Monday, 30 January 2012

အမူးသမားကြီးတစ်ဦး၏ အိပ်ဖွင့်ကဗျာ

က ကလေးငယ် အမြည်းဝယ်..။
ခ ခရမ်းသီးအရက်မြည်း..။
ဂ ဂဏာန်းကြော်အရက်နဲ့ဆော်..။
င ငပိထောင်းမြည်းလို့ကောင်း..။
စ စခန်းမှာ မူးလိုပါ..။
ဆ ဆရာကြီး အရက်သမားကြီး..။
ဇ ဇရက်ကြော် ဂွတ်တယ်နော်..။
ည ညနေခင်း သောက်ပွဲဆင်း...။
တ တောအရက် မိုက်တဲ့ကွဲ့..။
ထ ထန်းရည် သောက်မပြေ..။
ဒ ဒညင်းကြော် မိုက်တယ်နော်...။
ဓ ဓနိရည် သောက်မယ်လေ..။
န နံကင် မြည်းလိုက်ချင်..။
ပ ပုစွန်သုတ် အမြည်းလုပ်...။
ဖ ဖဲထုတ် အဖော်လုပ်..။
ဗ ဗရာကြော် မြည်းမယ်နော်..။
ဘ ဘီယာ သောက်မယ်ကွာ..။
မ မရမ်းသီး မြည်းသာမြည်း..။
ယ ယုန်ဟင်း ပွဲတော်ခင်း..။
ရ ရိုးရာ သောက်ပွဲပါ..။
လ လူငယ် သောက်မယ်ကွယ်..။
ဝ ၀ီစကီ လွမ်းပါသည်..။
သ သူငယ်ချင်း အရက်သမားအသင်း..။
ဟ ဟားဟား
အ အိမ်အပြန် မူးလို့အန်။
ဒန်း....ဒန်း....ဒန်း

http://www.lankamsma.org မှတဆင့်ကူးယူဖေါ်ပြပါသည်။

Sunday, 29 January 2012

ပထမပိုင်း အဆုံး၊ ဒုတိယပိုင်းအစ (ရေးသူ- ဦးဇင်းကြီး ကျော်ဟိန်း)


င်္မုခမဂ္ဂဇင်းမှ ကူးယူပါသည်။

ထိုအဖေ ဤသမီး (၂)

စကားပဏာမ

“ကျွန်တော်နှင့်အမေရယ်(အပိုင်း၁)”တွင်.၊ “ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဘာလဲ” ဟူသည့်မေးခွန်းနှင့် စပ်လျဉ်း၍၊ သေစာရှင်စာမျှပင် မတတ်ရှာသော အမေက အဘယ်သို့ဖြေကြားခဲ့သည်ကို ဝေမျှခဲ့ပြီးဖြစ်သည်။
ယခုမူ ဗိုလ်ချုပ်၏ စိတ်နေစိတ်ထားနှင့် စရိုက်လက္ခဏာကို..၊ ကျွန်တော့်ဘကြီး ပြောပြသည့်အတိုင်း ထပ်မံ ဝေမျှလိုက်ပါသည်။
များပြည်သူတွေ ကောင်းကျိုးထွေကို ရစေသော်ဝ်ဟု ဆန္ဒပြု..သာဓု..သာဓု..သာဓု…



ကျွန်တော် နှင့် ဘကြီး ရယ် (အပိုင်း-၂)


ဘကြီးက ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ ကိုယ်တွေ့ဇာတ်လမ်းကို ပြောပြဘူးသည်။
“ဂျပန်ဖက်ဆစ်က, အပြေး..။ အင်္ဂလိပ် နယ်ချဲ့က, ပြန်ဝင်အလာ..။ အဲဒီနောက်ပိုင်းမှာ ကြုံခဲ့ရသကွ”

ဤသို့ဘကြီးက စကားနိဒါန်းပျိုးပြီးပြောပြ၍ သိရသည်မှာ..၊ လွတ်လပ်ရေး တိုက်ပွဲအတွက် သဲကြီးမဲကြီး နွှဲနေရသည့်ကာလတွင်းက၊ ရက်တရက်တွင် ဖြစ်သည်။ ဗိုလ်ချုပ်၏ မော်တော်ကားသည် အရှိန်ပြင်းပြင်း နှင်လာသည်။ တိုက်ကြီးမြို့ဝင်ခါနီး ၀ဲဘက်လမ်း အချိုးကို ကျော်လိုက်သည်နှင့်၊ ဘွားခနဲ မြင်တွေ့လိုက်ရသည်မှာ၊ ဧရာမ လူအုပ်အကြီး, ကြီး..။
“မြို့ဝင်ခါနီး ရွာတန်းရှည်မှာကွဲ့..။ ၀ဲယာလမ်းစပ်ပေါ်ထိ လူတွေက တက်ရပ်နေကြလေရဲ့.။ ဒရိုက်ဘာခမျာ လူတိုက်မိမှာစိုးလို့ ကားအရှိန်ကို တအားလျှော့။ ကားဘီးကိုဖြည်းဖြည်းချင်း လှိမ့်ရတော့တယ်.”
လူအုပ်ကြီးက မေတ္တာအရင်းခံဖြင့် လက်သီးလက်မောင်း တန်းပြီး.၊ အကြိမ်ကြိမ် ကြွေးကျော်ကြသည်, တဲ့..။

“ဗိုလ်ချုပ်ကျန်းမာပါစေ.”

ကားက လူအုပ်ကြီးကို လွန်လာသော်ငြှား၊ ကြွေးကျော်သံတွေက အရာရာကို လွှမ်းမိုးမြဲ လွှမ်းမိုးဆဲပါပဲ, တဲ့..။

ဗိုလ်ချုပ်တို့တိုက်ကြီးမြို့ထဲက ဘုရားကြီးကျောင်းတိုက်ဝင်း အတွင်းသို့ ရောက်ကြပြီ..။ စကားပြောစင်မြင့်ရှေ့တွင် အသင့် နေရာယူထားကြသော လူထုပရိဿတ်က တလှုပ်လှုပ်, တရွရွ။ ရွာတန်းရှည်သို့ လာပြီး ဗိုလ်ချုပ်ကို ကြိုခဲ့သော လူအုပ်ကြီးကလည်း ရောက်လာပြီ။

“သခင်ဝတင်က တရားကို အရင် ဟောသကွဲ့။ ဗိုလ်ချုပ်ကတော့ စကားပြောစင်နောက်မှာ ချပေးထားတဲ့ ကုလားထိုင်မှာ ထိုင်လို့။ အဲ, နောက်ကြောမှီပြီး အိပ်ပါလေရော။ အတော် ပင်ပမ်း နွမ်းနယ်နေပုံပဲ။ အောင်မယ်, သူ့အလှည့် ရောက်ခါနီးတော့ သူ့ဘာသာသူ နိုးလာလေ, ရဲ့..”

ဗိုလ်ချုပ်က နိုးလာသည်နှင့် လက်ကိုင်ပုဝါ ထုတ်ပြီး သွားရည်များကို သုတ်ပါသတဲ့.။ သခင်ဝတင် ဟောပြောပြီး၍ အောက်ကို ဆင်းလာရော…၊ ဗိုလ်ချုပ်က စင်ပေါ်တက်ပြီး..၊ အဟိန်းအဟောက်ဖြင့်’စ, ပါသည်, တဲ့..။

“ဒီမှာ..ကျုပ်က အလုပ်စကားပြောဖို့ လာတာ။ ရယ်စရာစကား မပါဘူး။ ရယ်စရာစကားကိုမှ နားထောင်ချင်သပ ဆိုရင်၊ ခုကတည်းက ထွက်သွားကြ..”

ပြောပြောဆိုဆို ယာဘက်လက်ဖြင့် ခါထုတ်လိုက်သေးသည်...။ ထိုစဉ်က ပတ်တုတ်ထားသည့် အလား၊ ပရိဿတ်က ငြိမ်ဝပ်သွားသည်။ ဘာသံမျှ လုံးဝ ထွက်မလာ။

“လူထုက စိတ်မဆိုးဘူး။ ဗိုလ်ချုပ်ရဲ့ စေတနာစကားလို့ နားလည်တယ်။ ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ကို သိထားတော့၊ ဗိုလ်ချုပ်ကို ပိုပြီး လေးစားသွားတယ်။ ပိုပြီး ကြည်ညိုသွားတယ်။ ဗိုလ်ချုပ်က စကားလုံးနဲ့ ဟောက်တာကို၊ ပန်းကလေးနဲ့ ပေါက်တာလို့ မှတ်ယူနေကြတာ။ အချင်းချင်း ပြောလိုက်ကြသေး..။ ဒါမှ... ဒို့ဗိုလ်ချုပ်.. တဲ့”

ဗိုလ်ချုပ်က ပရိဿတ်လူထုကို တွယ်အပြီး၊ ထိုဒေသက ခေါင်းဆောင်လုပ်သူဘက်ကို လှည့်ပြီး တွယ်ပြန်ပြီ။

“ဒီမှာ, ဗိုလ်တင်မောင်ကြီး။ လူတွေက ကျုပ်တို့ကို ရွာတန်းရှည်မှာ လာကြိုကြတယ်….။ ဟိုဘက်ရော, ဒီဘက်ရော လမ်းအစပ်ပေါ် တက်လာကြတာ။ သူတို့ကို မတိုက်မိအောင် ကားကို စလိုးဒေါင်း လုပ်လာရတယ်..”

ဗိုလ်ချုပ်က မကြည်မသာ မျက်နှာဖြင့် ဆက်၍ ပြောပါသတဲ့..။

“မှော်ဘီမှာ ပြီးတာနဲ့ ဒီကို အချိန်မီ ရောက်အောင် အပြေးအလွှား လာခဲ့တာ။ ခုတော့..အချိန်တွေ အလကား ဖြစ်ကုန်ပြီ။ လာကြိုတဲ့လူတွေလည်း၊ နေပူထဲမှာ ဒုက္ခရောက်တယ်။ အပိုအလုပ်တွေဗျာ..။ ဒါမျိုး, နောက်မလုပ်နဲ့..”

အင်း..ဖြစ်ရပုံများ..။ ဗိုလ်ချုပ်က, ပါးစပ်ပေါက်ဆိုးလေ, ဟိန်းဟောက်လေ..။ လူထုက ပို၍, ပို၍ချစ်လေ.။ ဗိုလ်ချုပ်က လွတ်လပ်ရေး ရဖို့ အသေခံကြ ဆိုလျှင်၊ ငါကလည်း အသေခံမည်, သူကလည်း အသေခံမည်, ဤမျှထိ ဗိုလ်ချုပ်က “မီးသေ”ခဲ့သည်..တဲ့။ ဘကြီးက ကိုယ်တွေ့ကို ဝေမျှသွားလေပြီ။

ဘကြီး၏ စကားအဆုံးမှာ၊ ကျွန်တော် ဦးခြံသူကြီးက ပြောချင်ပါသည်။

ကိုင်း..ရဲဘော်တို့, ရဲမေတို့ -
ဤသမီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း၊ ထိုအဖေ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ပင်၊ လူထုအပေါ်“မီးသေ”ခဲ့သည်။ ခရီးထွက်ရာ လိုက်ပါသူများအား မိမိတို့ကို တိုက်ခိုက်လာသော်..၊ လက်တုန့်မပြန်ရဟု မှာကြားထားသည်။

အမှာအကြားကို အားလုံးကလိုက်နာကြသည်။ ရှေ့မှာတခွပ်ခွပ် ရိုက်လို့ ပုံလျက်သား လဲကျကုန်ပြီ။ ဒါကိုမြင်ပါလျက်၊ နောက်ကို ပြန်မလှည့်။ အလားတူ အရိုက်ခံသည်။ ကွဲသူ, ကွဲ။ ကျိုးသူ, ကျိုး။ သေသူ, သေ။

“ဒီခေါင်းဆောင်က ဒီမျှတောင် လူထုကို မီးသေမှဖြင့်၊ ဒီတိုင်း, ဒီပြည်ကို ကောင်းကောင်းကြီး ခေါင်းဆောင်နိုင်ပြီဗျ..”

