မှ ထွက်လာကြသူများဖြစ်ကြ၍ ယူစရာ ငင်စရာ ဘာမှမပါကြဘဲ အိမ်ရှေ့တွင် အသင့်ရပ်နေသော လှည်းပေါ်သို့ တက်ခဲ့ပါသည်။ မစောမြင့် ယောက်ျားကိုသာမောင်သည် နွားနှစ်ကောင်ကို သွက်သွက်ကြိမ်တို့ပြီး မစောမြင့်အမ မဟောနှစ် တို့ ကိုင်း ထဲသို့ လိုက်ပို့လေသည်။

    လှည်းထွက်စတွင် ခင်စန်းကြည်သည် ကျွန်တော်နှင့် ခပ်ခွာခွာနေခဲ့သော်လည်း နွားလှည်း ကွင်းပြင်ကျယ်ကြီး ကို ကျော်ဖြတ်၍ ရွာနှင့်ဝေးလာသောအခါ ကြောက်သည်ဟုဆိုပြီး ကျွန်တော့် ရင်ခွင်၌ သူမကိုယ်ကလေး အား မှီကပ်ထားလေသည်။ အခြားသူများ မိန်းမခိုးနေချိန်တွင် ၀မ်းသာ သည်၊ ပျော်သည် ဟု ဆိုကြ၏။ ကျွန်တော်မှာ ၀မ်းလည်းမသာ၊ ၀မ်းနည်းမနည်း၊ ပျော်လည်းမပျော် ခဲ့ပါ။ စိတ်မှာ ဟုံ၍ လေလွင့်နေလေသည်။
    နှင်းအေးအား ပြေး၍သတိရသည်။ ပြီးနောက် ပြန်ပျို၍ မရတော့သော အိမ်ထောင်ရှင် ဘ၀ ရောက်ရတော့မည်ဖြစ်၍လည်း ကိုယ့်ကိုယ်ကိုယ် နှမြောသလိုလိုရှိသည်။ လှညွန့်တို့အား ချိုးလိုက် ရသောကြောင့် ၀မ်းသာသလိုလည်း ဖြစ်မိသည်။
    “အို ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ချစ်လာအောင် ကြိုးစားရမယ်။ နှင်းအေးကို မေ့ပစ်ရမယ်” ဟု တွေးကာ လေလွင့်သော စိတ်များကို ထိန်းသိမ်းလိုက်ရပါသည်။
    ကျွန်တော်တို့သည် ဘေးရန်ကင်းရှင်းစွာနှင့်ပင် မစောနှစ်တို့ကိုင်းတဲသို့ ရောက်ရှိခဲ့ကြရပါ သည်။ မစောနှစ် မှာ ကျွန်တော် ခင်စန်းကြည်အား ခိုးယူလာသည်ကို သိရလေသောအခါ ၀မ်းသာ မဆုံးတပြုံးပြုံးနှင့် သူတို့၏ တဲအိပ်ခန်းတွင် နေရာချထားပေးပါသည်။

    ကျွန်တော်သည် ခင်စန်းကြည်အား တကယ်ပင် ခိုးလာခဲ့လေပြီ။ သူမသည် ကျွန်တော်ပြု သမျှတို့ကို အလိုက်သင့် ပင် နုရှာပါပေသည်။ ပြီးနောက် ကျွန်တော့်ကိုလည်း သူမအား တကယ်ချစ် မြတ်နိုးသည်ဟု အထင်ရောက်နေရှာ၏။ ကျွန်တော်သည် ဤအကြောင်းကို တွေးမိသောအခါ ခင်စန်းကြည်အား သနား လှပါသည်။
    “အော် သူ့ခမျ ငါ့စိတ်ကို မသိရှာပါကလား”ဟုလည်း တွေးကာ ရင်နာနေမိသည်။ ထို့ကြောင့်လည်း ကျွန်တော့် မှာ သူမအား ချစ်လာနိုင်စေရန် စိတ်ကို အတင်းကြိုးစားနေရပြန်သည်။
    အဖေသည် ညကြီးမင်းကြီး၌မှာပင် ကျွန်တော်တို့ရှိရာ ကိုင်းတဲသို့ လှည်းနှင့်ရောက်လာလေသည်။ အဖေနှင့်အတူ အဖွားလေးလည်း ပါလာလေသည်။ စောင်၊ ခေါင်းအုံးနှင့်ဖျာ၊ ခြင်ထောင်များလည်း ပါလာ သည်။ စားသောက်ဖွယ်ရာများလည်းပါသည်။

    “ဟိုလူစုတော့ တစ်ခါထဲ မှိုင်ကျသွားတာပဲ”
    ရောက်လျှင်ရောက်ခြင်း အဖွားလေးက ပြောလေသည်။
    “အမေတို့ အဖေတို့က သူကြီးအိမ်သို့ ဂတ်တို့ တိုင်မယ်လို့ ကြားသလား၊ အရီး”
    ခင်စန်းကြည်က စိုးရိမ်သံနှင့် ခပ်လောလော မေးလေသည်။
    “ဘယ်မှ တိုင်မယ်ပြုမယ်တော့ မကြားပါဘူး။ မယ်မြင့်တော့ ငိုနေတယ်။ ပြီးတော့ ညည်းကို လည်း သမီးအဖြစ် က စွန့်လွှတ်မယ်ပြောသတဲ့”
    အဖွားလေးက ဤသို့ပြန်ပြောလေရာ ခင်စန်းကြည်၏ မျက်နှာလေးညှိုး၍ သွားလေသည်။ ပြီးမှ သက်ပြင်းလေး ကို မြှင်းမြှင်းဆွဲ၍ ချလိုက်ကာ -
    “အို စွန့်လည်း စွန့်လွှတ်ပေါ့။ ကျွန်မမှ ဒီလှညွန့်ဆိုတဲ့ကောင်ကို မကြိုက်တဲ့ဥစ္စာ”ဟု ပြော လိုက်ပါသည်။

     ခင်စန်းကြည်သည် ဖြစ်ရာဘ၀ကို ရင်ဆိုင်တော့ရန် စိတ်ကို ဆုံးဖြတ်လိုက်ဟန်ရှိ၏။ သူမ သည် စကားကို ခပ်ပြတ်ပြတ် ပင် ပြောလိုက်ပါသည်။
    “ဒါပေါ့ ကလေးမရယ်း။ တို့ကလည်း ဆင်းဆင်းရဲရဲမှ မဟုတ်ဘဲ”
    အဖေက၀င်၍ အားပေးစကားပြောလေသည်။
    “ဟုတ်ပါတယ်။ ဒီကောင်နဲ့ မယူလို့ သေခန်းဖြတ်မယ်ဆိုလည်း ဖြတ်ပေစေပေါ့။ ကိုယ်မချစ် တာယူရရင် တစ်သက်လုံး စိတ်ဆင်းရဲနေမှာမို့လား”
    မစောနှစ်က၀င်၍ ပြောပြန်လေသည်။ ကျွန်တော်မှာ ဦးနှောက် ချာချာလည်နေရ၏။ ခင်စန်းကြည် ကိုတော့ သူမ မချစ်သူကိုယူရ၍ စိတ်ဆင်းရဲရမည်ကို သူတို့စိုးရိမ်ကြသည်။ ကျွန်တော့်ကိုတော့ ကျွန်တော် ချစ်သောသူနှင့် ယူမည်ကို သူတို့သဘောမတူဘဲ ကန့်ကွက်ကြသည်။ ကျွန်တော်မချစ်သူကိုယူဖို့ ၀ိုင်းဝန်းနားချကြသည်။ အပိယေဟိဒုက္ခ၊ ပိယေဟိဒုက္ခဆိုသည်တို့မှာ ကျွန်တော်နှင့် မသက်ဆိုင်သကဲ့သို့ ရှိနေသည်။ သူတို့၏ စိတ်နေ စိတ် ထားအယူအဆများသည်ကား မှန်ကန်ကြပါလေ၏လား။

ဆက်ရန်
Ref:  ရွှေစင်ဦး

ငမိုးရိပ်မှ ငမိုးရိပ်သို့- အပိုင်း (၄) / တင့်ဆန်း

တစ်ည အဘိုးလေးနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်သို့ လဖက်ရည်သောက်လကြရင်းမှ လမ်းတွင် အဘိုးလေးက ပြောလေသည်။
    “ဟာ အဘိုးလေးကလဲ၊ ကျွန်တော် ငယ်ပါသေးတယ်ဗျာ”
    ကျွန်တော်သည် မျက်နှာဆီသို့ ရှက်သွေးဖြန်းတက်လာရင်းမှ ပြန်ပြောလိုက်သည်။
    “ငယ်ပေမယ့် ခုကတည်းက ရင်းနှီးအောင် လုပ်ထားမှပေါ့ကွ။ တော်ကြာ သူများလက်ထဲ ရောက်သွားလိမ့်မယ်”
    “ရောက်သွားလဲ သွားပေါ့အဘိုးလေးရာ။ ကျွန်တော် သူ့ကို သိပ်ပြီး သဘောမကျလှပါဘူး”
    “ဟင်း ဘာဖြစ်လို့လဲ”
    အဘိုးလေး က အံ့သြစွာ မေးလိုက်ပါသည်။

    “သူ့ကြည့်ရတာ ကြမ်းကြမ်းတမ်းတမ်းနဲ့ အောက်တန်းစားသိပ်ဆန်တာပဲ”
    “ဒါပေမယ့် အလုပ်အကိုင်တော့ သိပ်ကောင်းတယ်ကွ။ မင်းတို့လို ဖအေတစ်ခု သားတစ်ခု ရှိတဲ့ အိမ်မျိုးမှာ သူလိုဟာမျိုး နဲ့မှ နေရာကျမှာ။ ကြမ်းတ်ကတော့ကွာ မြို့သူမှ မဟုတ်ဘဲ။ တောသူ ဆိုတာ ကြမ်းမှဖြစ်တော့ မပေါ့။ နုနုနယ်နယ် မင်းကမတော်ဟန်လုပ်နေလို့ ဘယ်ဖြစ်မှာလဲ”
    အဘိုးလေးက ဤသို့ပြောလေရာ ကျွန်တော်သည် ဟုတ်သည်။ ကျွန်တော်တို့လို တောသူ တောင်သား လယ်သမားများအဖို့ ဇနီးဖြစ်သူသည် နှင်းအေးတို့လို နုနုနယ်နယ်များနှင့်မကိုက်။ ဒေါင်းနီမောင်းနီ၊ တုံးဆိုတိုက် ကျားဆိုကိုက် အစားမျိုး ကြမ်းကြမ်းတမ်းတမ်းနှင့်မှ ကိုက်ပေမည်။ လယ်သမား၏ ဇနီးသည် လယ်ထဲသို့ဆင်း၍ ကောက်စိုက်နိုင်ရမည်။ အရေးကြုံက ပျိုးနှုတ်တန်လျှင် နှုတ်နိုင်ရမည်။ နှင်းအေးတို့လို ကျွတ်တို့ မျှော့ တို့ကို ငယ်သံပါအောင် အော်ဟစ် ကြောက်လန့်သူ အမျိုးသမီးများနှင့် မဖြစ်နိုင်ပါချေ။ သို့သော် ကျွန်တော်မှာ လယ်အလုပ်ကို ရွံ့မုန်း သူဖြစ်သည်။ ကျွန်တော် အိမ်ထောင်သည် ဘ၀ သို့ ရောက်လျှင် လယ်အလုပ်ကို မလုပ်ဟုလည်း ဆုံးဖြတ်ထားသည်။ ပြီးနောက် နှင်းအေးအပေါ်၌ စွဲလန်းနေသော စိတ် များကလည်း ရှိနေသေး သောကြောင့် မြနှစ်အား ချစ်ရေးဆိုရန် မဆုံးဖြတ်သေး ဘဲ နေလိုက်ပါသည်။

    ကျွန်တော့်နှလုံးသားများ တမြေ့မြေ့နာကျင်လျက် ရှိနေရသည်။ မြင်မြင်သမျှတို့မှာ အကုန် ဟာလာဟင်းလင်း ပွင့်နေသကဲ့သို့ ထင်မှတ်မိသည်။ ဟုတ်ပါ၏။ အရာရာတိုင်းတို့သည် ကျွန်တော့် အတွက် တန်ဖိုးမဲ့များသာဖြစ်၍ နေတော့သည်။ ကျွန်တော့်အတွက် ဤလောကတွင် နှင်းအေးသည် တန်ဖိုး အရှိဆုံးဖြစ်၏။ ယခုတော့မူ ကျွန်တော်မြတ်နိုးလှသော နှင်းအေးမှာ သူတစ်ပါးလက် သို့ ရောက်ရပေတော့ မည်။
    နှင်းအေးအား သူမမိဘများက အရှေ့ဘက်ကမ်းမှ သူဌေးသားတစ်ယောက်နှင့် နေရာချထားပေးရန် စီစဉ်လျက် ရှိနေလေပြီ။ ယင်းသို့ စီစဉ်ရခြင်းမှာလည်း နှင်းအေးအဖေ သစ်ကုန် ရှုံးသောကြောင့် အရှေ့ဘက်ကမ်း ရှိ သူဌေး ဦးဖေ၀င်းထံမှ ငွေများချေး၍ အလုပ်ကို ဆက်လက် လုပ်ကိုင်ခဲ့လေရာ အလုပ်မှာ ရှုံးပြီးရင်းရှုံးရင်းဖြင့် နောက်ဆုံး၌ ကျွေးမဆပ်နိုင်တော့ဘဲ လုပ်ငန်းကို ရပ်ရမည့်အခြေသို့ ဆိုက်ရောက်နေ ရတော့သည်။ ဤအခြေ၌ ဦးဖေ၀င်းက သူ၏သား မြအောင်နှင့် နှင်းအေးအား လက်ထပ် မည်ဖြစ်က တင်ရှိနေသော ကျွေးတစ်ဝက်ကို လျော်ပစ်ခါ နောက်ထပ်၍ အလုပ်လုပ်ရန် လည်း ငွေထုတ်ပေးဦးမည်ဟု ဆိုလာသောကြောင့် ဒေါ်သန်းမြိုင်တို့မှာ မတတ်သာ တော့ ဘဲ နှင်းအေး ကို မြမောင်နှင့် ထိမ်းမြားရန် သဘောတူလိုက်ကြရလေတော့၏။

