Saturday, 30 June 2012

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၄)

ခက်ခဲပေမယ့် ပျော်ရွှင်ရတဲ့နေ့ရက်များ
၁၉၇၅ ခုနှစ်မှာတော့ ကျွန်မတို့ မိသားစုနဲ့ မိုက်ကယ်တို့မိသားစု ပြန်လည် ပေါင်းစည်းခွင့် ရခဲ့ပါတယ်။ စုနဲ့ ခင်မင်ရတာဟာ ကျွန်မအဖို့တော့ လူဖြူအမျိုးသမီးတွေနဲ့ ခင်မင်ခွင့်ရတာနဲ့ မတူဘဲ ပိုပြီး နီးကပ်မှုရှိတယ်လို့ ဆိုချင်ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး အာရှဖွားတွေ ဖြစ်တာကြောင့်လည်း ပါမှာပါ။ သူနဲ့ ခင်မင်ရတာ စိတ်ထဲ အေးချမ်းလှပါတယ်။ ကျွန်မတို့က ဟင်းချက်နည်းတွေ ဖလှယ်ကြတယ်။ ဈေးဝယ် အတူထွက် ကြတယ်။ ကျွန်မတို့နှစ်ယောက်အကြိုက်တူတာက “လေဘာတီကုမ္ပဏီ”က ထုတ်တဲ့ ချည်ထည်ပိတ်စတွေကို မကြာခဏ ငေးပြီး ကိုယ့်အကြိုက်အရောင်နဲ့အဆင်တွေကို မှတ်ထားရတာကိုပါ။ ဒါမှ လျော့ဈေးချတဲ့အခါ အပြေးသွားဝယ်နိုင်မှာကိုး။ စုက လေဘာတီက ချည်ထည်တွေကို မြန်မာထမိန်အဖြစ် ချုပ်ပြီး တနင်္ဂနွေနေ့တွေမှာ ဝတ်တာပါ။
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ဦး
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ဦး

ကျွန်မတို့ လေဘာတီကို သဘောကျပုံက အမျိုးသားတွေအတွက်တော့ တော်တော်လွန်ပုံ ရပါတယ်။ အောက်စ်ဖို့ဒ်မှာ လေဘာတီဆိုင် ပိတ်သွားတဲ့အခါ မိုက်ကယ်က ကျွန်မကို ပျော်ပျော်ကြီးစခဲ့ပါတယ်။ “နိုရီကိုရေ၊ လေဘာတီတော့ မရှိတော့ဘူးဟေ့”လို့ပေါ့။ ကျွန်မ လေဘာတီ သွားတိုင်း မလိုက်ချင်လိုက်ချင် လိုက်ရတဲ့ ကျွန်မရဲ့ ခင်ပွန်းအို့စုကတော့ “အား ကျွန်တော့မှာတော့ နိုး၊ မလိုက်ချင်ဘူးလို့ ပြောဖို့ လေဘာတီ(လွတ်လပ်ခွင့်)တော့ မရှိပါဘူးဗျာ”လို့ ပြောခဲ့တာကိုလည်းကျွန်မ သတိရနေပါတယ်။

အဲဒီကာလတွေမှာ ကျွန်မက မြန်မာပြည်အကြောင်း “အင်ဖာတိုက်ပွဲ”ဆိုတဲ့ ဝေါဟာရအပြင် ဘာမှပို မသိခဲ့ပါဘူး။ စုကတော့ ဂျပန်တပ်မတော်ရဲ့ စစ်အတွင်းအနေအထားတွေကိုပါ အသေးစိတ် သိခဲ့ပါတယ်။   ဒါကြောင့် တစ်ခါက စုဟာ ကျွန်မကို “နိုရီကို၊ ရှင်ရော အို့စုဆန်ရဲ့ ဖိနပ်တွေ နွေးနေအောင် ရှင့်ကိုယ်ငွေ့တွေနဲ့ ထွေးပွေ့ပေးခဲ့ဖူးလား”လို့ မေးခဲ့တာပါ။

အဲဒီအချိန်မှာ မိုက်ကယ့်အနေနဲ့ လူငယ်ပညာရှင်လောက်ပဲ ဖြစ်နေတာမို့ ဝင်ငွေက တသမတ်တည်း မဖြစ် ခဲ့ပါဘူး။ ဒါကြောင့် သူတို့တွေ အတော်လေး ခက်ခဲခဲ့ပါတယ်။ စုက “နိုရီကိုရေ၊ ဆယ်ပေါင်ပဲ ကျန်တော့တယ်။ ဘယ်လိုလုပ်ရမလဲဟင်”လို့ မေးလာတဲ့အခါတိုင်း ကျွန်မမှာ စိတ်မကောင်း ဖြစ်ခဲ့ရတာပါ။ ဒီလိုအခါမျိုးမှာ စုအကြိုက် ဂျပန်တန်ပူရာ အကြော်တွေ၊ စုကီယာကီတွေ လုပ်စားဖြစ်ကြပါတယ်။ အဲဒီအချိန်က ဆိုဟိုရပ်ကွက်မှာ စုကီယာကီလုပ်ဖို့ အသားကို အလွှာပါးပါးလေး လှီးဖြတ်ပေးတဲ့ အသားဆိုင်တစ်ဆိုင် ရှိ ပါတယ်။ အင်္ဂလိပ်အစိုးရကတော့ ပိုးတွေ ပါလာမှာစိုးလို့ စက်နဲ့ အသားစိမ်းတွေ ဖြတ်တာကို ပိတ်ပင် ထားတာပါ။

အောက်စ်ဖို့ဒ်မှာက လန်ဒန်လို ဂျပန်ဦးရေ မများလေတော့ အသားပါးလွှာပေးမယ့် အသားဆိုင်က သိပ် မရှိပါဘူး။ ဒါပေမယ့် ကျွန်မက အသိဆိုင်တစ်ဆိုင်ကို ဥပဒေကို ချိုးဖောက်ပြီး ကျွန်မအတွက် အသားလွှာပေးဖို့ မဲဆွယ်စည်းရုံးခဲ့နိုင်ပါတယ်။ ကျွန်မတို့ချင်း စကားအထာနဲ့ အသားမှာကြတာပါ။ တစ်နေ့တော့ ကျွန်မက အဲဒီဆိုင်ဆီ စုကို ခေါ်သွားဖြစ်ပါတယ်။ “အကောင်းဆုံးအသားပေးနော်”လို့ ကျွန်မက ပြောတော့ တကယ်ပဲ ဈေးကြီးမယ့် အကောင်းဆုံးအသားကို မှာတယ် ထင်ပြီး စုက ကျွန်မကို သိပ်အသုံးအဖြုန်းကြီးကာ ဈေးတွက်မတွက်တဲ့ မိန်းမပဲဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ပါတယ်။ ကျွန်မက သူ့ကို ခေါင်းအသာ ညိတ်ပြ လိုက်တာပေါ့။ ဆိုင်ရှင်ရှေ့မှာ ဒီကိစ္စတွေကို ရှင်းပြဖို့ အချိန် မရှိဘူးလေ။

