Friday, 14 October 2011

ဆရာ နန္ဒာသိန်းဇံဆီသို့

ဆရာ . . .

၁၃-၉-၂၀၁၁ နေ့က ဆရာကွယ်လွန်ခြင်း တစ်လပြည့်အခမ်း အနားကို ကမ္ဘာအေးက နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ်။ မဟာသဒ္ဓမ္မ ဇောတိကဓဇ ပါမောက္ခ ဒေါက်တာသိန်းဇံ (နန္ဒာသိန်းဇံ) ဆိုတဲ့ ကတ္တီပါနဖူးစီးနဲ့ အလွန်ခမ်းနားလှပါတယ်ဆရာ။ ခန်းမကြီးထဲက ဗုဒ္ဓဆင်းတုတော်ရဲ့မုဒြာက ဓမ္မစကြာမုဒြာပါ ဆရာ။ ဗုဒ္ဓဟောကြားခဲ့တဲ့ သုတ္တန် တရားတော်တွေထဲမှာ အနှစ်သက်ဆုံးသုတ္တန် တစ်ခုကိုပြောပါဆိုရင် ဘယ်သုတ္တန်ကိုပြောမလဲ ဆရာလိုမေးတော့ ဆရာက ဓမ္မစကြာလို့  ပြောခဲ့ဖူးတာ သတိရမိပါတယ်။ ဆရာရဲ့ အလွန်အောင်မြင် ကျော်ကြားတဲ့ ပထမ လက်ရာဖြစ်တဲ့ ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာစာအုပ်ဟာ ဓမ္မစကြာတရားကို အခြေခံပြီးပြုစုထားတဲ့ ဒဿနိက ဗေဒမဟာဝိဇ္ဇာဘွဲ့ကျမ်းပဲလေ။

ဆရာ . . .

အဲဒီနေ့က နံနက် ၉ နာရီမှာ ဆရာတော် သံဃာတော်တွေကို ဆရာ့ ဇနီး၊ ဆရာ့အစ်ကို၊ ဆရာ့တူ၊ တူမ တွေနဲ့အတူ ဆွမ်းဆက်ကပ်လှူတန်း ကြပါတယ်။ အမျှဝေကြပါတယ်။ မွန်းလွဲ ၁၁ နာရီခွဲမှာ ဆရာ့အမှတ်ရစကား အစီအစဉ် စတင်ခဲ့ပါတယ်။

ဆရာ . . .

ဆရာစာသင်ပေးခဲ့တဲ့ ဆရာ့တပည့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) စာသင်သား သံဃာတော်တွေကလည်း ပြောကြပါတယ်ဆရာ။ သံဃာတော်တစ်ပါးက ဆရာသင်ပေးခဲ့တဲ့ ဝေဖန်သုံးသပ်နည်းကို ပြောပါတယ်။ တစ်ပါးကတော့ ဆရာသင်ပေးခဲ့တဲ့ ကဗျာရွတ်ပြပါတယ်။ တစ်ပါးကတော့ ဆရာ သင်ပေးခဲ့တဲ့ ပို့စ်မော်ဒန်အကြောင်း ပြောပါတယ်။ မြန်မာသံဃာတော် တစ်ပါးက သာသနာ့ တက္ကသိုလ်နယ်မြေမှာ ပို့စ်မော်ဒန်အကြောင်း ပြောနေတာကိုက ပို့စ်မော်ဒန်ဖြစ်နေတယ် လို့ခံစားမိပါတယ် ဆရာ။

ပို့စ်မော်ဒန်ဟာ ကမ္ဘာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်က စတင်ပေါ်ပေါက်ခဲ့ပုံပြောပါတယ်။ ဒဿန ပညာရှုထောင့်ဖြစ်တဲ့ ပို့စ်မော်ဒန် လက္ခဏာနှစ်ရပ်ကိုလည်း ပြောပါတယ်။ Decentralization ဗဟိုပျောက်ဆုံး ခြင်းနဲ့ Ontological Uncertainty မမြဲခြင်း အစစ်အမှန်တရား အကြောင်း ပြောပါတယ်။ နားထောင်နေရင်း ဆရာခဏခဏ ပြောပြတတ်တဲ့ Post -modernism and Philosophy အကြောင်း သတိရမိပါတယ်။