    ကျွန်တော်မှာ နှင်းအေးကို နှမျောတသရင်းဖြင့် အချိန်ရှိသမျှ စိတ်မချမ်းသာ ဖြစ်နေရလေ သည်။ ထို့ကြောင့် ရွာ သို့ပင် မသွားတော့ဘဲ လယ်ထဲ၌သာကုတ်၍ နေခဲ့သည်။ အဖေသည် ကျွန်တော့် အဖြစ်ကို သိ၏။ သူ့ကိုယ်နှိုက်ကလည်း ထိုအဖြစ်အတွက် ခံပြင်းနေပုံရသည်။ သို့သော် ကျွန်တော့်အားတော့ ဘာမျှ ဖွင့်ထုတ်၍ မပြောဘဲ ကျွန်တော့်အတွက် ကြင်ယာလောင်းကိုသာ လိုက်လံရှာဖွေစပ်ဟပ် နေလေသည်။
    အဖေသည် တစ်နေ့သ၌ ကျွန်တော့်အား မိန်းကလေး တစ်ယောက်ကို ယူရန် ပြောလေ သည်။
    မိန်းကလေး မှာ ပုတ်သင်ညိုရွာမှ သူကြီးသမီး ကရင်မကလေးတစ်ယောက်ဖြစ်၏။ ကျွန်တော်က မယူ လိုခဲ့။ သို့သော် အဖေက အတင်းခေါ်သဖြင့် လိုက်ကြည့်ခဲ့ရသေးသည်။ ရုပ်က လည်းမလှ၊ ၀၀အိုင့်အိုင့်မို့ စိတ်က မပါချေ။ အဘွားနှင့် အဘိုးလေးတို့ကလည်း သဘောမတူချေ။

    အဖေက သဘောတူလွန်းသဖြင့် ယူရတော့မည့်အခြေသို့ ရောက်လုဆဲတွင် ကံကောင်း ထောက်မပုံမှာ ထိုမိန်းကလေးသည် သူ၏ ရည်းစားဟောင်းနောက်သို့ လိုက်သွားသောကြောင့် ဖြစ်လေသည်။
    သူ၏ ဘ၀ရှေ့ရေးမှာ ကျွန်တော်နှင့် မသက်ဆိုင်သောကြောင့် ကျွန်တော် ထည့်၍မစဉ်းစား ပါ။ သူမှင့် လက် မထပ်ရခြင်းအတွက်သာ ကျွန်တော်က ၀မ်းသာနေရသည်။
    အဖေက “တယ်မိုက်တဲ့ ကလေးမ”ဟု တဖွဖွပြောနေပါသည်။ ကျွန်တော်၏ စိတ်မှာ လွတ် လပ်ပေါ့ပါးနေ သည်။ မိတ်ဆွေ သူငယ်ချင်းများက ကျွန်တော့်အား “ကျန်ရစ်”ဟုခေါ်၍ လှောင်ကြ သည်။ လှောင်ကြ ပါစေ။ ပြောင်ကြပါစေ။ ကျွန်တော်က စိတ်မဆိုးပါ။ ဤအမည်နာမကိုပင် ခံယူချင် ခဲ့သည်မှာ ကြာပြီ မဟုတ်ပါလား။
    နှင်းအေးအတွက် နာခဲ့ရသော အသည်းမှ ဒဏ်ချက်သည် ပျောက်ကင်းစပြုလေပြီ။ ကျွန်တော့်မှာ မိန်းကလေး သဖွယ် အိမ်ထောင်မှု ထိန်းသိမ်းနေရသည့် ဘ၀ကိုလည်း ငြီးငွေ့လာ သည်။ အမှန်အတိုင်း ၀န်ခံရ လျှင် သွေးသားကလည်း ကြင်ဘက်ကို တောင့်တနေလေသည်။

    ကျွန်တော်သည် တစ်ရွာလုံးရှိ အပျိုကလေးများထံသို့ စိတ်အာရုံကို စေလွှတ်ကာ ဇနီးလောင်းအဖြစ် တစ်ယောက် စီ ရွေးချယ်ကြည့်သည်။ ရုပ်ရည်အားဖြင့် မြနှစ်ကို သဘောကျ သည်။ မြနှစ်သည် နှင်းအေးနှင့် ဆင်ဆင်တူ သည် မဟုတ်လား။ ကျွန်တော်စွဲမြဲအမှတ်ထားခဲ့သော အလှအပမှာ နှင်းအေး၏ အလှသာဖြစ်လေ သည်။
    စီးပွားရေး ချောင်လည်လာသဖြင့် ကျွန်တော့်မှာ ရွှေကြယ်သီး၊ ရွှေလက်စွပ်၊ ရွှေလက်ပတ် ကြိုးတို့နှင့် အ၀တ် အထည် အမျိုးမျိုးလဲလျက် ရှိုးထုတ်နိုင်ခဲ့ပါပြီ။ ယင်းကြောင့်လည်း ရွာရှိ အပျို ကလေးများ ကျွန်တော့် အား အာရုံစိုက်လာကြသည်။ သူမတို့၏ မိဘများကလည်း အသိအမှတ်ပြု လာကြသည်။ တချို့ကဆိုလျှင် သူတို့၏ သမီးပျိုများနှင့် ကျွန်တော့်အား လာရောက် စပ်ဟပ်ကြလေသည်။ အမှန်တော့ ထိုအချိန်သည် ကျွန်တော့် အနေနှင့် စန်းပွင့်သော အချိန်ပေတည်း။
    ကျွန်တော်နှင့် လာရောက်စပ်ဟပ်ကြသည့် အမျိုးသမီးထဲတွင် မြနှစ်လည်း ပါလေသည်။ မြနှစ်၏ မိခင် သည် အဘွားလေးအား မြနှစ်နှင့် ကျွန်တော် နေရာချထားကြဖို့ လာရောက်ပြောဆို သည်။ သူမ အကြောင်းပြချက် မှာ ယခုနှစ်တွင် မြနှစ်ကို အိမ်ထောင်ချထားလိုသည်။ ထိုသို့ အိမ် ထောင် ချထားရမည်ဖြစ်ရာ ၌ ယခု လောလောဆယ် မြနှစ်နှင့် လာရောက်စပ်သူမှာ ကိုဘကိုး ဆိုသူ တောခေါင်းတစ်ယောက် ဖြစ်သည်ဟု ဆိုသည်။ ကိုဘကိုးမှာ မြနှစ်ထက် အသက် ၁၅ နှစ်ခန့်ကြီး၍ မုဆိုးဘိုဖြစ် သည်။ သို့သော် အကျင့်စာရိတ္တကောင်း၍ စုဆောင်းထားသော ငွေကြေးလည်းအသင့် အတင့် ရှိသူ ဖြစ်သည်။

    သူတို့သဘောက အကယ်၍သာ အဘွားလေးက မြနှစ်နှင့် ကျွန်တော် သဘောတူလျှင် ကိုဘကိုး ကို ငြင်းပယ်ရန် ဖြစ်လေသည်။ အဘွားလေးက ကျွန်တော်နှင့် သဘောမတူမှသာ မြနှစ် အား ကိုဘကိုး လက်သို့ အပ်ရန်ဖြစ်လေသည်။
    အဘွားလေးက ကျွန်တော့်အား ငယ်သေး၍ အိမ်ထောင်ချထားခြင်း မပြုလိုကြောင်းနှင့် ငြင်းပယ်သည်။ သို့တိုင် လည်း မြနှစ်၏ မိခင်သည် ကြီးသောအခါ နေရာချထားပေးရန် သဘောတူ မတူ ထပ်၍ မေးနေပြန်သောကြောင့် အဘွားလေးမှာ အကြပ်ရိုက်နေလေတော့သည်။
    “ဒီကိစ္စက ငါ့သဘော နဲ့လည်း မပြီးပါဘူး။ သူ့အဖေကလည်း သဘောတူမှ ဖြစ်ဦးမှာပါ”
    အဘွားလေးသည် မတတ်သာသောကြောင့် အဖေ့ဘက်သို့ လှည့်ချလိုက်လေသည်။ ကျွန်တော့်မှာ တကယ်ပင် စန်းပွင့်လှပါသည်။ ဟုတ်ပါ၏။ ခပ်စိမ်းစိမ်းအပျိုကလေးများသည် အလှူ၊ မင်္ဂလာဆောင်။ ဘုရားပွဲတော် တို့၌ ကျွန်တော်နှင့် ဆုံမိကြလျှင် အချင်းချင်းလက်တိ့၍ မေးမြန်းကြ သည်ဟု ကျွန်တော့် မိတ်ဆွေ အမျိုးသမီးများထံမှ တဆင့်ကြားရပါသည်။

    ကျွန်တော်သည် ရွာတွင် ရေပန်းစားသူဖြစ်နေ၏။ ယင်းသို့ ဖြစ်ရခြင်းမှာလည်း ကျွန်တော်မှာ မြို့အရပ်များ သို့ ရောက်လေတိုင်း မြို့သားများ၏ ၀တ်င်ပုံကို ကြည့်ရှုမှတ်သားပြီး အတုယူခဲ့၏။ ရှပ်အင်္ကျီများကိုပင် ရွာတွင် မချုပ်၊ မြို့သို့သွား၍ ချုပ်သည်။ ဘိုကေကိုလည်း မြို့ဆိုင် သို့စရိတ်အကုန်ခံ သွားညှပ်သည်။ ထို့ကြောင့် အခြားသော ကာလသားများနှင့် ခြားနား မြို့ဆန်နေ လေသည်။ ယင်းကြောင့်လည်း အမျိုးသမီး များက ကျွန်တော့်ကို အာရုံစိုက်နေကြခြင်းဖြစ်ပေလိမ့် မည်။
    ယင်းသို့ ရှိစဉ်တွင် ကျွန်တော်၏ တည်ငြိမ်သော ဘ၀ထဲသို့ အနှောက်အယှက်တစ်ခုက ၀င်ရောက် လပြန်တော့၏။ ၎င်းမှာ နှင်းအေး သူမလင်နှင့် ကွဲကွာလာခြင်းပင်ဖြစ်လေသည်။
    နှင်းအေးသည် သူ့မိဘများထံ ပြန်ရောက်ပြီး နောက်နေ့ ညနေဘက်တွင် ကျွန်တော့်အိမ် သို့ ရောက်ရှိလာသည်။ နှင်းအေးမှာ အနည်းငယ်ပိတ်၍ သွားသည်မှလွဲ၍ ယခင်ကအတိုင်း လှမြဲလှနေ တုန်းပင်။

    “မောင်ဆန်း။ ညကျတို့အိမ် အလည်လာခဲ့ပါဦး”
    သူမသည် အဘွားလေးနှင့် အတော်ကြာ စကားပြောနေပြီးနောက် ပြန်ခါနီးတွင် ကျွန်တော့် အား စူးစူး စိုက်စိုက်ကြည့်ရင်း မှာသွားလေသည်။ ကျွန်တော်က ခေါင်းကို ညိမ့်ပြလိုက်မိ၏။.
    ညနေဘက်သို့ရောက်လေလျှင် ကျွန်တော့်စိတ်မှာ အလိုလို နှင်းအေးထံသို့ သွားချင်စိတ် ပေါက်နေသည်။ သူမ ၏ စူးစိုက်ကြည့်ရှုသွားသောအကြည့်မှာ ကျွန်တော်၏ အသည်းနှလုံးအား စွဲငြိနေပြန်တော့သည်။
    ကျွန်တော့်မှာ နှင်းအေးထံ မသွားတော့ဟု ဆုံးဖြတ်ထားသော် လည်း မှောင်တရီ အချိန် လောက် တွင် နှင်းအေးတို့အိမ်သို့ ရောက်ရှိခဲ့ရပါတော့၏။

    “ လာ လာ မောင်ဆန်း၊ အမေလည်း ခုပဲအပြင်ထွက်သွားတယ်”
    အိမ်လှေကား မှ တက်လာစဉ်တွင် နှင်းအေးက ကျွန်တော့်အား ဆီးကြိုခေါ်ငင်ပါသည်။ ကျွန်တော်သည် သူမ ကို အကဲခတ်ရင်းနှင့်ပင် အိမ်ပေါ်သို့ ရောက်ရှိခဲ့ရလေသည်။
    နှင်းအေးသည် ကျွန်တော့်အား စူးစူးစိုက်စိုက် ကြည့်နေ၏။ သူမမျက်လုံးတွင် ကြေကွဲသော အရိပ်များ ထင်ဟပ်နေသည်။
    “ထိုင်လေဟယ်။ နင်ကလည်း မတ်တတ်ကြီး”
    နှင်းအေးက ဤသို့ပြောတော့မှ ကျွန်တော်မှာ သက်ပြင်းကို မသိမဟာ ရှိုက်လိုက်ကာ သင်ပြူး ကလေးပေါ်၌ ထိုင်ချလိုက်ပါသည်။
    “တို့တွေလည်း လူချင်းကွဲသွားလိုက်ကြတာ အတော်ကြာတယ်နော်”

