Monday, 23 July 2012

ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး

သန်းဝင်းလှိုင်
ဇူလိုင် ၂၂၊ ၂၀၁၂
မြန်မာများထဲမှ ခေတ္တဘုရင်ခံအဖြစ် ၄ လခန့် တာဝန်ယူခဲ့သူ ဒိုင်အာခီနှင့် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ပညာ ရေးဝန်ကြီး၊ အထက်လွှတ်တော်ဥက္ကဌ၊ ဟိုက်ကုတ်တရားသူကြီးအဖြစ် ထိပ်တန်းရာထူးများရယူခဲ့သော ဗြိတိသျှအလိုတောရိ ဝါရင့်နိုင်ငံရေး သမားကြီး ဆာဂျေအေမောင်ကြီးကို ၁၈၇၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် အင်္ဂါနေ့တွင် မော်လမြိုင်မြို့၌ အဖ ဘလုပ်ကုမ္ပဏီစာရေးကြီး ဦးခင်၊ အမိ ဒေါ်ရင်တို့မှ ဖွားမြင်ခဲ့သည်။ တစ်ဦးသောသား ဖြစ်သည်။ ဂျေအေ၏အရှည်ကောက်မှာ Joseph Augustus ဖြစ်သည်။
 
ဖခင်ဖြစ်သူဦးခင်မှာ လယ်တီဦးဝါယမ (အဂ္ဂမဟာပဏ္ဍိတ ဆရာမြို့) တည်ထောင်သော ဗုဒ္ဓသာသနာ ပြု “ဓမ္မသာဝနအသင်း” ၏ ဥက္ကဌဖြစ် ပြီး ထိုခေတ် ကုန်သည်လောကတွင် သြဇာကြီးမားထင်ရှားခဲ့သူဖြစ်သည်။ ဖခင်ဘက်မှအဘိုးမှာ မြန်မာမင်းလက်ထက်တွင် “ကတိုးဇာကြီး ခေါ် ၁၂ မြို့ပိုင်” မြို့စားတစ်ဦး ဖြစ်သည်။ မိခင်ဘက်မှအဘိုးမှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ်အပြီး နယ်ခြားဝန်ထောက်အဖြစ် အမှုထမ်းခဲ့သည့် ဦးကျော် ဖြစ်သည်။

ငယ်စဉ်က ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်း (အထက ၆ ဗိုလ်တထောင်) ၌ စတင်ပညာသင်ကြားခဲ့ပြီး ၁၈၈၄ ခုနှစ် အသက် ၁၃ နှစ် အရွယ်တွင် စိန့်ပေါလ်ကျောင်းမှ အင်းထရင့်စာမေးပွဲ (၁၀ တန်း) အောင်မြင်ခဲ့သည်။ စကောလားရှစ် (ပညာသင်ဆု)ရရှိ၍ ရန်ကုန်ကောလိပ်၌ ဆက်လက် ပညာသင်ကြားပြီး ၁၈၈၆ ခုနှစ်တွင် အင်္ဂလန်သို့ ပညာသင်သွားရောက်၍ ၁၈၈၇ ခုနှစ် လန်ဒန်မက်ထရစ် အောင်၍ I.C.S စာမေးပွဲအတွက် စိန့်မေ ရီကောလိပ်၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ဘရပ်ဆဲကောလိပ်တို့၌ ဆက်သင်ကြားခဲ့သည်။ I.C.S စာမေးပွဲဖြေဆိုနေစဉ် ကျန်းမာရေးချို့ ယွင်းကာ မူးလဲရာမှ ဆက်မဖြေဖြစ်တော့ချေ။ လန်ဒန်ဂရေအင်း ဥပဒေသင်တန်းကျောင်းမှ ဘာရစ်စတာ (Barrister at Law) ခေါ် ဝတ်လုံ ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် အင်္ဂလန်တွင် အင်္ဂလိပ်အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ကျ၍ စာနယ်ဇင်းများတွင် ဆောင်းပါးများရေးပြီး အ သက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၁၉၀၀ ပြည့်နှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သည်။

၁၉၀၀ ပြည့်နှစ်မှ ၁၉၁၁ ခုနှစ်တိုင် ရန်ကုန်မြို့၌ ဝတ်လုံတော်ရအဖြစ် အသက်မွေးသည်။ ၁၉၁၁ တွင် ယိုးဒယား (ထိုင်း) သို့ အမှုလိုက်သွားရာမှ ယိုးဒယားရှိ ဗြိတိသျှသစ်ကုမ္ပဏီတွင် ဥပဒေအကြံပေးအဖြစ်ဆောင် ရွက်သည်။ ယိုးဒယားတွင်နေထိုင်စဉ် ယိုးဒယားနိုင်ငံဖွား ဒေါ်မေနှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ၁၉၁၄ တွင် မြန်မာပြည်သို့ပြန်၍ ဝတ်လုံတော်ရအဖြစ် ခန့်အပ်ခံရသည်။ ၁၉၁၇ တွင် ဘုရင်ခံ၏ အတိုင်ပင်ခံအဖြစ် ခန့်အပ်ခြင်းခံရသည်။
၁၉၂၀ ပြည်နှစ်ဝန်းကျင်တွင် အင်ဒီပင်းဒင့်ပါတီ ခေါ် ရွှေတောင်ကြားပါတီကို ဂျေအေမောင်ကြီးသည် ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ဗဟန်းရပ် ရွှေတောင်ကြား (ဂိုးလ်ဒင်းဗယ်လီ) တွင် နေထိုင်သည့် အင်္ဂလိပ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်ကုန်သည်များ စသည့်အထက်တန်းလွှာများပါဝင်ကာ အင်္ဂလိပ်အလိုတော်ရိပါတီအဖြစ် လူသိ များသည်။ ပါတီ၏အမည်ကို မြန်မာလွတ်လပ်ရေးအဖွဲ့၊ အင်ဒီပင်းဒင့်ပါတီ၊ တိုးတက်ရေးပါတီဟူ၍ အမျိုးမျိုး အမည်တပ်ထားသော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ပြီးအမတ်လုပ်ခြင်း၊ နယ်ချဲ့အစိုးရပေးသမျှ ရာထူး များကို လက်ခံရယူပြီး လွှတ်တော်အတွက် အင်္ဂလိပ်အကြိုက်လုပ်ငန်းများ အကောင်အထည်ဖေါ်ခဲ့သည့်ပါတီသာဖြစ်သည်။

 ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဗြိတိသျှပါလီမန်မှ မြန်မာနိုင်ငံကို အုပ်ချုပ်ရေးတိုးမြှင့်ပေးသင့်၊မပေးသင့် စုံစမ်းစစ်ဆေးရန် အိန္ဒိယဥပဒေပြုကောင်စီဥက္ကဌ ဆာအေဖရက်ဒရစ်ဝှိုက် (Sir A. Frederick Whyte) ဥက္ကဌအဖြစ်ဆောင်ရွက်သော ဝှိုက်ကော်မတီလာရောက်စဉ် အစစ်ဆေးခံ၍ ဒိုင်အာခီ အုပ်ချုပ် (ပူးတွဲအုပ်ချုပ်ရေး) ကို လက်ခံခဲ့သည်။
၁၉၂၃ ဇန်နဝါရီ ၂ တွင် ဆာဟာကုတ်ဘတ္တလာသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံရာထူးတွင် တာဝန်ထမ်း ဆောင်၍ ဒိုင်အာခီအုပ်ချုပ်ရေး ခေါ် ပူးတွဲတာဝန်ခံအုပ်ချုပ်ရေး အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ရာ ဂျေအေမောင်ကြီးသည် ငါးထောင်စားသစ်တော ရေးဝန်ကြီးချုပ်အဖြစ် ၁၉၂၃ မှ ၁၉၂၄ ထိ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ၁၉၂၄ နိုဝင်ဘာလ ၁၂ တွင် သစ်တောရေးဝန်ကြီးချုပ် ဂျေအေ မောင်ကြီးသည် တရားရုံးချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခံရသည့်အတွက် သစ်တောရေးဝန်ကြီးချုပ် ရာထူးကို ဝတ်လုံတော်ဦးပု (ရွှေကျင်)အား လွှဲပြောင်းပေးခဲ့သည်။

၁၉၂၅ နိုဝင်ဘာ ၁၇ တွင် မြန်မာနိုင်ငံတွင် ဒိုင်အာခီအုပ်ချုပ်ရေးနည်းစနစ်အရ ဒုတိယအကြိမ်ဥပဒေ ပြုလွှတ်တော် အမတ်ရွေးကောက်ပွဲကျင်းပ ခဲ့ရာ ရွေးကောက်ပွဲတွင် ဂျေအေမောင်ကြီး ကြီးမှူးသော အင်ဒီပင်းတင့်ပါတီ (Independent Party) ခေါ် ရွှေတောင်ကြားပါတီ (Golden Valley Party) သည် အမတ် ၂၀ ကျော် အရွေးခံရသည်။ ထို့နောက် ၁၉၂၆ ဇွန်လ ၂၃ တွင် ဂျေအေမောင်ကြီးသည် ဒိုင်အာခီအုပ်ချုပ်ရေးအဖွဲ့၌ ပြည်ထဲရေးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည်။
ထို့နောက် ၁၉၂၇ ဇန်နဝါရီ ၁ ရက်နေ့တွင် ဂျေအေမောင်ကြီးသည် K.C.I ခေါ် ဆာ (Sir)ဘွဲ့ ချီးမြှင်ခံရကာ “ဆာဂျေအေမောင်ကြီး” ဖြစ် လာသည်။