ကျွန်တော်ဦးခြံသူကြီးက ကောက်ချက်ချလိုက်ပါပြီ။

အို..ရဲဘော်တို့, ရဲမေတို့..။ ထိုကောက်ချက် မှန်သည်/မှားသည်ကို..၊ လူ့အခွင့်အရေးအရ လွတ်လပ်စွာ ပြောနိုင်ပါပြီခင်ဗျ..။ ပြောပါခင်ဗျ..။ // ပြီး//

ဦးခြံသူကြီး (Burma Media Wash) (10:30PM;Jan 25, 2012)

Friday, 27 January 2012

သြစတေးလျနိုင်ငံရဲ့ဝန်ကြီးချုပ်+ အတိုက်အခံခေါင်းဆောင်တို့နှင့် အဘောရိဂျင်းလူမျိုးတို့ရဲ့ ပဋိပက္ခ (ဗီဒီယို) ၂၆-၀၁-၁၂

ထိုအမေ ဤသမီး = ဥာဏ်ပညာကြီးသူ + မြင့်မြတ်သူ

ဦးခြံသူကြီး (Burma Media Wash)

( 7Day ဂျာနယ် ဆောင်းပါးရှင် သမီးလေးငြိမ်းငြိမ်းနိုင်…
သမီးလေး၏ “လီလီပန်းကလေးများရဲ့ နောက်ကွယ်မှာ”ဆောင်းပါးထဲကအချို့ကို၊ ကူးယူ ကိုးကားခွင့် ပြုပါရန် ခွင့်ပန်ပါသည်။ ခွင့်ပြုမည်မှာ, အသေခြာဟု, ယူကာဆသည်, မှီငြမ်းပြီတည့်။ )

(၁)
တလောကလေးကမှ မိတ်ဆွေတစ်ယောက်က မိတ္တူကူးပြီးပေးသဖြင့်၊ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ရသည်။
ဆောင်းပါးခေါင်းစဉ်က၊ “လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ…..(ဂဠုံဦးစောမိသားစု၏ဘ၀ဖြတ်သန်းမှု)” တဲ့..။
ဆောင်ပါးရှင်က “ငြိမ်းငြိမ်းနိုင်”……။ စာကို’ငြိမ့်ငြိမ့်’ကလေး ရေးချယ်’နိုင်’စွမ်းသူဖြစ်၍၊ ဆောင်းပါးရှင်သမီးလေးကို ကျွန်တော်ခေါ်ချင်သည်က“ ငြိမ့်ငြိမ့်နိုင်” ..။
ဆောင်းပါးကိုဖေါ်ပြသည်က၊ ၂၀၁၁-ခုနှစ်စက်တင်ဘာ ၂၁ ရက်နေ့ထုတ် 7Day ဂျာနယ် …။

(၂)
ထိုဆောင်းပါးကိုဖတ်ပြီးသူများ၊ စိတ်ထဲတွင် ဘယ်လိုခံစားကြရပါလိမ့်…။ ကျွန်တော့်အဖို့မှာမူ၊ စိတ်ထဲ မသိုးမသန့်“နင့်ခနဲ” ခံစားလိုက်ရသည်။
ထိုသို့ဘာကြောင့် တမူထူးပြီး ခံစားရသည်ကို ဘယ်သူက သိမည်နည်း။ သို့သော်“ကိုယ့်အကြောင်း, ကိုယ်သိ”လေတော့၊ အိုးမလုံ အုံပွင့်ရလေပြီ။

(၃)
ငြိမ်းငြိမ်းနိုင်၏ ’လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ’ ဆောင်းပါးတွင် ဖေါ်ပြထားသည့်..၊ ဂဠုံဦးစောမြေး ဒေါ်မွန်မွန်ရင်၏ ရင်ထဲက ပွင့်အံထွက်ကျလာသောရင်ဖွင့်စကားကို ကြည့်ကြပါစို့…
“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့သလဲ ဆိုတော့၊ ဒေါ်သန်းခင်ကမျက်နှာမရှိပဲဖြစ်ရတဲ့မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီးကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမျှမယူလိုပါဘူးတဲ့။ အဘွားကအဲဒီစကားကို အခုထက်ထိ မမေ့ပါဘူး..”

အထက်ဖေါ်ပြပါ အမေကြည်၏ စကားကို ဒေါ်မွန်မွန်ရင့် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြဟူသော အချက်ကိုလည်း ငြိမ်းငြိမ်းနိုင်က သူ့ဆောင်းပါးတွင် ထည့်သွင်း ဖေါ်ပြထားသေးသည်။
သြော်..အမေကြည်, အမေကြည်.။

မိမိ၏ခင်ပွန်းသည်ကို, ရက်ရက်စက်စက် လုပ်ကြံသည့်, ဂဠုံဦးစော၏ ဇနီးသည်ဒေါ်သန်းခင်...။ အများက လက်ညှိုးငေါက်ငေါက် ထိုးသည်ကို...၊ ငုံ့ခံနေရသည့် ဒေါ်သန်းခင်…။

ဂဠုံဦးစောကြိုးဒဏ်ဖြင့် မသေမချင်း အသတ်ခံရတော့မည်ကြောင့် နာရီပိုင်းအတွင်းမှာပင် မုဆိုးမ ဖြစ်ရတော့မည့် ဒေါ်သန်းခင်….။ လင်ဆိုးမယား တဖါးဖါး ဖြစ်နေရသည့်ဒေါ်သန်းခင်…။
ထိုထိုဒေါ်သန်းခင်အပေါ်၊ အမေကြည်က မုဆိုးမဖြစ်ခါစ၊ ပူဆွေး လောင်ကျွမ်းလွန်းလှသည့် ကာလမှာပင်၊ အညစ်အကျေး ကိလေသာစိတ်ကို မြူမျှပင်မထားခဲ့..။ မေတ္တာ, ဂရုနာ, အကြင်နာ, စာနာမှုတွေကို ပွေ့ပိုက်လျက်၊ နွေးထွေးစွာ ဖြေသိမ့်မှု, နှစ်သိမ့်မှုတို့ကိုပင်၊ ပြန်ပေးလိုက်သေးသည်။

(၄)
ရှေးရေစက်ကြောင့်ပေလား..။ အမေကြည်နှင့်ဒေါ်သန်းခင်တို့၏ ဇာတ်လမ်းမှာ မဆုံးနိုင်သေး..။
ဒေါ်မွန်မွန်ရင်၏ လက်ထပ်မင်္ဂလာပွဲတွင် လီလီပန်းဖြူဖြူဖွေးဖွေးကိုသာ ဘိသိက်ပန်းအဖြစ် ငွေဖလား၌ အပြည့်အမောက် ထိုးစိုက်ရမည်ဟူသော အဘွားဒေါ်သန်းခင်၏ ပြင်းပြလှသော ဆန္ဒကြောင့်..၊ နောက်တချီ ဇာတ်လမ်း ပြန်စဖို့ရာ၊ အကြောင်းက ဖန်လာသည်။

လီလီပန်းဖြူဖြူဖွေး, ရရှိဖို့အရေး၊ ဟိုကိုပြေးကာဟိုမှာရှာ, ဒီကိုပြေးကာ ဒီမှာရှာ။ ရန်ကုန်မြို့ တခွင်, ပြဲပြဲသာ စင်လေသည်။ ရှာလေရှားလေ, ခက်လှပေ၏။
နောက်ဆုံးရမယ့်ရတော့ အမေကြည့်ခြံမှာမှ ရခဲ့သည်။ ထိုအကြောင်းကို ဒေါ်မွန်မွန်ရင်က၊ ပီတိဝေဖြာ, ဂုဏ်ယူစွာဖြင့်, ပြောရှာသည်မှာ, ဤသို့ပါ..
“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေ သော့ပစ်ချပေးရင်းဘယ်သူ့ မင်္ဂလာဆောင်လဲလို့ မေးတယ် တဲ့။ ဦးစော ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့၊ သြော်..ဒေါ်သန်းခင်က မြေးတွေ ဘာတွေနဲ့ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ် တဲ့..”

အမေကြည်၏ အံ့ချီးဘွယ်ရာစကားကို၊ ဒေါ်မွန်မွန်ရင်ပြန်လည် ပြောပြသည့်အတိုင်း၊ ဆောင်းပါးရှင်ငြိမ်းငြိမ်းနိုင်က အထက်တွင် ရေးသီကာ တင်ပြခဲ့ပြီးပြီ။
တဆက်တည်းပင် အမေကြည်၏စကား, အမေကြည်၏ လီလီပန်းတို့နှင့် ပတ်သက်၍၊ ဒေါ်မွန်မွန်ရင် တန်ဘိုးထား ပြောကြားသည့်…
“အဲဒီ စကားလေး နဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ”
ဟူသောမှတ်ချက်ကိုပါ၊ ငြိမ်းငြိမ်းနိုင်က တွဲလျက် ချိတ်ဆက်ပေးလိုက်သေးသည်။

ဒေါ်မွန်မွန်ရင်, ရင်ဖွင့်လိုက်သော အမေကြည်၏ စကားလုံးများက၊ အကောင်းအဆိုး ကုသိုလ် အကုသိုလ်ခွဲခြားနိုင်စွမ်းသည့် အမေကြည်၏ဥာဏ်ပညာ.၊ စိတ်နေစိတ်ထား နူးညံ့ သိမ်မွှေ့လှသည့် အမေကြည်၏ မြင့်မြတ်မှုတို့ကို.၊ အထင်အရှား ဖေါ်ပြနေပေသည်။

အို….အမေကြည်..။ အမေကြည် ၏ ဥာဏ်ပညာ နှင့် မြင့်မြတ်မှုက၊ ကျွန်တော် မောင်ဦးခြံသူကြီး အတွက် “စံ” ပါပဲခင်ဗျာ..။

(၅)
ဆောင်းပါးရှင်ငြိမ်းငြိမ်းနိုင်က….၊ ဂဠုံဦးစောနှင့် ဒေါ်သန်းခင် မိသားစုဆိုင်ရာ အမေကြည်၏ အခန်းကဏ္ဍကို စာပန်းချီကားတစ်ချပ်သဘွယ် ရေးချယ်အပြီးတွင်၊ ဒေါ်အောင်ဆန်းစုကြည်၏အခန်းကဏ္ဍကို နောက်ထပ် စာပန်းချီကား တစ်ချပ်သဘွယ် ရေးချယ်ပြန်သေးသည်။
ထိုသို့ရေးချယ်ရာတွင်ဆောင်းပါးရှင်ငြိမ်းငြိမ်းနိုင်က မှတ်တမ်းအသွင် စာစီထားသည်ကို၊ မူရင်းအတိုင်း ကူးယူ ဖေါ်ပြလိုက်ပါသည် ---

“ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို…၊ အပြင်တွင် မတွေ့ မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရပါက…၊ တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း၊ တကယ်တမ်း တွေ့ရမည် ဆိုခဲ့လျှင်လည်း၊ တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်ကဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး.။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ”ဟု….၊ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာမရှိအောင်ပင် ကွာခြားမှုများ ပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်, တဲ့..။

ဆောင်းပါးရှင်ငြိမ်းငြိမ်းနိုင်က သူ့နေရာနှင့်သူ အကွက်ကျကျ ရေးသီချခဲ့သည်။
တဆက်တည်းပင် ငြိမ်းငြိမ်းနိုင်က ရှေ့ဆက်လိုက်သေးသည်….။ ဤသည်ကိုလည်း မူရင်းအတိုင်း ဖေါ်ပြလိုက်ပါသည် -

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက်မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ၊ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို၊ စိတ်မကောင်းဖြစ်မိကြောင်း ကရုနာစကား ဆိုပါသည်။
“ကိုယ်မလုပ်ခဲ့တဲ့ကိစ္စအတွက်ဒီလိုခံစားရတာကို စိတ်မကောင်းဘူး.။ ကလေးတွေက ဘာမှလုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက်ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ် သူတို့လည်း အပြစ်ရှိတဲ့ လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်းကို..၊ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍“ဖေဖေနဲ့ ပတ်သက်ပြီးတွေးလျှင်၊ ဦးစောကြောင့် ဖေဖေဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်” ဟု ဆိုလေသည်။
ဟိုက်….။ ဟိုက်.ဟိုက်.ဟိုက်…

ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်နှင့် သမီးဒေါ်အောင်ဆန်းစုကြည် တို့သည်၊ ဥာဏ်ပညာအရာနှင့် စိတ်ထားမြင့်မြတ်မှု အရာတို့တွင်၊ သူမတူအောင် ထူးကဲသူများဖြစ်နေသည်ကို.၊ ဂဠုံဦးစော မိသားစု စဉ်ဆက်က သက်သေပြနေပါပကော..။

ထိုသက်သေပြချက်ကြောင့်..၊ ကျွန်တော့်ကိုကျွန်တော် မေးခွန်း ပြန်ထုတ်ကြည့်ချင်လာသည်။ ကျွန်တော် ဦးခြံသူကြီးသည် “လီလီပန်းလေးများရဲ့နောက်ကွယ်မှာ” ဆောင်းပါးကို မဖတ်ရသေးမီက၊ အဘယ်သို့သော လူစားမျိုးနည်း..။

( ၆)
ဤမေးခွန်းက ကျွန်တော့်ကိုကျွန်တော်၊ အပြန်ပြန်အလှန်လှန် စစ်ချလိုက်သည်။ သည်စစ်ချက်အရ အရှိကို အရှိအတိုင်းဤသို့ သတိပြုမိလာပါတော့သည်။

ဂဠုံဦးစော၏ လက်ချက်ကြောင့် ဗိုလ်ချုပ် ကျဆုံးခဲ့ရသည်.။ မြန်မာ့နိုင်ငံရေးနယ်ပယ် တခွင်လုံး၏’စွာတကာ့စွာ’တို့ထဲက အနှိုင်းမဲ့ခေါင်းဆောင်ကို ဆုံးရှုံးရပြီ…။ သြော်..ဗိုလ်ချုပ်, ဗိုလ်ချုပ်..။
ဗိုလ်ချုပ်လည်း မရှိရော..၊ ကျန်ခေါင်းဆောင်တွေက ဗိုလ်ချုပ်လို မထိန်းနိုင်လေတော့၊ အကွဲအပြဲ, တဗိုလ်တမင်း, တတောတကြက်ဖ.၊ ဇာတ်တူသားချင်း စားကြပြီ..။

သည်လို အဖြစ်ဆိုးမျိုးတွေ, ဘာကြောင့်ဖြစ်..၊ ဗိုလ်ချုပ် မရှိလို့ဖြစ်။ ဗိုလ်ချုပ် ဘာကြောင့်မရှိ..ဂဠုံစော လုပ်ကြံလို့မရှိ။
ထို့ကြောင့်ဂဠုံစောကို ကမ္ဘာမကျေအသဲနာသည်။ သူ့ဆွေစဉ်မျိုးဆက်ကိုလည်း နှလုံး မကြည်၍ မကြည့်ချင်..။

(၇)
ဆောင်းပါးရှင် သမီးလေး.“ငြိမ်းငြိမ်းနိုင်”၏“လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ”ဆောင်းပါးကို ဖတ်၍ အပြီးမှာ၊ ဂဠုံဦးစောနှင့် ဂဠုံဦးစောမိသားစုအရေး ကိစ္စကို ထောက်ရှုလိုက်သည်။
ဥာဏ်ပညာနှင့်မြင့်မြတ်မှု အရာတွင် -
ထိုအမေဒေါ်ခင်ကြည်နှင့် ဤသမီးဒေါ်အောင်ဆန်းစုကြည်တို့က…၊ မိုးလောက် မြင့်နေသည်။

ကျွန်တော်ဦးခြံသူကြီးက မြေအောက်မက နိမ့်နေသည်။
ဤမိုးနှင့်ဤမြေ, ကွာခြားလှပေ၏။
ထို့ကြောင့် ဆောင်းပါးရှင်သမီးလေး.“ငြိမ်းငြိမ်းနိုင်” ၏ “လီလီပန်းလေးများရဲ့နောက်ကွယ်မှာ”ဆောင်းပါးကိုဖတ်ပြီးသောအခါ..၊ ကျွန်တော့်အဖို့မှာမူ၊ စိတ်ထဲမသိုးမသန့် “နင့်ခနဲ” ခံစားလိုက်ရသည်ဟု၊ အစပိုင်းကတည်းက၊ ၀န်ခံထားခဲ့ခြင်းဖြစ်သည်။
“လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ”ဆောင်းပါးအပေါ်ကျွန်တော် ဓါတ်ကျခဲ့သည်များကိုတင်ပြခဲ့ပြီးပြီ။ တဆက်တစပ်ထဲမှာပင် နောက်ဆက်တွဲကို ချိတ်ပေးလိုက်ချင်ပါသေးသည်။

(၈)
ဒေါ်အောင်ဆန်းစုကြည်က အစောပိုင်း ကတည်းက ပြောခဲ့ဘူးသည်။
*အာဃာတထားရင်၊ အထားခံရသူများအတွက် မကောင်းသလို..၊ ထားသူအတွက်လည်း မကောင်းဟူသည့် သဘောမျိုး ပြောခဲ့သည်။ ဒါကို အများကြားသိပြီးဖြစ်သည်။
*နိုင်ငံတကာတရားရုံးကနိုင်ငံတွင်းကတစ်ဦးဦးကိုအရေးယူမည်ဆိုလျှင်၊ မိမိကမထောက်ခံ။ ကန့်ကွက်ပါသည်..တဲ့..။
*မိမိကို အသုံးချမည်ဆိုလျှင်၊ တိုင်းပြည်အတွက် ကောင်းလာမည်ဆိုက၊ ဘယ်သူကပဲ အသုံးချချ၊ အသုံးချခံပါမည်..တဲ့.။

ဒေါ်အောင်ဆန်းစုကြည်သည်ကား-အမြော်အမြင်ကြီး၍၊ ဥာဏ်ပညာ ကြီးလှသည်။ ထို့ကြောင့်“တော်”သည်။
စိတ်ထားမြင့်မြတ်လှသည်။ ထို့ကြောင့်“ကောင်း”သည်။
သို့ဖြင့်ဒေါ်အောင်ဆန်းစုကြည်သည်၊ “လူတော်လူကောင်း=သူတော်ကောင်း” စစ်မှန်လှပေ၏..။
ပြဿနာတစ်ရပ်ကို ချဉ်းကပ်ရာတွင် ကျွန်တော်တို့နှင့်မတူ။ တစ်မူကွန့်၍ ထူးထူးကဲကဲ အနှိုင်းမဲ့နေသည်။

( ၉)
ကျွန်တော်စွမ်းသမျှ၊ လက်လှမ်းမီရာများကို တင်ပြခဲ့ပြီးပြီ…။ ဆိုင်ရာဆိုင်ရာ ပုဂ်ဂိုလ်များက ထိုတင်ပြချက်များကို ထည့်သွင်းစဉ်းစားပြီး.၊ အဘယ်သို့ မှတ်ချက်ချကြပါမည်နည်း..

*ဒေါ်အောင်ဆန်းစုကြည်သည်၊ အာဃာတရား လက်ကိုင်ထားလျက်၊ အကုသိုလ် မကောင်းစိတ်ဖြင့်၊ ကြမ်းကြမ်းတမ်းတမ်း ရမ်းမည့် ပုဂ်ဂိုလ်လော…။ အန္တရာယ်ပြုမည့် ပုဂ်ဂိုလ်လော..
*ဒေါ်အောင်ဆန်းစုကြည်သည်၊ တိုင်းပြည်အတွက် ကောင်းလာမည် ဆိုက…၊ ကုသိုလ်စိတ်ဖြင့် ဘာပဲလုပ်ရလုပ်ရ၊ ဘယ်သူနဲ့ပဲတွဲရတွဲရ..၊ အသင့်အနေအထားတွင် ရပ်တည်နေပါသလော.…
*ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေး ရင်ကြားစေ့ရေး အတွက် အားထုတ်ရာတွင်-

- တပ်မတော်သားကြီးကြီး ငယ်ငယ် မှန်သမျှနှင့်သူတို့၏ မိသားစုဝင်များ အပါအ၀င်၊
- ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် သူတို့၏မိသားစုဝင်များအပါအ၀င်၊
- စွမ်းအားရှင်များနှင့်သူတို့၏ မိသားစုဝင်များ အပါအ၀င်၊
- တစညနှင့် အခြား နိုင်ငံရေးပါတီ အသီးသီး၏ ပါတီဝင်များနှင့်သူတို့၏ မိသားစုဝင်များ အပါအ၀င်၊
*အချုပ်ဆိုရသော်..၊ တစုတဖွဲ့၏ ကောင်းရာ ကောင်းကျိုး သက်သက် အတွက်မျှ မဟုတ်။ တိုင်းရင်းသားပြည်သူတရပ်လုံး၏ ကောင်းရာကောင်းကျိုးအတွက်..၊ တစိုက်မတ်မတ် ဦးတည် ဆောင်ရွက်နေသည့် ပုဂ်ဂိုလ် ဟုတ်မှန်ပါသလော…
အစရှိသည့်“လော”ပေါင်းများစွာကို၊ ဂဠုံဦးစောနှင့်သူ၏မိသားစု ဆွေစဉ်မျိုးဆက်အပေါ် ထားရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ (ဥာဏ်ပညာ+မြင့်မြတ်မှု) အပေါ် အခြေပြုသည့် သဘောထား မှတ်ကျောက်တွင် တင်ကာ စစ်လျှင်၊ သမာသမတ်ကျသော, လက်တွေ့ကျသော မှတ်ချက်များ….၊ “ဖူးပွင့်သီး” လာမည်ဖြစ်ကြောင်းပါ ခင်ဗျား..။ ။