    နှင်းအေးသည် ကျွန်တော့်မျက်နှာကို ခပ်ငေးငေးစိုက်ကြည့်ရင်းပြောပါသည်။ ကျွန်တော်က ဘာမှမပြော ဘဲ သူမကို ပြန်ငေးကြည့်နေမိ၏။
    “ငါကတော့ နင့်ကိုတစ်နေ့မှ မမေ့ပါဘူး။ အမြဲသတိရပါတယ်”
    “အေး၊ ငါ့နားက ပင်းမနေသေးတော့ ကြားရတာပေါ့”
    ကျွန်တော်က နှုတ်ခမ်းကို ခပ်မဲ့မဲ့လုပ်ရင်း ပြန်ပြောလိုက်ရာ နှင်းအေးမျက်နှာမှာ သိသိ သာသာ ညှိုးကျသွားရှာလေသည်။
    “အေးလေ ငါ့စကားကို နင် ဘယ်ယုံတော့မလဲ”
    နှင်းအေး၏ အသံမှာ ငိုသံပင်ပါလာသည် ထင်၏။ မူလအသံထက် အားနည်း၍ တုန်နေ သည်။

    “အလကားပြောတာပါ နှင်းအေးရာ။ ငါယုံပါတယ်။ ငါကလည်း နင့်ကို အမြဲသတိရလျက် ပါပဲ”
    “တကယ် နင် ငါ့ကို သတိရသလား မောင်ဆန်း”
    သူမအသံ မှာ အားတက်ဝမ်းသာသံဖြစ်၍ သူမမျက်လုံးများကလည်း အရောင်တောက်ပနေ လေသည်။
    “တကယ်ပါ နှင်းအေး။ နင် လက်ထပ်တဲ့နေ့ကဆိုရင် ငါ့အသည်းနှလုံးတွေဟာ ပြုတ်ကြွေ ကုန်ပြီလို့ ထင်ရတယ်။ ငါ့ရင်ထဲက မီးတောက်နေတယ်”
    ကျွန်တော်သည် ဤစကားစုများကို ထုတ်ဖော်၍ ပြောခဲ့သည်မဟုတ်ဘဲ အစီအစဉ်နှင့် လည်ချောင်းဆီသို့ ပြုံတက် လာကြခြင်းသာဖြစ်လေသည်။ သူမအမေးကိုတော့ ခေါင်းညိမ့်၍ အဖြေ ပေးခဲ့ပါသည်။
    “ငါ ၀မ်းသာလိုက်တာဟယ်”

    သူမက ညင်သာသောအသံနှင့် ပြန်ပြောပါသည်။
    “ငါလေ သူနဲ့ဘယ်တော့မှ ပြန်မပေါင်းတော့ဘူး သိရဲ့လား”
    “ဒီလိုလဲ ဘယ်ဟုတ်မလဲ နှင်းအေးရာ။ လင်နဲ့မယားဆိုတာ …”
    “အို ဘာလင်မယားလဲ။ သူနဲ့ငါ လင်မယားမဟုတ်တော့ဘူး။ ဘာမှ မဆိုင်ဘူး။ ပိုက်ဆံချမ်း သာတဲ့ လူများ ကောင်းကို မကောင်းဘူး”
    နှင်းအေး၏ မျက်နှာတွင် ဒေါသရိပ်များ သန်းလျက်နှင့် ကျွန်တော့် စကားမဆုံးမီ မဲ့ကာရွံ့ကာ ၀င်ဖြတ်ပြောပါလေသည်။ ကျွန်တော်သည် နှင်းအေးအား စိုက်ကြည့်ရင်း သက်ပြင်းချ လိုက်မိပါသည်။ ယင်းသို့ ရှိစဉ် ဒေါ်သန်းမြိုင် ပြန်ရောက်လာလေသည်။

    “အလို မောင်ဆန်းပါလား။ တို့အိမ်များ ခြေဦးလှည့်မလာတာ ကြာခဲ့ပါပြီ။ ခုမှပဲ ပေါ်လာ တော့တယ်”
    “ခုတောင်မှ သူ့ဟာသူလာတာ မဟုတ်ပါဘူး အမေရဲ့။ ကျွန်မ ညနေက သွားခေါ်လို့ လာတာ”
    “အေးအေး၊ စကားပြောနေကြ”
    ဒေါ်သန်းမြိုင်၏ ကြည့်ပုံရှုပုနှင့် ဆက်ဆံရေးမှာ ကျွန်တော့်မပေါ်တွင် ယခင်ကနှင့် မတူ၊ ပြောင်းလဲနေသည် ဟုထင်သည်။ ယခင်ကဆိုလျှင် ယခုလို နှင်းအေးနှင့် ကျွန်တော် စကားနှစ်ယောက် တည်း ပြောနေပုံမျိုးကိုတွေ့လျှင် သဘောမကျသည့် အရိပ်အယောင်များကို ပြသည်။ ပြီးနောက် ဥပါယ် တမျဉ်ငြဖ့် အကြောင်းတစ်ခုခုရှာကာ ကျွန်တော်နှင့် ကွဲကွာသွားအောင် နှင်းအေးအား ခိုင်းစေတတ်သည်။ ယခုတော့မူ နှစ်ယောက်တည်း စကားပြောခွင့်ကိုပင် ပေးထား သည်မဟုတ်ပါလား။ ကျွန်တော် သည် ပြောင်းလဲတတ်သော စိတ်သဘောများကို စဉ်းစားနေမိ သည်။

    “မောင်ဆန်းရေ၊ မင်းအဖေ နေကောင်းရဲ့လား”
    နှင်းအေးနှင့် ကျွန်တော် စကားပြောနေ၍ အချိန် အတော်ကြာသွားလေ ရာ ဒေါ်သန်းမြိုင် ပြန်ရောက်လာပြီး မေးလေသည်။
    “ဟုတ်ကဲ့ ဒေါ်ဒေါ်၊ နေကောင်းပါတယ်”
    “အင်း၊ မင်းတို့ သားအဖ နှစ်ယောက်တည်းကျမှ စီးပွားတော်တော် တက်တယ်နော်။ လယ်တွေ ဘာတွေ ပြန်ပေါ်ပြီလား”
    “ပြန်ဝယ်မယ်ဆိုရင်တော့ ၀ယ်နိုင်ပါတယ်။ ဒါပေမယ့် အဖေက လယ်ပြန်မ၀ယ်သေးဘဲ ငွေကို တိုးသထက် တိုးအောင် လုပ်ဦးမယ်တဲ့”
    “အေး အေး ကောင်းတယ်၊ ငွေရှိရင် ငွေတိုးတာပဲ”
    ကျွန်တော်နှင့် ဒေါ်သန်းမြိုင် စကားပြောနေစဉ် နှင်းအေးသည် ကျွန်တော့်အနီးမှ ထသွား လေတော့သည်။

    “အဒေါ်တို့တော့ကွယ် စီးပွားရေး သိပ်ကိုအဆင်မပြေပါဘူး။ ဒီကြားထဲ နှင်းအေးကို အိမ် ထောင်ချပေးမိတဲ့ အတွက် လဲ အဒေါ့်မှာ တစ်သက်သက် စိတ်မကောင်းဖြစ်နေရတယ်”
    ဒေါ်သန်းမြိုင်က ဤသို့ ပြောသော်လည်း ကျွန်တော်က ဘာမျှပြန်မပြောဘဲ ငြိမ်၍ နားထောင်နေ ပါသည်။ ဒေါ်သန်းမြိုင်သည် ကျွန်တော့်အား စိုက်ကြည့်လိုက်ပြီး သက်ပြင်းကို မသိ မသာရှိုက်ကာ စကားဆက်ပြန်လေသည်။
    “ပိုက်ဆံချမ်းသာတဲ့လူများ စိတ်ကောင်းမရှိကြပါဘူးကွယ်။ အဒေါ်တို့က ကိုယ့်သမီး ကလေးကို ရွှေပေါ်မြတင် မခိုင်းရက်၊ မစေရက်၊ မပြောရက်၊ ထားခဲ့တာမို့လား။ သူတို့ လက်ထဲ လည်းရောက်ရော သူတို့က ငွေဝယ်ကျွန် သဘောမျိုး ခိုင်းကြတယ်။ ပြီး နှင်းအေးယောက်ျားကလည်း ရိုးမလိုလို နဲ့ သောက်လိုက်တ့အရက်၊ ရိုက်လိုက်တဲ့ဖဲ၊ မပြောပါနဲ့ တော့”
    ဒေါ်သန်းမြိုင်သည် ပြောရင်းပြောရင်း ဆို့နင့်သံပါလာသည်နှင့် စကားကို ရပ်ပစ်လိုက် သည်။

    “အင်း၊ အိမ်ကဟာ မလိမ္မာလို့ ငါ့သမီးကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်ဖြစ်ရတယ်”
    ဒေါ်သန်းမြိုင်သည် ဤသို့ပြောပြီး မျက်လုံးအိမ်အတွင်းတွင် မျက်ရည်များ ရစ်ဝိုင်း၍ လာလေသည်။
    “တော်ပြီ တော်ပြီ။ သမီးကို အပြီးအပြတ် ဒီကောင်နဲ့ ကွာခိုင်းပြီး သူနှစ်သက်တဲ့ လူနဲ့ပဲ ပေးစားလိုက်မယ်”
    ဒေါ်သန်းမြိုင် က ဤစကားစုများကို ငိုသံပါနှင့် ပြောလေသည်။ ကျွန်တော့်မှာ ဒေါ်သန်းမြိုင် အားကြည့် ရင်း စိတ်မောနေရ၏။
    ကျွန်တော်သည် စိတ်မောရုံသာမက ဦးနှောက်လည်း ရီဝေလာ၏။ ခေါင်းလည်း ကိုက်လာ သည်။ ထို့ကြောင့် နှင်းအေး အခန်းတွင်းမှ ပြန်ထွက်လာသောအခါ နှင်းအေးနှင့် ဒေါ်သန်းမြိုင်တို့ကို နှုတ်ဆက်ပြီး အိမ် သို့ ပြန်လာခဲ့သည်။
    အိမ်ရောက်လျှင်ရောက်ခြင်း အိပ်ခန်းတွင်းသို့ တန်းဝင်ခဲ့ကာ အိပ်ရာပေါ်၌ ကိုယ်ကိုပစ်လှဲ လိုက်ပြီး နှင်းအေးအကြောင်းကို စဉ်းစားသည်။ ယခုအခါ၌တော့ နှင်းအေးအား ကျွန်တော်အလိုရှိ လျှင် ရနိုင်သော အခြေသို့ရောက်ရှိနေပြီ။ သို့သော် သူမသည် အပျိုစင်မဟုတ်တော့၊ တစ်ခုလပ်ဟု ဆိုရမည်ဖြစ်သော်လည်း သူမလင်နှင့် တိတိလင်းလင်း ကွာရှင်းပြီးသည် မဟုတ်သေးပေ။

    နှင်းအေးအား ဟိုတုန်းက ပိုးပန်းကြသော ကာလသား လူပျိုများသည် ယခုလိုနှင်းအေး တစ်ခုလပ်ဖြစ် လာသောအခါတွင် အနားသို့လည်း မသီကြ။ စကားတည်းတွင်ပင် ထည့်၍ပြောသူက အလွန်နည်း သည်။ ပြောပြန်လျှင်လည်း “ကောင်းတယ်၊ ငွေမက်တဲ့ကောင်မ ထိပြီမို့လား”ဟူသော ကဲ့ရဲ့ရှုံချ စကားများ သာတည်း။
    ဘယ်ကာလသား လူပျိုတစ်ဦးတစ်ယောက်မှ စိတ်မ၀င်စားလောက်အောင် နှင်းအေး၏ ဂုဏ်သိက္ခာက ကျဆင်းနေ သည်။ ကျွန်တော့်မှာ အပျိုတော်များများက စိတ်ဝင်စားခြင်းခံရသည်။ အမျိုးသမီးတို့၏ မိဘများ က သဘောတူသည်။ ဤလို နှင်းအေးကျချိန်နှင့် ကျွန်တော်တက်ချိန်တွင် ဖြစ်လေသည်။ အမှန်မှာ ကျွန်တော့်အနေနှင့် နှင်းအေးအား စိတ်ကူးတည်း၌ပင် ထည့်၍စဉ်းစား စရာမလိုသော အချိန်ဖြစ်သည်။ ဒါပေမယ့် ကျွန်တော် နှင်းအေးအကြောင်းကို စဉ်းစားနေရသည်။ နှင်းအေးသည် ကျွန်တော်၏ အသည်းစွဲ ချစ်ခဲ့သူပင် မဟုတ်ပါလား။ ကျွန်တော်ချစ်သော နှင်းအေး ကျဆင်းနေချိန်၌ မြင့်တက်နေသော ကျွန်တော်က လျစ်လျူရှုကာ ဥပက္ခာမလုပ်သင့်ဟု ထင်သည်။
    အကယ်၍ ကျွန်တော်သဘောနှင့်သာ ဆုံးဖြတ်ရလျှင် ဘာပဲဖြစ်ဖြစ် နှင်းအေးအား ကျွန်တော် လက်ထပ်နိုင်သည်။ ပေါင်းသင်းနိုင်သည်။ ဒါပေမယ့် ကျွန်တော့်တွင် အဖေရှိသေးသည်။ အဖွားရှိသေးသည်။ အဖွားလေး၊ အဖိုးလေးတို့အပြင် ပတ်ဝန်းကျင်၌ တိုင်ပင်ရမည့်သူများရှိကြပေ သေးသည်။