စုက အဖြစ်မှန်ကို မသိတော့ မတတ်နိုင်ကြတာချင်းတူတူ ဈေးတွက် တွက်တတ်တဲ့ မိန်းမတစ်ယောက်ဖြစ်တဲ့ ကျွန်မက ဘာလို့ အကောင်းဆုံးအသားကို မှာတာပါလိမ့်လို့ မတွေးတတ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်မအမျိုးသားကို “အို့စုဆန်ရေ နိုရီကို့လက်ထဲ ပိုက်ဆံအိတ် မထည့်နဲ့နော်။ သိပ်အန္တရာယ်များတယ်”လို့ ပြောတော့တာပါပဲ။ ဒီအကြောင်းကို စုက သူ့ရဲ့ “မြန်မာပြည်က စာတစ်စောင်”စာအုပ်ထဲမှာ ထည့်ရေးထားပါတယ်။ ကျွန်မက လည်း အခုအချိန်ထိ စီးပွားရေး ပညာရှင်တစ်ယောက်ရဲ့ ဇနီးပါလို့ ပြောဖြစ်ပြီး စုက အဲဒီအခါတိုင်း ရယ်တော့ တာပါ။ သူက ကျွန်မကို ဈေးတွက်မနိုင်တဲ့ ဇနီးလို့ ထင်နေချင် ထင်နေမှာပါ။ ကျွန်မကလည်း အဲဒီအတိုင်း အမှန်ပဲ ဖြစ်နေတာကိုး။

ဟင်းချက်ကျွမ်းကျင်တဲ့ စုက တစ်ခါမှာတော့ “နိုရီကိုရယ်၊ ကျွန်မမှာ ဆေးရောင်စုံ ဂျပန်ဟင်းချက်စာ အုပ်တစ်အုပ် ရှိပါရဲ့။ အရမ်းလှပေမယ့် အသုံးက မတည့်ဘူး။ အဲဒီထဲက ပစ္စည်းတွေက ရှာမရဘူး ဖြစ်နေ တယ်။ ရှင်ကတော့ အဲလိုမဟုတ်ဘူးနော်။ အင်္ဂလန်က ပစည်းတွေနဲ့ပဲ ဂျပန်အရသာဖြစ်အောင် ချက်နိုင်တော့ သိပ်ကောင်းတာပဲ။ ရှင် အင်္ဂလန်မှာ ရနိုင်သော နေ့တိုင်းအတွက် ဂျပန်ဟင်းချက်စာအုပ် ဆိုပြီး မထုတ် ချင်ဘူးလားဟင်။ ကျွန်မက အင်္ဂလိပ်လို ပြန်ပေးမယ်လေ။ ပြီးတော့ မိုက်ကယ့်မိသားစုက ထုတ်ပေးရင် ရတာပဲ”

စုက လက်တွေ့ဆန်သူပါ။ မိုက်ကယ့်မိဘတွေက ထုတ်ဝေသူ မိသားစု ကလေ။ တကယ်တော့ သူ့ကမ်းလှမ်းမှုသာ တကယ်ဖြစ်ခဲ့ရင် ကျွန်မအထင် ကျွန်မက “အသားကောင်းလေး”လို့များရေးခဲ့ရင် စုက အာဟာရတန်ဖိုးချင်း တူညီတဲ့ “သာမန် အသားတုံး သို့မဟုတ် လှီးထုတ်ထားတဲ့အသား”လို့များ ပြင်ရေးမလားပါပဲ။

စုက ခရစ်စမတ်ပူတင်း ဖုတ်ဖို့ကိုတောင် ထည့်ရမယ့် အဆာပလာတွေကို နှစ်ဝက်လောက် ကြိုစုထားတတ်ပါတယ်။ တကယ်တော့ အင်္ဂလန်က လူတော်တော်များများက ခရစ်စမတ်နေ့ ပူတင်းဖုတ်နည်းကိုတောင် မေ့နေကြပါပြီ။ အဲဒီနေ့မှာ စုက အင်္ဂလိပ်မိတ်ဆွေတွေကို ဖိတ်ပြီး သူစားလေ့မရှိတဲ့ အဲဒီပူတင်းကို ကျွေးလေ့ရှိတာပါ။ စုက မြန်မာငါးဟင်း ဒါမှမဟုတ် အင်ဒိုနီးရှားက ဂျမ်ဘလာယာငါးဟင်း ချက်တာ အလွန်ကောင်းပါတယ်။ ကျွန်မနဲ့ စုကြားမှာ အတူတူ ယုံကြည်ကြတာကတော့ ဟင်းချက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတာမို့ ကိုယ့်လက်နဲ့ချက်ပြုတ်သင့်တယ် ဆိုတာပါပဲ။

စုက အချက်အပြုတ်ကို ယုံကြည်သူမို့ အင်္ဂလိပ်တွေ အစားအသောက် ပြင်ဆင်ပုံကိုလည်း ဝေဖန်လေ့ ရှိပါတယ်။ အင်္ဂလိပ်တွေက ထုံးစံအနေနဲ့ ညစာစားဖို့ ဖိတ်တာကို လုပ်လေ့ရှိပေမယ့် ကျွေးတဲ့ အစားအစာထက် ဧည့်ထောက်ခံစကား ပြောတာကို အလေးထားတတ်ကြတာပါ။ အောက်စ်ဖို့ဒ်က ပညာတတ် အသိုင်းအဝိုင်း သေးသေးလေးထဲမှာတော့ မိုက်ကယ်နဲ့ စုကိုလည်း ညစာအတွက် မကြာခဏ ဖိတ်ခဲ့ကြပါ တယ်။ “နိုရီကိုရေ၊ ရှင်သိတဲ့အတိုင်းပဲ အင်္ဂလိပ်အစားအစာက သိပ်ဆိုးတာလေ။ မဟုတ်ဘူးလား။ ဒီတော့ ကျွန်မကလည်း မညာနိုင်တော့ ညစာကောင်းကောင်း ဖိတ်ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ မပြောနိုင်ပါဘူး။ မိုက်ကယ်ကတော့လေ အရသာရှိတဲ့ ညစာအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောနိုင်တယ်သိလား”လို့ ပြောတတ်ပြီး တစ်ဆက်တည်းမှာပဲ  မိုက်ကယ့်ဘက်လှည့်ကာ  “ဘယ်လိုလုပ်များ ရှင် အဲဒီလိုပြောနိုင်တာပါလိမ့်”လို့ ပြောလိုက်ပြန်ပါတယ်။
“သြော် ယဉ်ကျေးမှုအရ ကျေးဇူးတင်ကြောင်း ပြောတာပါ”လို့ မိုက်ကယ်က ဆင်ခြေပေးပေမယ့် “အို အဲဒီလိုတော့ မပြောသင့်ပါဘူး။ မိုက်ကယ်က ကျောင်းက အဆောင်မှာ အစားအသောက် မကောင်းတာတွေချည်း စားခဲ့ရတာမို့ ရှင့်လျှာတွေ  ပျက်သွားတာ မဟုတ်လား”လို့ စုက ပြန်ချေပတာချည်းပါပဲ။