ဗဟိုပျောက်တယ်ဆိုတာ အကြောင်းတရားတစ်ခုထဲ idea တစ်ခုထဲနဲ့အရာရာကို ဖြေရှင်းလို့မရနိုင်တာ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေကို ဖြေရှင်းရာမှာ ရှုထောင့်ပေါင်းစုံက ဖြေရှင်းကြရမယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်း ဖြေရှင်းလို့မရဘူး။ လောကကို ဖန်ဆင်းတယ်ဆိုတာလည်း လူသားအားလုံးက ဖန်တီးတာဖြစ်တယ်။ မမြဲခြင်းအစစ်အမှန်တရား ဆိုတာ ဒဿနသမိုင်းမှာ လေ့လာရတဲ့ လောကရဲ့အစ အခြေခံဝတ္ထုသဘော နဲ့ ဆက်စပ်နေတယ်။ လောကရဲ့အစ အခြေခံဝထ္ထုသဘော တွေးခေါ်တာကို Ontology ရှိမှု ပညာခေါ်တယ်။ ဆိုတာတွေကိုသတိရနေမိပါတယ်ဆရာ။ ပြီးတော့ ပုဂံခေတ်က အခြေခိုင်ခဲ့တဲ့ မြန်မာ့အစဉ်အလာ အတွေးအခေါ်မှာ လောကကို ဖန်ဆင်းတယ်ဆိုတာ လူသားဖြစ်တယ်။ မမြဲခြင်း အစစ်အမှန်တရားဆိုတာကိုလည်း လက်ခံထားတယ်။ ယနေ့ ပို့စ်မော်ဒန်ခေတ်ထိ မြန်မာ့အစဉ်အလာ အတွေးအခေါ်က ခေတ်မီနေတုံးပဲလို့ ဆရာပြောခဲ့တာ သတိရမိပါတယ် ဆရာ။

ဆရာ . . .

သံဃာတွေပြောပြီးတော့ ကျွန်တော်ပြောရပါတယ်။ ကျွန်တော်ကတော့ ဆရာ့ရဲ့တပည့်တစ်ယောက် အနေနဲ့ အာစရိယပူဇာ ပြောတာပါ။ ဆရာရဲ့ ဆရာမဖြစ်တဲ့ ဆရာမကြီး ဒေါ်ကြည်ကြည်လှလည်း ရှိနေပါတယ် ဆရာ။ တကယ်တော့ ဆရာရယ် ဆရာ့တပည့်တွေအားလုံးရဲ့ ရင်ထဲမှာ ဆရာနှင့်ပတ်သက်ပြီး ပြောပြစရာတွေ အများကြီးရှိနေကြမှာပါ။ ၁၉၈၀ ကတဲက ဆရာ့တပည့်ဖြစ်ခဲ့တဲ့ ကျွန်တော့မှာလည်း ပြောပြစရာတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော် က အိပ်မက်တစ်ခုမက်တဲ့အကြောင်း ပြောပါတယ်။

၂-၉-၁၁နေ့က ဆရာ့တူ နန္ဒ ဖုံးဆက်ပါတယ်။ တစ်လပြည့်အခမ်းအနားမှာ ဆရာ့အမှတ်တရစကား ပြောဖို့တဲ့။ ဆရာကတပည့်ကို ချီးမြှောက်နေဆဲ၊ ကြည်နူးချမ်းမြေ့မှုပေးနေဆဲ၊ ငြိမ်းအေးပြေလွင်မှု ပေးနေဆဲပါလား ဆရာရယ်။