    ပထမဦးဆုံး ကျွန်တော် ကိုသန်းမောင်၏ညီ ကျွန်တော်နှင့်ညီ တစ်ဝမ်းကွဲတော်သူ မောင်အုန်းမောင်ကို တိုင်ပင်ကြည့်သည်။ မောင်အုန်းမောင်က ကန့်ကွက်၏။
    “သူများစွန့်ပစ်လိုက်တဲ့ ပစ္စည်းတစ်ခုကို မင်းလိုလူတစ်ယောက်က ကောက်ယူရမယ်ဆိုတာ မကောင်း ပါဘူးကွာ။ မင်းရဲ့ ဂုဏ်သိက္ခာသာမကဘူး၊ တို့တစ်မျိုးလုံးရဲ့ ဂုဏ်သိက္ခကိုပါ ထိခိုက်လိမ့်မယ်”
    မောင်အုန်းမောင်၏ အကြောင်းပြချက်မှာ မှန်သည်။ ကျွန်တော်မှာ ရွာ၌ရှိသော ဂုဏ်သရေရှိ အပျိုချော တစ်ယောက်ယောက်ကို ခေါင်းခေါက်၍ လက်ထပ်ယူနိုင်သော အချိန်တွင် နှင်းအေးလို ကျဆင်းနေသော တစ်လင်ကွာ အမျိုးသမီး ကို လက်ထပ်လိုက်ပါက မိဘဆွေမျိုးများပင် ဂုဏ်ငယ်နိုင်စရာဖြစ်ပေသည်။ သို့သော် ကျွန်တော် က အုန်းမောင်၏ ကန့်ကွက် ချက်ကို လက်မခံလိုပါ။

    ထိုအကြောင်းကို အဖေ၊ အဖွားနှင့် အဖွားလေး၊ အဖိုးလေးတို့အား တိုင်ပင်သည်။ အိမ် ထောင်ရေး၌ လွတ်လပ်ခွင့်ပေး လိုသော အဖိုးလေး တစ်ယောက်ကသာ သဘောတူပြီး ကျန်လူ များက အပြင်းအထန် ကန့်ကွက်ကြသည်။ အဖေသည် အသည်းဆုံးဖြတ်၏။
    “ဟေ့၊ သူတို့ အခြေအနေ ကောင်းနေတုန်းက မင်းကို ဖုတ်လေတဲ့ငါးပိ ရှိလေတယ်မှ သဘော မထားကြဘဲဥစ္စာ။ မင်းက ဘာပြုလို့ ပြန်ဆက်ဆံချင်တာလဲ” ဟုပင် ဒေါနှင့်မောနှင့် ပြောပါ သည်။
    ကျွန်တော့်မှာ နှင်းအေးအတွက်နှင့် စိတ်ဆင်းရဲရပြန်ပြီ။ နှင်းအေးအား ကျွန်တော်ချစ်သည်။ ကျွန်တော့် အချစ်၌ ပျို၊ အို၊ ဂုဏ်မြင့်၊ ဂုဏ်နိမ့်ခွဲခြားမှုမရှိ။ ဒါပေမယ့် ကျွန်တော့် ပတ်ဝန်းကျင်မှာ ကျွန်တော်ကဲ့သို့ မဟုတ်ပါချေ။ သူတို့သည် အခြားလူသားများလိုပင် မာနရှိကြသည်။ အဆင့်အတန်း ခွဲလိုကြသည်။

    ကျွန်တော့်မှာ နှင်းအေးတို့အိမ်သို့ ခပ်မှန်မှန်ပင် ၀င်ထွက်သွားလာနေ ခဲ့ သည်။ နှင်းအေးရော ဒေါ်သန်းမြိုင်ပါ ကျွန်တော့်အား အရေးတယူ ဂရုတစိုက် ရှိကြသည်။ ရွာမှ အတင်း အဖျင်းပြော တတ်သူများသည် ကျွန်တော် သူများစွန့်ပစ်ထားသော အုန်းမှုတ်ခွက်ကို ကောက်တော့ မည်ဟု သတင်း စကားဖြန့်ကြသည်။ အဖေနှင့် အဖွားလေးတို့သည် ကျွန်တော့်အား နှင်းအေးအိမ် မသွားဖို့ ကန့်ကွက်ကြ သည်။ ထိုကန့်ကွက်ချက်ကိုတော့ ကျွန်တော် လက်မခံနိုင်။ ကျွန်တော့်အဖို့ နှင်းအေးနှင့် လက်မထပ် ရသည့်တိုင် နှင်းအေး၏ အလှကို ရှုကြည့်ရင်း နှစ်သိမ့်နေရပါသည်။

    တစ်ခါတစ်ခါတွင် ကျွန်တော့်မှာ နှင်းအေးအား ဇွတ်လက်ထပ်ချင်စိတ် ဖြစ်ပေါ်လာမိသည်။ မိဘများက စွန့်လွှတ် လိုပါက စွန့်လွှတ်ပါစေ။ ပတ်ဝန်းကျင်က ရှုတ်ချပါစေ။ ကျွန်တော် ဂရုမစိုက်လို။ ကျွန်တော့်အဖို့ တစ်ခု ခက်နေသည်က နှင်းအေးသည် သူမ လင်ယောက်ျားနှင့် တရား ၀င်ကွာရှင်းပြီးခြင်း မရှိသေးခြင်း ပင် ဖြစ်လေသည်။ ဒေါ်သန်းမြိုင်နှင့် နှင်းအေးတို့သည် တရားဝင် ကွာရှင်းနိုင်ရေးအတွက် ကြိုးပမ်းကြသော် လည်း နှင်းအေးယောက်ျားက ကွာမပေးဘဲ ကပ်နေ သည်။
    နှင်းအေးယောက်ျားသည် ကွာမပေးရုံသာမက လူမိုက်များကိုပင် ငွေပေး၍ ကျွန်တော့်အား သတ်ခိုင်း သည်။ ဒါကို ကျွန်တော် သိသော်လည်း နှင်းအေးတို့အိမ်သို့ ၀င်မြဲထွက်မြဲပင် လုပ်နေခဲ့ သည်။
    မြနှစ် သည် သူမနှင့်စပ်ထားသော တောခေါင်းနှင့် လက်ထပ်။ ထိုအကြောင်းကို စကားစပ် မိသော အခါ နှင်းအေးက မြနှစ်အား သနားကြောင်းပြောသည်။

    “မြနှစ်ကို ကိုယ်ချင်းစာပြီး သနားမိတယ်။ လောကမှာ ကိုယ့်ချစ်သူမဟုတ်ဘဲ လင်တော် ရတာဟာ စိတ် အဆင်းရဲဆုံးပဲ။ တကယ်လို့ ငါနောက်အိမ်ထောင်ပြုလို့ သမီးလေးများမွေးရင် သူချစ်တဲ့လူကိုပဲ ပေးစားမယ်။ ဘာကောင်ဖြစ်ဖြစ်”
    “နင်က နောက်အိမ်ထောင်ပြုဖို့များ စဉ်းစားသေးသလား”
    ကျွန်တော်က သူမအား ပြုံးကြည့်ရင်း မေးလိုက်သည်။
    “အို၊ ကိုယ်ချစ်တဲ့လူနဲ့ဆို ပြုဦးမှာပေါ့။ အိမ်ထောင်သာ ကျခဲ့ရတယ်။ အချစ်အရသာကို ဘာမှ မခံစားရသေးဘူးပဲလို့”
    “နင့်မှာ ချစ်တဲ့သူကော ရှိသလား”
    “ရှိတာပေါ့ဟ။ ဒါပေမယ့် သူက ငါ့ကို တစ်ခါမှ ချစ်စကားစမပြောလို့ ခက်နေတာ”
    နှင်းအေးက ကျွန်တော့်အား မျက်လွှာပင့်ကြည့်ပြီး ပြောလေသည်။
    “သူကသာ ဆွတ်လိုက်ရင် နင်က ညွတ်လိုက်မှာပဲလား”
    “အို၊ ဘယ်ပြောကောင်းမလဲ။ တစ်ပင်လုံးကို ဖိချလိုက်မယ်။ ဟီး … ဟီး”
    သူမသည် ဤသို့ပြောပြီး မျက်နှာ၌ ရှက်သွေးဖြန်းတက်သွားလေသည်။ ကျွန်တော်က သက်ပြင်း ချလိုက်မိသည်။
    “ခက်တာက နင့်ယောက်ျားနဲ့က မပြတ်မသားဆိုတော့ ဆွတ်တဲ့လူကလဲ ဆွတ်ဝံ့မှာ မဟုတ်ဘူးဟ။ တော်ကြာ မယားခိုးမှုနဲ့ တရားစွဲနေရင် ဒုက္ခ”
    ကျွန်တော်က ဤသို့ပောလိုက်လေရာ နှင်းအေး၏ မျက်နှာလေးမှာ ညှိုးကျသွားရှာလေ သည်။

    “အေးဟယ် ဒီမသာကလဲ၊ လူချင်း အဆင်မပြေလို့ မပေါင်းနိုင်တော့ပါဘူးဆိုတာ ဘာကြောင့်များ ဒီလောက်ကပ်နေရတယ် မသိဘူး”
    နှင်းအေးက ညည်းသံနှင့် ပြောရှာလေသည်။ ကျွန်တော့်မှ နှင်းအေးအား ပို၍ သနား စိတ် ဖြစ်လာမိသည်။ နှင်းအေးမှာ သူမ မိဘများ၏ စီးပွားရေးအခက်အခဲဖြေရှင်းမှု၌ တန်ဆာဝင်၍ ခံနေ ရရှာသော ဒုက္ခသည်ကလေးပင် မဟုတ်ပါလား။ ကျွန်တော်သည် သူမအား ဤ၀ဋ်ကြွေးမှ လွတ် မြောက်အာင် ကယ်တင်လိုလှပေသည်။ ဒါပေမယ့် ကျွန်တော့်မှာ မယားခိုးအဖြစ် အကျော်ဒေးယျ ဖြစ်လောက်အောင် သတ္တိမရှိခဲ့ပါချေ။
    နှင်းအေး  ကျွန်တော့်အဖို့ သဲပြင်ထဲမှ ဒိန်ခဲဖြစ်နေသည်။ ဟုတ်ပါ၏။ ပစ်ရမှာလည်း အဆီ နှင့်ဝင်းဝင်း။ စားရမှာလည်း သဲနှင့်ရှပ်ရှပ်ပါတကား။
    ကျွန်တော်သည် သက်ပြင်းကို အကြိမ်ကြိမ်ချရင်းနှင့်ပင် သူမအား နှုတ်ဆက်ပြီး နေအိမ်သို့ ပြန်ခဲ့ရသည်။

    ကျွန်တော့်အဖို့ သောကရောက်စရာများက ပိုမိုဆင့်ကဲ လာပြန်တော့သည်။ နှင်းအေး ယောက်ျားက ကျွန်တော့်အား သတ်ဖို့ ဖြတ်ဖို့ ကြံလာသောသတင်းကို အဖေကြားရသောအခါ အဖေသည် ကျွန်တော့်ကို အမြန်ဆုံး နေရာချထားပေးရန် စိုင်းပြင်းပါလေတော့သည်။
    ထိုအတွင်းတွင် ရွှေဆိုင်ရှင်၏ သမီး ခင်စန်းကြည်သည် အဖွားလေးမှတစ်ဆင့် ကျွန်တော် နှင့် စပ်စားလာ သည်။ အဖွားလေးနှင့် အဖေမှာ ဆွေ့ဆွေ့ခုန်မတတ် ခင်စန်းကြည်နှင့် ကျွန်တော့် အား သဘော တူကြလေသည်။ အဖေနှင့် အဖွားလေးတို့သည် ကျွန်တော့်ကိုပင် တိုင်ပင်ခြင်းမပြုဘဲ ထိုစပ်ဟပ်ချက်ကို သူတို့သဘောနှင့်သူတို့ လက်ခံလိုက်ကြလေသည်။
    “ဟာ အဖေတို့ ကျွန်တော့်ကို ဘာမှမပြောဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တာတော့ မကောင်းဘူး”
    ကျွန်တော်က  အပြစ်တင်စကား ဆိုလိုက်လေရာ အဖေသည် အလွန်ဒေါပွသွား၏။