 မိုက်ကယ်ကတော့ ကျွန်မတို့ဆီ အားတုံ့အားနာအကြည့်နဲ့ ကြည့်ပြီး ပခုံးလေးတွန့်ကာ စုကို အနိုင်ပေးလိုက်တဲ့ဟန် ပြပါတော့တယ်။ ဒီပုံရိပ်တွေက မိုက်ကယ်နဲ့စုရဲ့ သာမန် အိမ်ထောင်သည် ဘဝပုံရိပ်တွေပါ။ မိုက်ကယ်ကစုရဲ့ဝေဖန်မှုတွေကိုအမြဲပဲ အပြုံးနဲ့ တုံ့ပြန်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီလို တုံ့ပြန်ရင် စုရဲ့ သူ့အကြိုက် အရသာရှိတဲ့ အိမ်ချက်လက်ရာတွေကို စားရမှာ သေချာနေသကိုး။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
from http://www.myanmarij.com/?p=3465

လွပ်လပ်စွာရွေးချယ်ခွင့် (လင်းဝံသ)

လူဟာ မိမိကြိုက်နှစ်သက်တဲ့အရာကို လွပ်လပ်စွာရွေးချယ်ပြုလုပ်နိုင်သလား၊ ဒါမှမဟုတ် လွပ်လပ်စွာရွေးချယ်ခွင့်မရှိဘဲ မိမိအစိုးမရတဲ့ အတိတ်အကြောင်းတရားတွေက သတ်မှတ်ပြဋ္ဌာန်းတဲ့အတိုင်း အခါခပ် သိမ်း မလွဲမရှောင်သာ ပြုလုပ်နေရသလား။ 

ဒီပြဿနာဟာရှေးပဝေသဏီကာလမှစပြီး အနောက်နိုင်ငံပညာရှင်များ အငြင်းပွားခဲ့တဲ့ပြဿနာ တရပ်ဖြစ်ပါတယ်။ ဒီပြဿနာကို ရှုမြင်သုံးသပ်တဲ့နေရာမှာ ပညာရှင်တွေဟာ အယူအဆနှစ်မျိုးကွဲနေကြ ပါတယ်။ ပထမတမျိုးက လူဟာ လွပ်လပ်တယ်၊ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်တယ်။ မိမိအလိုဆန္ဒအတိုင်းပြုမူလုပ်ကိုင်နိုင်တယ်လို့ ယူဆကြပါတယ်။ 

ဒုတိယတစ်မျိုးကတော့ ပထမအယူအဆကို ပစ်ပယ်ပြီး လူဟာ မလွပ်လပ်ဘဲ အမျိုးမျိုးသော အကြောင်းတရားတွေရဲ့သတ်မှတ်ပြဋ္ဌာန်းတဲ့အတိုင်းခံရတယ်၊သူရဲ့အပြုအမူတွေဟာအဲဒီအကြောင်းတရားတွေက
ဖန်တီးတဲ့အပြုအမူများသာဖြစ်တယ်ဆိုတဲ့အယူအဆကိုလက်ခံထားကြပါတယ်။ 

အနောက်တိုင်းသားအချို့ဟာ Determinism (သတ်မှတ်ပြဋ္ဌာန်းခံဝါဒ)ကို လက်ကိုင်ထားကြပါတယ်။ ဒါကြောင့် Free to Choose (လွပ်လပ်စွာရွေးချယ်ခွင့်)ဆိုတာမရှိဘူးလို့ ယုံကြည်ထားကြတယ်။ ဒီဆောင်းပါးမှာ အဲဒီလိုလက်ကိုင်ယုံကြည်ထားတဲ့ဝါဒတွေကို မြတ်ဗုဒ္ဓရဲ့ ကမ္မ၀ါဒရှုထောင့်ကနေ နှိုင်းယှဉ်ပြီး လူဟာ လွပ်လပ်စွာရွေးချယ်ခွင့်ရှိ မရှိဆိုတာကို တင်ပြဆွေးနွေးမှာပါ။

Determinism ဆိုတာ လူဟာ မလွပ်လပ်ဘဲ အမျိုးအမျိုးသောအကြောင်းတရားတွေရဲ့ပြုပြင်မှုကို ခံရတယ်၊ သူ့ရဲ့အပြုအမူတွေဟာ အဲဒီအကြောင်းတရားတွေက ဖန်တီးတဲ့ အပြုအမူများသာဖြစ်တယ်။ အဲဒီ Determinism ဆိုတဲ့ အယူအဆမှာ Fatalism (ကြမ္မာဝါဒ)၊ Predestination or Predeterminism (ကံကြမ္မာဖန်တီးမှုဝါဒ)နဲ့ Determinism ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ Indeterminism (ပြဋ္ဌာန်းခြင်းမခံရတဲ့ဝါဒ (သို့မဟုတ်) အပဓာန၀ါဒ)တို့ ပါဝင်ကြပါတယ်။ 

                     
Fatalism ဆိုတာ ကြမ္မာဝါဒ၊ ဒါမှမဟုတ် အကြွင်းမဲ့ပြဋ္ဌာန်းခံဝါဒ၊ သို့မဟုတ် ကြိုတင်စီစဉ်ခံဝါဒလို့ ဆိုနိုင်ပါတယ်။ ဒီဝါဒရဲ့ အယူအဆမှာ လူတယောက်ဟာသေနေ့စေ့ရင်သေဖို့၊သေချိန်ကြရင်သေဖို့ ကြိုတင်ပြဋ္ဌာန်းခံရပြီးသားဖြစ်ပါတယ်။ 

ဒါ့အပြင်ဘယ်အချိန်မှာအောင်မြင်မယ်၊ဘယ်အချိန်မှာကျရှုံးမယ်၊ဘယ်အချိန်မှာချမ်းသာမယ်၊ဘယ်အချိန်မှာဆင်းရဲမယ်စတဲ့ဘ၀ဖြစ်ရပ်တွေဟာလည်း လူတစ်ယောက်အတွက် ကြိုတင်ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ 