၁၉၃၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့ ဘုရင်ခံ ဆာချားလ်အင်းနစ် (Sir Charles Innes) သည် လန်ဒန်မြို့သို့ ခွင့် ၄ လယူ၍ ခေတ္တပြန်ခဲ့သည်။ ၎င်းခွင့်ယူစဉ်ကာလအတွင်း မြန်မာများကို နှစ်သိမ့်သောအားဖြင့် လန်ဒန်အစိုးရက ဆာဂျေအေမောင်ကြီးကို ခေတ္တဘုရင်ခံ ခန့်အပ်ထားခဲ့ သည်။ ခေတ္တပင်ဖြစ်စေတော့ မြန်မာများထဲမှဘုရင်ခံ ခန့်အပ်ခံရသူဖြစ်သောကြောင့် အင်္ဂလိပ်အလိုတော်ရိများက ဂုဏ်ယူခဲ့ကြသည်။ သို့ ရာတွင် ဆာဂျေအေမောင်ကြီးသည် ၄ လတာမျှ ဘုရင်ခံတတ်၍လုပ်ရတုန်းမှာပင် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံနှင့် ဝင်တိုးခဲ့ရသည်။
၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ တွင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးသည် သယာဝတီမြို့သို့ တိုင်းခမ်းလှည့်လည်ရင်းရောက်ရှိခဲ့ သည်။ အရာရှိများ၊ သူကြီးများကို ဆုချီးမြှင့်သည့် ဒါဘာပွဲခေါ် မင်းပွဲသဘင်ကျင်းပခဲ့၏။ မြို့ပရိသတ်၊ ရွာသူရွာသားပရိသတ် စည်ကား၏။ ရွာလူထုက မြန်မာလူမျိုးစစ်စစ်ဘုရင်ခံသည် မြန်မာလယ်သမားများ၏ ဒုက္ခကိုမြင်ကာ အခွန်လျှော့ပေါ့ပေးမည်။ ကောက်ခံခြင်းကို အနည်း ဆုံးဆိုင်းငံ့ပေးမည်ဟု သတင်းကောင်းပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ အသနားခံလွှာများကိုလည်း တင်သွင်းကြသည်။ ထို့ပြင် သာယာ ဝတီနယ်တွင် အစိုးရစစ်တပ်များက ကျေးရွာများအား မတရားနှိပ်စက်မှုများကို ကျေးရွာသားတို့က တိုင်တန်းခဲ့ကြ၏။

ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးက “အစိုးရစစ်တပ်များက ကျေးရွာများကို နှိပ်စက်သည်ဟု အစိုးရအားတိုင်တန်းသောအခါ လျှောက် လွှာများကိုရကြောင်း၊ အခွန်တော်မပေးဘဲနေလျှင် ဤသို့ပင်ခံရလိမ့်မည်ဖြစ်ကြောင်း၊ တဿမေဓနှင့် လူခွန်ကို အစိုးရကဖျက်သိမ်းရန် မကြံရွယ်ကြောင်း၊ အခွန်တော်ကို အချိန်မှန်မှန် ကောက်ခံမည်။ မရလျှင် အာဏာစက်ကိုသုံးမည်”ဟု ပြတ်သားစွာ ပြောကြားခဲ့၏။ ဤသို့ဖြင့် ဆရာစံဦးဆောင် သော တောင်သူလယ်သမားအရေးတော်ပုံကြီးသည် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွေင် ပေါ်ပေါက်လာခဲ့ရာ ခွင့်ပြန်နေသော မြန်မာဘုရင်ခံ ဆာချားလ်စ်ဒင်းနစ်သည် ခွင့်မစေ့မီ အမြန်ပြန်လာ၍ ၁၉၃၁ ဇန်နဝါရီ ၉ ရက်နေ့တွင် ဆာဂျေအေမောင်ကြီးထံမှ မြန်မာဘုရင်ခံတာဝန်ကို ပြန်လွှဲပြောင်းယူခဲ့သည်။

ဆောဂျေအေမောင်ကြီးသည် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် ၁၉၃၂ မှ ၃၄ ထိ သစ်တောရေးဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၃၃ မှ ၃၄ ခုနှစ်ထိ ပညာရေးဝန်ကြီးချုပ်အဖြစ်လည်းကောင်း ပူးတွဲတာဝန်ယူခဲ့သည်။
၁၉၃၂ နိုင်ဝင်ဘာ ၉ တွင်ကျင်းပခဲ့သော စတုတ္တအကြိမ် ဒိုင်အာခီဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲတွင် ဆာဂျေအေမောင်ကြီး၏ ရွှေတောင် ကြားပါတီသည် မရှုမလှ ရှုံးနိမ့်ခဲ့သည်။

သို့သော် ၁၉၃၃ ဇန်နဝါရီ ၁၄ တွင် လေးကြိမ်မြောက် ဒိုင်အာခီအစိုးရဖွဲ့စည်းခဲ့ရာ ဆာဂျေအေမောင် ကြီးသည် သစ်တောရေးဝန်ကြီးအဖြစ် ဘုရင်ခံ၏ခန့်အပ်ခြင်းခံရသည်။ ၁၉၃၄ ခုနှစ် ဥပဒေပြကောင်စီအစည်းအဝေး၌ ဆာဂျေအေမောင်ကြီး၏ “ဝိနယဓရ ဥပဒေကြမ်း”ကို လက်ခံ သင့်၊မခံသင့်ဆွေးနွေးရာ မန္တလေးစီပီခင်မောင်က ကန့်ကွက်ခဲ့သည်။ ဘာသာရေးကိစ္စ ဓမ္မကြောင်းကို ရဟန်းတော်များအား မလွှဲအပ်ဘဲ လူဝတ်ကြောင်တစ်ဦးကတင်သွင်း၍ ကန့်ကွက်ခြင်းဖြစ်သည်။ ဥပဒေကြမ်းကိုမဲခွဲဆုံးဖြတ်ရာ ဦးဘဘေ၊ ဒေါက်တာ ဘမော်အပါအဝင် အ မတ် ၅၁ ဦးကကန့်ကွက်၍ ဆာဦးဘနှင့် အမတ် ၁၂ ဦးက ထောက်ခံခဲ့သည်။ အလယ်တောရဆရာတော် ရှင်ကောသလ္လ၊ အရှင်အာဒိစ္စဝံသနှင့် ထင်ရှားသော ဆရာတော်အချို့ကထောက်ခံခဲ့ကြသော်လည်း နိုင်ငံအဝန်းမှ သံဃာအများစုကကန့်ကွက်၍ ဥပဒေကြမ်းပျက်ခဲ့ရသည်။ ဝိနယဓရ ဥပဒေကြမ်းမှာ ရဟန်းသံဃာများအမှုအခင်းဖြစ်လျှင် လူတရားရုံး၌မဆုံးဖြတ်စေဘဲ ရဟန်းဝိနည်းဓိုရ်များကဆုံးဖြတ်၍ ထိုဆုံး ဖြတ်ချက်ကို တရားရုံးမှအတည်ပြုပေးရန်နှင့် တရားရုံးကုန်ကျစရိတ်များ ကင်းလွတ်ခွင့်ရရန်ဖြစ်သော်လည်း အများစုက လက်မခံ၍ ရှုံးနိမ့်ခဲ့ ရခြင်းဖြစ်သည်။

၁၉၃၄ ဖေဖေါ်ဝါရီ လ ၂၀ တွင် လွှတ်တော်အစည်းအဝေး၌ ဦးဘဘေနှင့် ဒေါက်တာဘမော်တို့က အစိုး ရအဖွဲ့ဝင် ဝန်ကြီးချုပ်များဖြစ်ကြသော ဆာဂျေအေမောင်ကြီးနှင့် ပညာရေးဝန်ကြီးချုပ် ဝတ်လုံဦးကျော်ဒင်တို့ကို အယုံအကြည်မရှိ အဆိုတင်သွင်း၍ ဖြုတ်ချခဲ့သည်။ ဒိုင်အာခီအုပ် ချုပ်ရေးခေတ်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ပထမဆုံးအကြိမ်အယုံအကြည်မရှိ အဆိုတင်သွင်းခံရခြင်းဖြစ်သည်။

၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာန အုပ်ချုပ်ရေး) အရ ပထမဆုံးကျင်းပသော အောက်လွှတ်တော်ရွှေးကောက်ပွဲ ကျင်းပရာ ဆာဂျေအေမောင်ကြီး၏ ရွှေတောင်ကြားပါတီသည် နှစ်ဦးသာ ရွေးချယ်ခံရသည်။ သို့သော် ဘုရင်ခံကရွေးချယ်ခန့်အပ်၍ ၁၉၃၇ မှ ၁၉၄၀ ပြည့်နှစ်တိုင် အထက်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ် ဖေဖေါ်ဝါရီ လ ၂၉ ရက်တွင် မြန်မာပြည်ကာကွယ်ရေးဥပဒေပြဌာန်းခဲ့၍ အထက်လွှတ်တော်ဥက္ကဌ ဆာဂျေအေမောင်ကြီး (ရွှေကျင်) ကို ဘုရင်ခံက ကာ ကွယ်ရေးတိုင်ပင်ခံအဖြစ် ဇူလိုင်လ ၁၂ တွင်ခန့်အပ်သောကြောင့် ဆာဂျေအေမောင်ကြီးသည် သြဂုတ်လ ၃၀ တွင် အထက်လွှတ်တော် ဥက္ကဌဖြစ်လာခဲ့သည်။
ထို့နောက် ၁၉၄၂ မတ် ၈ ရက်တွင် အမှတ် ၂၁၅ ဂျပန်ခြေလျင်တပ်မကြီးနှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (B.I.A) တို့ ရန်ကုန်မြို့ကို ဝင် ရောက် သွားသိမ်းပိုက်ပြီးနောက် ဂျပန်ခေတ်တွင် ဆာဂျေအေမောင်ကြီးသည် တွံတေးမြို့မှတဆင့် အထက်မြန်မာပြည်သို့ စစ်ပြေးအဖြစ်ခို လှုံခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံရေးမှအနားယူကာ ဘာသာရေးနှင့်စာပေရေးရာများကို လေ့လာကာ အေးချမ်းစွာနေ ထိုင်ခဲ့သည်။
ဆာဂျေအေမောင်ကြီးသည် ငယ်စဉ်ကပင် ဘာသာတရားကို ယုံကြည်လေးစားသူဖြစ်ပြီး၊ ဇင်းကျိုက်တောင်၌ ကြီးကျယ်ခန်းနားသော တန် ဆောင်းနှင့် သံတောင် ၈ တောင် (တစ်သံတောင်လျှင် ၁၉ လက်မရှိ သည်)ရှိ တင်ပျဉ်ခွေရုပ်ပွားတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို့ပြည် ဝိနည်းပိဋကတ်တော်များကို ကျနစွာလေ့လာ၍ ဆရာမြို့ဦးဆောင်သော ပိဋကတ်တော် မြန်မာပြန်များ ပုံနှိပ်ရေးအတွက် အထူး အကူအညီ ပေးခဲ့သည်။ ခေတ္တဘုရင်ခံဘဝတွင် ဘုရင်ခံအိမ်တော်၌ သံဃာတော်များကိုပင့်၍ ဆွမ်းကျွေးလှူဒါန်းခြင်း၊ ဘုရင်ခံဘဝက သူ၏ ကိုယ်ရံတော်ဗိုလ်မှူးအဖြစ် မြန်မာလူမျိုး ကပ္ပတိန်ထွန်းလှအောင်ကို ခန့်အပ်ခဲ့သည်။ လုပ်ရပ်များသည် ထင်ရှားခဲ့သည်။