၃-၉-၁၁ နေ့ စနေနေ့မှာ ကျွန်တော့်ရဲ့ မှတ်စုစာအုပ်ဟောင်းနဲ့ ဒိုင်ယာယီဟောင်းတွေ ပြန်ဖတ်ကြည့်ပါတယ်။

ကျွန်တော်တို့ကို ၁၉၈၀ ရန်ကုန် တက္ကသိုလ်ဒဿနိက ဗေဒပညာရပ်ထဲက ရသပညာ Aesthetics ဆရာ သင်ပေး ခဲ့တဲ့မှတ်စုကိုလည်း ပြန်ဖတ်မိပါတယ်။ ကဗျာတွေရွတ်ပြ၊ ၀တ္ထု တွေပြောပြ၊ ပန်းချီကားတွေ အကြောင်းရှင်းပြပြီး သင်ပေးခဲ့တာမို့ မှတ်စုထဲမှာ ကဗျာတွေ၊ ၀တ္ထုဇာတ်လမ်း အကျဉ်းချုပ်တွေတွေ့ပါတယ် ဆရာ။ ဆရာတင်မိုးရဲ့ဆေးလိပ်လဲ တို၊ နေလဲညိုပြီ၊ ငါ့ကိုအိမ်ပြန်ပို့ပါလေ ဆိုတဲ့ ကဗျာကို ဘယ်လိုဝေဖန်သုံးသပ်မလဲ၊ ဘယ်လိုခံစားမလဲ ဆိုတာကိုလဲ ဆရာသင်ပေးထားတာ တွေ့ရပါတယ်။

ဆရာ . . .

မှတ်မိပါသေးတယ် ဆရာ၊ ကျွန်တော်တို့ကို ဆရာက လောကနတ် ပန်းချီပြခန်းကို ခေါ်သွားတယ်။ ပန်ချီကားတွေကို ခံစားစေတယ်။ ကျွန်တော့်ရင်ထဲမှာ ခုထိရှိနေတဲ့ ပန်းချီကားတစ်ချပ် တွေ့ခွင့်ရခဲ့ပါတယ်။ ဆရာပေါ်ဦးသက်ရဲ့လက်ရာ မိသားစုတစ်စုပါ။ ကျုဗစ်ဇင်နည်းနဲ့ ရေးထားတာပါ။ လုံးဝိုင်းတဲ့ထုထည်တွေနဲ့ အညိုရောင်မိုနိုတုံး (တစ်ရောင်ထဲ၊ တစ်စိတ် ထဲ၊ တစ်ဝမ်းထဲ၊ ထုထည် ကြီးမားမှုတွေ)နဲ့ မိဘနှစ်ပါး က ရင်နှစ်သည်းချာ တစ်ဦးကို ယုယကြင်နာနေပုံပါဆရာ။ ဆရာမြသန်းတင့်ရဲ့ စစ်နှင့် ငြိမ်းချမ်းရေး စာအုပ်ထူကြီးတစ်အုပ်မှာလဲ မျက်နှာဖုံးအဖြစ် သုံးခဲ့ဖူးတယ် ထင်ပါတယ်။

တစ်ဦးခြင်း ဘ၀ကလဲလောက တစ်ခု၊ မိသားစုတစ်စုကလဲ လောကတစ်ခု၊ နိုင်ငံတစ်နိုင်ငံဟာလဲ လော ကတစ်ခု၊ ကမ္ဘာ့လူဘောင်ဟာလည်း လောကတစ်ခုမို့ လောကငြိမ်းချမ်း ရေးအတွက် မိသားစုရဲ့ချစ်ခြင်း မေတ္တာကို ဖော်ပြရေးဆွဲ ထားတယ်လို့ ခံစားမိပါတယ် ဆရာ။

ဆရာ . . .