ဒါပေမဲ့ Fatalismကို ကြမ္မာဝါဒလို့ဆိုပေမဲ့ အဲဒီကံကြမ္မာကို ဖန်ဆင်းရှင်၊ တန်ခိုးရှင်တွေက ဆုတ်ကိုင်ထားတယ်လို့ယူဆတဲ့ ၀ါဒီတွေလည်း ရှိနေကြပြန်ပါတယ်။ သူတို့အလိုအရ လူသတ္တ၀ါတွေအပေါ် ကြိုတင်ပြဋ္ဌာန်းခြင်းအမှုကိုပြုလုပ်သူမှာ ဖန်ဆင်းရှင်၊ တန်ခိုးရှင်ဖြစ်တယ်လို့ ယူဆခြင်းပါပဲ။ အဲဒီလူတွေရဲ့ အယူအဆ၀ါဒတွေကိုလည်း Fatalism လို့ဆိုနိုင်ပါတယ်။ 

အိန္ဒိယနိုင်ငံမှာရှိခဲ့တဲ့ အခုလည်းရှိနေတဲ့ ဂျိန်းဝါဒီတွေဟာ ကြိုတင်ပြဋ္ဌာန်းခြင်း အယူဝါဒကို လက်ခံ ကြသူတွေပါ။ ဒါပေမဲ့ ဖန်ဆင်းရှင်၊ တန်ခိုးရှင်ကိုတော့ လက်မခံပါဘူး။ ကံကြမ္မာကသာ လူသတ္တ၀ါတွေကို ကြိုတင်ပြဋ္ဌာန်းတယ်လို့ ယူဆကြပါတယ်။ သေနေ့စေ့လို့ သေရခြင်းနဲ့ အခြားဘ၀ဖြစ်ရပ်မှန်သမျှ အတိတ် ဘ၀ကံကြောင့်သာဖြစ်ရတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ဂျိန်းဝါဒီတွေရဲ့ အယူအဆဟာ Fatalism နဲ့တော့ ထပ်တူမဟုတ်ပါဘူး။  

အဲဒီလိုကြိုတင်ပြဋ္ဌာန်းရာမှာ Something နဲ့ Someone ဆိုတဲ့ နှစ်ခုက ကြိုတင်ပြဋ္ဌာန်းတယ်လို့ ယူဆကြပါတယ်။ Something ဆိုတာ ဖန်ဆင်းရှင်၊ တန်ခိုးရှင်နဲ့မဆိုင်ပါဘူး။ တစုံတရာ ဒါမှမဟုတ် တစုံတခုကပြဋ္ဌာန်းခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ကံဆိုတဲ့နိယာမ၊ ကြမ္မာဆိုတဲ့ စည်းမျည်းကြီးက လူသတ္တ၀ါတွေရဲ့ အကောင်းအဆိုးကို ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။ Someone ဆိုတာကတော့ တစုံတယောက်က ကြိုတင်ပြဋ္ဌာန်းခြင်းအမှုကို ပြုလုပ်တယ်လို့ လက်ခံယူဆခြင်းပါပဲ။ ခရစ်ယန်ဘာသာမှာ ထာဝရဘုရားသခင်၊ အစ္စလာမ်ဘာသာမှာ အလ္လာရှင်၊ ဟိန္ဒူဘာသာမှာ ဗြဟ္မာ၊ ဂျူးဘာသာမှာ ရာဝေစတဲ့ ပုဂ္ဂိုလ်တွေက လူတွေ ကို ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။

Fatalism ၀ါဒဟာ လူတွေရဲ့ အကောင်းအဆိုးကို တစုံတယောက်က ကြိုတင်ပြဋ္ဌာန်းတယ်လို့ ယူဆ တာကြောင့် Someoneမှာ အကျုံးဝင်ပါတယ်။ ဂျိန်းဝါဒကတော့ကြိုတင်ပြဋ္ဌာန်းခြင်းဝါဒကို လက်ခံသူတွေ ဖြစ်ပေမဲ့ ကြိုတင်ပြဋ္ဌာန်းပေးသူ ဖန်ဆင်းရှင်၊ တန်ခိုးရှင်ကို လက်မခံဘဲ ကံကြမ္မာကသာ ကြိုတင်ပြဋ္ဌာန်းတယ် လို့ ယူဆတာကြောင့် Something မှာ အကျုံးဝင်ပါတယ်။   

Predestination or Predeterminism ဆိုတာ လူ့လောကမှာရှိတဲ့ လူတွေရဲ့ အယုတ်၊ အလတ်၊ အမြတ်မတူကွဲပြား ခြားနားစွာ ခံစားစံစားနေရခြင်းတွေဟာ အခြားအကြောင်းကြောင့်မဟုတ်ဘဲ လောကကို အစိုးရတဲ့ ထာဝရဘုရားသခင်ရဲ့ အလိုတော်အတိုင်း၊ အဆုံးအဖြတ်အတိုင်းသာ ဖြစ်တယ်လို့ယူဆတဲ့ အယူ ၀ါဒပါ။ ဖန်ဆင်းရှင် ထာဝရဘုရားက လူတွေကို သူ့အလိုကျပြဋ္ဌာန်းတယ်လို့ ယုံကြည်ခြင်းပါပဲ။ Predestination ၀ါဒဟာ တစုံတယောက်က စီမံပြဋ္ဌာန်းတယ်ဆိုတဲ့ Someone မှာ ပါဝင်ပါတယ်။ အနောက် နိုင်ငံတွေရဲ့ ဘာသာကြီးသုံးခုဖြစ်တဲ့ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဂျူးဘာသာဝင်တို့ဟာ ဘုရားသခင်အလိုတော် အတိုင်းလို့ယုံကြည်ပြီး ဘုရားသခင်ဟာ လူသားများအပါအ၀င် စကြာဝဠာနဲ့ စကြာဝဠာထဲမှာရှိတဲ့ အရာ တိုင်းကို ဖန်တီးခဲ့တယ်လို့ လက်ခံထားကြပါတယ်။ 

Indeterminism ဆိုတာကတော့ လူ့လောကမှာရှိတဲ့ လူတွေရဲ့ ကွဲပြားခြားနားမှုတွေဟာ မည်သည့်အကြောင်းကြောင့်မှမဟုတ်ဘဲသူ့အလိုလိုအကြောင်းမဲ့ ဖြစ်ချင်သလို ဖြစ်နေခြင်းသာ ဖြစ်တယ်လို့ ယူဆတဲ့အယူဝါဒပါ။လူသားဟာဒီကမ္ဘာလောကထဲကိုမည်သည့်ပြဋ္ဌာန်းချက်မှမပါဘဲ ရောက်ရှိလာခြင်းဖြစ်တယ်လို့ ယူဆတာမျိုးပါ။ 