မြန်မာပြည်၏ခေတ္တဘုရင်ခံဖြစ်ခဲ့သော ဆာဂျေအေမောင်ကြီးသည် ၁၉၅၅ မတ်လ ၉ ရက် တွင် ဗဟန်းရပ် ရွှေတောင်ကြားလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ကိုးကား
၁။ ဦးအေးမောင်၊ မြန်မာနိုင်ငံရေးသမိုင်း (စာပေလောက စာအုပ်တိုက်၊ တတိယကြိမ် ၂၀၁၂။
၂။ မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ပထမအုပ်) Unity စာပေ ပကြိမ် ၂၀၁၀။
၃။ မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ) သမိုင်းသုတေသနဦးစီးဌာန ပကြိမ် ၂၀၀၉။

http://moemaka.com/?p=25930

Sunday, 22 July 2012

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၇)

ယခင်အပတ်မှ အဆက်

မိုက်ကယ်ကတော့ “ကျွန်တော်တို့ နေနေတဲ့နေရာကို အိန္ဒိယမြေပုံပေါ်မှာ ရှာကြည့်ပါလား။ ဟိုးအပေါ် ဘက်မှာလေ။ နိုရီကိုရဲ့ ခရစ်စမတ် ကတ်လေး မနေ့ကရတော့ သိပ်ဝမ်းသာတာပဲ။ ခင်ဗျားရဲ့ သဘောကျစရာ ဟင်းချက်လက်ရာကိုရော၊ ခင်မင်စွာ အတူရှိခဲ့မှုကိုပါ ပြန်အောက်မေ့စရာပါပဲ။ ကျွန်တော့် ပါရဂူဘွဲ့စာတမ်းက မကြာသေးခင်ကမှ ပြီးသွားတာပါ။ စာတမ်းကိုတော့ ဒီနှစ်ထဲမှာ စာအုပ်အဖြစ် ထွက်မယ်လေ။ ပြီးရင် စိန့်ဂျွန်းကောလိပ်မှာ ဖဲလိုးရှစ် တစ်နှစ်ခွဲပြန်လုပ်ရဦးမယ်။

ကျွန်တော်တို့လည်း အောက်စ်ဖို့ဒ်မှာ အိမ်ဝယ်ဖို့ စဉ်းစားနေပါတယ်။ အဲဒီမှာပဲ အမြဲတမ်း အခြေချနေချင် တယ်လေ။ နှစ်ယောက်လုံးကို ချစ်ခင်တဲ့ မိုက်ကယ်”လို့ စာရေးလာပါတယ်။
၁၉၇၉ ခုနှစ် အောက်တိုဘာ ၃ ရက်မှာတော့ ကျွန်မ ခင်ပွန်းရဲ့ သုတေသနကိစ္စကြောင့် မော်စကိုမှာ တစ်နှစ်နီးပါး သွားနေရဖို့ ဖြစ်လာပါတယ်။ အဲဒီအချိန်က ဆိုဗီယက် ယူနီယံခေတ်မို့ အစစအရာရာ ရှားပါး တာတွေကြောင့် ထင်ထားတာထက် ပိုပြီးအဆင်မပြေခဲ့ပါဘူး။ မိုက်ကယ်နဲ့ စုဆီလည်း မဆက်သွယ်နိုင်ခဲ့ပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်မတို့ကလည်း မော်စကိုကနေ ကမ္ဘာ့ အနောက်ခြမ်းက သူငယ်ချင်းတွေဆီ ကို စာထည့်ဖို့တောင် အတော်စဉ်းစား ခဲ့ကြရပါတယ်။ တကယ်တော့ လန်ဒန်ဆိုတာ မော်စကိုကနေဆိုရင် ဂျပန်ထက် ပိုနီးတဲ့နေရာမှာပါ။ ကျွန်မတို့အနေနဲ့ အောက်စဖို့ဒ်ကို ခဏတစ်ဖြုတ် ဝင်ချသွားလို့ ရပါတယ်။ ဒီတော့ ကျွန်မတို့က မော်စကိုမှာ နေတဲ့ ဆယ်လအတွင်း စုဆောင်းထားတဲ့ တောင်ပေါ်အစားအစာတွေကို အပြည်ပြည်ဆိုင်ရာဖြတ်တဲ့  ရထားနဲ့တင်ပြီး အင်္ဂလန်ကိုဝင်သွားဖို့ တွေးဖြစ်ခဲ့ပါတယ်။ ကျွန်မတို့က ရုရှရဲ့ စာတိုက်စနစ်ကို ယုံမှမယုံဘဲလေ။ ဒါပေမဲ့ ရထားအကောက်ခွန်က ပစ္စည်းတွေ သယ်လာတာများလို့ ဆိုပြီး ခေါ် မေးပါတော့တယ်။

တစ်ခါ အောက်စ်ဖို့ဒ်ကောလိပ်က ဖိတ်ကြားစာမပါလို့ ဆိုပြီး အင်္ဂလန်ထဲ ပေးမဝင်ပြန်ပါဘူး။
နောက်ဆုံးမှာတော့ ကျွန်မတို့ အင်္ဂလန်ကို ပြန်ရောက်ခဲ့ပါပြီ။ ကျွန်မတို့ရဲ့ အင်္ဂလိပ်သူငယ်ချင်း တွေက မြို့လယ်နဲ့ သုံးမိုင်လောက် ဝေးတဲ့နေရာမှာ တစ်လလောက် နားခိုဖို့ စီစဉ်ပေးကြပါတယ်။ ကျွန်မတို့ ကတော့ ရောက်ရောက်ချင်းမှာ မိုက်ကယ်တို့ဆီ သွားလည်ကြတာပါပဲ။ အဲဒီအချိန်မှာ မိုက်ကယ်တို့က ဗိသုကာ အသွင်သဏ္ဌာန်မှာ ကျော်ကြားတဲ့ လခြမ်းပုံ ပါ့ခ်တောင်းမှာ နေနေကြပါပြီ။ အဲဒီနေရာက ဈေးကြီးတဲ့နေရာမို့ ကျွန်မက အံ့သြနေခဲ့တာပါ။ မိုက်ကယ်က သူ့အနေနဲ့   ဈေးအင်မတန်ချိုချိုနဲ့ ဒီအိမ်ကို ရလိုက်ကြောင်း ခပ်ပြုံးပြုံးနဲ့ ရှင်းပြပါတယ်။ အင်္ဂလန်မှာ ကိုယ်မဝယ်ခင်က နေထိုင်နှင့်   တဲ့သူတွေကို ဆက်လက် နေထိုင်ခွင့် ပြုမယ်ဆိုရင် အင်မတန် ဈေးချိုချိုနဲ့ အိမ်ဝယ်နိုင်တဲ့ စည်းမျဉ်း တစ်ခု ရှိပါတယ်။ မိုက်ကယ်တို့က အဲဒီလိုနည်းနဲ့ အိမ်ဝယ်ခဲ့တာပါ။ သူတို့မိသားစုက မြေအောက်ထပ်မှာ နေကြပြီး မြေညီထပ်မှာတော့ မိုက်ကယ်ရဲ့ စာကြည့်ခန်းနဲ့ အိပ်ခန်းတွေ ထားပါတယ်။ ပထမထပ်မှာ နဂိုတည်းက နေနေတဲ့ အဖွားကြီး တစ်ယောက်နေပြီး ဒုတိယထပ်မှာလည်း အိမ်ငှားရှိနေပါတယ်။ အဲဒီ အထပ်တွေက အိမ်ငှားခက မိုက်ကယ်တို့အတွက် လစဉ်ဝင်ငွေ ဖြစ်လာတာပါ။ အိမ်ငှား သက်ကြီးရွယ်အိုတွေ အိမ်ထဲက မထွက်မချင်း (ပြောင်းတာပဲဖြစ်ဖြစ်၊    သေဆုံးတာပဲ ဖြစ်ဖြစ်) အိမ်ရှင်အသစ်က သူတို့အခန်းကို မပိုင်ဆိုင်နိုင်အောင်  ဥပဒေက ကန့်သတ်ထားပါတယ်။ အိမ်ငှား အများစုက အသက်ကြီးသူတွေဖြစ်ပြီး ဥပဒေက သူတို့ကို ကာကွယ်ပေးထားတာပါ။

မိုက်ကယ်တို့ အိမ်ငှားအဖွားကြီးက သိပ်မကြာခင်မှာ ပြောင်းရွှေ့သွားခဲ့ကာ စုကို အမြဲအကူအညီ ပေးနေတဲ့ မသန်းဧက အဲဒီအထပ်ကို ဝယ်လိုက်ပါတယ်။ စုက မသန်းဧကို သူ့ရဲ့ “အရေးပေါ်ကြီးကြီး”လို့ ခေါ်ခဲ့တာပါ။ ဒီလိုနဲ့ စုတို့မိသားစုလည်း ငွေရေးကြေးရေး စိတ်အေးလာရပါတော့တယ်။ ကျွန်မတို့ရဲ့အောက်စ်ဖို့ဒ် ဘဝဟာ တကယ်တမ်းမှာ မလွယ်ကူခဲ့ပေမယ့် မိုက်ကယ်ရယ်၊ စုရယ်၊ မသန်းဧရယ်၊ အလက်ဇန္ဒားရယ်၊ ကင်မ်ရယ်၊  ခွေးကလေးရယ်နဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ခဲ့ရပါ တယ်။