ဦးခြံသူကြီး(Burma Media Wash) (1:02PM;Jan 20, 2012)

http://www.irrawaddyblog.com/2012/01/blog-post_282.html မှ ကူးယူဖေါ်ပြပါသည်။

Thursday, 12 January 2012

ပြည်ပရောက် မြန်မာပညာတတ်များ အလိုရှိသည်

ဆရာတွေ နားနေခန်းမှာ ရွှေမြန်မာတွေတင်တဲ့ သတင်းတွေကို ဟိုကလစ် ဒီကလစ် လုပ်နေတဲ့အချိန် အရပ်အမောင်းက မနိမ့်မမြင့်၊ အသားအရေကလည်း ဥရောပတိုက်သားနဲ့မတူ၊ အာရှသားတွေရဲ့ အသားအရေ မျိုးလည်းမဟုတ်တဲ့ အသက် ၃၀ နီးပါး ခန့်မှန်းရတဲ့ လူရွယ်တဦး CDC ကျောင်းအုပ်ကြီး ရုံးခန်းကို ၀င်ရောက်လာပါတယ်။ သူ့ကို ခေါ်လာတဲ့ ပုဂ္ဂိုလ်၊ ရွှေ့ပြောင်း အလုပ်သမား ပညာရေး အတိုင်ပင်ခံ ကိုသိန်းနိုင်က မိတ်ဆက်ပေးပါတယ်။

“ံHi! My name is Khin Myint” လို့ မိတ်ဆက်တော့ ကျနော်က ဒါဆိုခင်ဗျားက မြန်မာလားလို့မေးတော့၊ ကျနော့်အဖေက ဗမာပါတဲ့။ နောက်တော့ သူ့ကို ကျနော်တို့က ကိုခင်မြင့်လို့ပဲ ခေါ်ကြတယ်။

ကိုခင်မြင့်ဟာ သူ့ရဲ့မွေးဖွားရာနိုင်ငံ အော်စီမှာ ၀င်ငွေကောင်းတဲ့ ကျောင်းဆရာအလုပ်ကို ခေတ္တရပ်နားပြီး ခွင့်ခြောက်လနှင့် ထိုင်းမြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို အင်္ဂလိပ်စာ လာသင်ပေးနေတဲ့ ဆရာတဦးဖြစ်ပါတယ်။

ရင်းနှီးလာတော့ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အကြောင်းတွေကို ပြောဆိုဆွေးနွေးဖြစ်ကြပါတယ်။ ကိုခင်မြင့် အမှတ်မထင်ပြောလိုက်တဲ့ စကားတခွန်းက ကျနော့်ရဲ့ စိတ်ထဲမှာတော်တော် ပီတိဖြစ်မိပါတယ်။

“ ကျနော့် အဖေက ဗမာဆိုတော့ မြန်မာတွေကို ကူညီဖို့ ကျနော့်မှာ တာဝန်ရှိပါတယ်” တဲ့ဗျာ။ ဗမာစကား တခွန်းတလေတောင် မတတ်တဲ့ ကိုခင်မြင့် က သူ့မှာတာဝန်ရှိပါတယ်လို့ ပြောတာကိုက သူ့တို့နိုင်ငံ ပညာရေးစနစ်က သင်ပေးလိုက်တဲ့ Good Citizen ဆိုတာ ဒါမျိုးကို ပြောတာလို့ထင်မိပါတယ်။

လူသားတယောက်အနေဲ့ ကမ္ဘာမြေက လူသားအချို့တွေရဲ့ ဒုက္ခတွေကို မျှဝေခံစား နိုင်အောင် သူတို့ပညာရေး စနစ်က သင်ပေးခဲ့တာလားလို့တွေး မိတယ်။ “တာဝန်” ဆိုတဲ့စကားလုံးကို မြန်မာ့ အတိုက်အခံ တွေကြားထဲမှာ ဖောဖောသီသီ ပြောဆိုကြေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကိုခင်မြင့် ပြောတဲ့ တာဝန်နဲ့ တူညီသလို ထင်ပေမယ့် ကွဲမယ်ထင်တယ်။

ထိုင်းမြန်မာနယ်စပ်ကို ရောက်လာကတည်းက Burma Volunteer Program နဲ့ရင်းနှီုးနေခဲ့ပါတယ်။ ပညာ တစ်ပိုင်းတစနဲ့ အမိမြေကို ကျောခိုင်းလာကြတဲ့ သူတွေကို ပညာရေးအရ တတ်နိုင်သလောက် ကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာတွေရဲ့ ကျန်းမာရေး၊ ပညာရေးနှင့် သတင်းမီဒီယာ အဖွဲ့ပေါင်း တစ်ရာကျော်မှာ ကမ္ဘာတ၀ှမ်းက စေတနာ့ ၀န်ထမ်း လုပ်အားပေးတွေနဲ့ချိတ်ဆက် ကူညီနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ် တလျှောက် ငှက်ဖျားတွေ ထူပြောတဲ့ တဖက်ကမ်းက မြန်မာ့တောတောင်တွေထဲမှာလည်း နိုင်ငံခြားသား စေတနာ့ ၀န်ထမ်းတွေ အများအပြားကိုတွေ့ဖူးပါတယ်။ ဒါပေမယ့် မေတ္တာတရား ထွန်းကားရာမြေ ကရွှေမြန်မာတွေကိုတော့ တွေ့ရခဲလှပါတယ်။

ကျနော်တို့တွေ တချိန်က လက်ရည်တပြင်တည်း စားခဲ့ကြတဲ့ မိဆွေတွေ အကြောင်း ပြောဖြစ်ကြပါတယ်။ တော်လှန်ရေး အပြောင်းအလဲမှာ တတိယ နိုင်ငံတွေကို ထွက်ခဲ့ကြသူတွေရဲ့ အောင်မြင်မှုတွေကို ကြားရသလောက် ဖောက်သည် ချပြတတ်ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်ကတည်းက ထိုင်းမြန်မာနယ်စပ် ဒေသက တိတိယ နိုင်ငံကို ထွက်ခွာခဲ့ကြသူတွေ အခုဆို သိန်းဂဏန်းကြီး တောင်ရှိ နေပါပြီ။

အချို့မိတ်ဆွေတွေဆို လုပ်ငန်းတွေ အောင်မြင်လို့ ၊ ဘွဲ့ဒီဂရီတွေနဲ့ ကြီးပွားကြတာကိုလည်း မကြာမကြာ ကြားရပါတယ်။ ဒါပေမယ့် ဒုက္ခတွေပင်လယ်ဝေနေကြတဲ့ တချိန်က သူ့တို့ကိုယ်တိုင် ဖြတ်သန်းခဲ့ကြတဲ့ နေရာတွေကို ပြန်လာပြီး ကူညီနေတာ မတွေ့ရသလောက်ပါပဲ။
တကယ်ဆို ကျနော်တို့တွေက ကိုယ်တွေ့ခံစားခဲ့ရသူတွေပါ။ ကျနော်တို့ရဲ့ ညီအကို တိုင်းရင်းသားတွေကို လာကူညီနေတဲ့ သူတွေက ကျနော်တို့နဲ့ သမိုင်းအရရော၊ ယဉ်ကျေးမှုအရပါ ပါတ်သတ်တဲ့သူတွေ မဟုတ်ပါဘူး။

ပြည်တွင်းမှာ စစ်အုပ်စုတွေ အဏာယူထားဆဲ ဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့် မရရင် ထိုင်း၊ တရုတ်၊ အိန္ဒယ မြန်မာနယ်စပ်မှာ သိန်းသန်းချီ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကကော အမိမြန်မာပြည်သားတွေ မဟုတ်ပေဘူးလား။

သန်းနဲ့ချီပြီး ပြည်ပရောက်နေတဲ့ ရွှေမြန်မာတွေကော ဘာကြောင့် မြန်မာနယ်စပ် တလျှောက်က ညီအကို မောင်နှမတွေကို မျက်နှာလွဲလုပ်နေကြတာလဲ။
တနေ့က အမေရိကားမှာရောက်နေတဲ့ ဒါရိုက်တာ၊ စာရေးစာဆရာ ချိုတူးဆီက ဖြန့်ဝေတဲ့စာကို ဖေ့စ်ဘုတ် ထဲတွေ့ရပါတယ်။ နို့ဘိုး ဒုက္ခသည်စခန်းက ကျောင်းတွေမှာ အကူအညီလိုနေတဲ့ အကြောင်းဖတ်ရပါတယ်။ ဒီစာလေးကို ဖတ်ပြီး ကျနော့်ရဲ့ စိတ်ထဲ ဝေခွဲမရတဲ့ခံစားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အကြောင်းကတော့ ၂၀၀၆ ခုနှစ်က တတိယနိုင်ငံတွေကို ထွက်ခွာခွင့် လျောက်ခဲ့တဲ့ လူပေါင်း ( တိုင်းရင်းသား ပေါင်းစုံ ၂၀၈၆) ယောက်ရှိပါတယ်။ အခုအချိန်မှာဆိုရင် ဒီစခန်းက တော်တော်များများ လူပေါင်း ( ၁၈၀၀) လောက် တတိယနိုင်ငံတွေကို ထွက်ခွာခွင့် ရရှိခဲ့ကြပါတယ်။

အချို့သူတွေဆို အဲဒီနို့ဘိုး အထက်တန်းကျောင်း ဖြစ်မြောက်ရေးကော်မတိမှာ တာဝန်ခံလုပ်ခဲ့သူတွေ ဖြစ်တယ်ဆိုတာ နို့ဘိုးဒုက္ခသည် စခန်းက ကျန်နေတဲ့ လူတွေသိပါတယ်။ တတိယနိုင်ငံကို ထွက်ခွာခဲ့တဲ့ လူပေါင်း ၁၈၀၀ လောက်က နို့ဘိုးဒုက္ခသည် စခန်းက အထက်တန်းကျောင်းလေး မှာတက်နေတဲ့ (ကျောင်းသား ၃၀၀) လောက်ကိုတောင် တာဝန်မယူနိုင်တဲ့ ရွှေမြန်မာ တွေပါလားလို့ စိတ်မကောင်း ဖြစ်မိပါတယ်။

ဒုက္ခသည် စခန်းက အထက်တန်းကျောင်း ဆိုတာ တလကို ဒေါ်လာ ထောင်ချီ ကုန်ကျတဲ့ နေရာတွေမဟုတ်ပါဘူး။ ကလေး တယောက်ရဲ့ တလ ကုန်ကျစရိတ်က ဘတ်ငွေ တစ်ရာမရှိတဲ့ နေရာလေးပါ။ ကျနော်တို့ ရွှေမြန်မာ (ပြည်ပရောက်နေတဲ့) တွေရဲ့ စိတ်နေသဘောထား ကိုပြန်လည် ပြုပြင်သင့်ပြီလို့ ယူဆမိတယ်။
ဒီနေရာမှာ ကိုခင်မြင့်လို ဒေါ်လာ ထောင်ချီရတဲ့ အလုပ်ကို ခြောက်လလောက် စွန့်ခွာခဲ့တဲ့ ကျောင်းဆရာတွေရဲ့ နှလုံးသားကို ကျနော်ရဲ့ ပြည်ပရောက်နေတဲ့ ရွှေမြန်မာတွေ ဘယ်လိုမြင်လဲတော့ မသိ။ အရူးလို့ပဲ မြင်လေလား၊ ငပေါလို့ဘဲ တွေးမလား မပြောတတ်။