ဆိုခဲ့တဲ့ကြိုတင်ပြဋ္ဌာန်းခံဝါဒတွေဟာအမှန်တကယ်ကိုလေးလေးနက်နက်တွေးချိန်ချင့်စရာတွေပါ။ လူဟာသေနေ့စေ့လို့သေတယ်ဆိုရင်သေနေ့ကိုမရောက်ခင်အချိန်မှာလုပ်ချင်တဲ့အရာတွေကို လုပ်ပေမဲ့လည်း မသေနိုင်ဘူးဆိုတဲ့သဘော သက်ရောက်နေပါတယ်။ စားချင်တာကိုစား၊ သွားချင်တဲ့နေရာ ကိုသွား၊ အဆိပ်ပဲသောက်မိ သောက်မိ၊ တောင်ထိပ်ပေါ်ကနေကျတာပဲဖြစ်ဖြစ် မသေနိုင်ဘူးလို့ ယူဆရမဲ့ သဘောမျိုးပါ။ မလုပ်သင့်တဲ့အလုပ်ကို လုပ်မိလို့ပဲဖြစ်ဖြစ်၊ မစားသင့်တဲ့အစားအစာကို စားမိလို့ပဲဖြစ်ဖြစ်၊ ရာသီဥတုနဲ့ သင့်တင့်မျှတအောင် မနေတတ်လို့ပဲဖြစ်ဖြစ် သေနေ့မရောက်ခင် သေတာမျိုးတွေလည်း ရှိနိုင် ပါတယ်။ အတိတ်ကံရဲ့ပြဋ္ဌာန်းမှုအတိုင်း တိုးတက်မှု၊ အောင်မြင်မှုဖြစ်ရမယ်ဆိုရင် ဘာမှမလုပ်ဘဲ တိုးတက် အောင်မြင်မှုကို ထိုင်စောင့်နေရုံပဲဆိုတဲ့သဘောမျိုးလိုဖြစ်နေတာပါ။ ဒီအချက်တွေဟာ သဘာဝကျကျ စဉ်း စားတွေးတော သတိပြုစရာတွေပါ။ 

အတိတ်ကံက ပြဋ္ဌာန်းတဲ့အတိုင်း၊ ဒါမှမဟုတ် ကံစီမံတဲ့အတိုင်း၊ ထာဝရဘုရားသခင်ရဲ့ အလိုတော် အတိုင်း၊ သူ့အလိုလို အကြောင်းမဲ့ဖြစ်ချင်သလိုဖြစ်နေခြင်းဆိုတဲ့ အယူအဆတွေကို လက်ခံရင် Determinism (သတ်မှတ်ပြဋ္ဌာန်းခံဝါဒ)ပါပဲ။ အဲဒီအယူအဆနဲ့ ၀ါဒတွေကို လက်ခံယုံကြည်ရင် လူဟာ လွပ် လပ်စွာရွေးချယ်ခွင့် မရှိနိုင်ပါဘူး။ ဗုဒ္ဓ၀ါဒဟာ အတိတ်ကံကို မပစ်ပယ်ပေမဲ့လည်း အဲဒီအတိတ်ကံကို အားကိုး တာမဟုတ်ပါဘူး။ ဗုဒ္ဓ၀ါဒဟာ အတိတ်ကံကို မပစ်ပယ်တဲ့အတွက်ကြောင့် Determinism ပဲဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်တိုင်းသားတွေ လက်ခံယုံကြည်တဲ့ Determinism မျိုးတော့ မဟုတ်ဘူးလို့ဆိုရမှာပါ။ တကယ်လို့ Determinism ကို အစွန်းရောက်လက်ခံတယ်ဆိုရင်တော့ Freedom (လွပ်လပ်မှု) မရှိနိုင်ပါဘူး။  အဲဒီလို Freedom မရှိခြင်းနဲ့ပတ်သက်ပြီး……

“လူဟာ ဘ၀ဇာတ်ဆရာအလိုကျ ကပြနေရခြင်းလား ? 

စောင်းသမားတီးခတ်လိုက်တဲ့ စောင်းသံလို စည်းချက်ညီညီဖြစ်နေခြင်းလား ?

ကဗျာတပုဒ်ထဲက ကာရန်အတိုင်းဖြစ်နေခြင်းလား ?” 

ဆိုတဲ့ မေးခွန်းတွေကို မေးလာတတ်ကြပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကတော့ “လူဟာ လွပ်လပ်စွာရွေးချယ်ပြုလုပ်နိုင်သလား”ဆိုတဲ့ မူလ မေးခွန်းရဲ့ အဖြေတွေပဲဖြစ်ပါလိမ့်မယ်။

တကယ်တော့ Fatalism နဲ့ ဂျိန်းဝါဒီတွေရဲ့ အယူအဆတွေဟာ ဗုဒ္ဓလက်ထက်ကရှိခဲ့တဲ့ ပုဗ္ဗေကတ ဟေတုဝါဒပါပဲ။ ပုဗ္ဗေကတဟေတုဝါဒဆိုတာ “ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ ချမ်းသာမှု၊ ဆင်းရဲမှု၊ ချမ်းသာဆင်းရဲ မဟုတ်တဲ့ လျစ်လျူရှုမှုတွေကို ခံစားကြရတယ်။ ဒါ့အပြင် လောကမှာထင်ရှားရှိတဲ့ အယုတ်၊ အမြတ်၊ မိုက်မဲ မှု၊ လိမ္မာမှု၊ ပြည့်စုံမှု၊ အစိုးမရမှုစတဲ့အရာတွေကိုလည်း ခံစားစံစားတွေ့ကြုံကြရပါတယ်။ အဲဒီလိုတွေ့ကြုံခံစားကြရခြင်းဟာ အရင်ဘ၀တွေက မိမိတို့ပြုခဲ့တဲ့ ကံအစွမ်းကြောင့်ပဲဖြစ်ပါတယ်။ ဖန်ဆင်းရှင် တစုံတယောက်ရဲ့ ဖန်ဆင်းမှုကြောင့်မဟုတ်သလို လက်ရှိဘ၀မှာပြုလုပ်တဲ့ လုံ့လပယောဂကြောင့်ဖြစ်တာလည်းမဟုတ်၊အကြောင်းကင်းပြီးဖြစ်တာလည်းမဟုတ်ဘူး”ဆိုတဲ့အယူအဆပါ။ 