၂ဝဝ၅ ခုနှစ်တွင် တွေ့ရသော မသန်းဧ ( သူ့ကို ဒေါ်ရာသန်းဧဟု ခေါ်လျှင် မကြိုက်သူ)
၂ဝဝ၅ ခုနှစ်တွင် တွေ့ရသော မသန်းဧ ( သူ့ကို ဒေါ်ရာသန်းဧဟု ခေါ်လျှင် မကြိုက်သူ)
ကြီးကြီးမသန်းဧ

ကျွန်မတို့ မသန်းဧကို စတွေ့ တော့ သူက ကုလသမဂ္ဂဝန်ထမ်း အဖြစ် အနှစ် ၂ဝ ကြာ အမှုထမ်းပြီးလို့ ပင်စင်စားအဖြစ်    အေးအေးဆေးဆေး နားနေချိန် ဖြစ်ပါတယ်။ ကျွန်မတို့ အောက်စ်ဖို့ဒ်ကို ဘယ်အချိန်ပဲ သွားသွား သူက စုတို့ မိသားစုနဲ့အတူ ရှိနေခဲ့တာပါ။ ကျွန်မက သူတို့ နှစ်ယောက်ကြားမှာ သွေးသားမတော် စပ်တာကို အချိန်တော်တော်ကြာတဲ့ အထိ မသိခဲ့လေတော့ သူတို့နှစ် ယောက်ဟာ ရုပ်ချင်းလည်း မတူပါလားလို့ တွေးနေခဲ့တာပါ။ စုကလည်း သူတို့နှစ်ယောက် ဘယ်လိုတော်စပ် တယ်ဆိုတာ ဘယ်တုန်းကမှ မပြောခဲ့ ပါဘူး။ ကျွန်မတို့နှစ်ယောက်ကြားမှာ  အတူတကွ နားလည်ထားကြတာက မိသားစုအရေးတွေမှာ အသက်တွေ၊  နေရာဒေသတွေ၊ အချိန်ကာလတွေဆို တဲ့ ကွာခြားမှုကို လျစ်လျူရှုလိုက်ဖို့ ပါပဲ။

မသန်းဧရဲ့ အသက်ကို ဘယ်သူ ကမှလည်း မသိပါဘူး။  ၁၉၈၉ ခုနှစ်မှာ စု နေအိမ်အကျယ်ချုပ်ကျ သွားတော့ မိုက်ကယ်က “ကျွန်တော် ထင်တာတော့ အန်တီ့အသက်က ၇ဝ ဝန်းကျင်ဖြစ်ရမယ်။ ဒါပေမဲ့ မသေချာပါဘူး။ အန်တီကသူ့အသက် ကို ဘယ်တုန်းကမှ မပြောဘူးလေ”  လို့ ပြောခဲ့ပါတယ်။ သူ့အသက်က အတော်လေး အိုချင်အိုရောပေါ့။ ဒါပေမဲ့ ဘယ်သူကမှ သူ့အသက်ကို ဂရုမစိုက်ပါဘူး။  လူတွေက  သူ မှတ်ဉာဏ် ကောင်းလွန်းတာ၊ စာဖတ် ဝါသနာ ကြီးလွန်းတာ၊   နိုင်ငံတကာ နိုင်ငံရေးနဲ့ပတ်သက်ရင် သူ့ခန့်မှန်းချက်တွေ မှန်နေတာ အဲဒီလိုမျိုးတွေ ကြောင့်ပဲ သူ့ကို မိတ်ဆွေတွေက တအံ့တသြနဲ့ မှတ်မိနေခဲ့ကြတာပါ။

အန်တီဟာ သူ့ရဲ့ နောက်ဆုံး အချိန်အထိ အမျိုးသမီးဆန်တဲ့ အလှတရားအပေါ် အင်မတန် သတိထားခဲ့သူပါ။ သူ့ခေါင်းမှာ ခေါင်းစည်းပုဝါ လေးကို လွှားပြီးမေးအောက်မှာ အထုံး လေးထုံးထားတတ်တာ အန်တီ့စတိုင်လ် ပါပဲ။ သူက ဂျပန်လက်ကိုင်ပုဝါလေး ပဲဖြစ်ဖြစ် ပစ္စည်းထုတ်တဲ့ ပိတ်စ လေးပဲဖြစ်ဖြစ် တွေ့တဲ့အခါ “ထားခဲ့လေ။ ကျွန်မခေါင်းစည်းလေး လုပ် လိုက်မယ်”လို့ ပြောတတ်ပါတယ်။ သူ့မျက်နှာတစ်ဝက်ကိုတော့ ကိုင်း အနက်မျက်မှန်ဝိုင်းဝိုင်းကြီးက ကွယ်ထားလေရဲ့။ သူက အင်္ကျီကို ဘလောက်စ်လို အနောက်တိုင်းဆန် တာတွေ ဝတ်တတ်ပေမယ့် ထဘီကို တော့ အမြဲစွဲစွဲမြဲမြဲ ဝတ်တတ်ပါ တယ်။ သူ့ခြေထောက်တွေက ပုံစံ နည်းနည်း ပြောင်းနေပြီမို့ ဖိနပ်ကိုတော့ အထူအကြီးကြီးတွေပဲ စီးတတ်ပါတယ်။ သူက မျက်နှာမှာ မိတ်ကပ် ပါးပါးလိမ်း၊ နှုတ်ခမ်းနီဆိုးပြီး မျက်ခုံးမွှေးကိုလည်း တောင်တန်းနှစ်သွယ် လို ထူထူနက်နက် ဆွဲထားတတ်ပါတယ်။

သူ့ခြေထောက်ကြောင့် သူက လမ်းလျှောက်ရင် တုတ်ကောက် လိုပါတယ်။ သူက သူ့ရဲ့ ပုံပြောင်းနေတဲ့ လက်ချောင်းတွေကို ဖြန့်ပြပြီး “ဒီမှာလေ၊ သွေးလေးဘက်နာ ရောဂါကြောင့် ကျွန်မလက်ချောင်းတွေ ခုလိုဖြစ် နေတယ်”လို့ ပြောပြတတ်ပါတယ်။ သူ့ကို ၁၉ဝ၉ ခုနှစ်ဝန်းကျင်က မွေးဖွားခဲ့တယ်လို့ ကျွန်မထင်တာပါပဲ။ သူ့အသက် ၂၃ နှစ်ကနေ ၂၅ နှစ်ကြားကာလမှာ အင်္ဂလိပ်စာ သင်ယူဖို့ အင်္ဂလန်ကို ရောက်လာတဲ့ အချိန်ကလွဲရင် သူ့အသက် ၃ဝ အထိ မြန်မာပြည်မှာ နေခဲ့တာပါ။ နောက် တော့ အိန္ဒိယမှာ သုံးနှစ်နေခဲ့ကာ နောက်ထပ်နှစ်ပေါင်းများစွာ (သူ့ အသက်ရဲ့ သုံးပုံနှစ်ပုံလောက်ထိ) နိုင်ငံရပ်ခြားမှာ ရောက်နေခဲ့ပါတယ်။ အမေရိက၊ သြစတြီးယားနဲ့ အင်္ဂလန် တို့မှာ အနေများခဲ့တာပါ။ သွေးလေးဖက်နာက အာရှလို ပူပြီးစိုစွတ် တဲ့နေရာမျိုးမှာ မွေးဖွားခဲ့သူ တစ်ယောက်အနေနဲ့ ဥရောပလို အေးပြီး ခြောက်သွေ့တဲ့နေရာမျိုးမှာ အနေကြာ တဲ့အခါ  ဖြစ်တတ်တယ်နဲ့ တူပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=4203

Wednesday, 18 July 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင်(၆)

တကယ်တော့ စုအနေနဲ့ မြန်မာပြည်မှာ နေတုန်းကရော၊ အိန္ဒိယမှာ နေတုန်းကပါ ဧည့်သည်တွေ အများကြီး ကြုံခဲ့ဖူးတာမို့ ဧည့်ဆိုရင် အသားကျနေပြီ ထင်ပါတယ်။  တကယ်တော့ မိုက်ကယ်ဟာ စုလို အရှေ့တိုင်းသူ တစ်ယောက်ကို ရထားတဲ့အတွက် အခုလို ဧည့်တွေကို မငြိုငြင်တာမို့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း အောက်စ်ဖို့ဒ်မှာ မိုက်ကယ်ဟာ ကိုယ်ပိုင်မိတ်ဆွေတွေ အများကြီး တွေ့ခဲ့ရပါတယ်။

ကျွန်မတို့က ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ အင်္ဂလန်မှာ နေခဲ့ကြရာမှာ မိတ်ဆွေတွေ အများကြီး ရခဲ့ပါတယ်။ အဲဒီမိတ်ဆွေတွေ အားလုံးနဲ့ခင်မင်မှုဟာလည်း နက်နက်ရှိုင်းရှိုင်း ရှိခဲ့တာပါ။ မိတ်ဆွေအများ စုကတော့ လန်ဒန်နဲ့ အောက်စ်ဖို့ဒ်မှာ ရှိတဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင် ကြီးကြီး ငယ်ငယ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ လင်မယားရယ်၊ မိုက်ကယ်တို့ မိသားစုရယ် မှာတော့ ရာထူးရာခံ မြင့်မြင့်မားမားမရှိတာ ချင်း၊ နာမည်မကြီးကြတာချင်းရော ပိုက်ဆံမရှိတာချင်းပါ တူနေကြတာမို့ ခံစားချက်ချင်း ထပ်တူကျခဲ့ကြပါ တယ်။ မိုက်ကယ်က ကျွန်မရဲ့ လက်ရာကို အလွန်သဘောကျခဲ့သလို ကျွန်မကလည်း မိုက်ကယ့်အပေါ် ကျွန်မရဲ့မောင်အရင်း တစ်ယောက်လို သဘောထားကာ မောင်ငယ်လေး မဆာလောင်ရအောင် ကျွေးမွေးရမယ် ဆိုတဲ့ အသိမျိုး ဖြစ်နေရတာကိုပဲ စွဲလန်း သဘောကျနေခဲ့တာပါ။