ဒါပေမယ့် ဥရောပ သားတွေက သူတို့ရဲ့ လူအဖွဲ့အစည်းကို တလွဲစပင်ကောက် ဖြစ်တဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့ တည်ဆောက်ခဲ့တာမဟုတ်ဘဲ လူလူချင်းစာနာ ထောက်ထား ညှာတာရမယ် ဆိုတဲ့ အသိစိတ် ယဉ်ကျေးမှုကို တည်ဆောက်ခဲ့တာ ဆိုရင် ကျနော်တို့ ရွှေ မြန်မာတွေ ငြင်းနိုင်မလား။

ဆရာခင်မြင့်က CDC ကျောင်းက Grade 11A, B, Grade 12A,B,C အတန်းတွေအပြင် မဲဆောက်မြို့နဲ့ အနီးတ၀ိုက်က ကျောင်းတွေမှာပါ အင်္ဂလိပ်စာ သင်ပေးတယ်။ ဆရာခင်မြင့်ဟာ သြစတြေလျ တက္ကသိုလ်တခုကနေ အင်္ဂလိပ်စာ သင်ကြားရေးနဲ့ ဘွဲ့လွန်ရှိထားသူဖြစ်ပြီး၊ ၀ါရင့် ဆရာတဦးဖြစ်ပါတယ်။

တခါတလေမှာ ရွှေ့ပြောင်းကလေးတွေရဲ့ မတူညီတဲ့ ပညာရေးနောက်ခံ၊ မတူညီတဲ့ မိသားစုနောက်ခံက ဆရာတွေရဲ့ သင်ကြားရေးမှာပါ သက်ရောက်မှုရှိနေပါတယ်။ အချို့ကလေးတွေက မိသားစုလိုက် ရေကြည်ရာ မြက်နုရာ ပြောင်းလာကြတဲ့သူတွေ၊ တချို့ကလေးတွေက စစ်ပွဲတွေကြောင့် မိဘနှစ်ပါးလုံးမရှိတော့တဲ့ ကလေးတွေ၊ တချို့ကလေးတွေက တော်လှန်ရေးမိသားစုက ဆင်းသက်လာတဲ့ကလေးတွေ စတဲ့မတူညီတဲ့ နောက်ခံကနေလာကြတော့ ပညာအရည်အချင်းကလည်း မတူကြပါဘူး။

ကျောင်း အတိုင်ပင်ခံ တဦးရဲ့ ပြောစကားအရ ဆိုရင် အချို့ကလေးတွေက စိတ်ကျန်းမာရေး ဆေးရုံကို ပို့ထားသင့်တဲ့ ကလေးတွေပါတဲ့။ ဒိစကားတွေကို ကြားပြီး တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။

သင်ကြားရေးနဲ့ပတ်သတ်ပြီး ဆရာခင်မြင့်က “အင်္ဂလိပ်စာ အရည်အချင်း အားနည်းတဲ့ ကလေးတွေကို မိခင်ဘာသာစကားတတ်တဲ့ ဆရာတွေ သင်တာ ပိုထိရောက်ပါတယ်” လို့ထောက်ပြခဲ့ပါတယ်။ ဆရာခင်မြင့်ကတော့ သူရဲ့လုပ်အားပေး ခြောက်လဆိုတာ ဘ၀အတွက် တန်ဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ ဖြစ်သလို၊ ဒီလိုကလေးတွေကို ကူညီရတဲ့ အတွက် စိတ်ပျော်ရွှင်မှုလည်း ရခဲ့ကြောင်း ပြောပြပါတယ်။

လွန်ခဲ့တဲ့ခြောက်လက စေတနာ့ဝန်ထမ်း လာလုပ်တဲ့ တောင်အာဖရိကသူ Igrid ကတော့ နောက်နှစ်တွေလည်း လာသင်ပေးအုံးမယ် လို့ကလေးတွေကိုရော ဆရာတွေကိုပါ ပြန်သွားခါနီး တဖွဖွ ပြောဆိုသွားပါတယ်။
ဒီအချိန်က အုပ်ချုပ်ရေးစနစ်က ပြောင်းလဲနေချိန်၊ ဒီမိုကရေစီ လမ်းမပေါ်တက်ဖို့ အားပြင်နေချိန်မှာ မြေဇာပင် ဖြစ်ခံနေရတဲ့ ကလေးတွေရဲ့ အနာဂါတ်အတွက် ပြည်ပနိုင်ငံတွေကို ရောက်နေပြီး ပညာသင်ယူနေတဲ့၊ ပညာသင်ယူပြီးတဲ့သူတွေက ပိုကူညီသင့်တယ်လို့ ယူဆမိပါတယ်။ ညနေအလုပ်က အိမ်ပြန်ရောက်ရင် အင်တာနက်ပေါ် တက်ပြီးဆရာလုပ်၊ သိအိုရီတွေထုတ်ပြ၊ အင်တာနက်ပေါ်မှာ တဦးအပေါ်တဦး တိုက်ခိုက်ရေး သားနေမယ့်အစား မိမိကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ မြေဇာပင်တို့ရဲ့ ဘ၀ကို ပြန်လည်ကူညီသင့်တယ်လို့ ယူဆမိပါတယ်။

တလောက ဆေးကျောင်းတက်ဖို့ စောင့်နေတဲ့ အမေရိကန် ကျောင်းသူတယောက် ထိုင်းမြန်မာနယ်စပ်က ကလေးတွေအတွက် အားကစားပစ္စည်းတွေ ကူညီနေတဲ့ အဖွဲ့တခုမှာ လုပ်အားလာပေးတာကိုတွေ့ရတယ်။ အသက်က ၂၀-၂၁ ၀န်းကျင်၊ သစ်လုံးတွေမပြီး၊ တူတွေလွှတွေကိုင်ပြီး ကလေးအားကစားကွင်း ဆောက်တာကို ကူညီနေတာ တွေ့ရတော့ သူတို့တွေရဲ့ လူတွေ အပေါ်မှာထားတဲ့ စိတ်ယဉ်ကျေးမှုကို ခန့်မှန်းလို့ ရနိုင်ပါတယ်။

ကျနော်တို့ မြန်မာလူမျိုးတွေလောက် အမျိုးကိုချစ်တာ ဘယ်လူမျိုးမှ လိုက်မမှီဘူးဆိုတဲ့ လူကြီးသူမတွေရဲ့ စကားကို ရာဇ၀င်ထဲမှာဘဲ ထားခဲ့တော့မှာလား။ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တယ် ဆိုတာကိုကော ဘာတွေနဲ့ သက်သေပြကြမလဲ။ ယဉ်ကျေးမှုအရ၊ သမိုင်းနောက်ခံအရ မတူတဲ့ လူတွေက လာကူညီတာကိုပဲ ထိုင်းပြီးကြည့်နေကြတော့မှာလား။

ကျနော်တို့လူမျိုးတွေရဲ့ စိတ်ယဉ်ကျေးမှု အဆင့်မြင့်ပါတယ်လို့ ပြောနေမယ့်အစား တကယ့်ဖြစ်နေတဲ့အချိန်၊ သမိုင်းက ကျနော်တို့လူမျိုးတွေရဲ့ ပခုံးပေါ်တင်ပေးလိုက်တဲ့ တာဝန်ကို ရင်ထဲ နှလုံးထဲက ယူပြီး တိုင်းပြည် တည်ဆောက်ရေးမှာ ပါဝင်သင့်တဲ့အချိန်ရောက်နေပြီလို့ ပြောချင်ပါတယ်။ ။

မောင်ရမ္မာ

မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်။

Thursday, 5 January 2012

မှိုစားမယ်ဆိုရင် သတိထားပြီးစားကြပါ

ဒီရက်ပိုင်းအတွင်း သြစီမှာ သတင်းပြန့်နေတဲ့ ကိစ္စလေးတစ်ခုကို တင်ပြချင်ပါတယ်။ အဲဒီင်္ကိစ္စကတော့ မှိုစားပြီး အသက်ဆုံးသွားရသူ (၂)ယောက်ရှိသွားပြီဆိုတာပါပဲ။ သုံးယောက်မြောက်စားသုံးသူကတော့ ဆေးရုံကနေဆင်းသွားပြီဟုဆိုပြီး လေးယောက်မြောက် စာသုံးသူကတော့ အသဲအစားထိုး ကုသဖို့ ဆောင်ရွက်နေရတယ်ဟုဆိုပါတယ်။ ဖြစ်သွားတာကတော့ ကန်ဘာရာမြို့တော်မှာ ဖြစ်သွားတာပါ။ ဆရာဝန်တွေရဲ့ ပြောဆိုချက်အရတော့ အဲဒီမှိုကို စားရင် အသဲပျက်စီးနိုင်ပါတယ်တဲ့။ သေဆုံးသွားသူတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ ရိုးရိုးကြည့်ရင် ကောက်ရိုးမှိုနဲ့တူပေမယ့် သေချာကြည့်ရင်တော့ ထူးခြားချက်ကို တွေ့နိုင်ပါတယ်။ အဲဒီမှိုရဲ့ ထူးခြားချက်ကတော့ အမျိုးသမီးတွေရဲ့ စကတ်လို ပုံစံမျိုး အပိုတစ်ခုပါနေတာပါပဲ။ အနည်းငယ်မျှစားသုံးရင်ပင်လျှင် ခလေးတစ်ယောက်တော့ သေနိုင်တယ်လို့ဆိုပါတယ်။



http://www.news.com.au/national/man-who-ate-death-cap-mushrooms-still-critical-awaiting-liver-transplant/story-e6frfkvr-1226237085621

“ရိုးရိုးလေးဗျာ၊ ရွှေတွေ ကြယ်တွေလည်း မပါဘူး။ရိုးမှာပေါ့၊ လူထုက ပေးတာကိုး” ဟု ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့တဲ့ ဒါရိုက်တာ ၀ိုင်း (ရုပ်သံ)

Wednesday, 4 January 2012

ရတနာ နတ်မယ် ကောက်ကြောင်း

မျိုးညွှန့် ၊ရန်ကုန်တက္ကသိုလ်၊

ရှစ်ဆယ်စု နှစ်များ၏ တစ်နေ့။ နေရာက အင်္ဂလန် နိုင်ငံ ဟက်ဒင်တန် ရွာကလေး။

ထိုရွာ ကလေးမှာ ရတနာ နတ်မယ်နှင့် ကျွန်တော် တွေ့ဆုံ မိကြမယ်၊ သိကျွမ်းခင်မင် ရင်းနှီး ကြမယ်လို့ လုံးဝ မမျှော်လင့်ခဲ့။ ဟက်ဒင်တန် ရွာကလေးတွင် ဆရာကြီး ဦးဘခင် တရားဌာနကြီး (International Meditation Centre in the Tradition of Sayagyi U Ba Khin) ဖွင့်လှစ်ထားသည်။ ထိုဌာန၌ ၁၉၈၀ ပြည့်နှစ်မှ စ၍ ဌာန မန်နေဂျာ အဖြစ် မိမိတာဝန် ထမ်းဆောင် လျက်ရှိသည်။ တရား ဌာန၏ လစဉ် တရားပတ် ၁၀ ရက် စခန်းသို့ သူရောက်လာသည်။