မှတ်မိပါသေးတယ်ဆရာ၊ အဲဒီ နေ့မှာပဲ ဆရာ့ကျေးဇူးကြောင့် ဆရာ ပေါ်ဦးသက်နဲ့ ဆရာမောင်ဒီကို သိခွင့် ရခဲ့ပါတယ်။ ပန်းချီဆရာကြီးနှစ်ဦး ရဲ့ဟောပြောပွဲကိုလဲ နားထောင်ခဲ့ရပါတယ်။ ဆရာပေါ်ဦးသက်က မိသားစုပန်းချီကားကြီးအကြောင်း ပြောပြပါတယ်။ ဆရာမောင်ဒီက အနုပညာ လွတ်လပ်မှုအကြောင်း ပြောပြ ပါတယ်။

နောက်တစ်နေ့ စာသင်ခန်းမှာ ကိုယ့်အတွေ့အကြုံ ကိုယ်ပြောရတော့ ကျွန်တော်ကဖတ်ခဲ့ဖူးတဲ့ ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ၊ ပေါ်သစ်(ဟံသာဝတီ ဦးဝင်းတင်)ရဲ့ အလှရှာတော်ပုံ၊ စာအုပ်တွေထဲက မိုးနေးရဲ့ပန်းချီကား၊ ဗင်ဂိုးရဲ့ပန်ချီကား၊ ဂေါ်ဂင်ရဲ့ပန်းချီ ကား၊ မွန့်ခ်ျရဲ့ပန်းချီကားတွေနဲ့ ဆက်စပ်ပြီးပြောတော့ ဆရာက ကျွန်တော့်ကို Modern Art and Aesth- etics Theory of Formalism စာတမ်းရေးစေပြီး အတန်းရှေ့ Stage ခုံပေါ်တက်ပြောစေခဲ့တယ်။ အဲဒီကအစ ဆရာက ကျွန်တော့်ကို ပညာရေးလမ်းပြခဲ့တာပါ။ ပညာရေးရဲ့ အဓိပ္ပာယ်အတိုင်း ဆရာကတပည့်ရဲ့ဖြစ်နိုင်စွမ်းကို ဆွဲထုတ်ပေးခဲ့တာပါ။ ဆွဲတင်ပေးခဲ့တာပါ။

ဆရာ . . .

မှတ်မိပါသေးတယ် ဆရာ၊ မှတ်မိတာတွေ ပြောချင်တာတွေ အများကြီးပါဆရာ။ နောက်ဆုံး ၂၀၀၇ ဒိုင် ယာယီဟောင်းကိုဖတ်တော့ ဖေဖော် ၀ါရီလ ၂၅ ဆရာ့မွေးနေ့ပွဲအကြောင်း ရေးထားတာ တွေ့တယ်ဆရာ။ အဲဒီတုံးက ရန်ကုန်တက္ကသိုလ်၊ ဒဿနိ ကဗေဒဌာန၊ ပါမောက္ခ၊ ဌာနမှူး အဖြစ် ဆရာတာဝန်ထမ်းဆောင်နေ စဉ်ကပေါ့။ နာဂစ်မဖြစ်ခင်ဆိုတော့ ဌာနမှာ အင်တာနက် ကောင်းနေတုံးပေါ့။ အင်တာနက်က ဖီလိုဆိုဖီ ၀က်ဘ်ဆိုက်တွေကြည့်၊ နိုင်ငံတကာ တက္က သိုလ်က ဖီလိုဆိုဖီ သင်ရိုးညွှန်းတန်းတွေကြည့်ပြီး၊ နိုင်ငံတကာ တက္ကသိုလ်တွေလိုပဲ Philosophy Move ment တစ်ခု ဆရာဦးဆောင်ပြီး လုပ်ပေးခဲ့တယ်လေ။ Philosophical Attitude towards Changing Hu- man Personality ဆိုတဲ့ Philosophy Movement တစ်ခုပေါ့။ ဆရာ ဆိုလိုတဲ့ ဒဿနစိတ်ထား Philosophical Attitude ဆိုတာ ပုဂံခေတ်မှာ ကတဲက အခြေခိုင်ခဲ့တဲ့ မြန်မာ့အစဉ်အလာ အတွေးအခေါ်ပါ။ ဆရာရေးခဲ့တဲ့ အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ စာအုပ်မှာ ပုဂံပိသုကာလက်ရာများဟာ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံ၏နောက်လိုက် မဖြစ်ခဲ့ပုံ၊ မြန်မာမှု ကိုယ်ပိုင်ဟန်များ ပုဂံသားတို့ ဖန်တီးနိုင်ခဲ့ပုံ၊ ပုဂံသားတို့ အသိပညာ အတွေးအခေါ် ကိုယ်ခံအားကိုယ်ရည်ကိုယ်သွေး Personality ကောင်းခဲ့ပုံ တို့ကို ရေးခဲ့တယ်လေ။