ချစ်စဖွယ် အလက်ဇန္နား အဲရစ်
ချစ်စဖွယ် အလက်ဇန္နား အဲရစ်

ကျွန်မနဲ့ စုကတော့ မိသားစု အကြောင်း ပြောလိုက်၊ အချက်အပြုတ် အကြောင်း ပြောလိုက်၊ အလက်ဇန္ဒား ကို အနှီးဘောင်းဘီလေးလဲပေးရင်း သီချင်းလေး ဘာလေး ညည်းပြီး ချော့သိပ်လိုက်နဲ့ပေါ့။ ပြီးရင်မြို့ထဲက လေဘာတီ အထည်ဆိုင်ကို သွားပြီး အပြင်ဘက်မှန်အရှေ့ကနေ ဘယ်အဆင်လေးတွေ ဝယ်ရင်ကောင်းမလဲ လို့  စိတ်ကူးကြတယ်။  ဝယ်တာကတော့ လျော့ဈေးချတဲ့အချိန်မှ ဝယ်နိုင်ကြမှာကိုး။ ကျွန်မတို့ နှစ်ယောက်က တခြားသာမန် အိမ်ထောင်ရှင်မတွေလိုပဲ အိမ်ထောင့်တာဝန် တွေနဲ့သာ ကိုယ့်ကိုယ်ပိုင်အချိန်တွေကို အတူတူ ကုန်ဆုံးခဲ့ကြတာပါ။ ကျွန်မတို့ နှစ်ယောက်စလုံးက ကိုယ့်ရဲ့ကိုယ်ပိုင်ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး ဒါမှမဟုတ် စာပေသဘောထားတွေကို မဖြစ်မနေ ဆွေးနွေးထုတ်ဖော် ကြရမယ်လို့လည်း သဘောမထားခဲ့ ကြပါဘူး။ ဒီလိုနဲ့ ကျွန်မအတွက် မိန်းမတစ်ယောက်အနေနဲ့ အချိန်တွေကို သာမန်အိမ်ထောင်ရှင်မတစ် ယောက်လို ကုန်ဆုံးစေခဲ့တာဟာ ပထမဆုံးနဲ့ နောက်ဆုံးအတွေ့အကြုံ ဖြစ်ခဲ့ရပါတယ်။

တစ်နေ့မှာတော့ မြို့ပြ လူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ် တစ်စုစာလောက် ကျင်လည်ခဲ့တဲ့ စုဟာ “ နိုရီကိုရေ၊
တချို့အင်္ဂလိပ်တွေက ခွေးကလွဲပြီး ဘာကိုမှ မချစ်တတ်ကြဘူးနော်”လို့ ဗြုန်းစားကြီး ပြောချလိုက်ပါတယ်။ ကျွန်မကလည်း “ဘာလို့လဲ”လို့ ပြန်မမေးဖြစ်ခဲ့ပါဘူး။ ကျွန်မသိနေတာပဲလေ။ သူ့အဖို့ လူတစ်ယောက် အနေနဲ့ အင်္ဂလိပ်ရယ်လို့ ဖြစ်လာရင် ပေးဆပ်ရမှာကတော့ အထီးကျန်မှုပဲ ဆိုတာ သဘောပေါက်နေခဲ့တယ်လို့ ကျွန်မက သိနေတာလေ။ သူခံစားနေရတဲ့ အပြင် လူဆိုတဲ့ စိတ်ခံစားမှု သက်သက်ကြောင့်ချည်း ဒီလိုပြောဖြစ် တာမဟုတ်ခဲ့ပါဘူး။ သူ့အနေနဲ့ အရှေ့နဲ့ အနောက်ကမ္ဘာမှာ “မေတ္တာ”ကို ထုတ်ဖော်ပြသပုံ မတူကြကြောင်း သဘောပေါက်ခဲ့လို့လည်း ခုလိုထုတ်ပြောခဲ့တာပါ။

စုအနေနဲ့ မိုက်ကယ်ရဲ့အချစ်ကို ဘယ်လောက်ပဲ ပိုပိုလျှံလျှံ ရနေတယ် ဆိုပေမယ့် အာရှသူ တစ်ယောက် အနေ နဲ့ အခုလို တွေးမိလာတာ မဆန်းပါဘူး။ ခပ်တုံးတုံးဓားနဲ့ ခက်ရင်းကို သုံးပြီး စိတ်ဝင်စားစရာ မကောင်းတဲ့ အသားတုံးတစ်တုံးကို လှီးနေခိုက်မှာ စားပွဲပေါ်ကို ခေါက်ဆွဲတစ်ပန်းကန် ရောက်လာသလိုဖြစ်မှာပေါ့။ ကျွန်မတို့ နှစ်ယောက်စလုံး အဖို့တော့ သက်ပြင်းမောတွေ ရှိုက်ခဲ့ဖြစ်တာ အတူတူပါ။ နေ့စဉ်ဘဝ အနေအထားတွေပေါ်မှာ ကျွန်မတို့နှစ်ယောက်စလုံး အတူတူပဲ သဘောပေါက် နားလည်ခဲ့ကြတာကို နှစ်ယောက်လုံးက ထုတ်မပြောဘဲ သဘောပေါက်ခဲ့ကြပါတယ်။ တကယ်တော့  အဲဒီကာလတွေဟာ ကျွန်မတို့အဖို့ ခက်ခဲခဲ့တဲ့ကာလတွေ ပါ။ ဒါပေမယ့်  အလက်ဇန္ဒားရဲ့ ချစ်စဖွယ် အပြုအမူလေးတွေကြောင့် စိတ်သက်သာရာ  ရခဲ့ပါတယ်။

အောက်စ်ဖို့ဒ်က ဘဝကို ကျွန်မတို့တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်းခဲ့ကြတယ်ဆိုပါတော့။
နောက် သုံးနှစ် ကြာတဲ့အခါမှာတော့ ကျွန်မတို့က ဂျပန်ကို ပြန်လာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ  မိုက်ကယ်နဲ့  စုဆီကနေ စာတစ်စောင် ရောက်လာခဲ့ပါတယ်။ မနှစ်က နှစ်လယ်ကတည်းက ကျွန်မ ပေးပို့ခဲ့တဲ့ ခရစ်စမတ်ကဒ်ဟာ သူတို့ရှိရာ အိန္ဒိယအရှေ့မြောက်ဖျား က တာဝန်ဂ်မြို့လေးဆီကို ရောက်သွားပုံရပါတယ်။ စာထဲမှာ စုက မိုက်ကယ်ဟာ အလုပ်များနေပြီး သူနဲ့သားနှစ်ယောက်က မိုက်ကယ့်ကို ကူညီနေပါသတဲ့။
စုက သားငယ်လေးရဲ့နာမည်ကို မိတ်ဆက်ပေးလာပါတယ်။ ထိန်လင်း ဒဲမီယန် ကင်မ် အာရူဒန် ပါတဲ့။ နောက် ထပ် တိဘက်နာမည်နှစ်ခုလည်း လားမားဘုန်းတော်ကြီးတွေက ပေးထားသေးသတဲ့။ နောက်တစ်ခါ လန်ဒန်က ထိုင်းဘုန်းကြီးတစ်ပါးကလည်း ပါဠိနာမည်တစ်ခု ပေးထားပါသေးတယ်။

 စုက “ကျွန်မတို့ရဲ့ သားငယ်လေးကို ကျွန်မတို့က ဘာဘာလို့ ခေါ်တယ်။ မျက်လုံးက ပြူးပြူးဝိုင်းဝိုင်း၊ မျက်နှာက ပန်းသီးလို လုံးလုံးဝန်းဝန်းနဲ့လေ။ ကျွန်မ ထင်တာကတော့ ရှင်သူ့ကိုချစ်မှာပါ။ သူကအလက်ဇန္ဒားနဲ့မတူဘူး။ အားကလည်း သန်တယ်။ ခပ်ဂျစ်ဂျစ်ပေါ့။ အလုပ်လုပ်တဲ့ နေရာမှာတော့ တော်တယ်။ စကားပြောတဲ့နေရာမှာတော့ သူ့အသက် တစ်နှစ်ခွဲခါနီး နေပေမယ့် ခုထိကောင်းကောင်း မပြောနိုင်သေးဘူး။ အလက်ဇန္ဒားတုန်းက ဒီအရွယ်ဆို ကောင်းကောင်း ပြောနေနိုင်ပြီ”လို့ ကျွန်မကိုပြောပါတယ်။ စု ကြည့်ရတာ ဒီသားလေးကို ဘာပဲဖြစ်ဖြစ်  သဘောကျနေပုံပါ။ ဘာဘာရေ မင်းစကား မပြောနိုင်သေးတာကို မပူပါနဲ့ကွယ်။ မိဘတွေအကြိုက် မင်းကို ဒီလောက်ရှုပ်တဲ့ နာမည်အရှည်ကြီး အပေးခံရတာ စိတ်ရှုပ်စရာမှန်း သိပါရဲ့။