    “အံမာ မင်းကပဲ အပြစ်တင်ရတယ်ရှိသေးသလား။ ဒီကလေးမလေးကို ငါသဘောကျနေ တာကြာလှပြီ။ သူတို့က တို့ထက် ချမ်းသာတဲ့အပြင် ရွာပေါ်မှာ သြဇာတိက္ကမ ရှိတဲ့လူတွေမို့ မပြော ရဲလို့နေခဲ့ရတာ။ ခုလို ဖုတ်သွင်းရထားဆိုက်တာကိုမှ ရှောင်ချင်သေးတယ်ဆိုရင် မင်းထက် မိုက်တဲ့ လူဒီလောကမှာ ရှိတော့မယ် မဟုတ်ဘူး”
    “ဟိုတစ်ခါလဲ အဖေသဘောကျလို့ပဲမို့လား။ ယောက်ျားနောက်လိုက်ပြေးသွားလို့ ကျွန်တော် အချောင် ကျန်ရစ်ဖြစ်ခဲ့ရတာ။ ဒီတစ်ခါ …”
    “ဒါက အဲလို မဟုတ်ဘူးကွ။ ကလေးမလေးကိုယ်က မင်းကို သဘောကျတယ်တဲ့”
    ကျွန်တော့်စကား မဆုံးမီ အဖေကဖြတ်၍ ပြောလိုက်ရာ ကျွန်တော့်မှာ သက်ပြင်းကိုသာ ရှိုက်ရှုလိုက်မိပါတော့သည်။ အမှန်တော့ ခင်စန်းကြည်မှာ ကျွန်တော့်ဘက် က ငြင်းစရာကောင်း လောက်သော အမျိုးသမီး တစ်ယောက် မဟုတ်ချေ။ သူမ မိဘများက ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ ရုံသာ မဟုတ်။ သူမ၏ ရုပ်ဆင်းကလည်း လှပပြေပြစ်ပေသည်။ သူမအသက်မှာ ၁၆ နှစ်ကျော်ကျော် မျှသာ ရှိသေး၍ အသားက ဖြူဖွေးနေသည်။ ကိုယ်ထည်မှာ ခပ်လုံးလုံးရှိ၍ မျက်နှာ နည်းနည်းကောက် သည်မှလွဲလျှင် ကြည့်ကောင်းသူဖြစ်လေသည်။ အ၀တ်အစား ပြောင်လက် ၍ ရွှေတွေ များများ ၀တ်နိုင်ခြင်းတို့ကြောင့်လည်း ပို၍ထင်ပေါ်နေရလေသည်။ ရွာရှိ ကာလသားများမှာ သူမကိုသာ ရမည် ဆိုက အချိန်မရွေး လက်ထပ်ကြဖို့ ရှိနေကြသည်။

    အကယ်၍ နှင်းအေးသာ သူမယောက်ျားနှင့် အတူရှိနေသေးမည်ဆိုက ကျွန်တော်သည် ခင်စန်းကြည်အား အလွယ်နှင့်ပင် လက်ထပ်ဖို့ သဘောတူမိပေမည်။ ယခုတော့မူ ကျွန်တော်ချစ် သော နှင်းအေးမှလွဲ၍ မည်သူ့အားမျှ လက်မထပ်လိုတော့ပါ။
    ကျွန်တော်မှာ စိတ်ဆင်းရဲ ပင်ပန်းလှ၏။ ထိုအထဲတွင် ကျွန်တော်နှင့် ခင်စန်းကြည်တို့ လူကြီးချင်း စပ်စားပြီးကြပြီ ဟူသော သတင်းမှာလည်း တစ်ရွာလုံး ပျံ့နှံ့သွားလေသည်။
    “မောင်ဆန်း၊ နင် အိမ်ထောင်ပြုတော့မယ်ဆို”
    တစ်ည ကျွန်တော် နှင်းအေးထံသို့ ရောက်ရှိသွားလေရာ နှင်းအေးက နွမ်းလှညှိုးငယ်သော မျက်နှာနှင့် ဆီး၍မေးလေသည်။
    လူကြီးတွေက လုပ်နေကြတာပါဟာ။ ငါအနေနဲ့တော့ ဘာမှ မဆုံးဖြတ်နိုင်သေးပါဘူး”
    ကျွန်တော်ကလည်း စိတ်ပျက်စွာနှင့်ပင် ပြန်၍ ပြောလိုက်ပါသည်။

    “နင် ကံကောင်းပါတယ်ဟယ်။ ခင်စန်းကြည်က လှလည်းလှ၊ သူ့မိဘတွေကလဲ ချမ်းသာ ဆိုတော့”
    “တော်တော် နှင်းအေး။ အချစ် ဆိုတာ လှတာ ချမ်းသာတာနဲ့ မဆိုင်ဘူးဆိုတာ  နင် အသိဆုံး”
    ကျွန်တော်က စိတ်ဆိုးစွာပင် အော်ငေါက်ပြောမိပါသည်။ နှင်းအေးသည် ဘာမျှမပြောတော့ ဘဲ ခေါင်းကလေးငဲ့ကာ ဖျာကို လက်သဲနှင့် ကုတ်ခြစ်နေလေသည်။
    “တောက်၊ ငါ့ဘ၀ကိုက အဆင်မပြေချင်လှပါဘူး နှင်းအေးရာ၊ ငါ ဒီရွာက အမြန်ဆုံး ထွက် ပြေးသွားချင်ပါပြီ”
    ကျွန်တော်က တောက်ခေါက်၍ ညည်းညူလိုက်လေရာ နှင်းအေးသည် ခေါင်းကလေး မော့ ထောင်လာပြီး မျက်လွှာ ပင့်၍ ကျွန်တော့်ကို ကြည့်သည်တွင် သူမမျက်လုံးအိမ်၌ မျက်ရည် များ ပြည့်လျှံနေသည် ကို မြင်တွေ့ရသောကြောင့် ကျွန်တော့်ရင်မှာလည်း ဆို့နင့်၍ သွားရတော့သည်။

ဆက်ရန်
Ref: ရွှေစင်ဦး

Wednesday, 25 September 2013

ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၃)/ တင့်ဆန်း

ကျွန်တော်၏ အဘိုးနှင့်အဘွားမှာ ရွာ၏ မြောက်ဘက်ရွာနှင့် ၂ မိုင်ကျော်ကျော်ဝေးသော ခုံကြီးခေါ်အရပ်နှင့် ငမိုးရိပ်ကမ်းခြေတွင် လယ်အလုပ်ကို လုပ်ကိုင်နေကြသည်။ အဘွားလေးနှင့် အဘိုးလေးမှာ ထိုခုံကြီးအရပ်တွင်ပင် ဖြစ်သော်လည်း အဘိုးအဘွားတို့ လယ်တဲနှင့် သူတို့လယ်တဲ မှာ တစ်မိုင်ခွဲခန့် ကွာဝေးလေသည်။ သူတို့သည်လည်း ငမိုးရိပ်၏ ကမ်းစပ်တွင်ပင် လယ်တဲဆောက် လုပ်၍ လယ်အလုပ်ကို လုပ်ကိုင်ကြလေသည်။ ထို့ကြောင့် ကျွန်တော့်မှာ ငယ်စဉ်သိတတ်သည့် အရွယ်ကပင် တစ်လလျှင် အဖေ အမေထံတွင် ဆယ်ရက်၊ အဘိုးအဘွား ထံတွင် ဆယ်ရက်၊ အဘိုးလေး အဘွားလေးထံတွင် ဆယ်ရက်စီ လှည့်လည်၍ နေထိုင်ခဲ့ရပါသည်။

    ယင်းသို့ နေထိုင်ခဲ့ရာမှ အမေ အဖေ့ထံမှ အဘွားလာရောက်ခေါ်သွားစတွင် အဘွားနှင့် အဘိုးကို၎င်း၊ အဖေအမေ ကို၎င်း၊ လွမ်း၍ငိုရသည်။ အဘိုးလေး အဘွားလေးတို့ထံမှ အမေက လာခေါ်ပြန်လျှင်လည်း အဘိုးလေး အဘွားလေးနှင့် အဘွားအဘိုးများကို လွမ်း၍ ငိုသည်။ ထိုသို့ ဖြင့် ကျွန်တော့်မှာ တစ်လလျှင် အနည်းဆုံးလွမ်း ၍ သုံးခါငိုရစမြဲပင်။
    ကျွန်တော့်အား တစ်အိမ်မှ တစ်အိမ်ကလာ၍ ခေါ်လေတိုင်း ကျန်ရစ်ခဲ့သော လူကြီးများမှာ လည်း မျက်နှာ မရွှင်မလန်းနှင့် ဖြစ်ကျန်ခဲ့ကြလေသည်။ အထူးသဖြင့် ကျွန်တော်သည် အဘိုးနှင့် နေရသည်ကို အပျော်ပိုက် ဆုံးဖြစ်သည်။ အဘိုးသည် ဇာတ်နိပါတ် ရာဇ၀င်နှင့် ပုံပြင်များကို ညစဉ် ညတိုင်း ပြောပြပြီး ကျွန်တော့်အား သိပ်လေသောကြောင့်ပင်။

    အမေနှင့် အဘွားတို့မှာ စာတတ်သူများ မဟုတ်ကြ။ အဖေသည် တရားဓမ္မ၌ ၀ါသနာထုံ သူဖြစ်၍ ကျွန်တော့် အား ထွဋ်ခေါင်ဆရာတော်၏ သ့ဝေဂသံပေါက်များ၊ “ယံမင်္ဂလာ”အစရှိသော မင်္ဂလာသုတ် ပါဠိများကို နှုတ်တိုက် သင်ပေးထားဘူးလေရာ ညဘက်တွင် တစ်ရပ်တစ်ရွာမှ ညအိပ် လာရောက် ကောက်စိုက်ကြသော ကောက်စိုက်မများအား ကျွန်တော်က ဆို၍ပြလေရာ ကောက် စိုက်သမ များ က အလုပ်ရှင်၏ သားဖြစ်၍လားမသိ ကျွန်တော့်အား ချီးကျူးစကားဆိုကြလေသည်။

    အဘိုးလေး အဘွားလေးတို့မှာ ကျွန်တော့်အား အစားအစာကောင်းများကျွေးသည်။ ကစား စရာများကို ဖန်တီး လုပ်ကိုင်ပေးသည်။ ထို့ကြောင့် ကျွန်တော့်မှာ တစ်အိမ်တွင် တစ်မျိုး ပျော်ပိုက် ခဲ့ရပါ၏။
    ကျွန်တော် မူလတန်းကျောင်းရောက်၍ တစ်လကျော်ခန့်ကြာသောအခါ အဖေသည် ကျွန်တော့်အား ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ပြောင်း၍ ထားပြန်သည်။ ကျွန်တော်သတိရသည် မှာ မူလတန်းကျောင်းအုပ် ဆရာသည် ကျောင်းသားများအား ပညာကောင်းစွာ သင်မပေးဘဲ ဖဲရိုက်နေတက်သောကြောင့် တစ်ကြောင်း၊ ရွာဦးကျောင်းဘုန်းတော်ကြီးကျောင်းမှာ အစိုးရ အသိအမှတ်ပြုသော ကျောင်း မဟုတ်သော် လည်း ဦးပဉ္စင်းတစ်ပါးက အစိုးရကျောင်းကဲ့သို့ပင် လောကီစာပေများကို သင်ကြားပေးသောကြောင့် ဟုပင် ဖြစ်လေသည်။

    မိုးတွင်းလေးလ၌ ကျွန်တော်သည် အဘွားလေးနှင့် နှစ်လ အဘွားနှင့် နှစ်လနေခဲ့ရပါ၏။ ထိုလေးလအတွင်း ကျွန်တော်သည် လောကုတ္တရာ စာပေ၌ အောင်ခြင်းရှစ်ပါးအထိ သင် ၍ လောကီစာပေ၌ ပထမတန်းဖတ်စာနှင့် အပေါင်းအနှုတ်များ ကို တတ်မြောက်ခဲ့ပါသည်။
    သီတင်ကျွတ် ကျောင်းပိတ်ရက် ကုန်ဆုံးပြီးသောအခါ ကျွန်တော်တို့အား လောကီစာပေ သင်ကြားပေးသော ဦပဉ္စင်းကြီးမှာ ဒကာဒကာမများနှင့် ကောင်းစွာမသင့်သဖြင့် ဘုရားကုန်း ရွာသို့ ပြောင်းရွှေ့ သွားလေသည်။ ဘုရားကုန်းရွာမှာ ကျွန်တော်တို့ ဖောင်ကြီးရွာနှင့် ဆိုလျှင် ၃မိုင် ခွဲခန့် ကွာဝေး ၏။

    ရွာဦးကျောင်းတွင် နေခဲ့ရာ၌ ကျွန်တော်တို့မှာ လောကုတ္တရာ စာပေကိုသာ အနည်းအပါး သင်ရပြီးနောက် ဆော့ကစား၍ ၄င်း၊ ဆွမ်းအိုးထမ်းသပိတ်ပိုက် ဘုန်းတော်ကြီးများနှင့် အလှူ လိုက် ဖြင့် တစ်ဆောင်း တစ်နွေကုန်ခဲ့ရလေတော့သည်။
    အဖေသည် ကျွန်တော်၏ ပညာသင်ကြားရသော အခြေအနေကို သိသောအခါ အားမလို အားမရ ရှိနေလေ သည်။ သို့သော်လည်း ဘုရားကုန်းကျောင်းသို့ ပြောင်းထားရန်ကို အဘိုးလေးမှ အပ အားလုံးက ကန့်ကွက်ကြသောကြောင့် အဖေသည် ဘာမျှမတတ်နိုင်ရှာဘဲ နေရ၏။ ရွာမှ မူလ တန်းကျောင်းသည်လည်း ဆရာ ၏ အကျင့်ပျက်မှုကြောင့် အစိုးရက ကျောင်းပါဖျက်၍ ပစ်လိုက်လေ ပြီ။
    “ဒီလို လောကုတ္တရာစာပေ မတောက်တစ်ခေါက် သင်နေလို့တော့ ကျောင်းထားလဲ အပို ပါပဲ။ ဒီလောက်တော့ အိမ် မှာပဲ ကိုယ့်ဟာကိုယ် သင်ပေးတော့မယ်”
    တစ်နေ့တွင် အဖေက ဤသို့ပြောပြီး ကျွန်တော့်အား ကျောင်းမှ နှုတ်လိုက်သည်။ ပြီးနောက် အိမ်တွင် နမက္ကာရ၊ ရတနာ ရွှေချိုင့်စသည်တို့ကို သင်ပြပေးလေသည်။