သူ့ကို ခုလိုတရား အားထုတ်သူ အဖြစ်မြင်ရ လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့။ ဤသို့ မမျှော်လင့် ခဲ့ခြင်းမှာလည်း အီတလီ နိုင်ငံတွင် အခြေချ နေထိုင်သော သူသည် ဗိုလ်ချုပ် နေ၀င်းနှင့် လက်ထပ်ရန် အီတလီမှ ရောက်ရှိ လာသည့်နေ့၊ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ကော်ဇောခင်း နီပေါ် လျှောက်လှမ်းနေသည့် ကြော့ကြော့မော့မော့ ပုံရိပ်လွှာကို မိမိ၏ အာရုံထဲ ပြန်လည် မြင်ယောင်ကာ နေမိခြင်း ကြောင့်ပင်ဖြစ်သည်။ ၀စီပိတ် တရား ဆယ်ရက်စခန်း နောက်ဆုံးနေ့တွင် စကားပြောခွင့် ရကြပြီမို့ သူနှင့် စကားဖောင်ဖွဲ့ ပြောဖြစ် ကြသောအခါ သူ၏ ပွင့်လင်းမှု စရိုက်လေးတွေ စတွေ့ ခဲ့ရသည်။ မိမိအိမ်သို့ ထမင်းစား ဖိတ်စဉ်က ဒံပေါက်ထမင်း ချက်ထားတယ် ဆိုတော့ “စမတ်ပဲ၊ ဒံပေါက် မစားရတာ ကြာပြီ၊ “စားမယ်” ဟု သူရင်းရင်း နှီးနှီး ပွင့်ပွင့်လင်းလင်း။ တောအကြောင်း တောင်အကြောင်း ဟိုရောက်သည်ရောက် စကားလက်ဆုံ ကျဖြစ်ကြသည်။ အိမ်ဆောက်သည့် အခါ အန္တရာယ် ပေးတတ်သည် ဆိုသော မြေအောက်ရေကြော ရှာနည်း သူ့ထံမှ ရလိုက်သည်။

“Water Line ရေကြောက ဆန့်ကျင် ရေကြောဖြစ်ရင် အိမ်ခိုက်တတ်တယ်။ ဆန့်ကျင်၊ မဆန့်ကျင် ဘယ်လို သိမလဲ။ ပြပေးမယ်။ ဆွဲကြိုးတစ်ကုံး ယူလာခဲ့”

ဇနီးက ဆွဲကြိုး ချွတ်ပေးသည်။ ရတနာ နတ်မယ်သည် ဆွဲကြိုးလေးကို လက်နှစ်ဖက်နှင့် တွဲလောင်းကိုင်ကာ ပါးစပ်က တိုးတိုးလေး ရေရွတ်နေသည်။ ခြံအပြင် မြေကွက်လပ်မှာ ရွတ်ဆိုခြင်း ဖြစ်သည်။
“Positive, Positive, Positive ”

ဆွဲကြိုးလေးသည် ရှေ့တိုးနောက်ငင် တဖြည်းဖြည်း လှုပ်ရှားလာသည်။
“Negative, Negative, Negative’’

နေရာရွှေ့၍ ရွတ်သည်။
ဒီတစ်ခါမှ ဆွဲကြိုးလေးက ဘယ်ညာ ရွေ့လျားသွားသည်။ အံ့သြစရာ။
“မှတ်ထား ရှေ့တိုး နောက်ငင်ရွေ့ရင် အလိုက်သင့်မို့ ရေကြောလွတ်တယ်။ ဘယ်ညာ ရွေ့ရင် ဆန့်ကျင်ဘက်မို့ ရေကြော မလွတ်ဘူး။ ဒီအောက်မှာ ရေကြော ရှိနေပြီလို့ ပြတာ။ ရေကြောပေါ် အိမ်ဆောက်ရင် ခိုက်တတ်တယ်”

သူ့လက်ထဲက ဆွဲကြိုးလေး ယူကာ ကိုယ်တိုင် စမ်းကြည့်သည်။ ဆွဲကြိုးလေးသည် ရေကြောလွတ်ရာ မြေတွင် ရှေ့တိုးနောက်ငင်။ ရေကြောခိုက်ရာ မြေ၌ ဘယ်ညာယိမ်းလျက်။ ထိုသို့ မြေကို တစ်ကွက်ချင်း အလိုက်ရွှေ့ရှာ။ အန္တရာယ် ရေကြောလွတ်လမ်း မှတ်သားပြီး အိမ်ဆောက်၊ စိတ်ချ၊ ဘေးကင်းရန်ကင်း စေတဲ့။

၁၉၈၇ ခုနှစ်၌ ဆွစ်ဇာလန် နိုင်ငံတောင်ပိုင်း တချီနို(Tachino) တရားစခန်း ရှိရာသို့ မန်နေဂျာ တာဝန်နှင့် ခေတ္တ ရောက်သွားချိန်တွင် ရတနာ နတ်မယ်နှင့် ပြန်ဆုံဖြစ်ကြ ပြန်သည်။ တရားပတ် ပြီးတော့ ဟိုအကြောင်း ဒီအကြောင်းတွေ ကနေသူ၏ နိုင်ငံတော် ရွှေအိမ်စံ နိဂုံးကို ရင်းရင်းနှီးနှီး ရင်ဖွင့်ခဲ့သည်။

“နိုင်ငံ လူထုက ကျွန်မကို မင်းသွေး မင်းနွယ်ဆိုတဲ့ အသိနဲ့ အားကိုးမျှော်လင့် ထားပုံရတယ်။ ဒါပေမဲ့ ကျွန်မနဲ့ သူနဲ့က ရေစက် ကုန်ခဲ့ပြီ။ စန္ဒာဝင်း အီတလီကို လိုက်လာတယ်။ ပြန်လာဖို့ ခေါ်တာ။ ကျွန်မ ခေါင်းခါ လိုက်ပါတယ်။ ထွက်လာတဲ့ ကောလာ ဟလက ကျွန်မ သူ့ဆီက သဲ့ယူ သွားတယ်ဆိုတဲ့ သတင်းဆိုးကြီး။ ကျွန်မ ဘာမှ မယူခဲ့ ပါဘူး”

သူ၏ မျက်ဝန်းတွင် မျက်ရည် စများနှင့်။
သူ့တွင် ကျွန်တော် သတိ ထားမိသည့် အချက် တစ်ခုက သောကကို ရင်ထဲမှာ ကြာကြာမထား။ ပျော်ပျော်ပါးပါး ပြုံးပြုံး ရယ်ရယ်နှင့် ပျက်ပြယ်စေသည်။ အင်တာနက် ပေါ်တွင် သူ၏ချက်ပြုတ် သင်တန်း စဉ်များကို ယူကျုမှာ တင်ထားတာ ယနေ့ ဖွင့်ကြည့်တော့ သူအတော် အိုမင်းသွားပြီ။ သို့သော် လောကဓံကို မာန်နှင့် အာခံနိုင်သူ အသွင် သဏ္ဌာန်ကို မြင်နေရသည်။
တချီနိုက ပြန်ခါနီးမှာ သူကျွန်တော့်ကို စွပ်ကျယ် လက်ရှည်အဖြူ တစ်ထည် အမှတ်တရ လက်ဆောင်ပေးသည်။ အဖြူသက်သက် မဟုတ်။ ရှေ့ ခြမ်းမှာ သူ့လက်ရာ ပန်းချီကောက်ကြောင်း လေးနှင့်။ သည်တော့မှ သူသည် မော်ဒန်ပန်းချီ ဆရာမ တစ်ဦးလည်း ဖြစ်မှန်း သိလိုက်ရသည်။

၁၉၈၇ ခု ဒီဇင်ဘာတွင် ကျွန်တော် သြစတြေး လျသို့ အလုပ်ဖြင့် ပြောင်းရွှေ့ နေထိုင်ခဲ့ပြီး ၁၉၉၃ ခု ဧပြီလမှာ အီတလီ၊ ဂျာမနီ၊ ဟော်လန် စသည့် ဥရောပ နိုင်ငံများသို့ အလွမ်းပြေ ပြန်လည်ပတ်သည်။ အီတလီ နိုင်ငံ ဖလောရင့်(စ)(Florence) မီးရထား ဘူတာမှာ သူ ကျွန်တော့်ကို လာကြိုသည်။ ပြီးတော့ မြို့လယ်ထဲက ချက်ပြုတ်သင်တန်း ကျောင်းဖွင့်ထားရာ သူ၏ တိုက်ခန်းသို့ ခေါ်သွားသည်။ ပစ္စည်းများ ချပြီးနောက် ဟိုနားသည်နား သွားကြရအောင် ဆိုကာ Florence မြို့တစ်ဝိုက် ထွက်လည်ကြသည်။ ညဘက် သူ့သင်တန်း ပြီးတော့ သူနေထိုင်ရာ တောင်စောင်းပေါ်က အိမ်ကလေးဆီ လိုက်သွားသည်။
သူသည် အီတာလျံ ဆရာဝန် တစ်ဦးနှင့် အိမ်ထောင် ကျခဲ့ပြီး သားသုံးယောက် မိခင်ဘ၀။ သားတစ်ယောက် ဆုံးပါးခဲ့ပြီ။ ခင်ပွန်းနှင့်လည်း ကွဲသည်မှာ ကြာလှရှိပြီ။ တစ်ချိန်က ဟောလိဝုဒ်က The Purple Plain (ခရမ်းရောင် လွင်ပြင်) ဆိုသည့် မြန်မာပြည်တွင်း ဒုတိယ ကမ္ဘာစစ် နောက်ခံ ရုပ်ရှင် ကားကြီးတွင် ခေါင်းဆောင် မင်းသမီး လျှောက်ပြီးမှ ဇာတ်ကား၏ ရိုက်ကွင်းကို သီရိလင်္ကာမှာ ရိုက်မည်ဆို၍ ရေခံမြေခံ မမှန်တာကြောင့် မင်းသမီး ၀င်မလုပ် ခဲ့သူ။ (သူ့နေရာတွင် ၀င်းမင်းသန်းက ၀င်ရိုက်ခဲ့ရာ အထူးပင် နာမည်ကျော်ကြား သွားသည်။ ၀င်းမင်းသန်းနှင့် ဆုံစည်း ခဲ့ရပုံ အကြောင်း ဆောင်းပါးသတ်သတ် ရေးပါဦးမည်။)

Florence တောင်ကုန်းလေး ပေါ်က ရတနာ နတ်မယ်၏ အထီးကျန် အိမ်ကလေးမှာ တစ်ည သွားအိပ်သော ကျွန်တော် ကောင်းကောင်း အိပ်မပျော် နိုင်ခဲ့ပါ။ မဂ္ဂဇင်းကြီး တစ်စောင်တွင် ကြွေရောင် စာမျက်နှာများ ပေါ်က ကြွကြွရွရွ လှလှပပ သူ၏ ရုပ်ပုံလွှာများ၊ ခင်ပွန်းသည် အီတာလျံ ဆရာဝန်နှင့် သားသုံးယောက်နှင့် သူ့မိသား စုပုံ၊ စုစုဝေးဝေး ခံ့ညားထည်ဝါ ရုပ်ပုံလွှာ တို့သည် ကျွန်တော့် အာရုံထဲဝယ် တ၀ဲဝဲ တလည်လည်။ အထားမှား၍ ထိုမဂ္ဂဇင်း မိမိထံတွင် မရှိတော့ပါ။ မဂ္ဂဇင်း ကြီး၏ နာမည်ကို ကောင်းစွာ မမှတ်မိ တော့ပါ။ ဆောင်းပါး၏ ခေါင်းစဉ်ကတော့ မမေ့လောက် စရာပါပဲ။
Princess of the Nime Jewels ဟု ပေးထားပါသည်။