တစ်ခါမှာတော့ ကျွန်မက စာထဲမှာ “ချာတိတ်ဆိုးလေးနှစ်ယောက်” လို့ သုံးမိဟန်တူပါရဲ့ စုက “ရှင် မှန်တယ် နိုရီကို။ ကျွန်မတို့မှာ ချာတိတ်ဆိုးလေး နှစ်ယောက်ရှိပါတယ်။ တကယ်တော့ ကျွန်မက သုံးယောက်လိုချင်တာ။ တစ်ယောက်က ကျန်တဲ့နှစ်ယောက်ထက် ပိုဆိုးမယ့်ကလေးမျိုးပေါ့”လို့ စာရေးလာပါတယ်။  တတိယတစ်ယောက် လိုချင်တယ်သာ ပြောတာပါ။ မိန်းကလေးလား၊ ယောက်ျားလေးလားလို့တော့ သူကမပြောပါဘူး။ စုကိုယ်တိုင်က သူ့အစ်ကိုနှစ်ယောက်ထက်  ပိုခွန်အားရှိတဲ့ မိန်းကလေး ဖြစ်ခဲ့သလို တတိယမြောက် ကလေးလည်း ဖြစ်တယ်လေ။ စာက ခပ်ရှည်ရှည်ဖြစ်ပြီး အဲဒီထဲမှာ “ကျွန်မ ငွေစုနေတာ ပြည့်ရင်တော့ ဂျပန်ကို လာလည်ချင်သေးတယ်။ ရှင်တို့ရဲ့ ကျေးလက်အိမ်လေးဆီကို အပြေး ရောက်လာ ချင်တာပေါ့။ အခုတော့ ကျွန်မတို့လည်း ကိုယ့်အခန်းလေးကို ဂျပန်မိသားစု လက်ထဲထားခဲ့ရတာ။ သူတို့က ပါပီလေးကို ကောင်းကောင်း ကြည့်ပေးတယ်လေ”လို့ ရေးထားပြန်တာပါ။ သူ့မှာသာ ချာတိတ်နှစ်ယောက် ထက်မိုက်တဲ့ သမီးကလေး ရှိခဲ့ရင်  အခုလို အခက်အခဲတွေ တွေ့တဲ့အခါ အတော်အားကိုးရရှာမှာလို့ ကျွန်မ တွေးနေမိပါရဲ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=3932

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၅)

၁၉၇၆ ခုနှစ်မှာတော့ မိုက်ကယ်ဟာ စိန့်ဂျွန်ကောလိပ်က စကောလားရှစ်ရပြီး သူ့ရဲ့ပီအိပ်ခ်ျဒီဘွဲ့အတွက် အာရုံစိုက် အားထုတ်နေခဲ့ရပါတယ်။ ဒီတော့ ဝင်ငွေက သိပ်အခြေအနေ မဟန်လောက်ပါဘူး။ ဒါပေမယ့် မိုက်ကယ်ကတော့ ဧည့်သည်တွေကို ခဏခဏ ဖိတ်နေတုန်းပါပဲ။ အဲဒီလို ဖိတ်တိုင်းလည်း စုကတော့ ဟင်းပွဲအပြည့် ပြင်ဆင်ကျွေးတော့တာပါ။ မိုက်ကယ် ကူပေးတာကတော့ ဈေးဝယ်အိတ် အလေးကြီးကို သယ်ပေးတာပါပဲ။ အဲဒီလို နေလာလိုက်တာ သူတို့ အိမ်ပြောင်းကြတဲ့အထိ ဆိုပါတော့။ အဲဒီအခါမှာတော့ စုက ဈေးဝယ်အိတ် တစ်အိတ်ကို စက်ဘီးနောက် ကယ်ရီယာပေါ်   တင်ပြီး နောက်အိတ်ငယ်နှစ်လုံးကိုတော့ စက်ဘီးလက်ကိုင် ကိုင်းနှစ်ဘက်မှာ ချိတ်လို့ဈေးဝယ်ထွက်ပါတယ်။ သူတို့အိမ်နားက အမျိုးသမီးတချို့က စုနဲ့ ပတ်သက်ပြီး မှတ်မိနေတာကတော့ စက်ဘီးပေါ်မှာ ဈေးဝယ်အိတ်ကြီး တင်လာတတ်သလို ကလေးနှစ် ယောက်ရဲ့ နေ့ကလေးထိန်းကျောင်းရှေ့မှာ စက်ဘီးလေးနဲ့ လာကြိုနေတတ်တာကိုပါ။ စုတို့အိမ်ရှေ့မှာ ရပ်ထားလေ့ရှိတာကတော့ သံချေး တက်နေတဲ့ စက်ဘီးအဟောင်းတစ်စီးပါပဲ။

မိုက်ကယ်က အစားကြိုက်တတ်သူပေါ့။ သူက စုကီယာကီ၊ ရှာဘူရှာဘူ၊ တန်ပူရာနဲ့ မီဆိုဟင်းချိုတို့လို ဂျပန်စာဆိုရင် ဗိုက်မပြည့်တတ်သူ တစ်ယောက်လို စားတာပါ။ စုကတော့ အစားအသောက်ကို ပြင်ဆင် ချက်ပြုတ်တာ ဝါသနာပါသလောက် စားဖို့ စိတ်မဝင်စားသူပါ။   မိုက်ကယ်နဲ့ ကလေးနှစ်ယောက်က အစားကြိုက်တာမို့ သူတို့ကို ကျွေးဖို့ စုနဲ့ ကျွန်မက ငွေမလုံလောက်တတ်ပါဘူး။ ကျွန်မမှာ ငွေပိုလေး ရှိရင် စုမိသားစုအတွက် စားစရာလေး ဝယ်ပေးချင်မိ   တတ်ပါတယ်။ အဲဒီအချိန်က အလက်ဇန္ဒားက သုံးနှစ်သားပဲ ရှိပေမယ့် စုကီယာကီ၊ ကြက်သားတာရီယာကီနဲ့ အချိုမုန့်တွေကို ကြိုက်တတ်ပါတယ်။ စုကတော့ မျက်ခုံးလေးပင့်ကာ “နိုရီကို သူ့ကို အချိုတွေ သိပ်မကျွေးနဲ့လေ” လို့ ဆိုတတ်ပါရဲ့။

ကျွန်မက ပဲပုပ် ဒါမှမဟုတ် ဟီဂျီကီရေညှိကို ချက်လေ့ရှိပါတယ်။ မိုက်ကယ်ကတော့ ပဲစေ့လေးတွေကို တူနဲ့ယူရာမှာ ဟင်းပန်းကန်ထဲကနေ သူ့ထမင်းပန်းကန်ထဲ မဖိတ်မစင်ရောက်မှ ရောက်ပါ့မလားလို့ ပူတတ်ပါတယ်။ သူနဲ့ အလက်ဇန္ဒား နှစ်ယောက်သား တူကိုင်ကျင့်ရင်း ပခုံးတွေ ဘာတွေ ခိုင်သွားမလား လို့တောင် ကျွန်မကစိုးရိမ်မိခဲ့ပေမယ့် သူတို့နှစ်ယောက် ကတော့ သိပ်မကြာခင်မှာပဲတူကို ကောင်းကောင်း ကိုင်နိုင်ခဲ့ပါတယ်။ မိုက်ကယ်ဟာ ဂျပန်စာမှန်ရင် ဘာမဆိုကြိုက်တတ်ခဲ့ပေမယ့် ကျောက်ပွင့်မှိုတစ်မျိုးကိုတော့ ကင်ဆာဖြစ်စေမယ့်အစာ ဆိုပြီးမစားခဲ့ပါဘူး။ သူက ကျောက်ပွင့်မှိုကို မစားခဲ့ပေမယ့် ဆီးကြိတ်ကင်ဆာက သူ့မှာ ဖြစ်ခဲ့ရှာပါတယ်။

မိုက်ကယ်ဟာ စိန့်ဂျွန်းကောလိပ်မှာ သုတေသီ တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ပေမယ့် သူ့လခဟာ သူ့မိသားစုအတွက် လုံလောက်ခဲ့တယ်လို့ ကျွန်မတော့ မထင်မိခဲ့ပါဘူး။ ဒါပေမယ့် အောက်စ်ဖို့ဒ်မှာရှိတဲ့ ကောလိပ်တွေရဲ့ ထုံးစံအတိုင်း    ကောလိပ်တစ်ခုရဲ့ အဖွဲ့ဝင်မို့ စာကြည့်တိုက်နဲ့ ကျောင်းစားသောက် ဆောင်တွေ သုံးခွင့်လို အခွင့်အရေးမျိုး တော့ရပါရဲ့။ ၁၉၇၇ ခုနှစ်မှာတော့ သားငယ်ကင်မ်ကိုမွေးဖွားခဲ့ပါတယ်။

မိုက်ကယ်ရဲ့ သဘာဝကိုက ခင်မင်ရင်းနှီးလွယ်တာပါ။ သူ စိတ်ဆိုးတာ၊ သူများကိုမကောင်းပြောတာ၊ အော်ငေါက်တာမျိုး ကျွန်မဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါဘူး။ သူက အင်မတန်သိမ်မွေ့စွာ နေတတ်သူမို့ သူနဲ့ ဆက်ဆံရာမှာ ဘာမှ ထိန်ဝှက်ထားစရာ မလိုဘူးလို့ ခံစားလာမိတတ်ပါတယ်။ သူက သံတမန် တစ်ယောက်လို ဖြစ်နေတာပါ။ ဒါကြောင့်လည်း သူ့ကို ယုံကြည်တဲ့ ကမ္ဘာကျော် စီးပွားရေးသမားကြီး ဂျော့ရှ်ဆိုးရပ်စ်က အောက်စ်ဖို့ဒ်မှာ တိဘက်-ဟိမဝန္တာလေ့လာရေးဆိုတဲ့ အစီအစဉ်အတွက် သုတေသန ကျောင်းသားတွေကို ဘူတန်ကနေ ခေါ်ကာ ပညာသင်ဆုတွေ ပေးခဲ့တာပါ။ မိုက်ကယ်ဆုံးပြီးတဲ့အထိ အဲဒီပညာသင်ဆုက ရှင်သန်နေဆဲမို့ သူဟာ တကယ်စည်းရုံးရေးကောင်းပြီး  သနားကြင်နာတတ်တဲ့ စစ်သည်တစ်ယောက်လို ပညာရေးမှာ အားထုတ်ခဲ့တဲ့ သက်သေ ဖြစ်ခဲ့ရပါတယ်။