    ကျွန်တော်မှာ ယခင်ငယ်စဉ်ကကဲ့သို့ပင် ၃ အိမ်ထောင်၌ လှည့်လည်၍ နေခဲ့ပြန်လေသည်။ ကျွန်တော့်အသက် ၁၂ နှစ်ကျော်ကျော် အရွယ်တွင် ရှင်ပြု၏။ မိုးတွင်းဘက်၌ ကိုရင်တစ်ဝါ၀တ်ရ လသည်။ ထိုစဉ် ၌ အထက်အညာရေစကြိုမြို့မှ အသားမည်းမည်းနှင့် လူတစ်ယောက် ကျွန်တော် တို့ ကျောင်း သို့ ရောက်ရှိလာလေသည်။ ထိုသူသည် ကျွန်တော်တို့ကျောင်းမှ ကျောင်းသား ကိုရင်များအား အင်္ဂလိပ်စာ သင်ကြားပေး၏။ ကျွန်တော်တို့ ကျောင်းသားကိုရင်များ နှင့်မိဘများမှာ ၀မ်းသာကြရပြန်လေသည်။
    ဆရာသည် ကျောင်းတွင်စား၍ ကျောင်းတွင်နေသည်။ ကျောင်းသားမိဘများသည် ဆရာ အား လစဉ်ငွေများ စုဆောင်းပေးကြသည်။ ထိုဆရာသည် ငွေများကို မသုံးဘဲ စုထားလေသည်။ ၃-လခန့် သင်မိသော အခါ ကျွန်တော်သည် ပရိုင်မာဘုတ်ဝမ်းကို တစ်ဝက်လောက်ရေးနိုင်ဖတ်နိုင်လာ သည်။ ယင်းအချိန် တွင် ဆရာသည် စာအုပ်ဝယ်ရန် ကျောင်းသားများအား ငွေခွဲ၏။ ကျောင်းသား များရော မိဘများ ကပါ အားကျိုးမာန်တက် ငွေထည့်ကြသည်။ ပြီးနောက် ဆရာသည် ရန်ကုန်သို့ စာအုပ် ၀ယ်သွားလေ ရာ ပြန်၍ မလာတော့ပါချေ။

    သီတင်းကျွတ်၍ ရှင်လိင်ပြန်သောအခါ အမေ မကျန်းမာ၍ ကျွန်တော် ကျောင်းမှထွက်ခဲ့ ရပြန်သည်။ အမေ မှာ ချူချာလျ၏။ မကြာခဏ ဖျားနာရုံသာမက ညနေတိုင်း လေနာသောရောဂါ ထ၍နေလေသည်။ ကျွန်တော့် မှာ အိမ်မှုကိစ္စ ဗာဟီရများကို အမေ့အား ကူညီလုပ်ကိုင်ပေးနေရ၏။ ထိုစဉ်တွင် စပါးဈေးများ အလွန်ကျဆင်း သွားတော့ကာ ကျွန်တော့်တို့ပိုင်လယ်များ၊ အဘိုး အဘွားတို့ပိုင် လယ်များ၊ အဘွားလေး အဘိုးလေး တို့ပိုင်သော လယ်များ ချစ်တီးလက်သို့ အပ် လိုက်ကြရလေတော့သည်။
    ယင်းသို့ ရှိသောအခါ ကျွန်တော့် မိဘများသာ ချစ်တီးထံမှ သီးထောက်ခနှင့်ယူ၍ လယ် အလုပ်ကို ဆက်လုပ် သည်။ အဘိုး အဘွားတို့သည် လယ်အလုပ်ကို စွန့်လွှတ်၍ ခြံအလုပ်၊ ကိုင်း အလုပ်များကို လုပ်ကြ ၏။ အဘိုးလေး သည် နွားများကိုရောင်း၍ ကြွေးဆပ်ကာ လျည်းကူးသို့သွား၍ ပုလိပ်လုပ်လေရာ အဘွားလေး ပါ လိုက်ပါ၍ သွားရလေတော့၏။ ထိုစဉ်၌ အဘိုးလေးနှင့် အဘွား လေးတို့မှာ ကျွန်တော့်အား ချစ်သည် မှန်သော်လည်း ခွဲခွာနိုင်ကြပါပြီ။ ဟုတ်ပါ၏။ သူတို့တွင်လည်း သမီးငယ် တစ်ယောက်ရှိ၍ နေလေသည်။

    ကျွန်တော့်မှာ အမေ့အား ကူညီရင်းဖြင့် အဖေသင်ပြပေးသော ပရိတ်ကြီးစာအုပ်နှင့် သဂြိလ်စာအုပ်များကို ကျက်မှတ်သင်ယူနေလေသည်။ ပြီးနောက် ပြဇာတ်ဆန်းစာအုပ်များကိုလည်း ဖတ်သည်။ ဘူရိဒတ် နဂါးမင်း ပြဇာတ်ဆန်း စာအုပ်ကို ဖတ်ရင်းဖြင့် အလမ္ပာယ်နှိပ်စက်ခန်းတွင် ဘူရိဒတ်နဂါးမင်းအား သနားလွန်း ၍ ရှိုက်ငိုခဲ့ရသည်။
    ကျွန်တော့်မှာ ငယ်စဉ်ကပင် အဖော်မရှိ တစ်ယောက်ထီးတည်း နေခဲ့ရသူဖြစ်သောကြောင့် အခြားကလေး သူငယ်များနှင့် ကစားခုန်စားတတ်ခြင်းမရှိခဲ့ပါချေ။ ကျောင်းတွင်နေစဉ်ကလည်း တခြားကလေးများ ကစား ခုန်စားရှိနေစဉ် ကျွန်တော်နှင့် ၀ါသနာတူသူ သုံးလေးယောက်တို့သည် နေရာကောင်းတစ်ခု၌ထိုင်ကာ ပုံတိုပတ်စ များ ရယ်စရာ မောစရာများပြောရင်းဖြင့် အချိန်ကို ကုန် လွန်ခဲ့ပေသည်။

    အဖေသည် ပညာရေးဘက်၌ လိုလားသည် မှန်သော်လည်း စာဖတ်ခြင်းကို အားပေးသူ မဟုတ်ပါချေ။ အထူးသဖြင့် ခေတ်ပေါ် ဇာတ်ဝတ္ထုများကို ဖတ်လျှင်
    “မင်းကွာ အလကားဥစ္စာတွေဖတ်ပြီး အချိန်ဖြုန်းနေတယ်”
ဟု ပြောတတ်ပါလေသည်။
    အမေနှင့် ကျွန်တော့်မှာ စာဖတ်မှုနှင့် တကျက်ကျက်ဖြစ်ကြရသည်။ ကျွန်တော်သည် တွေ့ရာ ကြုံရာစာ ကိုဖတ်၏။ ဖတ်မိလျှင်လည်း တစ်ပုဒ်မဆုံးဘဲ လက်က ချချင်စတ်မရှိပေ။ အမေက ကျွန်တော် စာဖတ်နေဆဲ တွင် တစ်ခုခုကို ခိုင်းသော်လည်း ကျွန်တော်က ထလုပ်မပေးဘဲ ရှိနေတတ်လေရာ အမေ က အော်ငေါက်၍ပင် စာအုပ်များကို ဆွဲယူလွှင့်ပစ်တတ်လေသည်။ ထို အခါ၌ ကျွန်တော်က စိတ်ဆိုးရပြန် သည်။
    နေ့တွင် အမေ့အား ကူညီလုပ်ကိုင်ပေးနေရသောကြောင့် စာမဖတ်ရလျှင် ညဘက်၌ ကျွန်တော်က စာဖတ်သည်။ ထိုအခါတွင် အမေက အိပ်ရေးပျက်သည်။ ဖယောင်းတိုင် ကုန်သည်ဟု ဆူပြန်လေတော့ သည်။ ဆူလျှင်လည်း ဆူချင်စရာပါပေ။ ကျွန်တော် စာဖတ်သည်မှာ စည်းနှင့်ကမ်းနှင့်မဟုတ်။ စာအုပ်တွေ ရှိနေလျှင် တစ်ညလုံး မိုးအလင်းဖတ်သည်။ ထို့ကြောင့် ဖယောင်းတိုင်တွေများစွာကုန်ကာ နောက်နေ့၌ အလုပ်ကောင်းကောင်းမလုပ်နိုင်အောင်ပင် အိပ် ပျက်ခဲ့ရခြင်းဖြစ်လေသည်။

    တကယ်တော့လည်း ကျွန်တော် ဤသို့ စာကို စည်းကမ်းနှင့် မဖတ်နိုင်ခြင်းမှာ အကြောင်း ရှိပါသည်။ ကျွန်တော် တို့ရွာက လူများသည် တိုးတက်ခေတ်မှီသူများ မဟုတ်ကြဘဲ မိရိုးဖလာ လယ် အလုပ်၊ ခြံအလုပ် များ ကိုသာ လုပ်ကိုင် အသက်မွေးသူများလှသဖြင့် ပညာဗဟုသုတကို လိုလားသူ အတော်ရှားပါးပေသည်။ ရိုးရိုး သားသား စိုက်လိုက်မတ်တတ်သာ နေတတ်ကြ၏။
    ကြီးတော်၏ယောက်ျား ဘကြီးရှမ်းသည် မြို့သို့ အရောက်ပေါက်များသည်။ သူကြီး လည်း ဖြစ်ပါသည်။ ခေတ်မီသည်။ မင်းစိုးရာဇာများနှင့် အပေါင်းအသင်းရှိသည်။ အစားအသောက် အနေ အထိုင်မှ စ၍ မြို့ဆန်သည်။ ဗဟုသုတလိုက်စားသည်။ သူသည် အသက် ၆၀ ရွယ်အထိ ၀တ္ထုမဂ္ဂဇင်းများကို ဖတ်သေးသူဖြစ် သည်။ ကြီးတော်မှာလည်း ဘကြီးရှမ်းနှင့် ၀ါသနာတူသည်။ သူကြီးကတော် ပီသ၏။ မင်းကတော် စိုးကတော်များနှင့် ပေါင်းသင်းဆက်ဆံတတ်၏။ တောသူကြီး ကတော်မို့ မညံ့ပေ။ ခေတ်မီလေ သည်။ သူတို့၏သား ကိုသန်းမောင်မှာ လှည်းကူးအင်္ဂလိပ်ကျောင်း တွင် နေရ၏။ သားငယ် အုန်းမောင်မှာ ဘုရားကုန်း ဦးပဉ္ဇင်းတို့ကို ၀ယ်ယူဖတ်ရှုလေရာ တစ်အိမ် သားလုံးစာဖတ်ဝါသနာပါသည်။ ကျွန်တော့်မှာ သူတို့ထံ မှ စာအုပ်များကို ငှားရမ်းဖတ်ရှုရလေရာ အချိန်ဆွဲ၍ စံနစ်တကျ ဖတ်မနေနိုင်ဘဲ ရသည့်အချိန်ကို တအား လု၍သာ ဖတ်ခဲ့ရလေတော့သည်။

    ကျွန်တော် ပထမဆုံး ဖတ်ရသော ခေတ်ပေါ်လုံးချင်းဝတ္ထုမှာ ဆရာမြမျိုးလွင်ရေးသော “တယောသံ” ၀တ္ထုဖြစ် သည်။ ကြီးတော်တို့ အိမ်သားများနှင့် ထိုဝတ္ထုအကြောင်းကို မကြာခဏ စားမြုံ့ပြန်ရသည်။ နေ့စဉ် သတင်းစာ မှ အခန်းဆက် စောင့်ဖတ်ရသော ဆရာကြီး ပီမိုးနင်း၏ “သဲမြညှာ” “၀င်္ကပါကံ”တို့မှာ ကျွန်တော် တို့၏ အသည်းစွဲဖြစ်သည်။ သက်စောင့်မဂ္ဂဇင်းမှ ဆကာကြီး ထိပ်တင်၏ ဟာသ၀တ္ထုတို များကိုလည်း နှစ်သက်သည်။
    အမေသည် တစ်နှစ်ထက် တစ်နှစ်ပို၍ ချူချာလာ၏။ ကျွန်တော်မှာ အိမ်အလုပ် တောက် တိုမယ်ရများ သာမက ထမင်းဟင်းများကိုပါ ချက်ပေးနေရသည်။
    ကျွန်တော်သည် လှည်းကူးကျောင်းမှ ကျောင်းပိတ်၍ ပြန်လာပြီး တသွေးတမွေး ဖြစ်နေသော အကို ကိုသန်းမောင် ကို အားကျသည်။