(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

Monday, 2 January 2012

မြစ်တစ်စင်း၊ ချစ်ခြင်းနဲ့ လေညှင်းအရောင်

ခေတ်ပြိုင်ထဲ မြစ်တွေ အများကြီး စီးဆင်းနေဆဲမှာပင် ဖြစ်သည်။ မြစ်တစ်စင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဟောဒီမြစ်တစ်စင်းရဲ့ စီးဆင်းမှု အလျဉ်ကတော့ ခရမ်းပြာ မြင်းရိုင်းတစ်ကောင်လို အတန်ငယ် ကြမ်းရိုင်းသည်ဟုသာ ဆိုရမည်ထင်သည်။ သူသည် ချုပ်ချယ်မှုကို စက်ဆုပ်သူ ပီပီ လွတ်လပ်ကျယ်လွင့်သော ပင်လယ်ဆီ တစ်ဟုန်ထိုး ဦးတည် စီးဆင်းဖို့ တစ်ခုတည်းကိုသာ အာရုံဝင်စား နားလည်သည်။ ထိုအရာမှ တစ်ပါး အခြားမရှိ။ အခြား မသိ။ အခြား ဘာကိုမျှလည်း မကြည့်။ ထိုမြစ်သည် တောကိုတွေ့လည်း မကွေ့၊ တောင်ကို တွေ့လည်း မရှောင်၊ တောင်ဖောက် မြားတစ်စင်းလို ထိုးခွဲ စီးဆင်းဖို့သာ မုန်ပြင်းခဲ့သည်။ ယဉ်ကျေးခြင်း၊ နူးညံ့ခြင်း၊ သိမ့်မွေ့ခြင်း၊ ဟန်ဆောင် ဘာသာစကား အနက် အဓိပ္ပာယ်ကို နားလည်ဖို့ မကြိုးစား။ ခိုတွယ်ဖို့ ပျင်းရိကာ ပစ်ပယ်ခါ ချခဲ့၏။ နေ့မရှိ၊ ညမရှိ၊ နာရီမရှိ။ အချိန်ပြည့် စီးဆင်းဖို့ တစ်ခုတည်းမှာသာ ထာဝရ အာရုံ ငြိလျက်ရှိရာ ပင်ပန်း ဆင်းရဲခြင်းတို့၏ ကုတ်ခြစ်မှုဝယ် သွေးခြင်းခြင်း နီခဲ့ပြီ။ နာကျင်မှု ဒဏ်ရာ ဗရပွဖြင့်လည်း နွမ်းလျလျက် ရှိလေပြီ။

သို့သော် မည်မျှပင် မိုးမည်းမည်း၊ နှင်းသည်းသည်း။ သူ့ရင်ထဲ စမ်းနံဘေးမှာ အမှတ်မထင် ပန်းကလေး တစ်ပွင့် ပွင့်လာတော့လည်း နွေဦးကို ရောက်လာတာပဲ ဆိုတာကတော့ အမှန်တကယ် ဖြစ်ခဲ့လေသည်။

ရန်ကုန်ဒီဇိုင်းသစ် (ကဗျာ)

သူများတွေ ရန်ကုန်ရောက်ရင်
ရွှေတိဂုံဘုရား၊ ဗိုလ်တထောင်ဘုရား၊ မယ်လမုဘုရားတွေ
သွားဖူးကြတယ်။


ယုဇန၊ ဂမုန်းပွင့်၊ ဗလက်ဇွန်၊ ရူဘီမတ်မှာ ဈေးသွားဝယ်ကြတယ်
ဟက်ပီးဝေါလ်၊ မျှော်စင်ကျွန်းသွား ပျော်ကြတယ်။
ရွှေရိုး ရန်ကုန်ရောက်ရင်
ဘယ်ဘုရားမှ သွားမဖူးဘူး။
ဘယ်ကုန်တိုက်မှ သွားမ၀ယ်ဘူး။
ဘယ်နေရာမှ သွားမပျော်ဘူး။
သိတယ်မို့လား
ရွှေရိုးက အမြဲ ရေခန်းနေတဲ့ကောင်။
ရန်ကုန်ရောက်ရင်
ရွှေရိုးသွားတဲ့နေရာက
တိုးဂိတ်တွေလို ဖြတ်သန်းခ မပေးရတဲ့
ဘူတာကြီးလို စင်္ကြံလက်မှတ် မ၀ယ်ရတဲ့
ကမ်းနားလို ၀င်ခမပေးရတဲ့
မြို့လယ်ကောင်က တံတား
ရွှေရိုးလို ဘိုင်ကောင်အတွက်
အရမ်းမိုက်တဲ့ နေရာ။

တောင်ဘက်မှာ ဆူးလေဘုရားနဲ့မြို့တော်ခန်းမ
မြောက်ဘက်မှာ ထရိတ်ဒါးနဲ့ ဆာကူရာတာဝါ
အောက်မှာ ဆူးလေဘုရားလမ်း
ကန့်လန့်ဖြတ်နေတာက အနော်ရထာလမ်း။

တံတားပေါ်မှာ
ရေခဲရေရောင်းသူ ရှိတယ်
အစွန်းချွတ်ဆေးရောင်းသူ ရှိတယ်
ဖန်စီတွေ ရောင်းသူရှိတယ်
အိမ်နံပါတ်၊ ခြံနံပါတ်ဂဏန်းရောင်းသူ ရှိတယ်
ဗေဒင်စာရွက်ရောင်းသူ ရှိတယ်
သူတောင်းစား ရှိတယ်
နောက် ကြော်ငြာကမ်းသူတွေရှိတယ် အဲ- ကြော်ငြာကမ်းသူတွေက နှစ်မျိုး တစ်မျိုးက အမျိုးသမီးတွေကိုပဲ ကမ်းတယ်
တစ်မျိုးက ကျားကျား မမ အကုန်ကမ်းတယ်
အဲ- တချို့က ကြော်ငြာစာရွက်ကို မဖတ်ဘဲ လွှင့်ပစ်တယ်
တံတားပေါ်မှာ
ဖြူ၊ ၀ါ၊ ပြာ၊ စိမ်း၊ ပန်းရောင်တွေကြဲလို့
ရွှေရိုးလား
ရွှေရိုးက တောသားလေ
ရန်ကုန်ရောက်တော့ နတ်ကရာ ကျီးမော့
ကမ်းတာ အကုန်ယူတယ်
မကမ်းတာတွေ တံတားပေါ်က ကောက်ဖတ်တယ်
“ဟိုက်ရှားဘား”
ရွှေရိုး ကောက်ဖတ်လိုက်တဲ့ အစိမ်းရောင် ကြော်ငြာက SMART GIRLS
ကိုယ်ကာယ လေ့ကျင့်ခန်းမနှင့် အဆီချလုပ်ငန်း
ရန်ကုန်မှာဖက်တီးပုတ်မတွေ ဘယ်လောက် ရှိနေလို့လဲ
နောက်တစ်ရွက်က အစိမ်းရောင်လေး
STUDY ABROAD
Your Direct Access To UNIVERSITY
Information Centre
USA,UNITED KINGDOM,
AUSTRALIA,
CANADA, SINGAPORE
တော်တော်ကြီးကျယ်တဲ့ ဒေါ်လာ
အဲ- ကြော်ငြာ
နောက်ကောက်တဲ့ စာရွက်က အပြာ
STAR Angel အမျိုးသမီး သီးသန့်
Make Up and Hair Style
အမျိုးသမီး သီးသန့်ဆိုတော့
ရွှေရိုး ပိုစိတ်ဝင်စားသွားတယ်
ဘာတွေများ သီးသန့်လဲလို့
ဆက်ဖတ်ကြည့်လိုက်တော့
ဝန်ဆောင်မှု နှုန်းထားများ
ဆံပင်ဖြောင့် ၁၀၀၀၀ိ(ဂျပန်ဆေးဖြင့်)
ဆံပင်ကောက် ၅၀၀၀ိ
ဆံပင်ဖယောင်းသွင်းခြင်း ၅၀၀၀ိ
ဆံပင်ဟိုက်လိုက်ဖောက်ခြင်း ၄၀၀၀ိ
မျက်နှာကြေးချွတ်ခြင်း ၁၅၀၀ိ
မျက်တောင်ကောက်ခြင်း ၂၅၀၀ိ
မျက်ခုံးမွေးထိုးခြင်း ၁၅၀၀၀ိ
မျက်နှာပေါင်းတင်ခြင်း ၃၀၀၀ိ လက်သည်းခြေသည်းဆက်ခြင်း ၃၀၀၀ိ
အလှပန်းချီဖော်ခြင်း ၂၀၀၀ိ
သြော် - ရန်ကုန်သူတွေ တော်တော်လှချင်ကြတာပဲ
နောက်ထပ် ကောက်ဖတ်တဲ့ ကြော်ငြာက
အစိမ်းနုလေး Love Nail Art မျက်နှာလေး လှဖို့ လိုသလို
ခြေထောက်လေးလည်း လှဖို့ လိုတယ်နော်
“ဟိုက်ရှားဘား”
ရွှေရိုး စိတ်ဝင်စားသွားတယ် ဟုတ်
လေဒီတွေက မျက်နှာကို အရမ်းမှုန်းပြီး
ခြေထောက်ကို ဂရုမစိုက်ကြဘူး
တချို့များ မျက်နှာကတော့ လန်းနေတာပဲ
နားရွက်နဲ့လည်ပင်းမှာ
ကြေး(ဂျီး)ကြောင်းတွေ အထင်းသား
ကြုံတုန်း နှိပ်ကွပ်နေတာ မဟုတ်ပါဘူး။
ရုပ်ရှင်မင်းသမီးတွေ ကြည့်ပါလား
မျက်နှာက တစ်ရောင်
လည်ပင်းက တစ်ရောင်
လူတစ်ယောက်တည်း နှစ်ရောင်ဖြစ်နေတာ
မျက်နှာက ဖူးနု
လည်ပင်းက ကြေးထု
ရွှေရိုး စိတ်ဝင်တစား ဆက်ဖတ်လိုက်တော့
ခြေထောက်ကြေးချွတ်ခြင်း ၁၅၀၀ိ
ခြေထောက်ပေါင်းတင်ခြင်း ၃၀၀၀ိ
ခြေထောက်ဖယောင်းပေါင်းခြင်း ၆၀၀၀ိ
ခြေထောက် ဆားစိမ်ခြင်း ၂၀၀၀ိ
ခြေထောက်ဆေးစိမ်ခြင်း ၂၀၀၀ိ
ခြေထောက်ဂျဲလ်စိမ်ခြင်း ၂၀၀၀ိ
ရိုးရိုးပန်းချီ ၂၅၀၀ိ
3D ပန်းချီ ၂၅၀၀ိ
ကျောက်ပန်းချီ ၂၅၀၀ိ
နောက်ဆုံးပေါ်
DIV လေဆာရောင်ခြည်နည်းဖြင့်
ပုံးဖော်ခြင်းတို့ကို အလှဆုံး
ဈေးအသက်သာဆုံးဖြင့် ဆောင်ရွက်ပေးနေပါသည်။
နောက်တစ်ရွက်က အစိမ်း
ပန်းရွှေစင် မိတ်ကပ် ဆံပင်အလှပြုပြင်ရေး
စောစောက ဖတ်ခဲ့တဲ့ ကြော်ငြာတွေအတိုင်းပဲ
ကျပ် ၁၀၀၀၀ တိတိအားပေးသူ
Customer များအား၂၀% Discount ဖြင့်
ကျေးဇူးပြုပါမည်
နောက်တစ်ရွက်က အပြာ
ORIENTAL FASHION
စက်ချုပ်နှင့် ဒီဇိုင်းသင်တန်းကျောင်း
စက်ချုပ်နှင့် ဒီဇိုင်းပညာ အမှန်တကယ်
တတ်မြောက်လိုပါသလားလို့
မေးထားတယ်
ချာတိတ်တစ်ယောက်ကမ်းနေတဲ့ စာရွက်ဖြူကို
လှမ်းယူပြီး ဖတ်လိုက်တော့
GRACE အလှပြင်ခန်းမ အမျိုးသားသီးသန့် “ဟိုက်ရှားဘား”ရန်ကုန်သူတွေသာ အလှပြင်တာ မဟုတ်ဘူး
ရန်ကုန်သားတွေလည်း အလှပြင်တာပါပဲလား
ရန်ကုန်သူ ရန်ကုန်သားတွေ
ရုပ်အလှပဲ ပြင်နေကြတယ်
စိတ်အလှတော့ မပြင်ကြဘူး
ဟုတ်တယ်ဟုတ်
ဒါကြောင့် ရန်ကုန်မှာ
ခါးပိုက်နှိုက်တွေ ပေါနေတာပေါ့
“အရမ်းဂေါ်တယ်”
အက်ရှရှဟစ်ပ်ဟော့ အသံတွေကြားလို့
ဆာကူရာဘက် မောင်းနေတဲ့ မျက်လုံးကို
ကမန်းကတန်း ရှန်တိန်လုပ်လိုက်တော့
ပန့်ခ်ကေနဲ့ ချာတိတ်လေးယောက်
ရှေ့ကသွားနေတဲ့ မော်ဒန်လေဒီလေးကို ၀ိုင်းရှိုးနေကြတယ်
လေဒီလေးကလည်း ရှိုးချင်စရာ
ဘီဂျီတွေက အင်တာနေရှင်နယ်
ဝတ်ထားတာက တီရှပ်နဲ့ စတော့ကင်ပန်
“အရမ်းဂေါ်တယ်”
“အထာကျတယ်ဟာ”
လေဒီလေးနောက် တန်းလန်းပါသွားတဲ့
ခေါ်တော ပါဝါတွေကို ဘရိတ်အုပ်လိုက်တော့
သရီးကွာတား ကိုယ်စီနဲ့ ချာတိတ်မနှစ်ယောက်
မျက်နှာချင်းဆိုင်က လျှောက်လာတဲ့
ဟစ်ပ်ဟော့ဘဲတစ်ကောင်ကို ပြိုင်ရှိုးနေကြတာ
ဘဲက NOKIA နားရွက်ကပ်ပြီး
ကော့လန် ကော့လန်နဲ့ လျှောက်သွားတယ်
“ဟာ”
သရီးကွာတား နောက်အိတ်ထဲပါသွားတဲ့
ခေါ်တော မျက်လုံးတွေကို ပြန်နှိုက်မလို့လုပ်တုန်း
၃၃ လမ်းဘက်က လေဒီနီနီလေး
တံတားပေါ် တက်လာတယ်
ဆံပင်က နီနီ
တီရှပ်က နီနီ
စကတ်က နီနီ
ဖိနပ်က နီနီ
“အရမ်းဂေါ်တယ်”
လှေကားထိပ်ရောက်တော့
ရွှေရိုးကို မျက်နက်ဝန်း ပင့်ကြည့်တယ်
“ဟိုက်ရှားဘား”
ရွှေရိုး ရင်ခုန်သံ အရမ်းမြန်သွားတယ်
လေဒီနီနီလေး ရှေ့ကဖြတ်လျှောက်တော့
ဖလမ်း ဖလမ်းထသွားတယ်
“ဆောရီး”
လေဒီနီနီလေးကို ရင်ခုန်နေတုန်း
ဝင်တိုက်ခံရလို့ လှည့်အကြည့်
ရောင်စုံကာလာနဲ့ လေဒီအိုအိုကြီးရဲ့
အပြုံးကြီး တွေ့လိုက်တော့
ဖလမ်း ဖလမ်းထနေတဲ့ ရွှေရိုးအသည်း
ဂွမ်းသွားတယ်”
ဆူးလေတံတားက
တကယ် ဗျူးကောင်းတယ်
တကယ် ရင်ခုန်စရာကောင်းတယ်
တကယ် ပျော်စရာကောင်းတယ်
မယုံရင် သွားတက်ကြည့်လေ။