ဗုဒ္ဓ၀ါဒက အတိတ်ကံအကျိုးဆက်ကို လုံးဝမပစ်ပယ်ပေမဲ့ လူတဦးရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ ချမ်းသာခြင်း၊ဆင်းရဲခြင်းစတာတွေဟာသူပြုလုပ်ခဲ့တဲ့အတိတ်က ကံအကျိုးဆက်တခုတည်းကြောင့်သာဖြစ်ရတယ်ဆိုတဲ့ပုဗ္ဗေကတဟေတုဝါဒကို လက်မခံပါဘူး။

 အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲဖြင်းစတဲ့ အခုလက်ရှိဘ၀မှာဖြစ်နေတာတွေဟာ အတိတ်ကံကြောင့်သာဖြစ်ရမယ်ဆိုရင် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းစတဲ့မကောင်းမှုတွေ ကျူးလွန်နေကြတာကိုလည်း အတိတ်ကံကြောင့်လို့ ယူဆရ တော့မလိုဖြစ်နေတာပါ။ ဒါ့ကြောင့် အခုမျက်မှောက်ဘ၀မှာရှိနေတဲ့ လူတဦးရဲ့ ဥာဏ်၊ ဆန္ဒနဲ့ ၀ီရိယတို့ရဲ့ အစွမ်းသတ္တိတွေကို ပစ်ပယ်ရာရောက်တဲ့ ပုဗ္ဗေကတဟေတုဝါဒကို ဗုဒ္ဓ၀ါဒက လက်မခံခြင်းပဲဖြစ်ပါတယ်။  

Predestination or Predeterminism ဆိုတဲ့ဝါဒဟာ ဗုဒ္ဓလက်ထက်ကရှိခဲ့တဲ့ ဿရနိမ္မာန၀ါဒပါပဲ။“သတ္တ၀ါတွေသုခ၊ဒုက္ခနဲ့ဥပေက္ခာသဘောတွေကိုခံစားနေကြရတာတွေအားလုံးဟာလောကကိုအစိုးရတဲ့တန်ခိုးရှင်ရဲ့ ဖန်ဆင်းမှုကြောင့်သာဖြစ်တယ်”လို့ယူဆတာ ဿရနိမ္မာန၀ါဒပါ။ ဗုဒ္ဓ၀ါဒက ထာဝရဘု ရားတည်ရှိခြင်းကို လက်မခံတဲ့ အနတ္တ၀ါဒဖြစ်တာကြောင့် အောင်မြင်မှု၊ ကျရှုံးမှု၊ ချမ်းသာမှု၊ ဆင်းရဲမှုတွေ အားလုံးဟာ ထာဝရဘုရားရဲ့ဖန်ဆင်းမှုကြောင့်သာဖြစ်တယ်ဆိုတဲ့ ဿရနိမ္မာန၀ါဒကို လက်မခံပါဘူး။ အခုလက်ရှိဘ၀မှာ ကြုံတွေ့နေကြတဲ့ သုခ၊ ဒုက္ခတွေဟာ  ထာဝရဘုရားရဲ့ဖန်ဆင်းမှု၊ ထာဝရဘုရားရဲ့ အလိုဆန္ဒအတိုင်းစီမံပြဋ္ဌာန်းတဲ့အတိုင်းဖြစ်ရတယ်ဆိုရင်သူ့အသက်သတ်ခြင်း၊ လိမ်လည်ပြောဆိုခြင်းစတာတွေဟာလည်းထာဝရဘုရားရဲ့ဖန်ဆင်းမှု၊ စီမံပြဋ္ဌာန်းမှုတွေကြောင့်ပဲ ဖြစ်တော့မှာပါ။

ဒီနေရာမှာ ဿရနိမ္မာန၀ါဒီအချို့နဲ့ ပုဗ္ဗေကတဟေတုဝါဒီအချို့တို့ တူညီတဲ့အချက်တခုရှိပါတယ်။ လက်ရှိဘ၀မှာ အချို့လူကောင်းများ ဒုက္ခရောက်နေကြပြီး အချို့လူမိုက်များကောင်းစားနေခြင်းဟာ ထာဝရ ဘုရားကိုယုံကြည်တဲ့သူတွေအတွက် ဦးနှောက်ခြောက်စေတဲ့ပြဿနာဖြစ်ပါတယ်။ ထာဝရ၀ါဒီတွေက အဖြေကိုရှာကြံလို့မရတဲ့အတွက်ကြောင့်ထာဝရဘုရားရဲ့အလိုတော်အတိုင်းဖြစ်တယ်၊ ထာဝရဘုရားရဲ့အလိုကိုကြံစည်လို့မရနိုင်လို့ဆိုကြပါတယ်။ကမ္မ၀ါဒီအစွဲရှိတဲ့ ပုဗ္ဗေကတဟေတုဝါဒီတွေကတော့ ကံစီမံတဲ့အတိုင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ မသိမမြင်ရတဲ့ ထာဝရဘုရားရဲ့နေရာမှာ လက်တွေ့စမ်းသပ်လို့မရတဲ့ တရားတခုကို အစားထိုးခြင်းသာဖြစ်ပြီး ထာဝရဘုရားအယူနဲ့ သဘောအားဖြင့်တော့ အတူတူပဲဖြစ်ပါတယ်။ 

တကယ်တော့လူ့လောကကြီး ကမောက်ကမဖြစ်နေမှုဟာ ဗုဒ္ဓ၀ါဒီတွေအတွက်တော့ ပြဿနာတရပ် မဟုတ်ပါဘူး။ ဗုဒ္ဓ၀ါဒကတော့ လက်ရှိပစ္စုပ္ပန်မှာ အောင်မြင်မှု၊ ကျရှုံးမှု၊ ဆင်းရမှု၊ ချမ်းသာမှုစတာတွေဟာ အတိတ်ကံသက်သက်ကြောင့်လို့မယူဆဘဲ လက်ရှိ ဆန္ဒ၊ ဥာဏ်၊ ၀ီရိယ၊ ပတ်ဝန်းကျင်အခြေအနေစတဲ့ အကြောင်းတွေကိုပါ ထည့်သွင်းရှုမြင်တဲ့ ကမ္မသကတာသမ္မာဒိဋ္ဌိဝါဒပဲဖြစ်ပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်ဥာဏ် အမြော်အမြင်နည်းလို့ မအောင်မြင်တာကို အတိတ်ကံမကောင်းလို့ဆိုပြီး တထစ်ချမမှတ်ယူသင့်ပါဘူး။ 

Indeterminism ဆိုတာကတော့ ဗုဒ္ဓလက်ထက်ကရှိခဲ့တဲ့ အဟေတုက၀ါဒပါပဲ။ “သတ္တ၀ါတွေ သုခ၊ ဒုက္ခ၊ ဥပေက္ခာသဘောတွေကို ခံစားနေရတာတွေဟာ မည်သည့်အကြောင်းကြောင့်မှမဟုတ်ဘဲ သူ့အလိုလိုဖြစ်နေခြင်းသာဖြစ်တယ်ဆိုတဲ့”သဘောတရားဟာ အဟေတုက၀ါဒပါ။ ဗုဒ္ဓ၀ါဒအလိုအရ လူ့ဘ၀ဆိုတာ ပေါက်လွတ်လွင့်စင်ပြီး သူ့အလိုလိုရနိုင်တဲ့ဘ၀မျိုးမဟုတ်ပါဘူး။ လူ့ဘ၀ရဖို့ ခဲယဉ်းလှပါတယ်။ လူ့ဘ၀ကို အကြောင်းမဲ့ မရနိုင်ပါဘူး။ ဒါကြောင့် သုခ၊ ဒုက္ခ၊ ဥပေက္ခာသဘောတွေ ခံစားနေရတာတွေအားလုံးဟာဘာအကြောင်းအထောက်အပံ့မှမရှိဘဲ သူ့လိုလိုဖြစ်နေခြင်းသာဖြစ်တယ်ဆိုတဲ့ အဟေတုက၀ါဒကို ဗုဒ္ဓ၀ါဒက လက်မခံပါဘူး။ 

 လောကမှာရှိနေကြတဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ ဆင်းရဲ၊ ချမ်းသာတွေဟာ ဘာအကြောင်းအထောက် အပံ့မှမရှိဘဲ သူ့လိုလိုသာဖြစ်နေတယ်ဆိုရင် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းစတဲ့ မကောင်းတဲ့ဒုစရိုက်မှု တွေအားလုံးဟာလည်း အကြောင်းတရားမရှိဘဲ သူ့လိုလိုဖြစ်နေခြင်းသာဖြစ်တယ်လို့ ယူဆရတော့မလိုပါ။  

“ရှေးကပြုခဲ့တဲ့အကြောင်းတရားသက်သက်ကိုသာလက်ကိုင်ထားကြသူတွေ၊ လောကကိုအစိုးရတဲ့ ဖန်ဆင်းရှင်ကိုသာယုံကြည်ကြသူတွေနဲ့အကြောင်းတရားမရှိ၊သူ့လိုလိုဖြစ်နေခြင်းဆိုတဲ့အယူအဆတွေကို အမြတ်တနိုးယုံကြည်စွဲလမ်းကြသူတွေအတွက်အကြောင်းအကျိုးအကောင်းအဆိုးနဲ့ အမှားအမှန်ကိုဝေဖန်ပိုင်းခြားတဲ့ဥာဏ်၊အလိုဆန္ဒနဲ့အားထုတ်ခြင်းဝီရိယတွေမဖြစ်နိုင်တော့ဘူး”လို့ မြတ်ဗုဒ္ဓမိန့်တော် မူခဲ့တဲ့စကားကို ထောက်ဆပြီး ဆိုခဲ့တဲ့ဝါဒသုံးခုကို ဗုဒ္ဓ၀ါဒက လက်မခံခြင်းပဲဖြစ်ပါတယ်။ 

ဆိုခဲ့တဲ့ဝါဒသုံးခုကို လက်မခံတာကြောင့် အဲဒီဝါဒသုံးခုမှာအကျုံးဝင်ပြီး အနောက်တိုင်းသားအချို့ လက်ခံယုံကြည်တဲ့ Determinism (ပြဋ္ဌာန်းခံဝါဒ)ကိုလည်း ဗုဒ္ဓ၀ါဒက လက်မခံကြောင်း မှတ်ယူရမှာပါ။ ဒါဆို ရင် ဗုဒ္ဓ၀ါဒဟာ ဘာဝါဒလဲလို့ မေးစရာရှိလာပါတယ်။ 

အတိုချုပ်ဖြေရမယ်ဆိုရင်တော့ ဗုဒ္ဓ၀ါဒဟာ ကမ္မ၀ါဒလို့ ဖြေရမှာပါ။ ဗုဒ္ဓ၀ါဒအလိုအရ လူ့ဘုံမှာ ပဋိသန္ဓေအခါအယုတ်၊အလတ်၊အမြတ်ဖြစ်ကြရခြင်းဟာရှေးအတိတ်ကံကြောင့်ပဲဖြစ်ပါတယ်။ရှေးကံအားကောင်းရင် အားကောင်းတဲ့အလျောက် မင်းမျိုး၊ သူဋ္ဌေးမျိုးတွေမှာဖြစ်ကြရပြီးရှေးကံအားနည်းရင် အားနည်းတဲ့အလျောက် ဆင်းရဲတဲ့အမျိုးတွေမှာ ဖြစ်ကြရပါတယ်။ ပဋိသန္ဓေ အခါ အယုတ်၊ အလတ်၊ အမြတ်ဖြစ်ဖို့အတွက်တော့ ဥာဏ်၊ ၀ီရိယနဲ့မဆိုင်ပါဘူး။ ရှေးကံအလျောက်ဖြစ်ရပြီး နောက် ဖြစ်ပြီးတဲ့အမျိုး၊ အဆင့်အတန်းအားလျော်စွာရပြီးတဲ့စီးစိမ်ချမ်းသာကိုစောင့်ရှောက်မှု၊တိုးပွားစေမှု၊မရသေးတဲ့စီးပွားဥစ္စာကိုရအောင်ကြိုးစားမှု၊ အသက်ရှည်ဖို့၊ကျန်းမာဖို့လုပ်ဆောင်ရတဲ့အမှုကိစ္စတွေမှာတော့ဥာဏ်နဲ့ ၀ီရိယတို့ကသာ ပဓာနဖြစ်ပါတယ်။ 

လူတွေရဲ့ အသက်တမ်းတိုတာ၊ ရှည်တာ၊ ဆုတ်ယုတ်တာတွေကတော့ ရှေးကံဟောင်းက ပဓာန မဟုတ်ပါဘူး။ အဇတ္တသြဇာ၊ ဗဟိဒ္ဓသြဇာဆိုတဲ့ဓာတ်ဆီနဲ့ အဇတ္တဓာတ်မီး၊ ဗဟိဒ္ဓဓာတ်မီးတို့ကသာ ပဓာနဖြစ်ပါတယ်။ဒါကြောင့်မို့“လူသည်ကံစီမံတဲ့အတိုင်း ဖြစ်နေခြင်းဖြစ်သည်”ဆိုတဲ့အဆိုဟာ ယေဘုယျအား ဖြင့် မမှန်ကန်ပါဘူး။ ဘာကြောင့်လဲဆိုရင် အတိတ်ကံဟာ ပဋိသန္ဓေအခါ အယုတ်၊ အလတ်၊ အမြတ်တို့ကိုပဲဖြစ်စေနိုင်ပါတယ်။ ပစ္စုပ္ပန်ဘ၀ ချမ်းသာမှု၊ ဆင်းရဲမှု၊ အသက်ရှည်မှု၊ အနာရောဂါကင်းမှုတို့ဟာ ဥာဏ်နဲ့ ၀ီရိယတို့ကသာ ပဓာနဖြစ်ပါတယ်။ ဒါကြောင့် “ကံစီမံတဲ့အတိုင်းဖြစ်နေသည်”လို့ပြောရင် အတိတ်ကံရော ပစ္စုပ္ပန်ကံကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ တကယ်တော့ အတိတ်ကံဆိုတာ သိမြင်စမ်းသပ်လို့ရတဲ့တရား မဟုတ်တာကြောင့် အတိတ်ကံကိုပဲစဉ်းစားနေရင် ကြီးပွားတိုးတက်မှုမရှိဘဲ ဖြစ်နေမှာပါ။ 

ဆိုခဲ့တဲ့အတိုင်း ပုဗ္ဗေကတဟေတုဝါဒီတွေရဲ့အယူအဆကို ပစ်ပယ်ပေမဲ့ အတိတ်ဘ၀က ကံအကျိုး ဆက်တွေရဲ့ထောက်ပံ့မှုကို ဗုဒ္ဓ၀ါဒက မငြင်းပယ်ပါဘူး။ ဗုဒ္ဓ၀ါဒအလိုအရ အတိတ်ဘ၀တွေက ကြီးလေးတဲ့ မကောင်းမှုဒုစရိုက်ကံတွေဟာ လူတဦးရဲ့ ပစ္စုပ္ပန်အောင်မြင်မှု၊ တိုးတက်မှုတွေကို ဟန့်တားတတ်ပါတယ်။ အဲဒီလိုပဲ အတိတ်က စွမ်းအားကောင်းတဲ့ ကောင်းမှုကံတွေကလည်း ပစ္စုပ္ပန်အောင်မြင်မှု၊ တိုးတက်မှုတွေကို အကျိုးပြုနိုင်ပါတယ်။  ဗုဒ္ဓ၀ါဒက အတိတ်ကံအကျိုးဆက်ကို လက်ခံပေမဲ့လည်း ပစ္စုပ္ပန်အောင်မြင်မှု၊ ဆုံးရှုံးမှု မှန်သမျှတွေကို အတိတ်ကံကြောင့်ချည်းဖြစ်ရတာလို့တော့ မယူဆပါဘူး။ ဒါ့အပြင် အတိတ်ကံအထောက် အပံ့မရှိဘဲ ပစ္စုပ္ပန်ဆန္ဒ၊ ဥာဏ်၊ ၀ီရိယတို့ကြောင့်ချည်း အောင်မြင်ထမြောက်တာလို့မယူဆဘဲ ကောင်းသော ကံတွေရဲ့ထောက်ပံ့မှုလည်းပါတယ်လို့ ရှုမြင်ပါတယ်။ 

အတိတ်ကံတွေက  ကောင်းတာကိုထောက်ပံ့တာပဲဖြစ်ဖြစ် မကောင်းတာကို ထောက်ပံ့တာပဲဖြစ်ဖြစ် လူတဦးဟာ ပစ္စုပ္ပန်ဘ၀မှာ မိမိရဲ့ ဆန္ဒ၊ ဥာဏ်၊ ၀ီရိယတွေကိုသာ အားကိုးပြုပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကိုလုပ်ရမှာဖြစ်ပါတယ်။ကျော်လွန်ခဲ့ပြီးဖြစ်တဲ့အတိတ်ကံ၊အတိတ်အကျိုးဆက်တွေကို စောင့်မျှော်နေဖို့မလိုသလို အားကိုးနေဖို့လည်း မလိုပါဘူး။ ဘာကြောင့်လဲဆိုရင် မိမိနဲ့ အသက်ဆိုင်ဆုံး အရာမှာ လက်ရှိပစ္စုပ္ပန်အခြေအနေပဲဖြစ်ပြီး မိမိရဲ့ပစ္စုပ္ပန်မှာ ကောင်းတဲ့ကံတွေကိုဖန်တီးဖို့ အသေအချာ ပိုင်ဆိုင်အားကိုးနိုင်တဲ့အရာကလည်း မိမိရဲ့ဆန္ဒ၊ ဥာဏ်နဲ့ ၀ီရိယတွေပဲ ဖြစ်တာကြောင့်ပါ။ ဗုဒ္ဓ၀ါဒအလိုအရ လူဟာ အတိတ်ကံအလျောက် ပြဋ္ဌာန်းခံရတာမှန်ပေမဲ့လည်း ပစ္စုပ္ပန် ဆန္ဒ၊ ဥာဏ်နဲ့ ၀ီရိယတွေကသာ အဓိကဖြစ်တာကြောင့် အဲဒီဆန္ဒ၊ ဥာဏ်၊ ၀ီရိယအလိုက် လွပ်လပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ 

 ဗုဒ္ဓ၀ါဒဟာ အတိတ်ကံကိုလက်ခံပေမဲ့လည်း အဲဒီအတိတ်ကံကို အားမကိုး၊ စောင့်လည်း မစောင့် မျှော်ဘဲ ပစ္စုပ္ပန် ဆန္ဒ၊ ဥာဏ်နဲ့ ၀ီရိယတွေကိုသာ အားကိုးတာပါ။ ဒါကြောင့် လူဟာ မိမိရဲ့ ကံ၊ ဆန္ဒ၊ ဥာဏ်နဲ့ ၀ီရိယတွေအလျောက် မိမိကိုယ်ကို မိမိကသာပြဋ္ဌာန်းပါတယ်။ တနည်းအားဖြင့်ပြောရရင် တစုံတခုသော အတိုင်းအတာအထိ Freedom (လွပ်လပ်မှု)ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ လူဟာ ဘ၀ဇာတ်ဆရာ အလိုကျ ကပြနေရခြင်းလည်းမဟုတ်၊ စောင်းသမားတီးခတ်လိုက်တဲ့စောင်းသံလို စည်းချက်ညီညီ ဖြစ်နေ ခြင်းလည်းမဟုတ်၊ ကဗျာတပုဒ်ထဲက ကာရံအတိုင်းဖြစ်နေခြင်းလည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကံ၊ ဆန္ဒ၊ ဥာဏ်နဲ့ ၀ီရိယအလျောက် လွပ်လပ်စွာရွေးချယ်ခွင့်ရှိပါကြောင်း…..။  
လင်းဝံသ 
၆၊ ၂၇၊ ၂၀၁၂