    “အဖေ၊ ကျွန်တော့်ကို လှည်းကူးကျောင်းမှာ ကျောင်းထားပေးပါ”
    တစ်ညတွင် အဖေ့အား ကျွန်တော်က ပူဆာသည်။
    “အဖေကလဲ လူလေးကို သိပ်ပြီး ပညာတတ်စေချင်ပါတယ်ကွယ်။ ဒါပေမယ့် တို့မှာ ခက် တာက မင်း အတွက် ကျောင်းစရိတ်ကို တတ်နိုင်ပါတယ်။ မင်း ဟိုမှာ နေဖို့ ထိုင်ဖို့ ရင်းရင်းချာချာ မရှိတာက ခက်တယ်”
    အဖေက ညည်းသံနှင့် ပြန်ပြောသည်။
    “ကိုသန်းမောင် နေတဲ့အိမ်မှာပဲ ထမင်းလခပေးပြီး နေမှာပေါ့အဖေရဲ့”
    “အဲဒါက ကိုရှမ်း ရဲ့ ဆွေမျိုးကွ။ တို့နဲ့ လုံးလုံးသိကြတာမှ မဟုတ်ဘဲ။ ပြီးတော့လဲ မင်းမေမေက ကျန်းကျန်း မာမာ မဟုတ်တော့ မင်းကို ခွဲနိုင်မှာ မဟုတ်ဘူး”
    “အို ဘယ်ဖြစ်မလဲ သားရယ်။ အမေက နေ့ သေမလား၊ ညသေမလားဆိုတာမျိုး ဖြစ်နေရတဲ့ ကြားထဲမှာ ငါ့သား ကို တစ်မြို့တစ်ရွာခွဲပို့မထားနိုင်ပါဘူး” အဖေနှင့် ကျွန်တော် ပြောနေ သံကို ကြားရလေရာ အမေ သည် ခါးခါးသီးသီး ၀င်၍ပြောလေသည်။

    “ကျွန်တော် လယ်သမား မလုပ်ချင်ဘူး အမေ။ ကျွန်တော် ပညာတတ်ချင်တယ်။ ပညာ တတ်မှ လယ်သမား မလုပ်ရမှာ”
    ကျွန်တော်က ဤသို့ ပြောလိုက်လေရာ အမေသည် ခေတ္တမျှတွေနေပြီး
    “လယ်သမား မလုပ်ချင်လဲ မင်းကြီးတော့ ကုန်သည်လုပ်ပေါ့ကွယ်။ ကုန်သည်အလုပ်ဆိုတာ ပညာတတ်ဖို့ မလိုပါဘူး။ ရောင်းတတ် ၀ယ်တတ်ရင် ပြီးတာပဲ။ ခုလို မကျန်းမာနေတဲ့အခြေမှာ သားကို အမေ ဘယ်နည်းနဲ့မှ ခွဲမထားနိုင်ဘူးကွယ်”
    အမေ၏ စကားက လမ်းဆုံးနေပြီ။ ဘယ်နည်းနှင့်မျှ စောဒကတက်၍ ရမည်မဟုတ်တော့။ ထို့ကြောင့် ကျွန်တော် လည်း သက်ပြင်းကို ချလျက် အကြံကို လက်လျော့လိုက်ရလေတော့သည်။
    ကိုသန်းမောင်မှာ သူကြီးသားလည်းဖြစ်၊ အင်္ဂလိပ်ကျောင်းသားလည်းဖြစ်၊ ရုပ်ရည်ကလည်း သန့်ပြန့်နေသောကြောင့် ရွာတွင် မျက်နှာပွင့်လန်းလှသည်။ ခေါ်ချင် ပြောချင်သူ များလှသည်။ တစ်ရွာလုံးက ၀ိုင်းချီးမြှောက်ကာ ကောင်းချီးသြဘာ ပေးကြလေသည်။

    ဘကြီးရှမ်းနှင့် ကြီးတော်တို့ကလည်း သားကို အလိုလိုက်ကြသည်။ ကျွန်တော်မှာ ကိုသန်းမောင်၏ အဖြစ်ကို မြင်တွေ့ရသောအခါ ၀မ်းနည်းမိတာ မျက်ရည်များပင် စို့ခဲ့ရလေသည်။ ကျွန်တော့်မှာ ကိုယ့် ဘ၀ကိုယ် ၀မ်းနည်းမိသော်လည်း အားတော့ဖြင့် မလျော့။ ပညာမတတ်သော် လည်း ဗဟုသုတ ရှိသူတစ်ယောက်ဖြစ်အောင် ကြိုးစားမည်ဟု အားခဲကာ တွေ့ကြုံရာ စာအုပ်များ ကိုသာဖိ၍ ဖတ်နေရတော့သည်။
    ကျွန်တော် အသက် ၁၄ နှစ်ကျာ် ၁၅ နှစ်ထဲသို့ ရောက်ရှိလာသောအခါ အဘိုးသည် အသက်ကြီး၍ ခြံအလုပ် ကိုပင် မလုပ်နိုင်သောကြောင့် ခုံကြီးရှိခြံကို စွန့်လွှတ်ကာ ရွာသို့ပြောင်း၍ နေထိုင်ကြသည်။ သို့သော် အဘိုးနှင့် အဘွားသည် ကျွန်တော်တို့၏ အိမ်၌ မနေကြဘဲ အိမ်ကြီးဝင်း ထဲတွင် အိမ်ကလေး တစ်အိမ် ဆောက်လုပ်နေထိုင်ကြလေသည်။

    အဘိုးလေးမှာ လှည်းကူး၌ ခဏခေတ္တသာ နေထိုင်ရပြီး ပုလိပ်အလုပ်နှင့်ပင် အင်းစိန်သို့ ရွှေ့ရလေသည်။ အင်းစိန်ရှိ အဘိုးလေး အဘွားလေးတို့ထံ အလည်လာခဲ့သည်။ မြို့သို့ အရောက် အပေါက် နည်းသူ ဖြစ်သောကြောင့် မြင်မြင်သမျှတို့မှာ နှစ်သက်စရာ မက်မောစရာများချည်းဖြစ်နေ လေသည်။ ကျွန်တော် သည် ရွာသို့ ပြန်လိုစိတ် လုံးဝမရှိတော့ဘဲ မြို့၌သာ ပျော်ပိုက်နေမိသည်။
    ကျွန်တော် အင်းစိန်တွင်နေ၍ ရက်ပေါင်း ၂၀ ခန့်ကြာသောအခါ အမေက လူတစ်ယောက် ကိုလွှတ်၍ အခေါ် ခိုင်းသောကြောင့် မလိုက်ချင် လိုက်ချင်နှင့်ပင် ပြန်လိုက်သွားရလေသည်။ ကျွန်တော်သည် ထိုအချိန် မှ စ၍လည်း တောကို စိတ်အပျက်ကြီးပျက်ကာ မြို့ကို နှစ်သက်ခင်တွယ် နေမိပါတော့သည်။ ကျွန်တော့်မှာ ထိုအချိန်မှစ ၍ စိတ်ပြောင်းလာခဲ့သည်။ ဟုတ်ပါ၏။ ပျင်းရိငြီးငွေ့ ဖါယ်သော လယ်တောကို စိတ်ပျက် လာသည်။ တစ်ယောက်ထီးတည်း လူကြီးမိဘများနှင့် နေရ သည်ကို ငြီးငွေ့လာသည်။ ထို့ကြောင့် နေ့ တွင်သာ လယ်တဲ၌နေလျက် ညဘက်များတွင် ရွာသို့ ပြန်အိပ်လေတော့သည်။

    အမေသည် ကျွန်တော့်အား သူ့အပါးတွင် နေ့ရောညပါရှိ၍ နေစေချင်သည်။ ဒါပေမယ့် လည်း ကျွန်တော်က ဇွတ်ရွာသို့ ပြန်အိပ်သောအခါ အမေမှာလည်း မတားသာဘဲ ရှိနေရှာတော့၏။
    ကျွန်တော့်မှာ တစ်ယောက်ထီးတည်း နေ၇သောဘ၀မှ အဖော်အပေါင်းနှင့် နေရသောဘ၀ကို ခင်တွယ် လာသည်။ ညဘက်တွင် ကာလသမီး ကာလသားများ စု၍ အိပ်ကြသော အိမ်သို့ ကျွန်တော် လည်းရောက်ရှိ၍သွားပေသည်။ ထိုအိမ်မှာ ကျွန်တော်နှင့် ဆွေမျိုး နီးစပ်တော်စပ် ၍ ပျော်ပျော် ပါးပါး နေတတ်ကြသည်။ ညဘက်တွင် ကာလသမီး ကာလသားများစု၍ အုန်းနို့ဆန်ပြုတ်၊ ဂျင်းသုတ်၊ လက်ဖက်နှင့် ရေနွေးကြမ်း စသည်တိုကို လုပ်ကိုင်စားသောက်ကြကာ ထုံးခွေတမ်း ပုဆစ်ပစ်ကြသည်။ ပြီးနောက် ရယ်စရာ မောစရာများကို ပြော၍ တသောသော ရှိနေ တတ်ကြသည်။

    ထိုအိမ်ရှင်သည် သစ်ကုန်သည်များ ဖြစ်ကြ၏။ အိမ်ရှင်ဒေါ်သန်းမြိုင်မှာ ၀တ္ထုဖတ် ၀ါသနာပါသည်။ ပြီးနောက် ထိုအိမ်သို့ လာရောက် အိပ်လေ့ရှိသော အပျိုစင် မခင်မေမှာလည်း စာဖတ်ဝါသနာပါသည်။ မခင်မေ မှာ ရန်ကုန်သို့ မကြာမကြာ သွားရောက်ကာ သူ့အစ်မ၀မ်းကွဲ မင်း ကတော်များထံမှ ၀တ္ထုစာအုပ်၊ မဂ္ဂဇင်း စာအုပ် အဟောင်းများကို သယ်ယူလာတတ်ပေရာ ကျွန်တော့်မှာ ညစဉ်ညတိုင်း စာအုပ်များကို အားရပါးရ ဖတ်ခဲ့ရလေသည်။
    ဒေါ်သန်းမြိုင်နှင့် မခင်မေတို့မှာ ရွာတွင် အတော်စာဖတ်သူများဟု နာမည်ကြီးခဲ့သော် လည်း ကျွန်တော်နှင့်ကျတော့ သူမတို့က အရှုံးပေးရလေသည်။
    “မင်းကိုတော့ တို့မမီဘူးဟေ့။ တို့က ညဆယ့်နှစ်နာရီတစ်ချက်ထက် ပိုမဖတ်နိုင်ဘူး။ မင်းကတော့ ညလုံးပေါက်ကို ဖတ်တာပဲ”
    မခင်မေ သည် နံနက်ခြောက်နာရီခွဲအထိ စာဖတ်နေသေးသော ကျွန်တော့်အား ကြည့်၍ ပြောပါသည်။

    “တစ်ညတလေများ အမေတို့န့ အိပ်ပါဦးလားသားရယ်။ မင်းမလဲ ညတိုင်းပဲ ရွာကို သွားသွားနေရတယ်”
    တစ်ညတွင် အမေကပြောသောကြောင့် ကျွန်တော်သည် အမေ့အား သနားလာသည်နှင့် ထိုညရွာသို့ မသွားတော့ ဘဲ လယ်တဲ၌သာ အိပ်လိုက်လေသည်။
    နောက်တစ်နေ့ ကျွန်တော် ရွာသွား၍ ဒေါ်သန်းမြိုင်တို့ အိမ်သို့ ရောက်ရှိသောအခါ အပေါင်းအသင်း ပျော်ဖော်ပျော်ဖက်များက မနေ့ညက မလာခြင်းအကြောင်းကို မေးကြသဖြင့် ကျွန်တော်က အမေ စိတ်မကောင်းမည်စိုး၍ မလာကြောင်း ပြန်ပြောပြလိုက်ရသည်။
    “နင် မနေ့ညက မလာတော့ ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲဟဲ့။ နင်ကို အောက်မေ့သလိုလိုနဲ့”
    ဒေါ်သန်းမြိုင်၏ သမီးဖြစ်သူ ကျွန်တော်နှင့် အသက်အရွယ်တူ နှင်းအေးက ဤသို့ပြော လေရာ ကျွန်တော်၏ ရင်ထဲတွင် တစ်မျိုးသောခံစားမှုကို ခံစားလိုက်ရလေသည်။

    ကျွန်တော်သည် တွေးချင်တောချင်လာသည်။ သူက ငါ့ကို ဘာဖြစ်လို့ အောက်မေ့ရတာ လဲ။ ဘာဖြစ်လို့ သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်ရတာလဲ။ ကျွန်တော်သည် ဤသို့ တွေးတောရင်းဖြင့် နှင်းအေးအား ရွှန်းရွှန်းစားစား ကြည့်လိုက်သည်။
    နှင်းအေးမှာ ခြောက်လက်မ ဆံတောက်ကြီးကားကား၊ အသားကလည်း ၀ါရွှေရွှေ၊ နှာတံ ပေါ်၍ မျက်လုံးမျက်ခုံး ကလည်း လှပပြတ်သားသည်။ သွားကလေးများက ပုလဲလုံးကလေးများ စီ ထားသလို ဖြူဖွေး ညီညာကာ နှုတ်ခမ်းနှစ်လွှာကလည်း ဆေးမဆိုးဘဲနှင့် နီရဲနေသည်။ ကိုယ်လုံး ကလေးမှာ ခပ်ပြားပြားရှိကာ ခါးကသေးသည်။ ရင်ကလေးနှစ်စုံမှာ မောက်ဖြိုးစပြု၍ နေလေပြီ။ တင်ကလေးကလည်း ခပ်တောင့်တောင့် ခပ်မာမာနှင့် ဖူးစ ပန်းငုံသဖွယ် မက်မောတွယ်တာဖွယ်ရာ ဖြစ်နေတော့သည်။

    ကျွန်တော့်မှာ သူမအား သေချာစွာကြည့်မိတော့မှ ရင်များခုန်၍ လာခဲ့ရတော့သည်။ နှလုံး သားတွင် အမည် မဖော်တတ်သော လှိုင်းဂယက်များက လှုပ်ရှားနေတော့ပြီ။
    ကျွန်တော့်အသက် ၁၆ နှစ်အရွယ်သို့ ရောက်သောအခါတွင် အမေ သေဆုံးသွား၏။ အဘိုး လည်း လွန်ခဲ့သောနှစ်က ဆုံးခဲ့လေပြီ။ အဘွားသည် ကျွန်တော်တို့နှင့်အတူနေ၏။ အိမ်ကလေးကို လည်း ဖျက်ပစ်လိုက်လေပြီ။ အဘွားမှာ အသက်အရွယ်ကြီးလှပြီဖြစ်သောကြောင့် အိမ်ထောင်ထိန်း သိမ်းရေး တာဝန်ကို မယူနိုင်။ ကျွန်တော်သာလျှင် အိမ်ထောင်ထိန်းရတော့သည်။
    “အခုလို မင်းအိမ်ထောင်ကျကျနန ထိန်းနိုင်တာ အဖေ၀မ်းသာပါတယ်ကွာ။ ဒီအတိုင်းသာ ဆိုရင် အဖေလည်း နောက် အိမ်ထောင်ပြုဖို့မလိုပါဘူး”
    အဖေက ကျွန်တော် စနစ်တကျ အိမ်ထောင်ထိန်းသိမ်းပုံ၊ စာရင်းငှား ကောက်စိုက်သမများ ကိုစနစ်တကျ ချက်ပြုတ်ကျွေးမွေးပုံတို့ကို ကြည့်ကာ အားရ၀မ်းသာ ပြောပါလေသည်။

    ထိုအချိန်၌ အဘွားလေးသည် ရွာသို့ပြန်လာကာ စုဆောင်းထားသော ငွေကြေးများနှင့် ကျွန်တော်တို့ အိမ်ကြီးတွင် ကုန်ခြောက်ဆိုင်ဖွင့်၍ ရောင်းချနေလေသည်။ ကျွန်တော်သည် နေ့တွင် သာလယ်တဲ၌ အဖေနှင့်အတူ နေသော်လည်း ညများတွင် ရွာသို့ပြန်လာကာ ဒေါ်သန်းမြိုင်တို့အိမ်၌ စတည်းချလေသည်။ အမှန် အတိုင်း ၀န်ခံရပါမူ ကျွန်တော်သည် နှင်းအေး၏ ရူပါရုံကွန်ယက်၌ ငြိ တွယ်လျက် ရှိနေရပြီဖြစ် ပါသတည်း။
    ကျွန်တော့်မှာ အချိန်ရှိသမျှ နှင်းအေး၏ ချောမောလှပသော ရုပ်ပုံကလေးကို မျက်စိအာရုံ ထဲ၌ ရစ်ဝဲနေကာ သူကလေးကို အစဉ်သတိရနေတတ်ပေသည်။ ထို့ကြောင့်လည်း ညနေသို့ ရောက်လေလျှင် ရွာသို့သွားဖို့ အရေးသာ တွေးတောနေမိသည်။ လုပ်စရာ ကိုင်စရာများကို ညနေသို့ မရောက်ခင် ပြီးနှင့်အောင် ကြိုးစားလုပ်သည်။

    “တစ်ခါတစ်လေများ ရွာမသွားဘဲနေပါဦးလား လူလေးရဲ့။ မင်းမလဲ နေ့တိုင်းပဲ ရွာကိုသွား ရတာ မမောဘူးလား”
    တစ်ညနေ ကျွန်တော် ရွာသို့သွားရန် အ၀တ်အစားလဲနေစဉ် အဖေက ကျွန်တော့်အား ပြုံး စေ့ေ စ့နှင့်ကြည့်ရင်း ပြောလေသည်။
“ညည သူငယ်ချင်းတွေနဲ့ ရယ်ကာမောကာ နေနေကျတော့ ဒီလယ်တဲမှာ ညအိပ်ရမှာ သိပ်ပျင်း တာပဲ အဖေရဲ့”
    “ဟုတ်ပါရဲ့လားကွာ။ မင်း နှင်းအေးကို မျက်စိကျနေတယ်မို့လား။ အဖေ့ကို လိမ်မပြောပါနဲ့ သားရာ။ အဖေ ဟာ ငယ်ရာက ကြီးလာတာပါ”
    အဖေက ဤသို့ပြောလေရာ ကျွန်တော့်မှာ ရှက်စိတ်များ မွှန်ထူသွားပြီး အဖေ့အား ဘာမျှ ပြန်မပြောမိဘဲ ခေါင်းငုံ့၍ နေလိုက်မိလေသည်။
    “နှင်းအေးဟာ မဆိုးပါဘူး။ တို့နဲ့လည်း ဆွေရိပ်မျိုးရိပ် မကောင်းဘူး။

နို့ပြီးတော့ ရုပ်ကလေး ကလည်း ဒီရွာထဲမှာဆိုရင် သူနဲ့ရွယ်တူထဲမှာ သူအချောဆုံးပဲ။ ဒါပေမယ့် သန်းမြိုင်တို့ လှဖေ တို့နဲ့၊ တို့နဲ့က အဆင့်အတန်းချင်း မတူကြဘူး။ သူတိ့က ကုန်သည်၊ တို့က လယ်သမား။ ပြီး တို့ထက် လည်း အခြေအနေ သာတယ်ဆိုပါတော့ကွာ”
    အဖေသည် ဤသို့ ပြောနေရာမှ ကျွန်တော့်အား ကြင်နာသော မျက်လုံးများဖြင့် စိုက်၍ ကြည့်လိုက် ပါသည်။ ပြီးနောက် သက်ပြင်းကို အသာရှိုက်လိုက်ပြီး စကားဆက်၍ ပြောလေ၏။
    “အင်းလေ မင်းတို့ လူငယ်ချင်း မေတ္တာမျှကြရင် အဖေကတော့ သဘောတူမှာပါပဲ။ ဒါပေ မယ့် မင်းတို့ရဲ့ အသက် အရွယ်တွေကလည်း အလွန်ငယ်ကြပါသေးတယ်”
    အဖေက ဤသို့ပြောပြီးနောက် ကျွဲတင်းကုတ်ထဲသို့ ဆင်း၍ သွားလေတော့သဖြင့် ကျွန် တော့်မှာ အ၀တ်အစား လဲပြီး တဲပေါ်မှ ဆင်းလာခဲ့ရသည်။ လမ်းတစ်လျှောက်လုံးတွင်လည်း နှင်းအေးတို့က ကျွန်တော် တို့ထက် အဆင့်အတန်းမြင့်သည်ဟူသော အတွေးကိုသာ တွေး၍ လာခဲ့ မိလေသည်။

    ကျွန်တော်သည် အဖေ့ထံမှ ဤစကား ကြားရပြီးသည့်နောက်၌ နှင်းအေးတို့သားအမိ၏ သဘောထားကို အကဲခတ်ကြည့်ခဲ့သည်။
    နှင်းအေး က ကျွန်တော့်အပေါ်၌ အစစအရာရာ လိုက်လျောသော်လည်း သူ့မိခင် ဒေါ်သန်းမြိုင်မှာ ကျွန်တော်နှင့် နှင်းအေးတို့ ခင်မင်နေသည်ကို လိုလားပုံမရချေ။
    သို့နှင့် နှင်းအေးတို့အိမ်သို့ သွားရဖို့ကို အလိုလိုနေရင်း ကျွန်တော်၏ စိတ်ကရွံ့နေမိသည်။ ထို့ကြောင့်လည်း ကျွန်တော် ရွကိုပင် မသွားတော့ဘဲ လယ်တဲ၌သာ နေခဲ့သည်။ အဖေသည် ကျွန်ော့်အား အကဲခတ်သော မျက်လုံးများဖြင့် မကြာခဏ ကြည့်သည်။ သို့သော် တစ်ကြိမ်တစ်ခါမျှ မေးမြန်းခြင်းမပြုဘဲ ဘာသိဘာသာပင် နေလေသည်။

    ကျွန်တော်သည် လေးရက်တစ်ပတ် ငါးရက်တစ်ပတ် ရွာသို့သွားသော်လည်း နှင်းအေးတို့ အိမ်သို့ မသွားဘဲ နေခဲ့သည်။ ထိုအချိန်၌ အဘိုးလေးသည် ပုလိပ်အလုပ်မှထွက်ကာ ရွာသို့ပြန်လာ သည်။ အဘွားလေး၏ ဈေးဆိုင်မှာလည်း အရောင်းရတွင်ကျယ်လာသည်။ ကုန်ခြောက်များသာမက အ၀တ်အထည် များကိုလည်း ရောင်းလေသည်။ ကျွန်တော်တို့ရွာမှ ကာလ သမီးကာလသားတို့သည် ရင်းနှီးရာအိမ်၌ စု၍ အိပ်တတ်ကြသည့် သဘာဝရှိကြသည်။ ကျွန်တော်၏ အဘွားလေးမှာလည်း ကာလသမီး ကာလသားများ အလိုကို လိုက်တတ်သူဖြစ်သော ကြောင့် ညဘက်တွင် သူ့အိမ်၌ လူများစုပြန်လေသည်။ သို့သော် ဒေါ်သန်းမြိုင် အိမ်တွင် စုကြသော လူများတော့ မဟုတ်ပါ။ ကျွန်တော် နှင်းအေးတို့အိမ်သို့ မရောက်ရသည် မှာ ထိုအကြောင်းလည်း တစ်ချက်ပါပေသည်။

    အဘွားလေးထံတွင် စုကြသော အမျိုးသမီးထဲတွင် နှင်အေးနှင့်ခပ်ဆင်ဆင် မြနှစ်ဆိုသူ အမျိုးသမီးကလေး တစ်ယောက်လည်း ပါရှိပေသည်။ သူမသည် ကျွန်တော်တို့ထက် ဂုဏ်အဆင့် အတန်းနိမ့်သည်။ မြနှစ်၏ မိဘများသည် လယ်သမားများပင် ဖြစ်ကြသော်လည်း ကျွန်တော်တို့ကဲ့ သို့စာရင်းငှား သုံးလေးယောက်နှင့် လုပ်နိုင်သူများ မဟုတ်ကြ။ စပါးဝမ်းစာမှလည်း လုံလောက်စွာမရှိ။ ကျွဲနွားလည်း မရှိသောကြောင့် တစ်တုံးထွန်အတွက်ကိုပင် တခြားသူထံမှ နွားကို ငှားရမ်းထွန်ရလေသည်။ ပြီးနောက် သူမ၏ အဖေမှာလည်း အဖေအရင်းမဟုတ်ဘဲ ပထွေး ဖြစ်သောကြောင့် မြနှစ်မှာ မျက်နှာငယ်လှပေသည်။

    ကျွန်တော်သည် ကိုယ့်ထက် အဆင့်အတန်း နိမ့်ကျသူ မြနှစ်ကလေးအား စိတ်ဝင်စားလာ မိသည်။ နှင်းအေးလို ကိုယ့်ထက် အဆင့်အတန်းမြင့်သူကို လပ်ထပ်မည့်အစား ကိုယ့်ထက်နိမ့်သူ မြနှစ်ကိ လက်ထပ်ရလျှင် ကောင်းလေမည်လားဟု စဉ်းစားကြည့်မိသည်။ သို့သော် မြနှစ်အား ကျွန်တော် မကြိုက်သော အချက်တစ်ချက် ရှိလေသည်။ ထိုအချက်မှာ မြနှစ်သည် နှင်းအေးလို သိမ်မွေ့ခြင်းမရှိဘဲ အပြောကြမ်း၊ အနေကြမ်း၊ အစားကြမ်းထဲက ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် သည် မြနှစ် မှာ အောက်တန်းစား ဆန်လွန်းသည်ဟု ယူဆကာ မနှစ်သက်နိုင်ဘဲ ရှိနေရလေသည်။
    မြနှစ်သည် ကျွန်တော်ကသာ ဆွတ်မည်ဆိုက ညွှတ်ရန် အသင့်ရှိနေသည်ကို ကျွန်တော် သိပါသည်။ သို့သော် ကျွန်တော်သည် စဉ်းစားချိန်ဆ၍ မရနိုင်သောကြောင့် သူမအား ချစ်စကားစ၍ မဆိုဘဲ ခပ်တည်တည် သာ နေခဲ့လေသည်။
    “ဟေ့ လူလေး၊ မင်းမြနှစ် ကို ယူပါလားကွ”

ဆက်ရန်.
Ref: ရွှေစင်ဦး