ဆရာ . . .

မှတ်မိပါသေးတယ် ဆရာ။ ဆရာမကြာခဏ ပုဂံသွားတယ်။ တစ်ခါတစ်လေ တပည့်တွေကိုလဲ ခေါ်သွားတယ်။ ကျွန်တော်ဆရာနဲ့အတူ ပုဂံ မသွားဘူးပေမဲ့ ပုဂံအစဉ်အလာအ တွေးအခေါ်အကြောင်း မကြာခဏ နားထောင်ခွင့်ရခဲ့ပါတယ်။ ၉-၁-၁၁ နေ့က ဆရာကပုဂံ(သို့မဟုတ်) မြန်မာ့ အတွေးအမြင် အစဉ်အလာနှင့် ယနေ့ ခေတ်လူငယ်ခေါင်းစဉ်နဲ့ ဟောပြောခဲ့တယ်လေ။ အနောက်တိုင်း ဒဿနသမိုင်းမှာ ဘီစီခြောက်ရာစုက အေဒီ ဆယ့်ကိုးရာစုထိ ကံနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ အသိဥာဏ်မရှိခဲ့ဘူး နှစ်ဆယ်ရာစုရောက်မှပဲ ရှိလာတယ်လို့ ဆရာကပြောပါတယ်။ ကံနဲ့ပတ်သက်ပြီး မှန်ကန်တဲ့အသိဥာဏ်(ကမ္မ ဿကတာ သမ္မာဒိဋ္ဌိ)ဆိုတာ ခေတ်မီတဲ့ မြန်မာ့အစဉ်အလာ အတွေးအခေါ် ဖြစ်တယ်လို့ ဆရာမိန် ဆိုခဲ့ပါတယ်။ ဆရာကပုဂံဘုရား ပိသုကာလက်ရာတွေ၊ ကြာပန်းပုံ သင်္ကေတအမျိုးမျိုး ဓာတ်ပုံဆလိုက်တွေ ပြတယ်။ တယော ဆရာတစ်ဦးကလဲ ဆလိုက်ထိုးပြနေချိန်မှာ တယောထိုးတယ်လေ။ ပုဂံကို ခံစားစေတယ်လေ။

ဆရာ . . .

မှတ်မိပါသေးတယ် ဆရာ၊ မဂ္ဂင်ရှစ်ပါးဖောင်ကို ကိုယ့်ရင်ဘတ် မှာဖွဲ့နိုင်ပြီဆိုရင် သံသရာပင်လယ် ကလွတ်တဲ့ တဖက်ကမ်းကိုကူးနိုင်ပြီ လို့ ဆရာပြောခဲ့တယ်။