ရွှေရိုး
(Teen မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)


ရွှေအမြုတေမှကူးယူပါသည်။

Sunday, 1 January 2012

တန်ဘိုးနားမလည်ကြသူများ

ကဗျာဆရာ-နေရဲနီ

တို့ရွာနံဘေးက ကားလမ်းမှာ
ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့
ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း

ဖြတ်သွားဖြတ်လာ လူတစ်ယောက်က
ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့
သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။

သူ့အတွက်တော့
ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့
ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့
အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။
ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး
အမှိုက်ပုံ ရောက်သွားကြတယ်။
ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။

တို့ရွာနားက လယ်ကွင်းမှာ
ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့
နောက်နှစ်အတွက် မပြန်တော့ဘဲ
နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။

ရွာမှာ ဇရှိတဲ့လူတွေက
ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး
သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။
ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက
စင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။
သူခိုး နွားကောင်းမသိရ ဆိုတာ
ဒါမျိုးနဲ့တူပါရဲ့။

မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို
ယိုးဒယားကိုရောင်းတာ
တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။
ယိုးဒယားကလာတဲ့ ဓာတ်ဆီက
တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။
မနက်မိုးလင်းတိုင်းမှာ
ထိုင်းပြည်သူတွေက
ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း
နှုတ်ခွန်းဆက်နေလေရဲ့။

ရွှေလီမြစ်ပေါ်က
ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်
တရုပ်ပြည် ယူနန်ပြည်နယ်မှာ
တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။
လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ
ကျုပ်တို့ပြည်သူတွေမသိရပေမဲ့
ယူနန်ပြည်သူအပေါင်းကတော့
ညနေမိုးချုပ်လေတိုင်း
ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီး
အိပ်ယာဝင်တိုင်း
ကျေးဇူးတင်လေရဲ့။

ကျုပ်တို့မြန်မာပြည်မှာတော့
မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး
မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း......ထောင်ဘိုး
သင်္ကန်းကျွန်းဈေး........................................ပခုက္ကူဈေး.................................................မုံရွာဈေး......................................................မော်လမြိုင်ဈေး...........................................ဈေးတွေ..............ဈေးတွေ.............................မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာလျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့
လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ
အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ
ပူအိုက်တဲ့ရာသီမှာ မီးမလာလို့
မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ
အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်
ကာဗွန်အဆိပ်သင့်ပြီး
မာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။

ဒီအချိန်မှာ မီးပျက်နေကျ
မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး
လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။
တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့
ကာဗွန်ဓာတ်ငွေ့တွေကြောင့်
ထောင်သောင်းမကသော
အဆုတ်ရောဂါသည်တွေဟာ
တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို
ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။
၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့
သကြားလုံးက အဆစ်ပါလာသေးတယ်။
ချောင်းဆိုးရင် ရွှေတောင်ကြီး
ရင်ကြပ်တော့ ထက်လင်း
သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ
ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး
ဘာမှန်းမသိတဲ့ ဆေးတွေနဲ့
၂ပါးသွားနေလိုက်ကြတာ
ကွမ်းယာသည် ကုလားအတွက်တော့
ဟီးနေတဲ့တိုက်အိမ်ကြီးကို
အပြီးတိုင်စေခဲ့တယ်။

ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း
မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာမှိုလိုပေါလာခဲ့တယ်။
ငွေကြေးတက်နိုင်တဲ့ သူတွေကတော့
ကိုယ့်တိုင်းပြည်က ဆေးရုံကို
ဘာကြောင့်ရယ်မသိ ကျော်ခွလို့
ယိုးဒယားသွား ဆေးကုဘို့အတွက်
သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။
တရုပ်နဲ့ ထိုင်းကလာတဲ့
လျှပ်စစ်နဲ့ ပတ်သက်သမျှသော
တီဗီအောက်စက် ရေခဲသေတ္တာအစရှိသော
လူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း
မမှန်လေသော လျှပ်စစ်မီးကြောင့်
ပျက်အစဉ် ပြင်ခဏ ဆိုသောစကားကဲ့သို့
ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်
ပြင်ခမတတ်နိုင်ရကား
အမှိုက်ပုံသို့ သာမြန်းရလေသတည်း။

လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း
လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း
ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့်
အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်
ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။
နံနက်လင်းတိုင်း
ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍
မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏
အကြောင်းချင်းရာအစုံလင်ကို
နှံ့စပ်သိမြင်သောအရာ၌
ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍
မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော
မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ
ဆည်အရာ၌ ဧတဒဂ်ရတော်မူသော
နွားနှင့်ပင်လျှင်
လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌
သူလည်းတပါးအပါဝင်ဖြစ်သော
ဟိုဝန်ကြီးပြောစကားအရ
လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ
မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်
အိမ်နီးချင်းတိုင်းပြည်ကို
အလကားနီးပါးဈေးနှင့်
ကြိုးသွယ်၍ရောင်းရသည်။


ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်

ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော
ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှ
လုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း
ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော
ကြယ်ခေါင် ကာရာအိုကေခန်းမှ
ပလောင်ပျိုဖြူငယ်တို့၏
ငိုညည်းသံကဲ့သို့သော်လည်းကောင်း
ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော

ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်
တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော
မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း
အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍
ထောက်ခံအပ်၏။

တိမ်သလ္လာဖုံးအုပ်သော
လကွယ်ည၏သန်းကောင်ယံအခါကာလ၌
တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့
အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကား
ညအိပ်ယာဝင်လေတိုင်း
ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။
တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။
ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။

စက်မှုစွမ်းအား ခေတ်ကျော်လွှား
ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့
အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ
စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော
လျှပ်စစ်ဓာတ်အားကို
ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော
ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား
ဘူရိဒတ် ဇာတ်တော်လာ
စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသော
ပုဏ္ဏားနှင့်သာ တူချေတော့သည်။

နံနက်လင်းသော်

ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း
ညနေမိုးချုပ်သော်

တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း
မြန်မာပြည်ဘက်သို့ လှည့်ကာ
နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း
မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။


နေရဲနီ

(မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်။)

လူပေါင်း တစ်သန်းခွဲကျော် ပါဝင်ဆင်နွဲခဲ့ကြတဲ့ ဆစ်ဒနီ နယူးရီးယား (ဗီဒီယို)