သူက အဲဒီလို လူမျိုးဖြစ်တဲ့ အတွက် သူ့ကို သဘောကျသူတွေ ကလည်း အများကြီးပါပဲ။ သူက တိဘက်ဘာသာစကားကို သဘောကျရာကနေ တိဘက်-မြန်မာဘာသာစကား ပင်စည်ထဲက အကိုင်း အခက်တစ်ခုဖြစ်တဲ့ မြန်မာဘာသာ စကားပြောသူ စုကို သဘောကျသွားတာမျိုးပေါ့။ တကယ်တော့ သူက စုလို ပညာဉာဏ်ပြည့်ဝတဲ့ ဇနီး တစ်ယောက်နဲ့ ပညာသည်ဆန်တဲ့ စကားတွေ ပြောချင်နေခဲ့သလို မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ပြီးလည်း ပညာသည်စကားမျိုးတွေ   ပြောချင်နေတတ်တာပါ။
ဒီလိုနဲ့ အောက်စ်ဖို့ဒ်အသိုင်းအဝိုင်းမှာ စုတို့အိမ်ဟာ စကားဝိုင်းဖွဲ့ရာနေရာ ဖြစ်လာတတ်ပါတယ်။

အဲဒီစကားဝိုင်းဖွဲ့တဲ့ စားပွဲပေါ်မှာ အရက်ပုလင်းရယ်လို့ မရှိခဲ့ပေမယ့် မိုက်ကယ်ကတော့ စုရဲ့ ပိုက်ဆံအိတ် ထဲမှာ ပိုက်ဆံ ရှိ၊ မရှိ ဘာမှမသိဘဲ ပညာရှင်တွေနဲ့ ပညာသည်စကား တွေပြောပြီး ပညာမူး မူးနေခဲ့ပါတယ်။ စုတစ်ယောက်ကတော့ နောက်တစ်နေ့မနက်ကို လက်ထဲငွေမရှိဘဲ ဘယ်လိုရင်ဆိုင်ရမလဲလို့ တွေးပြီး မမူးနိုင်ခဲ့ရှာပါဘူး။ ဒါပေမယ့်လည်း မိုက်ကယ်က ဧည့်တွေ ဖိတ်မယ် ပြောလာတိုင်း စုက မငြင်းတမ်း လက်ခံခဲ့ပါရဲ့။ ကင်မ်လေးရဲ့ သူငယ်ချင်းကလေးတွေကပဲ အတူ ကစားလို့မှ မဝခင် ဧည့်သည်တွေ လာတော့မှာဆိုပြီး အိမ်ပြန်ပေးရတာကို ညည်းညူခဲ့ကြပါတယ်။ မိုက်ကယ်နဲ့စုမှာ    ငွေသားအပြတ် မြန်သလောက် ဧည့်ကတော့ ပြတ်တယ်ရယ်လို့ မရှိခဲ့ပါဘူး။
ကင်မ် မွေးနေ့ပွဲမှာ တွေ့ရသည့် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကလေးပရိသတ်
ကင်မ် မွေးနေ့ပွဲမှာ တွေ့ရသည့် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကလေးပရိသတ်

၁၉၈ဝ ခုနှစ်က ကျွန်မရဲ့ ခင်ပွန်းဟာ အောက်စ်ဖို့ဒ်မှာ ရှိနေချိန်နဲ့ ကင်မ်ရဲ့မွေးနေ့နဲ့တိုက်ဆိုင်ခဲ့ပါတယ်။ သူ့ကို မွေးနေ့ပွဲ ဖိတ်တော့ သူ သွားခဲ့တဲ့အခါ ဟတ်ခ်တောင်းန်အိမ်ရဲ့မြေအောက်ခန်းက ထမင်းစားခန်းမှာ ပေါင်မုန့်လေးတွေ လှီးပြီး ဝက်ပေါင်ခြောက် နည်းနည်းကို ကမ္ဘာ့နိုင်ငံတွေရဲ့ အလံငယ်လေးတွေစိုက်ကာ အလှ ပြင်ဆင်ထားတာကို    တွေ့ခဲ့ရပါတယ်။ နောက်ထပ် ကျွေးဖို့ ပြင်ထားတာကတော့ နွားနို့ပါပဲ။ မိုက်ကယ့် မိဘတွေက မွေးနေ့ကိတ် အကြီးကြီးတစ်လုံး ယူလာတဲ့အခါမှာတော့ ကလေးတွေ အားလုံးက အရမ်းကို ဝမ်းသာသွားကြပါသတဲ့။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်မခင်ပွန်းက တော်တော် စိတ်မကောင်း ဖြစ်သွားပါတယ်။

 မွေးနေ့ပွဲဆိုပြီး နေ့တိုင်းစားနေကျ ပေါင်မုန့်လေးနဲ့ ဝက်ပေါင်ခြောက်လေးပဲ ဧည့်ခံနိုင်တာ မလုပ်ပေးချင်လို့ မဟုတ်ဘဲ မတတ်နိုင်လို့ လို့ တွေးမိတဲ့အခါ သူ့အနေနဲ့ စိတ်ထဲ မကောင်းလွန်းတော့ ကလေးတွေနဲ့ ခဏတဖြုတ် ကစားပေးပြီး ဈေးကို အမြန်ပြေးကာ စုကီယာကီ လုပ်ဖို့ လိုတာတွေ ဝယ်ခြမ်းခဲ့ပါတယ်။ ကျွန်မခင်ပွန်းတစ်သက်မှာ အဲဒီနေ့က ပထမဆုံးအကြိမ် မီးဖိုချောင် ဝင်ဖူးခြင်းပါပဲ။ အဲဒီနေ့ကစပြီး သူ့ရဲ့စုကီယာကီနဲ့ မီဆောဟင်းချို လက်ရာဟာ နာမည်ကျော် သွားခဲ့တာပေါ့။ စုက မိုက်ကယ့်ဧည့်သည်တွေအတွက် ဟင်းတွေ စီစဉ်ပေးတတ်ပေမယ့် သူတို့တွေ ထုံးစံ နောက်ဆုံးမှစားတဲ့ အရွက်သုပ်ကို မေ့သွားတတ်ပါတယ်။
အဲဒီအခါမှာတော့ စုဟာ ပြင်သစ်တွေ ထုံးစံလုပ်တတ်တဲ့ တစ်ပွဲပြီး တစ်ပွဲချပေးရတဲ့ အမယ်စုံ ညစာသဘောကို အပြစ်တင်တော့တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်တော့ စုက မိုက်ကယ့် ဧည့်သည်တွေ မျက်မှောင်မကြုတ်နိုင်အောင် ကြိုးစားခဲ့ပါရဲ့။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
http://www.myanmarij.com/

Friday, 13 July 2012

မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ

ဒေါ်မော်နီကာမြမောင်သည် ရန်ကုန်ရှိ ဗြိတိသျှကောင်စီတွင် ၃၈ နှစ်ကြာ အမှုထမ်းခဲ့ပြီး ၁၉၇၉ တွင် MBE ဆုတံဆိပ်ချီးမြှင့်ခံရသည်။ ၂၀၀၈ ခုနှစ် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သည် (ဓာတ်ပုံ – British Council)

ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အစိုးရ စာကြည့်တိုက် ဖြစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစာကြည့်တိုက်မှာ သူမတူအောင် စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေကို အခုလို ထိန်းသိမ်း စောင့်ရှောက် ထားနိုင်တဲ့အပေါ် အမျိုးသမီး တယောက်ကို ကျေးဇူး အထူးတင်ရပါလိမ့်မယ်။

ဒေါ်မော်နီကာ မြမောင်တယောက် မြန်မာဝတ်လုံတော်ရ ဦးပါစီမြမောင်ရဲ့  အင်္ဂလိပ်ဇနီးသည် အဖြစ်နဲ့ ၁၉၃၇ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်မြို့ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။ ဦးပါစီမြမောင်ဟာ တရားသူကြီးတယောက်ရဲ့ သားဖြစ်ပြီး ကိန်းဘရစ်ခ်ျ (Cambridge) တက္ကသိုလ်၊ စိန့်ဂျွန်းကောလိပ် (St. John’s College) ကနေ ဘွဲ့ရခဲ့သူပါ။

ဗြိတိသျှကောင်စီ စာကြည့်တိုက်ကို ၁၉၄၇ ခုနှစ်မှာ စတင်ဖွင့်လှစ်တဲ့အခါ “အန်တီမော်နီကာ” လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဒေါ်မော်နီကာ မြမောင်က အားလပ်ချိန်မှာ ဝိုင်းကူတာတွေ စလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၂ အာဏာ သိမ်းတဲ့အခါမှာတော့ သူ့ရဲ့တပ်ဖွဲ့တွေက အဲ့ဒီစာကြည့်တိုက်ကို သိမ်းယူဖျက် ဆီးခဲ့ပြီး စာကြည့်တိုက် ပိတ်ဖို့နဲ့ စာအုပ်တွေ ရောင်းထုတ်ပစ်ဖို့ကိုပါ အမိန့်ပေးခဲ့ပါတယ်။
ထက်မြက်ပြီး ပါးရည်နပ်ရည်ရှိလှတဲ့ အန်တီမော်နီကာကတော့ မြန်မာ့သမိုင်း စာအုပ်ရှည် အုပ် ၅၀၀ ကို အလျှင်အမြန်ပဲ ဖွက်လိုက်ပါတယ်။ ဖျက်ဆီးခံရမယ့် ဘေးကလွတ်အောင် စာအုပ်တွေကို ဗြိတိသျှသံရုံးထဲက စားပွဲတွေအောက်မှာနဲ့ လျှို့ဝှက် အခန်းငယ်လေးတွေထဲမှာ ဖွက်ထားလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တရားဝင် ပြန်ဖွင့်ခွင့်ရတဲ့ ၁၉၇၃ ခုနှစ် အထိ စာကြည့်တိုက်ကို တိတ်တဆိတ် ဆက်လက် လည်ပတ်ခဲ့ပါတယ်။

“သူဟာ သိပ်ကို တက်တက်ကြွကြွရှိပြီး စံနမူနာယူသင့်တဲ့ အံ့သြချီးမွမ်းဖွယ်ရာ အမျိုးသမီးတယောက်ပါ” လို့ စာကြည့် တိုက်ရဲ့ လက်ရှိ သတင်းပြန်ကြားရေးမန်နေဂျာ ဒေါ်မိုးမိုးစိုးက ကျနော့်ကို ပြောပြပါတယ်။ “သူက မြန်မာပြည်နဲ့ မြန်မာ ပြည်သူတွေကို ချစ်တယ်၊ ပြီးတော့ မြန်မာပြည်ဟာ သူ့အိမ်လို့ အမြဲတမ်းယူဆထားသူဖြစ်တယ်။ အလုပ်က အငြိမ်းစား ယူပြီးနောက်ပိုင်းမှာတောင်မှပဲ ဒီမှာ အချိန်ပိုင်း ဆက်လုပ်သွားသေးတယ်” လို့လည်း သူက ဆိုပါတယ်။

အန်တီမော်နီကာရဲ့ ရဲရင့်တဲ့လုပ်ရပ်တွေကြောင့်ပဲ ဘယ်လိုမှအစားထိုးလို့မရနိုင်တော့တဲ့ ဥပမာ – မြန်မာပြည် အတိတ်နှင့် ပစ္စုပ္ပန် – ဘားမင်းအင်ပိုင်ယာတွင် မှီတင်းနေထိုင်သူတယောက်၏ နေ့စဉ်မှတ်တမ်း (Burma Past and Present, Journal of a Residence in the Burmham Empire နဲ့ အဓိကချင်းလူမျိုးစု၏ စီးပွားရေး (The Economics of the Central Chin Tribe) စာအုပ်မျိုးတွေ စာကြည့်တိုက်မှာ ကနေ့ထိရှိနေပြီး ပညာရှင်တွေ လက် လှမ်းမှီနေတာပါ။
အန်တီမော်တီကာရဲ့ သံမဏိစိတ်ဓာတ်နဲ့ ဆောင်ရွက်မှုမျိုးကို သူ့လို ဗြိတိသျှတွေ ထူထပ်လှတဲ့ ကိုလိုနီအသိုင်းအဝိုင်း အကြား ဝိုင်းကြဉ်ခံထားရတဲ့ အချိန်မျိုးမှာ လူတိုင်း လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် သူကတော့ အဲ့ဒီအသိုင်းအဝိုင်း ရဲ့ ဟန်ဆောင်မှုတွေကို ဂရုစိုက်တယ်ဆိုရုံလေးပဲရှိပြီး သူရဲ့ မြန်မာဆွေမျိုးအသိုင်းအဝိုင်းအသစ်ထဲကို မိုက်မိုက်ကန်း ကန်း ခြေစုံပစ်ဝင်ခဲ့ပါတယ်။

ပထမဆုံး ရန်ကုန်ရောက်တဲ့နေ့က မြန်မာ ပိုးထည်ဝတ်စုံဝတ်ပြီး ရွှေတိဂုံဘုရားမှာ ဝတ်ပြုနေတဲ့ ဒေါ်မောနီကာမြမောင် ဟာ သတင်းစာထဲမှာသုံးဖို့ဆိုပြီး ဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်။ ဒီဓာတ်ပုံက သူတို့သားရဲ့ ဇနီးရွေးချယ်မှုအပေါ် သဘော မတူတဲ့ သူ့ရဲ့ ယောက္ခတွေကို သိသိသာသာ စိတ်သက်သာရာရစေခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလိပ်လို သံတူအစစကားလုံးနဲ့ “မြန်မာဝတ်လုံတော်ရက လှပတဲ့ ဗုဒ္ဓဘာသာဝင် ဗြိတိသျှဇနီးလောင်း ခေါ်လာ (Burmese Barrister Brings Bak Beautiful British Bride)” ဆိုပြီး နောက်တနေ့ သတင်းစာထဲပါလာတဲ့ အခါမှာတော့ မျိုးချစ်စိတ်ပြင်းထန်လှတဲ့ ဗြိတိသျှတွေ အသိုင်းအဝိုင်းကြားမှာ သူ့ကို ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေခဲ့ပါ တယ်။ ၁၉၃၀ ခုနှစ်တွေတုန်းက ဘယ်မြန်မာမှ (အဲ့ဒီအချိန်က ယာယီနန်းရင်းဝန်ဖြစ်နေတဲ့ ဆာဂျိုးဇက်ဖ် မောင်ကြီး တောင်မှပဲ) အင်္ဂလိပ်ကလပ်တခုမှာ အဖွဲ့ဝင်ဖြစ်ခွင့် မရှိပဲကိုး။ အဲ့ဒီစည်းကမ်းက ၁၉၁၄ ဇွန်လ ၅ ရက်မှာမွေးတဲ့ ဒေါ် မော်နီကာမြမောင် ရန်ကုန်လူ့အဖွဲ့အစည်းမှာ အားထားရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မလာခင် သိပ်မကြာသေးခင်ကပဲ ထုတ်ခဲ့တာပါ။

“ရန်ကုန်မှာ ကမ္ဘာအရပ်ရပ်က သံအမတ်တွေ အများကြီးရှိတာမို့ သူတို့ရဲ့ ဇနီးတွေအားလုံးကို အန်တီက အင်္ဂလိပ်စာ သင်ပေးတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေး ၃ ယောက်ကိုတောင်မှပဲ အင်္ဂလိပ်စာ သင်ပေးခဲ့သေးတယ်” လို့ ဒေါ်မိုးမိုးစိုး က ပြောပါတယ်။
အန်တီမော်နီကာဟာ ကိုယ်ပိုင်သားသမီး မထွန်းကားခဲ့ပေမယ့် ခင်ပွန်းသည်နဲ့တိုင်ပင်ပြီး သားသမီး မွေးစားခဲ့ပါတယ်။ ပြီးတော့ ခင်ပွန်းသည်ဆုံးတဲ့ ၁၉၈၇ ခုနှစ်အထိ ရန်ကုန်က ကျွန်းအိမ်နိမ့်လေးမှာပဲ နေထိုင်သွားခဲ့ပါတယ်။ အင်္ဂလန်ကို ပြောင်းရွှေ့နေထိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ခဏပဲပြန်သွားပြီး သူရဲ့ တကယ့်အိမ်အစစ်ကဘယ်မှာဆိုတာသိတာမို့ မြန်မာ ပြည်ကို အမြန်ပြန်လာခဲ့ပါတယ်။

“၂၀၀၀ ခုနှစ်တုန်းက လန်ဒန်မှာကြုံရတဲ့ အဖြစ်အပျက်တခုကို ကျမမှတ်မိနေသေးတယ်။ ထောင်စုနှစ်အခမ်းအနား တွေကို တီဗွီမှာ ကျမတို့ ကြည့်နေကြတဲ့အချိန်ပေါ့။ အန်တီက ကျမတို့ဖက်လှည့်ပြီး ဘာဖြစ်လို့ ငါက ဒီရောက်နေတာ လဲလို့မေးပါတယ်။ လန်ဒန်မှာ သူ့ဆွေမျိုးတွေနဲ့အတူရှိနေတာကို မေ့နေပုံရတယ်” လို့ ဒေါ်မိုးမိုးစိုးက သူကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။
ဒေါ်မော်နီကာမြမောင်ဟာ ၁၉၇၉ ခုနှစ်မှာ ဗြိတိသျှအင်ပိုင်ယာ၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ (Member of the Most Excellent Order of the British Empire – MBE) ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။ ဗြိတိသျှကောင်စီမှာ ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။ မြန်မာပြည်မှာ နေခဲ့တဲ့ဘဝတလျှောက် ဂျပန်ဗုံးကြဲတာ၊ ဂျပန်ဝင်သိမ်းတာ၊ နေအိမ်အကျယ်ချုပ်၊ ပုလိပ်ရောဂါ ဖြစ်ပွားမှု စတာတွေကို ကြုံတွေ့ခဲ့ရပြီး အသက် ၉၀ အထိ စာသင်ပေးသွားခဲ့သူပါ။

“သူ့လို အင်္ဂလိပ်အမျိုးသမီးမျိုး ကျမ ဘယ်တုန်းကမှ မသိခဲ့ဖူးပါဘူး။ သူက လူတွေကို လူသားလိုမြင်တဲ့အပြင် စာအုပ် တွေကို ချစ်သူ၊ စာဖတ်တာကို ခုံမင်နှစ်သက်သူဖြစ်ပါတယ်” လို့ ဒေါ်မိုးမိုးစိုးက ထပ်ဖြည့်ပြောပါတယ်။

အခုဆိုရင် ဒေါ်မိုးမိုးစိုးတယောက် ဒဏ္ဍာရီတွင်လောက်တဲ့ သူ့လက်ဦးဆရာရဲ့ ခြေလှမ်းအတိုင်း လှမ်းနေပြီး စာကြည့် တိုက်မှာ ထင်ရှားကျော်ကြားသူတယောက် ဖြစ်လာပါပြီ။ “အန်တီမိုး” လို့ လူသိများတဲ့ သူ့ရဲ့ စီမံမှုအောက်မှာ စာကြည့် တိုက်ကလည်း အောင်မြင်တိုးတက်လာနေပါပြီ။

ဗဟုသုတနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်လာဖို့အတွက် ရန်ကုန်က ဗြိတိသျှကောင်စီစာကြည့်တိုက် ကို လာကြသူတွေ တနေ့ကို ၁၂၀၀ လောက်ရှိပြီး ဒီစာကြည့်တိုက်ဟာ ဆင်ဆာအဖြတ်မခံရတဲ့ စာအုပ်စာတမ်းတွေ ရှိရာ မြန်မာပြည်ရဲ့ တခုထဲသောနေရာလည်း ဖြစ်ပါတယ်။
အန်တီမိုးက အငြိမ်းစားယူမယ်လို့ စဉ်းစားမိတဲ့အကြောင်း ပြောမိတယ်ဆိုရင် အနားမှာရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် တယောက်က “ဘုရားရေ၊ ဟုတ်လို့လား။ ကျမတော့ အန်တီ အနားယူမယ်မထင်ဘူး” လို့ ဖြတ်ပြောတတ်ပါတယ်။

အန်တီမော်နီကာရဲ့ဝိညာဉ်ဆက်လက်ရှင်သန်နေဆဲဆိုတာကတော့ အထင်အရှားပါပဲ။
 
Charlie Campbell ၏ The Woman Who Saved Burmese History ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။