၃-၉-၁၁ နေ့ စနေနေ့ တစ်ညလုံး ဆရာ့အကြောင်းတွေးရင်း အိပ်ယာဝင်ခဲ့တယ်။ ၄-၉-၁၁ နေ့ တနင်္ဂနွေနေ့မနက် မိုးလင်းခါနီး အိပ်မက်မက်တယ်ဆရာ။ ဆရာနဲ့စကားပြောရတယ်။ ဆရာက ဆရာ့ ကိုယ်ဟန် အနေအထားအတိုင်း သစ်သားပန်းပု ရုပ်ပါလား။ ပန်းပုရုပ်က အသက်ဝင်နေတယ်။ ဆရာက ဒါ ငါကိုယ်တိုင် ထုထားတဲ့ ငါ့ရဲ့ပန်းပုရုပ်လို့ပြောနေတယ်။ တင်ပလင်ခွေထိုင်လို့၊ ခါးလေးညွှတ် လက်နှစ်ဖက် နောက်ပစ်ပြီး ပြေလွင်ငြိမ်းအေးစွာ ထိုင်နေတယ်။

ဆရာက ဆရာ့ရင်ဘတ်ပေါ်မှာ သင်္ကေတတစ်ခုဆွဲပေးဖို့ ကျွန်တော့် ကိုခိုင်းပါတယ်။ ကျွန်တော်စဉ်းစားတယ်။ ဆရာနှစ်သက်တဲ့ ဓမ္မစကြာ သင်္ကေတပါရမယ်။ ဆရာကွယ်လွန် တာ ၁၄-၈-၁၁ ၀ါခေါင်လပြည့် နေ့၊ မေတ္တာအခါတော်နေ့၊ မနေ့က ၁၂-၉-၁၁ တော်သလင်းလပြည့်နေ့ မဟာဂရုဓမ္မသီလနေ့၊ ဆရာက တပည့်တွေကို လပြည့်နေ့တွေ လက်ဆောင်ပေးသွားခဲ့တယ်။

လပြည့်ဆိုတာ လပြည့်စိတ် ထားပေါ့၊ စိတ်ထားပြည့်ဝတာပေါ့။ ဆရာရွတ်ပြဖူးတဲ့ ဂျပန်ကဗျာတစ် ပုဒ်ရွတ်မိပါတယ်။ . . . ရေကန်မှာ သာတဲ့လ၊ . . . ရေလဲမစို၊ ရေကိုလဲ မပြိုကွဲစေခဲ့...။ ပညာရှိတဲ့ စိတ် ထားပြည့်ဝသူဟာ လောကကို တင့်တယ် သာယာစေတယ်။ လောကကို လဲ ငြိတွယ်စိုစွတ်ခြင်းမရှိ၊ လောက ကိုလဲ နှောက်ယှက်ဖျက်ဆီးခြင်းမရှိဘူး ပေါ့။ ဆရာ့ရင်ဘတ်မှာ လပြည့်ဝန်း သင်္ကေတလဲပါရမယ်လေ။ ပြီးတော့ ဆရာ ခဏခဏပြောတတ်တဲ့ အများရဲ့ ချစ်ခင်မြတ်နိုးခြင်း သင်္ကေတဖြစ်တဲ့ ပွင့်ဖတ်ရှစ်ချပ်ပါတဲ့သူ ချစ်ရှစ်ချပ်ကြာလဲ ပါရမယ်လေ။ ဆရာ့ရဲ့ရင်ဘတ်မှာ ဓမ္မစကြာသင်္ကေတ၊ မဂ္ဂင်ရှစ်ပါးဖောင်သင်္ကေတ၊ လပြည့်ဝန်း သင်္ကေတ၊ သူချစ်ရှစ်ချပ်ကြာ သင်္ကေတစတဲ့ သင်္ကေတတွေ အားလုံးပါတဲ့ သင်္ကေတ တစ်ခု ရေးချယ်လိုက်ပါတယ်။

Written by ဆန်းထွန်းသောင်

from http://www.news-eleven.com/index.php?option=com_content&view=article&id=10321:2011-09-29-07-13-48&catid=78:2009-11-13-06-25-17&Itemid=135

No comments: